အခန်း (၈) - ကျိန်စာမိနေတဲ့ ဇာတ်လိုက်အရှိန်အဝါ
ကုချန် က တွန့်ဆုတ်မနေဘဲ ဗီလိန်အမှတ် ၅၀၀ ကို အသုံးပြုပြီး သူ့ရဲ့ ခွန်အားဗလကို ၁၀ မှတ် ချက်ချင်း မြှင့်တင်လိုက်ကာ အနောက်ကနေ ခပ်သွက်သွက် လိုက်ပါသွားခဲ့တော့တယ်။
ရဲကွမ် နဲ့ ရဲယွမ် တို့က တိုက်ခိုက်ရေးစွမ်းရည် တော်တော်လေး မြင့်မားကြတယ် ဆိုပေမဲ့... ဒဏ်ရာရထားတဲ့ ယဲ့ချန်း ကို ထမ်းပိုးထားရတာကြောင့် သူတို့ရဲ့ အရှိန်က သိသိသာသာကို နှေးကွေးသွားခဲ့ရသည်။
ကုချန်ရဲ့ လက်အောက်ငယ်သား သုံးယောက်ကတော့ အလွန် လျှင်မြန်လှတာကြောင့် မကြာခင်မှာတင် သူတို့ကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ရဲကွမ် အနောက်ကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့ မျက်နှာတစ်ခုလုံး ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့ရသည်…သူက သွားကိုကြိတ်လိုက်ပြီး သူ့ဘေးနားက ရဲယွမ် ကို လှမ်းပြောလိုက်တယ် ...
"အဘိုးကြီး... မင်း သူ့ကိုခေါ်ပြီး အရင်ပြေးတော့… ငါ သူတို့ကို ခုခံထားလိုက်မယ်"
ပြောပြောဆိုဆိုနဲ့ပဲ သူက ရဲယွမ်ရဲ့ ပြန်လည်တုံ့ပြန်မှုကိုတောင် မစောင့်တော့ဘဲ ခန္ဓာကိုယ်ကို ချက်ချင်းလှည့်ကာ ကုဖုန်းတို့အုပ်စုဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်... ဒါက ရဲယွမ်နဲ့ ယဲ့ချန်းတို့ ထွက်ပြေးဖို့အတွက် အချိန်ဆွဲပေးချင်လို့ပဲ ဖြစ်သည်။
ဒါကို မြင်လိုက်ရတော့ ကုချန်က ချက်ချင်းပဲ အမိန့်ပေးလိုက်တယ် ...
"ဟုရီ... ကွမ်ခွန်း... သူ့ကို ပိတ်ဆို့ထားလိုက် ဦးလေးဖုန်း... ဦးလေးက ဆက်လိုက်ဖမ်း"
ဟုရီ နဲ့ ကွမ်ခွန်း တို့က တုံ့ပြန်မှု အလွန်မြန်ဆန်လှပြီး ရဲကွမ်ရဲ့ တိုက်စစ်ကို ချက်ချင်း ဝင်ရောက်ပိတ်ဆို့လိုက်တာကြောင့် ရဲကွမ်အနေနဲ့ လူသုံးယောက်စလုံးကို တစ်ပြိုင်နက်တည်း တားဆီးဖို့ မဖြစ်နိုင်တော့ပါဘူး။
သို့သော်လည်း... သူတို့တွေ လမ်းကွေ့တစ်ခုဆီကို အပြေးအလွှား လိုက်ဖမ်းမိကြစဉ်မှာပဲ... ရဲယွမ်နဲ့ ယဲ့ချန်းတို့ ထိုလမ်းကွေ့ကို ကွေ့ပတ်သွားရုံပဲ ရှိသေးတယ်... ကုန်ပစ္စည်းတွေ အပြည့် တင်ဆောင်ထားတဲ့ ကုန်တင်ကားကြီးတစ်စီးက လမ်းဆုံလမ်းခွမှာ ရုတ်တရက်ကြီး ထိုးရပ်လိုက်ပြီး ကုဖုန်းနဲ့ ကုချန်တို့ရဲ့ လမ်းကို လုံးဝ ပိတ်ဆို့သွားခဲ့ပါတော့သည်။
ထိုကုန်တင်ကားကြီး ရပ်တန့်သွားပြီးနောက်မှာတော့ ကားပေါ်ကနေ ဆူညံသံတွေ ထွက်ပေါ်လာခဲ့ပြီး အလုပ်သမားအချို့က ကုန်ပစ္စည်းတွေကို စတင်ချနေကြတော့သည်... ဒါက တကယ့်ကို တိုက်ဆိုင်မှုသက်သက် ဖြစ်ပေါ်လာတဲ့ ပုံစံမျိုးပဲဖြစ်သည်။
ကုချန် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတယ် ...
【 ဒီစောက်ဇာတ်လိုက်အရှိန်အဝါ ကတော့ တကယ့်ကို ရွံစရာကောင်းလွန်းတယ်】
ဒီလို အခြေအနေမျိုးမှာ ဆက်လိုက်နေလည်း အပိုပဲဆိုတာကို သိတာကြောင့် သူ ချက်ချင်းပဲ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်တယ် ...
"ဦးလေးဖုန်း... တို့တွေ ပြန်ဆုတ်ကြစို့"
ကုဖုန်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်က လာခဲ့တဲ့ လမ်းအတိုင်း ခပ်သွက်သွက် ပြန်လှည့်လာခဲ့ကြတော့သည်။
သူတို့ မူလနေရာကို ပြန်ရောက်လာချိန်မှာတော့ ဟုရီ နဲ့ ကွမ်ခွန်း တို့နှစ်ယောက်က ရဲကွမ် ကို လုံးဝ နှိမ်နင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
သူ ထွက်ပြေးမှာ စိုးတာကြောင့် ထိုနှစ်ယောက်က ရဲကွမ်ရဲ့ ခြေထောက်နှစ်ဖက်နဲ့ လက်တစ်ဖက်ကို တိုက်ရိုက် ရိုက်ချိုးထားလိုက်တာကြောင့် ရဲကွမ်ခမျာ လှုပ်ရှားနိုင်စွမ်း လုံးဝ ကင်းမဲ့နေခဲ့ရပြီ ဖြစ်သည်။
ကုချန် မြေပြင်ပေါ်မှာ လဲကျနေတဲ့ ရဲကွမ် ကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်တယ် ...
"ကောင်းတယ်.. သူ့ကို သတ်ပစ်ပြီး အလောင်းကို သေသေချာချာ ဖျောက်ဖျက်လိုက်ကြ"
ဟုရီ နဲ့ ကွမ်ခွန်း တို့က အမိန့်ကို ချက်ချင်း စတင်အကောင်အထည်ဖော်ကြတော့သည်။
ကုဖုန်း ကတော့ အနောက်ကနေ ကိစ္စအဝဝကို လက်စ သိမ်းဆည်းဖို့ ကျန်ရစ်ခဲ့သည်။ ကုချန်ကတော့ ဘာမှအများကြီး ထပ်မပြောတော့ဘဲ လှည့်ထွက်ခဲ့လိုက်ပါတော့သည်။
【 ဒေါင်... ယဲ့ချန်း၏ ပထမဆုံးသော ဆရာသခင် ရဲကွမ် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရပါသည်… ယဲ့ချန်း၏ ကံတရားအရှိန်အဝါ ၁,၀၀၀ မှတ် လျော့နည်းသွားပြီး... အိမ်ရှင်သည် ဗီလိန်အမှတ် ၁,၀၀၀ ရရှိသည် 】
—----------
နောက်တစ်နေ့တွင်…
【 နာမည် - ကုကျွမ်းရန် 】
【 အဆင့်အတန်း - ကုမိသားစု၏ ပြင်ပကု မျိုးနွယ်စုဝင် 】
【 တိုက်ခိုက်ရေးစွမ်းရည် - ၁၀၄】
ကုချန် ကုမ္ပဏီရုံးခန်းရဲ့ ကြမ်းပြင်အထိ ရှည်လျားတဲ့ မှန်ပြတင်းပေါက်ကြီးရှေ့မှာ မတ်တတ်ရပ်ရင်း... သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ အမျိုးသမီးကို တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်သည်။
သူမက ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ စီးပွားရေးလုပ်ငန်းသုံး ဝတ်စုံကို ဝတ်ဆင်ထားပြီး... သူမဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါက သွက်လက်ချက်ချာပြီး အထက်တန်းဆန်လှတယ်... မျက်ခုံးကြားမှာလည်း ယုံကြည်မှုနဲ့ တည်ငြိမ်မှုတွေ ထင်ဟပ်နေခဲ့တယ်။
"အမကြီး ကျွမ်းရန်... နောက်နောင် ကုမ္ပဏီကို အမကြီးရဲ့ လက်ထဲပဲ လွှဲပေးခဲ့တော့မယ်နော်" ကုချန် လက်လှမ်းလိုက်ပြီး ကုကျွမ်းရန် နဲ့ ခပ်ဖွဖွ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
ကုကျွမ်းရန်က အနည်းငယ် ပြုံးလိုက်ပြီး စနောက်တဲ့ လေသံလေးနဲ့ ပြန်ပြောလာတယ် ...
"ကုမိသားစုရဲ့ သခင်လေးကြီးအတွက် ကုမ္ပဏီကို စီမံခန့်ခွဲပေးရတာ... တို့အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲရှင်"
မနက်ပိုင်းတုန်းက စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့ ရှယ်ယာတွေ ပြန်အပ်ပြီးတဲ့နောက်မှာပဲ ကုချန်က ကုယွဲ့ (သူ့အဖေ) ဆီ ဖုန်းဆက်ပြီး အခြေအနေတွေကို ရှင်းပြကာ ကုမ္ပဏီကို လွှဲပြောင်းယူမယ့် ပရော်ဖက်ရှင်နယ် စီးပွားရေးသမားတစ်ဦး လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် သူက ထိုဇာတ်လိုက်တွေကို နှိပ်ကွပ်ဖို့အတွက်ပဲ အာရုံစိုက်ရမှာ ဖြစ်တာကြောင့် ကုမ္ပဏီအရေးကိစ္စတွေနဲ့ စိတ်ရှုပ်မခံချင်ဘူးလေ။
အစောပိုင်းတုန်းက အဆင့်မြင့်သိုင်းပညာရှင် လေးယောက်ပဲ လွှတ်ပေးထားတာကို သိရတာကြောင့် ကုချန်က သူ့အဖေဆီ နောက်ထပ် လူအချို့ ထပ်လွှတ်ပေးဖို့ တောင်းဆိုခဲ့သေးတယ်။
ကုယွဲ့ရဲ့ အမြင်မှာတော့ ဟိုင်ချန်မြို့မှာ သိုင်းပညာရှင် အများကြီးမရှိတာကြောင့် ဟွာကျင်း အဆင့်သိုင်းပညာရှင် လေးယောက်ဆိုရင် ကိစ္စအားလုံးကို ကိုင်တွယ်ဖို့ လုံလောက်နေပြီလို့ ထင်နေတာ။
ဒါပေမဲ့ ကုချန်ကတော့ ဒီစောက်ဇာတ်လိုက်အရှိန်အဝါက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိ ကြောက်စရာကောင်းလဲဆိုတာကို သူ အသိဆုံး ပဲလေ။ သိုင်းပညာရှင် လေးယောက်တည်းနဲ့လား လုံးဝကို မလုံလောက်ဘူး။
ဒါကြောင့်မို့လို့ အခုအချိန်မှာ ကုကျွမ်းရန်ရဲ့ အနောက်မှာတော့ နောက်ထပ် ဟွာကျင်း အဆင့် ရှိတဲ့ အမျိုးသမီးသိုင်းပညာရှင် သုံးယောက် ထပ်မံ မတ်တတ်ရပ်နေခဲ့ကြပြီ ဖြစ်သည်။
သူတို့က ကိုယ်ဟန်အနေအထား မတ်မတ်ရှိပြီး မျက်နှာပေးတွေက အေးစက်နေကြတယ်... အမျိုးသမီးတွေ ဖြစ်ကြတယ်ဆိုပေမဲ့ ထွက်ပေါ်နေတဲ့ အရှိန်အဝါကတော့ အမျိုးသားသိုင်းပညာရှင်တွေနဲ့ ယှဉ်ရင် တစ်စက်ကလေးမှ မလျော့ပေ။
ကုမ္ပဏီရဲ့ အထွေထွေ အလုပ်လွှဲပြောင်းမှုတွေကို အဆုံးသတ်ပြီးနောက်မှာတော့ ကုချန်က ကားပေါ်တက်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်တော့သည်။
အနောက်ကနေ အနက်ရောင် ကားတစ်စီး ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး အဲဒီကားထဲမှာတော့ ထိုအမျိုးသမီးသိုင်းပညာရှင် သုံးယောက် ပါဝင်လာခဲ့ကြသည်။
【 ဒေါင်… မင်းသမီး ချင်ယုနင်သည် ယဲ့ချန်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်…ယဲ့ချန်း၏ ကံတရားအရှိန်အဝါ ၁,၀၀၀ မှတ် လျော့နည်းသွားပြီး... အိမ်ရှင်သည် ဗီလိန်အမှတ် ၁,၀၀၀ ရရှိသည် 】
စနစ်ရဲ့ သတိပေးသံက ကုချန်ရဲ့ စိတ်ထဲမှာ ထပ်မံ မြည်ဟည်းလာခဲ့တာကြောင့် သူ့ရဲ့ ဗီလိန်အမှတ်က ချက်ချင်းပဲ ၃,၀၀၀ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"စနစ်... ငါ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ" ကုချန်က ရုတ်တရက် မေးလိုက်တယ်။
【 အိမ်ရှင်ရဲ့ မေးခွန်းကို ဖြေကြားရရင်တော့... လူတစ်ယောက်ရဲ့ ခွန်အားဗလက ၁၀၀ ကျော်သွားတာနဲ့ သိုင်းပညာရှင်အဆင့်ကို စတင်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ် 】
【 ဒီ ကမ္ဘာမှာတော့ ခွန်အားဗလ ပိုမြင့်မားလေလေ... ထပ်မံ တိုးမြှင့်ဖို့ ပိုခက်ခဲလေလေပါပဲ အကယ်၍ မွေးရာပါ ပါရမီ သာ မရှိရင် အကန့်အသတ်ကို ကျော်ဖြတ်ဖို့ အလွန်ခက်ခဲတာကြောင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ 】
【 သိုင်းပညာရှင် အဆင့်အတန်းတွေကိုတော့ မင်ကျင်း, အန်ကျင်း, ဟွာကျင်း, ဒန်ကျင်း, ကန်ကျင်း ဆိုပြီး ခွဲခြားထားပါတယ်】
【 ဒန်ကျင်း ကို ဂရန်းမာစတာ လို့လည်း ခေါ်ဝေါ်ပြီး... ကန်ကျင်း ကိုတော့ ဂရိတ်ဂရန်းမာစတာ လို့ ခေါ်ပါတယ်။ 】
【 အဆင့်တိုင်းမှာလည်း အစောပိုင်း... အလယ်ပိုင်း... နှောင်းပိုင်း ဆိုပြီး ထပ်မံ ခွဲခြားထားပါသေးတယ်…မင်ကျင်း, အန်ကျင်း နဲ့ ဟွာကျင်း တို့အတွက်တော့ ခွန်အား ၁၀၀ တိုးတိုင်း အဆင့်တစ်ခု တက်လှမ်းမှာ ဖြစ်ပြီး... ခွန်အား ၃၀၀ တိုးပွားလာရင်တော့ နောက်ထပ် သိုင်းနယ်ပယ်သစ်တစ်ခုကို အောင်မြင်စွာ ကျော်ဖြတ် နိုင်မှာ ဖြစ်ပါတယ် 】
【 ဒန်ကျင်း အဆင့်အတွက်ကတော့ ခွန်အားဗလ ၄၀၀ တိုင်း အဆင့်တစ်ခုတက်ပြီး... ၁,၂၀၀ တိုးရင် နယ်ပယ်သစ်တစ်ခု ရောက်မှာပါ.. ကန်ကျင်း အတွက်ကတော့ ၈၀၀ တိုင်း အဆင့်တစ်ခုတက်ပြီး ၂,၄၀၀ တိုးရင် နယ်ပယ်သစ်တစ်ခု ရောက်မှာ ဖြစ်ပါတယ် 】
【 ကန်ကျင်း ရဲ့ အထက်မှာတော့ ‘ ထျန်ကျင်းအဆင့်’ ရှိပါသေးတယ်... ဒါပေမဲ့ လက်ရှိ ဘလူးစတားပေါ်မှာတော့ ထျန်ကျင်း အဆင့်ရှိတဲ့ တည်ရှိမှုမျိုး တစ်ယောက်မှ မရှိသေးပါဘူး 】
"ဪ... သဘောပေါက်ပြီ" ကုချန် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲမှာ နားလည်သဘောပေါက်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်။
လတ်တလောမှာတော့ သူ့ရဲ့ ခွန်အားဗလက ၉၈ မှတ် ရှိနေတာ ဖြစ်တယ်။ နောက်ထပ် ၂ မှတ်လောက် ထပ်တိုးလိုက်ရုံနဲ့တင် ၁၀၀ ကျော်သွားမှာဖြစ်ပြီး သိုင်းပညာရှင် အဆင့်အတန်းထဲကို တရားဝင် ဝင်ရောက်နိုင်တော့မှာ ဖြစ်တယ်။
သို့သော်လည်း ကုချန်ရဲ့ စိတ်ထဲမှာတော့ ဒါထက်ပိုပြီး အရေးကြီးတဲ့ ပစ်မှတ်တစ်ခု ရှိနေသေးတယ် ... အဲဒါကတော့ 【 အဆင့် (၃) လုယက်ခြင်းစွမ်းရည် 】 ပဲ ဖြစ်တယ်။
ဒီစွမ်းရည်ကို ဝယ်ယူဖို့အတွက် ဗီလိန်အမှတ် ၃,၀၀၀ တိတိ လိုအပ်တာဖြစ်ပြီး... ၎င်းရဲ့ စွမ်းဆောင်ရည်ကတော့ ဇာတ်လိုက်ဆီကနေ စွမ်းရည်တစ်ခုကို တိုက်ရိုက် လုယူပစ်နိုင်တာ ဖြစ်တယ်...
ဒါပေမဲ့ ကန့်သတ်ချက်ကတော့ လုယူမယ့် စွမ်းရည်ရဲ့ အဆင့်က မိမိရဲ့ လုယက်ခြင်းစွမ်းရည် အဆင့်ရဲ့ နှစ်ဆထက် မကျော်လွန်ရဘူးလေ။
အဲဒါအပြင် လုယူလိုက်တဲ့ စွမ်းရည်က အဆင့်ဘယ်လောက်ပဲ ဖြစ်ဖြစ် မိမိဆီရောက်လာရင်လည်း အဲဒီအဆင့်အတိုင်းပဲ တည်ရှိနေမှာဖြစ်ပြီး... တစ်ဖက်က ဇာတ်လိုက်ကတော့ အဲဒီစွမ်းရည်ကို ထာဝရ ဆုံးရှုံးသွားမှာ ဖြစ်တယ်။
တစ်နည်းအားဖြင့် ပြောရရင်တော့ ကုချန် အနေနဲ့ ယဲ့ချန်းရဲ့ အဆင့် (၆) ဆေးပညာကို လုယူချင်တယ်ဆိုရင် အနည်းဆုံးတော့ အဆင့် (၃) လုယက်ခြင်းစွမ်းရည် ရှိထားဖို့ လိုအပ်တာ ဖြစ်တယ်။
"စနစ်... လျှော့ဈေး ဘာညာ မရဘူးလား" ကုချန်က ရုတ်တရက် မေးလိုက်တယ်... လေသံထဲမှာ စနောက်ကျီစယ်လိုတဲ့ အရိပ်အယောင်တွေ ပါဝင်နေသလိုပဲ။
【 မရပါဘူးရှင့် မြောင်… စနစ်က အလုပ်အကိုင် သေးသေးလေး လုပ်နေတာပါ... ဗီလိန်အမှတ်တွေ အများကြီး မရပါဘူး 】
စနစ်ရဲ့ အသံက အနည်းငယ် ဝမ်းနည်းပူဆွေးနေပုံရပြီး... တကယ့်ကိုပဲ ‘စီးပွားရေး အဆင်မပြေတဲ့ ဆိုင်လေး’ လိုမျိုး ညည်းတွားနေရှာသည်။
"ဒါဆိုလည်း ထားလိုက်တော့လေ… ငါ ဒီဗီလိန်အမှတ်တွေကို မိသားစု အမွေအနှစ်အဖြစ်ပဲ သိမ်းထားလိုက်တော့မယ်… ဘာပဲဖြစ်ဖြစ် ကုမိသားစုရဲ့ အင်အားနဲ့တင် အဲဒီကောင်ကို နှိမ်နင်းဖို့ လုံလောက်နေတာပဲလေ" ကုချန်က ‘နှမြောတသ’ တဲ့ ပုံစံမျိုးနဲ့ ခေါင်းခါလိုက်ပြီး... စနစ်ဈေးဆိုင် စာမျက်နှာကို အသာလေး ပိတ်လိုက်ကာ ဘာမှ ထပ်မပြောတော့ဘူး။
ကုချန် အိမ်ပြန်ရောက်တဲ့အထိ ဘာစကားမှ ထပ်မပြောတော့ပါဘူး... တကယ့်ကိုပဲ ထိုဗီလိန်အမှတ် ၃,၀၀၀ ကို လုံးဝ ဂရုမစိုက်တော့တဲ့ ပုံစံမျိုးပဲ။ အခုအချိန်မှာတော့ ကြားထဲကနေ စိုးရိမ်ပူပန်သွားရတဲ့လူက စနစ် ဖြစ်နေခဲ့ပြီ ...
【 ဟို... အိမ်ရှင်ရှင့် 】
【 စနစ်ဈေးဆိုင်မှာ အထူးပရိုမိုးရှင်း ရှိပါတယ်နော် ... ဗီလိန်အမှတ် ၃,၀၀၀ သုံးစွဲလိုက်တာနဲ့... ခွန်အားဗလ ၂ မှတ်ကို အခမဲ့ လက်ဆောင် ထပ်တိုးပေးမှာ ဖြစ်ပါတယ်ရှင့် 】
ကုချန်ရဲ့ နှုတ်ခမ်းထောင့်က သူတစ်ပါး သတိမထားမိနိုင်လောက်တဲ့ အနေအထားနဲ့ အနည်းငယ် ကွေးညွတ်သွားခဲ့ရပြီ။
ခွန်အား ၂ မှတ်ဆိုတာ ပြန်တွက်ကြည့်ရင် ဗီလိန်အမှတ် ၁၀၀ နဲ့ ညီမျှတာ ဖြစ်ပြီး... သူ့ရဲ့ ခွန်အားဗလကလည်း ၉၈ မှတ်မှာတင် ကွက်တိကြီး တစ်ဆို့နေတာလေ။
ဒီ ၂ မှတ်ကိုသာ ပေါင်းထည့်လိုက်ရင် ၁၀၀ ပြည့်သွားပြီး ‘မင်ကျင်း - အဆင့်ဦး’ ကို တရားဝင် တက်လှမ်းနိုင်ရုံတင်မကဘဲ... သူ့ရဲ့ အရာရာကို အတိအကျဖြစ်ချင်တဲ့ စိတ်ရောဂါ (OCD) ကိုပါ တခါတည်း ကုသပေးလိုက်သလို ဖြစ်သွားမှာလေ။
သူ တွန့်ဆုတ်မနေတော့ဘဲ အဆင့် (၃) လုယက်ခြင်းစွမ်းရည် ကို တိုက်ရိုက် ဝယ်ယူလိုက်တော့တယ် ...
【 ဒေါင် အိမ်ရှင်သည် အဆင့် (၃) လုယက်ခြင်းစွမ်းရည် ကို အောင်မြင်စွာ ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည် 】
【 ဒေါင်….အိမ်ရှင်၏ ခွန်အားဗလသည် ၂ မှတ် တိုးပွားသွားခဲ့ပါပြီ လက်ရှိ ခွန်အား ၁၀၀ (မင်ကျင်း - အဆင့်ဦး) 】
ကုချန် မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ လျှံပယ်စီးဆင်းလာတဲ့ အစွမ်းထက်လှတဲ့ အင်အားတွေကို ခံစားလိုက်ရပြီး... မျက်ဝန်းထဲမှာလည်း ကျေနပ်မှုတွေ ထင်ဟပ်သွားခဲ့ရသည်။
စနစ်က တစ်ခါတလေကျရင် လည်သလိုလိုနဲ့ အူကြောင်ကြောင် လုပ်တတ်တယ် ဆိုပေမဲ့... ဘာပဲဖြစ်ဖြစ် သူ့ကို ဒီကမ္ဘာဆီ ခေါ်ဆောင်လာပေးခဲ့တဲ့ ကျေးဇူးရှင် ဖြစ်တာကြောင့် ကုချန် အနေနဲ့ စနစ်အပေါ်ကိုတော့ အရမ်းကြီး ရက်စက်ဖို့ အစီအစဉ် မရှိပါဘူး။