အခန်း (၇) - ငါးစာဟပ်မိသွားတဲ့ ယဲ့ချန်း... အုပ်စုလိုက် ပွဲကြမ်းကြပြီ
ကုချန် က ထွက်ခွာသွားတဲ့ ချင်ယုနင်ရဲ့ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်မှာ စနောက်လိုတဲ့ အပြုံးတစ်ခု ဆင်မြန်းလိုက်တယ်။
သူ လှည့်အပြန်မှာပဲ မလှမ်းမကမ်းက ထောင့်ချိုးလေးတစ်ခုမှာ ပုန်းကွယ်နေတဲ့ ပိုင်ဝမ်ရု ကို လှမ်းမြင်လိုက်ရတယ်... သူမက ခေါင်းလေးပြူပြီး အခြေအနေကို တိတ်တဆိတ် စုံစမ်းနေခဲ့တာ ဖြစ်သည်။
မိမိ ချောင်းကြည့်နေတာ မိသွားပြီဆိုတာကို သိလိုက်ရချိန်မှာတော့ ပိုင်ဝမ်ရု တစ်ယောက် ထိတ်လန့်သွားတဲ့ ယုန်သူငယ်လေးလိုမျိုး အလျင်အမြန်ပဲ ခေါင်းပြန်လျှိုသွားရှာသည်။
ကုချန် ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့ဘေးနားက ဆိုဖာနေရာကို ပုတ်ပြကာ နူးညံ့တဲ့ လေသံနဲ့ ခေါ်လိုက်တယ် ...
"ဝမ်ရု... ဒီကိုလာဦး"
ပိုင်ဝမ်ရု တစ်ယောက် ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတော့ ခေါင်းလေးငုံ့ပြီး လျှောက်ထွက်လာခဲ့တယ်... သူမက ကုချန်ရဲ့ ရှေ့မှာ အလိုက်သိစွာ မတ်တတ်ရပ်ရင်း ခြင်ကောင်အော်သံလောက်ရှိတဲ့ အသံတိုးတိုးလေးနဲ့ တောင်းပန်ရှာသည် ...
"သခင်လေး... တောင်းပန်ပါတယ်ရှင် ကျမ တိတ်တဆိတ် မချောင်းနားထောင်သင့်ပါဘူး"
ကုချန်က ခေါင်းခါပြလိုက်ပြီး သူမကို အပြစ်တင်လိုတဲ့ အရိပ်အယောင် လုံးဝမရှိဘဲ ပြောလိုက်တယ် ...
"ငါက မင်းကို အပြစ်တင်မလို့ မဟုတ်ပါဘူး…နောက်နောင် ဘယ်သူပဲလာလာ မင်း ပုန်းနေစရာမလိုဘူး…ငါ မင်းကို အစေခံတစ်ယောက်လို သဘောမထားဘူး… မင်း သိထားရမှာက... ဟိုမိန်းမတွေနဲ့ ယှဉ်ရင် မင်းက ဒီအိမ်ရဲ့ အိမ်ရှင်မနဲ့ ပိုတူတယ်ဆိုတာပဲ"
"အိမ်ရှင်မ ဟုတ်လား" ပိုင်ဝမ်ရု ရုတ်တရက် ခေါင်းမော့ကြည့်လာပြီး ပါးပြင်လေးတွေပေါ်မှာ ချက်ချင်းပဲ အနီရောင် ကူးစက်သွားခဲ့ရကာ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်မိသွားတော့တယ်။
【 ပိုင်ဝမ်ရု၏ နှစ်သက်မှု +၅ 】
’အမြတ်ပဲ... ဒီကောင်မလေးကတော့ စကားလုံးတွေကို သူ့ဘာသာသူ အဓိပ္ပာယ်ဖော်ပြီး ရှက်နေတော့တာပဲ’
ပိုင်ဝမ်ရုရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကုချန်ရဲ့ အပြုံးက ပိုမိုကျယ်ပြန့်သွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူ ပိုင်ဝမ်ရု ကိုတော့ သူ့အနားမှာပဲ ဆက်ထားမှာ သေချာပါတယ်...
မိမိရှေ့ တည့်တည့် ရောက်နေတဲ့ အသားတုံးကိုတော့ လွှတ်ပစ်စရာ အကြောင်းမရှိဘူးလေ။
【 ဒေါင်... မင်းသမီး စူးချင်းလန်သည် ယဲ့ချန်းနှင့် လုံးဝ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဇာတ်လိုက်၏ ကံတရားအရှိန်အဝါ ၁,၀၀၀ မှတ် လျော့နည်းသွားသည်…အိမ်ရှင်သည် ဗီလိန်အမှတ် ၁,၀၀၀ ရရှိသည် 】
【 ဒေါင်... မင်းသမီး ရှန်ကျီဝေသည် ယဲ့ချန်းနှင့် လုံးဝ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်…ဇာတ်လိုက်၏ ကံတရားအရှိန်အဝါ ၁,၀၀၀ မှတ် လျော့နည်းသွားသည်…အိမ်ရှင်သည် ဗီလိန်အမှတ် ၁,၀၀၀ ရရှိသည်။ 】
ကုချန် ကုမ္ပဏီရဲ့ အထက်ဆုံးထပ်က သူ့ရဲ့ ရုံးခန်းထဲမှာ ထိုင်ရင်း စာရွက်စာတမ်းတစ်ခုကို ဖတ်နေစဉ်မှာပဲ စနစ်ရဲ့ သတိပေးချက်က စိတ်ထဲမှာ ရုတ်တရက် မြည်ဟည်းလာခဲ့သည်။
သူ့ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး မျက်ဝန်းထဲမှာလည်း ကျေနပ်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့သည်။ သူ သူ့ရဲ့ အချက်အလက် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်တော့ ... 【 ဗီလိန်အမှတ် - ၂,၅၀၀ 】 ဖြစ်နေပြီ ဖြစ်သည်။
အရင်က စနစ်နဲ့ လုပ်ခဲ့တဲ့ အလောင်းအစားကြောင့် စနစ်ဆီမှာ ကျန်နေတဲ့ နောက်ဆုံး ဗီလိန်အမှတ် ၅၀၀ ကို အောင်မြင်စွာ သွေးစုပ်နိုင်ခဲ့ပြီး…အခု စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့ ယဲ့ချန်း နဲ့ လမ်းခွဲလိုက်လို့ ရလာတဲ့ ဗီလိန်အမှတ် ၂,၀၀၀ နဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ သူ့ရဲ့ စုစုပေါင်းအမှတ်က ၂,၅၀၀ တိတိ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကုချန်ရဲ့ အကြည့်က စနစ်ဈေးဆိုင် ပေါ်ကို ကျရောက်သွားခဲ့ပြီး... သူ တွန့်ဆုတ်မနေဘဲ ဗီလိန်အမှတ် ၁,၀၀၀ သုံးကာ စွမ်းရည်တစ်ခုကို ဝယ်ယူလိုက်တော့တယ် ... 【 အဆင့် (၁) ထောက်လှမ်းရေးမျက်လုံး】
【 အဆင့် (၁) ထောက်မ်းရေးမျက်လုံး - မိမိပတ်လည် ၁၅ မီတာအတွင်းရှိ ပုန်းကွယ်နေသော ပစ်မှတ်များနှင့် အန္တရာယ်ရှိနိုင်ခြေ အားလုံးကို အထင်အရှား မြင်တွေ့နိုင်သည်】
ဒီစွမ်းရည် စတင်အသက်ဝင်လာတဲ့ အချိန်မှာတင် ကုချန်ရဲ့ အမြင်အာရုံက သိသိသာသာ ကျယ်ပြန့်သွားသလို ခံစားလိုက်ရပြီး... သူ့ပတ်ဝန်းကျင်က အသေးစိတ်အချက်အလက် တိုင်းကအစ အထင်အရှား မြင်နေရတော့သည်။
သူ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားတွေကို သေသေချာချာ ပြင်ဆင်ကာ ဓာတ်လှေကားစီးပြီး ကုမ္ပဏီဝင်ပေါက်ဆီ ဆင်းလာခဲ့သည်။
အနက်ရောင် ကားတစ်စီးက သူ့ကို အကြာကြီး စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပေမဲ့ ကုချန်က ကားပေါ်မတက်ဘဲ လူသူပြတ်လပ်တဲ့ လမ်းကြားလေးတစ်ခုဆီသို့ လမ်းလျှောက်ထွက်ခဲ့လိုက်တယ်... သူ့ရဲ့ ခြေလှမ်းတွေက လမ်းလျှောက် အပန်းဖြေနေသလိုမျိုး အေးအေးလူလူပဲ။
အကွေ့အကောက် အချို့ကို ဖြတ်ကျော်ပြီးနောက်မှာတော့ ကုချန်က မှောင်မှိုင်နေတဲ့ လမ်းကြားလေးတစ်ခုထဲကို ရောက်ရှိသွားခဲ့သည်။
သူ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ကာ သူ့ရဲ့ အနောက်ဘက်ကို တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကာ ...
"ငါ့နောက်ကို ဒီလောက်အကြာကြီး လိုက်နေရတာ... မမောဘူးလား"
ကုချန်ရဲ့ အသံက ဆိတ်ငြိမ်လှတဲ့ လမ်းကြားထဲမှာ ပဲ့တင်ထပ်သွားခဲ့သည်။
အမှောင်ရိပ်ထဲကနေ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့တယ် ... အဲဒါကတော့ ယဲ့ချန်း ပဲ ဖြစ်တယ်။
သူ့ရဲ့ မျက်ဝန်းတွေက ကောက်ကျစ် စက်ဆုပ်ဖွယ် ကောင်းနေပြီး မျက်နှာတစ်ခုလုံးမှာလည်း ဒေါသနဲ့ လူသတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
【 နာမည် - ယဲ့ချန်း 】
【 အဆင့်အတန်း - ကံတရား၏ သားတော် (ဇာတ်လိုက်) 】
【 နှစ်သက်မှုနှုန်း - အနှုတ် ၁၀၀ 】
【 တိုက်ခိုက်ရေးစွမ်းရည် - ၃၅၀မင်ကျင်း အဆင့်လွန်) 】 【 ကျန်ရှိသော ကံတရားအရှိန်အဝါ - ၅,၅၀၀ 】
【 နောက်ခံသမိုင်း - "တောင် ပေါ်မှဆင်းသက်လာသော နတ်ဆေးဆရာ - မိန်းမလှလေးများအား သိမ်းပိုက်ခြင်း" ဝတ္ထု၏ ဇာတ်လိုက်】
【 စွမ်းရည်များ - အဆင့် (၆) ဆေးပညာ... အဆင့် (၅) ပါကျိချွမ် သိုင်းပညာ 】
"ကုချန်" ယဲ့ချန်းရဲ့ အသံက အတတ်နိုင်ဆုံး ဖိနှိပ်ထားရတဲ့ ဒေါသတွေကြောင့် တုန်ယင်နေပြီး သူ့ရဲ့ လက်သီးတွေကို တင်းတင်းဆုပ်ထားလွန်းလို့ လက်ဆစ်တွေတောင် ဖြူလျော့နေခဲ့ပြီ။
"မင်း တကယ်ပဲ ဘာတွေလုပ်လိုက်တာလဲ... ချင်းလန် ကော ကျီဝေ ကောက ဘာလို့ ငါနဲ့ မဆက်သွယ်ကြတော့တာလဲ ဒါ မင်းလက်ချက်ပဲ ဖြစ်ရမယ်"
ကုချန် နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲမှာ ဖုံးကွယ်မထားတဲ့ လှောင်ပြောင်မှုတွေနဲ့ ပြန်ပြောလိုက်တယ် ...
"မင်းက ငါ့ကို လာအပြစ်တင်ရဲသေးတယ်ပေါ့ သူများရဲ့ ကျေးဇူးအကြွေးတွေကို ကြားဖြတ်လုယူထားတာ အမိခံလိုက်ရတာလေ... အဲဒါ မင်းကိုယ်တိုင်က အသုံးမကျတဲ့ အမှိုက်ဖြစ်နေလို့ မဟုတ်ဘူးလား"
"မင်း သေချင်နေပြီပဲ"
ယဲ့ချန်းရဲ့ ဒေါသ မီးတောက်က ချက်ချင်းပဲ အရှိန်အဟုန်နဲ့ တောက်လောင်သွားခဲ့တော့တယ်။
သူ ကုချန် ဆီကို ပြေးဝင်လာပြီး... သူ့ရဲ့ လက်သီးက လေခွဲသံ စူးစူးနဲ့အတူ ကုချန်ရဲ့ မျက်နှာတည့်တည့်ဆီကို ဦးတည်ပြီး ထိုးနှက်လိုက်တော့တယ်။
သို့သော်လည်း... ကုချန်ရဲ့ မျက်နှာပေးက လုံးဝ ပြောင်းလဲမသွားတဲ့အပြင် ခြေတစ်လှမ်းတောင် နောက်မဆုတ်ခဲ့ပါဘူး။ သူက တိုးညင်းစွာပဲ လှမ်းခေါ်လိုက်တယ် ...
"ဦးလေးဖုန်း... ဦးလေးပဲ ရှင်းလိုက်တော့"
သူ့ရဲ့ စကားသံမဆုံးခင်မှာတင် အမှောင်ရိပ်ထဲကနေ အနက်ရောင် လူရိပ်တစ်ခုက မိုးကြိုးစီးကြောင်းလိုမျိုး လျှပ်ခနဲ ပြေးထွက်လာပြီး ယဲ့ချန်း ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့တယ်။
ယဲ့ချန်း တစ်ယောက် ရှောင်ကွင်းဖို့တောင် အချိန်မရလိုက်ဘဲ ထိုလက်သီးချက်ကြောင့် အဝေးကို လွင့်စဉ်ထွက်သွားခဲ့ရပြီး... လမ်းကြားနံရံနဲ့ အားပြင်းစွာ ဆောင့်မိကာ ဝုန်းခနဲ မြည်သံနဲ့အတူ လဲကျသွားခဲ့ရသည်။
ယဲ့ချန်းရဲ့ မျက်ဝန်းထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ မကျေနပ်မှုတွေ ပြည့်နှက်သွားခဲ့ရပြီ။ သူ မိမိရှေ့မှာ ရှိနေတဲ့ အမျိုးသားကို စိုက်ကြည့်ရင်း မယုံကြည်နိုင်တဲ့ လေသံနဲ့ တုန်တုန်ရင်ရင် မေးလိုက်မိတယ် ...
“ဟွာကျင်း အဆင့် မင်းလို အမှိုက်ကောင်ရဲ့ ဘေးနားမှာ... ဘာလို့ ဟွာကျင်း အဆင့်ရှိတဲ့ သက်တော်စောင့် ရှိနေရတာလဲ"
ကုချန်က သူ့ရဲ့ မေးခွန်းကို လျစ်လျူရှုလိုက်ပြီး အေးစက်ပြတ်သားတဲ့ လေသံနဲ့ အမိန့်ပေးလိုက်တယ် ...
"ဦးလေးဖုန်း... သူ့ကို သတ်ပစ်လိုက်"
ကုဖုန်း (ဦးလေးဖုန်း) က တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ သူ့ရဲ့ ခန္ဓာကိုယ်ကို လျှပ်စီးပမာ လှုပ်ရှားလိုက်ပြီး ယဲ့ချန်း ဆီသို့ တစ်ဖန် ပြေးဝင်သွားခဲ့ပြန်တယ်။ သူက ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးထဲမှာ ပြင်းထန်တဲ့ အတွင်းအားတွေကို စုစည်းလိုက်တော့တယ်။
သို့သော်လည်း... ကုဖုန်း တစ်ယောက် ယဲ့ချန်း ဆီကို ရောက်ခါနီး အချိန်မှာတင်... လေထုထဲမှာ စိမ်းဖန့်ဖန့် အဆိပ်မှုန့်တိမ်တိုက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကုဖုန်းရဲ့ အမြင်အာရုံနဲ့ လှုပ်ရှားမှုတွေကို ချက်ချင်းပဲ ပိတ်ဆို့ပစ်လိုက်ပါတော့တယ်။
ကုချန်ရဲ့ မျက်ဝန်းတွေ အေးစက်သွားခဲ့ပြီး သူ ထပ်မံ အမိန့်ပေးလိုက်တယ် ...
"ဟုရီ... ကွမ်ခွန်း... လှုပ်ရှားတော့"
သူ့ရဲ့ စကားသံအဆုံးမှာတော့ အမှောင်ရိပ်ထဲကနေ နောက်ထပ် လူရိပ်နှစ်ခုက လျှပ်စီးလိုမျိုး ပြေးထွက်လာခဲ့ကြတယ် ... သူတို့ကတော့ ကျန်ရှိနေသေးတဲ့ အဆင့်မြင့်သိုင်းပညာရှင် နှစ်ယောက် ဖြစ်ကြတယ်။
သူတို့ရဲ့ ပစ်မှတ်ကတော့ အထင်အရှားပဲ ... ယဲ့ချန်း ဖြစ်သည်။
ကုချန်က ဒီလိုမျိုး မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်တွက်ချက်ထားပြီးသားပဲ။
ဒီနေ့ ကုယွဲ့ (သူ့အဖေ) က သူ့ဆီကို သိုင်းပညာရှင် လေးယောက် လွှတ်ပေးခဲ့တာ ဖြစ်ပြီး... ကုချန်က သုံးယောက်ကို သူ့နောက် ခေါ်လာခဲ့ကာ ကျန်တဲ့တစ်ယောက်ကိုတော့ အိမ်ကို တစ်ယောက်ယောက် လာစီးနင်းမှာ စိုးလို့ ဗီလာမှာပဲ စောင့်ရှောက်ဖို့ ချန်ထားခဲ့တာ ဖြစ်တယ်။
အခုလိုမျိုး သိုင်းပညာရှင် နှစ်ယောက်က တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်လိုက်တာကြောင့် ယဲ့ချန်းရဲ့ အခြေအနေက ချက်ချင်းပဲ အသက်အန္တရာယ် ကြုံတွေ့ရတဲ့အထိ စိုးရိမ်ရသွားခဲ့ရပြီ။
သို့သော်လည်း... ကုချန် မျှော်လင့်ထားခဲ့သလိုပါပဲ... အသက် ၆၀ ဝန်းကျင်ခန့်ရှိတဲ့ အိုမင်းသော်လည်း ကျန်းမာသန်စွမ်းဆဲဖြစ်တဲ့ လူအိုကြီးတစ်ယောက်က ယဲ့ချန် ရဲ့ ရှေ့မှာ ရုတ်တရက် ပိတ်ဆို့ရပ်တန့်လိုက်ပြီး ထိုနှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို အားပြင်းစွာ ခုခံတားဆီးလိုက်တော့သည်။
ထိုလူအိုကြီးက ဆံပင်တွေ ဖြူဖွေးနေခဲ့ပေမဲ့ ကိုယ်ဟန်အနေအထားက မတ်မတ်ရှိနေပြီး ထွက်ပေါ်နေတဲ့ အရှိန်အဝါကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
【 နာမည် - ရဲကွမ် 】
【 အဆင့်အတန်း - ယဲ့ချန်း၏ ပထမဆုံးသော ဆရာသခင် 】
【 တိုက်ခိုက်ရေးစွမ်းရည် - ၇၃၄ 】
ရဲကွမ် ကလည်း ဟွာကျင်း အဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုပေမဲ့... ကုချန်ဘက်က အဆင့်တူ သိုင်းပညာရှင် နှစ်ယောက်ရဲ့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ခံလိုက်ရတာကြောင့် ချက်ချင်းပဲ အခြေအနေ မဟန်ဘဲ အားနည်းချက် ဖြစ်သွားခဲ့ရတယ်။
သူ့ရဲ့ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်...
"အဘိုးကြီး... မင်းက အခုထိ ဝင်မကူသေးဘူးလား"
သူ့ရဲ့ အော်ဟစ်သံအဆုံးမှာတော့ လေထုထဲမှာ နောက်ထပ် ထူးဆန်းတဲ့ အဆိပ်မှုန့် တိမ်တိုက်တစ်ခု ထပ်မံ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်ပြီး လူတိုင်းရဲ့ အမြင်အာရုံကို ချက်ချင်း ဖုံးကွယ်ပစ်လိုက်ပြန်တယ်။
ဒါတင်မကသေးပါဘူး... ဒီအဆိပ်မှုန့်တွေက ပြင်းထန်တဲ့ အဆိပ်အတောက်တွေ ဖြစ်တာကြောင့် သာမန်လူတစ်ယောက်သာ ရှူမိရင် ချက်ချင်း အသက်ဆုံးရှုံးသွားနိုင်တယ်။
သို့သော်လည်း... ဟွာကျင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်တွေကတော့ သူတို့ရဲ့ အစွမ်းထက်လှတဲ့ အတွင်းအားတွေကို အသုံးပြုပြီး ဒီအဆိပ်မှုန့်တွေကို ခန္ဓာကိုယ်အပြင်ဘက်မှာတင် ကာကွယ်တားဆီးထားနိုင်ကြတာ ဖြစ်တယ်။
【 နာမည် - ရဲယွမ် 】
【 အဆင့်အတန်း - ယဲ့ချန်း၏ ဒုတိယမြောက် ဆရာသခင် 】
【 တိုက်ခိုက်ရေးစွမ်းရည် - ၅၃၁ 】
ရဲယွမ်ရဲ့ ခန္ဓာကိုယ်က အမှောင်ထဲကနေ လျှပ်ခနဲ ပြေးထွက်လာခဲ့တယ်။ သူက ယဲ့ချန်း ကို အမြန်ဆုံး ဆွဲပွေ့လိုက်ပြီး ရဲကွမ်နဲ့ ပူးပေါင်းကာ အတူတူ ထွက်ပြေးဖို့ ပြင်ဆင်လိုက်တော့သည်။
"ဦးလေးဖုန်း... သူတို့တွေ ထွက်ပြေးဖို့ ကြိုးစားနေကြပြီ အနောက်ကနေ လိုက်ဖမ်း" ကုချန်ရဲ့ လေသံက တည်ငြိမ်ပြီး ပြတ်သားနေခဲ့သည်။
သူ့ရဲ့ ‘ထောက်လှမ်းရေးမျက်လုံး’ က ဒီအဆိပ်မှုန့်တွေနဲ့ မြူခိုးတွေအားလုံးကို ဖောက်ထွင်းမြင်နေရပြီး ကာကွယ်ပေးထား တာကြောင့်... ဒီအဆိပ်တွေက သူ့အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိဘူးလေ။
ဒါကို ကြားလိုက်ရတော့ ကုဖုန်းနဲ့ ကျန်တဲ့နှစ်ယောက်ကလည်း ချက်ချင်းပဲ သူတို့ရဲ့ အတွင်းအားတွေကို လှည့်ပတ်ပြီး ပတ်ဝန်းကျင်က အဆိပ်မှုန့်တွေကို မှုတ်ထုတ် ဖယ်ရှားလိုက်ကြကာ... ထွက်ပြေးသွားတဲ့ ယဲ့ချန်းတို့ သုံးယောက်ရဲ့ နောက်ကို ခပ်သွက်သွက်ပဲ ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးကြပါတော့သည်။