အခန်း (၅) - ရှန်ကျီဝေ နှင့် စူးချင်းလန်တို့ လာရောက်တောင်းပန်ခြင်း... ကုချန် တစ်စုံတစ်ခုကို ရိပ်မိသွားခြင်း
"စနစ်... ငါ အမှတ်မမှားဘူးဆိုရင် ငါက မူလကမ္ဘာမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒီကို လွင့်စဉ်ကူးပြောင်းလာတာလေ…အဲဒီဘက်က အခြေအနေကကော ဘယ်လိုဖြစ်သွားပြီလဲ"
ကုချန် ကုတင်ခေါင်းရင်းကို မှီလိုက်ရင်း စနစ်ကို လှမ်းမေးလိုက်တယ်။
【 အိမ်ရှင် စိတ်ချပါ… စနစ်က အိမ်ရှင်နဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ တည်နေရာကို တိုက်ရိုက် အပြန်အလှန် လဲလှယ်ပေးခဲ့တာဖြစ်ပြီး... အိမ်ရှင်ရဲ့ မျိုးဗီဇ DNA ကိုလည်း ဟိုဘက်က ခန္ဓာကိုယ်ထဲ ပေါင်းစပ်ပေးလိုက်တာပါ 】
【 ဒါ့အပြင် အိမ်ရှင်ရဲ့ အရင်က သွေးစုပ်တဲ့ ဘော့စ် (သူဌေး) ကလည်း အဲဒီဖုန်းပေါက်ကွဲမှုမှာတင် တခါတည်း သေဆုံးသွားခဲ့ပါပြီ】
【 ဒါကြောင့်မို့လို့ မူလကမ္ဘာမှာတော့ အိမ်ရှင်နဲ့ ဘော့စ်တို့နှစ်ယောက်စလုံး မတော်တဆမှုကြောင့် သေဆုံးသွားပြီလို့ပဲ သတ်မှတ်ထားကြမှာပါ 】
"ဪ... အဲလိုလား"
ကုချန် ခေါင်းညိတ်လိုက်ရင်း နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးဖျော့ဖျော့လေး တစ်ချက် ပေါ်လာခဲ့တယ်။
ကုချန်က တစ်ချိန်တုန်းက နိုင်ငံရဲ့ ထိပ်သီးတက္ကသိုလ်ကြီး ဆယ်ခုထဲက တစ်ခုကနေ ဘွဲ့ရထားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ တကယ့် အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာတော့ အဆမတန် သွေးစုပ် ရက်စက်တဲ့ ကုမ္ပဏီညံ့ညံ့တစ်ခုမှာ သွားပြီး အလုပ်လုပ်မိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူးလေ။
အဲဒီဘော့စ်က ဝန်ထမ်းတွေကို နှိပ်ကွပ်ဖို့ နည်းလမ်းပေါင်းစုံ သုံးတတ်တယ်... အချိန်ပို (OT) ဆင်းရတာက နေ့စဉ်အလုပ်လို ဖြစ်နေပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ဘောနပ်စ် တွေကိုပါ ဖြတ်တောက်တတ်သေးတာ။
အခုလိုမျိုး အဲဒီဘဝကနေ လွတ်မြောက်သွားတာက သူ့အတွက်တော့ ကံကောင်းခြင်းတစ်ခုပါပဲ။
နောက်တစ်နေ့ မနက် ဆယ်နာရီဝန်းကျင်တွင်... နေရောင်ခြည်က ကြမ်းပြင်အထိ ရှည်လျားတဲ့ မှန်ပြတင်းပေါက်ကြီးကနေတဆင့် ဧည့်ခန်းထဲသို့ ဖြာကျနေခဲ့တယ်။
ကုချန် တစ်ယောက် အပြင်ထွက်ဖို့ ပြင်နေစဉ်မှာပဲ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်နှစ်ယောက်ကို လက်ခံတွေ့ဆုံလိုက်ရတယ် ... သူတို့ကတော့ စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့ ဖြစ်ကြတယ်။
ကုချန်က ဆိုဖာပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင်း... သွယ်လျတဲ့ လက်ချောင်းလေးတွေနဲ့ ပေါင်ပေါ်ကို စည်းချက်ကျကျ ခပ်ဖွဖွပုတ်ကာ အေးစက်စက် အကြည့်တွေနဲ့ ထိုအမျိုးသမီးနှစ်ယောက်ကို ဝေ့ကြည့်လိုက်တယ်။
သို့သော်လည်း... သူ့ရဲ့ ရင်ထဲမှာတော့ သံသယတွေ ပြည့်နှက်နေခဲ့ပြီ။
【 ဒီမိန်းမနှစ်ယောက်က မနက်စောစောစီးစီး ဘာလာလုပ်ကြတာလဲ ပြဿနာလာရှာတာလား 】
စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့က ဒီနေ့မှာတော့ ထူးထူးခြားခြား ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာကြတာကြောင့်... မနေ့က အစည်းအဝေးတုန်းက ရန်လိုပြီး ကြောက်စရာကောင်းနေခဲ့တဲ့ ပုံစံမျိုးနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။
သူတို့ရဲ့ မျက်နှာပေးမှာဆိုရင် တလေးတစား ဖြစ်နေတဲ့ အရိပ်အယောင်... ဟုတ်တယ်... လေးစားမှုမျိုးတောင် ထွက်ပေါ်နေသလိုပဲ။
"ပြောစမ်း... ငါ့ဆီကို ဘာကိစ္စနဲ့ လာကြတာလဲ"
ကုချန်ရဲ့ အသံက ရေခဲလို အေးစက်နေပြီး လေသံထဲမှာလည်း ထင်ရှားလှတဲ့ စိတ်မရှည်မှုတွေ ပါဝင်နေတယ်။
ပိုင်ဝမ်ရု ကတော့ ဧည့်ခန်းထောင့်လေးမှာ ပုန်းကွယ်ရင်း တိတ်တဆိတ် ချောင်းကြည့်ကာ ဒီအခြေအနေကို စူးစမ်းလိုစိတ်အပြည့်နဲ့ စောင့်ကြည့်နေခဲ့သည်။
စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... တစ်ပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ အိတ်ထဲကနေ စာရွက်စာတမ်းတစ်ခုစီကို ထုတ်ကာ ကုချန်ရဲ့ ရှေ့က ကော်ဖီစားပွဲခုံပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ကြတယ်။
ကုချန် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စာရွက်စာတမ်းတစ်ခုကို လှမ်းယူကြည့်လိုက်တယ်။
စာရွက်ပေါ်က ခေါင်းစဉ်ကို မြင်လိုက်ရချိန်မှာတော့ သူ့ရဲ့ မျက်ဆံက ဆတ်ခနဲ ကျုံ့သွားခဲ့ရတယ် ...
【 ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက် ဒီမိန်းမနှစ်ယောက် ရူးသွားတာလား မနက်စောစောစီးစီး ငါ့ဆီလာပြီး ရှယ်ယာတွေ လာပေးနေတာလား 】
သူ့ရဲ့ မျက်နှာပေါ်မှာ အံ့ဩမှင်သက်မှုတွေ သိသိသာသာ ထွက်ပေါ်လာတာကို မြင်တော့ စူးချင်းလန်က အလျင်အမြန်ပဲ ရှင်းပြလာတယ် ...
"ဥက္ကဋ္ဌကု... အရင်တုန်းက နားလည်မှုလွဲတာတချို့ကြောင့် ကျွန်မတို့တွေ ဥက္ကဠကု အပေါ် တော်တော်လေး မသင့်တော်တဲ့ လုပ်ရပ်တချို့ လုပ်မိခဲ့ပါတယ်"
"ဒီနေ့ ကျွန်မတို့တွေ လာရတာက တရားဝင် တောင်းပန်ဖို့အတွက်ပါ ဒီ ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက် နှစ်ခုက ကျွန်မတို့တွေရဲ့ လျော်ကြေးအဖြစ် သဘောထားပေးပါရှင်"
သူတို့ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ကုချန် တစ်ယောက် ပိုပြီးတော့တောင် ကြောင်အသွားခဲ့ရပြီ။
【 နေပါဦး... မင်းတို့ ကြည့်ရတာ ဖျားနေတဲ့ ပုံစံလည်း မဟုတ်ပါဘူး… ဘာလို့ လာပြီး ကယောင်ကတမ်းတွေ ပြောနေကြတာလဲ 】
【 ဒါမှမဟုတ်... ငါက ကုမိသားစုက လူဆိုတာကို သူတို့ သိသွားကြပြီလား ဒါလည်း မဖြစ်နိုင်ပါဘူး... ကုမိသားစုရဲ့ သတင်းအချက်အလက်တွေက ဒီလောက်အလွယ်တကူ စုံစမ်းလို့ ရတာမှ မဟုတ်တာ 】
စိတ်ထဲက အတွေးတွေက ကစဉ့်ကလျား ဖြစ်နေပေမဲ့ ကုချန်ရဲ့ မျက်နှာကတော့ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပဲ။
သူက စာရွက်စာတမ်းကို ပြန်ချလိုက်ပြီး... သူတို့ရဲ့ မျက်နှာကို ဝေ့ကြည့်ကာ ပုံမှန်လေသံနဲ့ မေးလိုက်တယ်..
"မင်းတို့ သေချာလို့လား"
စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့က တပြိုင်နက်တည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကြတယ်။
ကုချန်က သဘောတူညီချက်ကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်တော့... သူက တစ်ပြားတစ်ချပ်မှ စိုက်ထုတ်စရာမလိုသလို... ဘာထောင်ချောက်မှလည်း မရှိတာကို တွေ့လိုက်ရတယ်။
အပိုစကားတွေ ပြောမနေတော့ဘဲ သူ ဖောင်တိန်ကို ယူပြီး စာချုပ်ပေါ်မှာ သူ့နာမည်ကို အမြန်ဆုံး လက်မှတ်ထိုးလိုက်ပါတော့တယ်။
【 အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်ပေါ့... အကယ်၍ အစစ်ဆိုရင်တော့ နောက်နောင် မင်းတို့ရဲ့ အသက်ကို ငါ ချန်ထားပေးမယ်】
【 အကယ်၍ အတုသာ ဖြစ်နေရင်... ဒါမှမဟုတ် နောက်ပိုင်း ယဲ့ချန်း ကို ငါ နှိပ်ကွပ်နေတဲ့ အချိန်ကျမှ ဒီမိန်းမနှစ်ယောက်က ကြားထဲကနေ ထပြီး ကလန်ကဆန်လုပ်ဖို့ ကြိုးစားရင်တော့... ငါ သူတို့ကို ချက်ချင်း သတ်ပစ်မယ်】
ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားလိုက်ရတော့ စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့နှစ်ယောက်စလုံး ရင်ထဲက သက်ပြင်းတစ်ချက်ကို အသာလေး ချနိုင်သွားခဲ့ကြပြီး... တင်းမာနေတဲ့ စိတ်ကြောတွေကလည်း အနည်းငယ် လျော့ပါးသွားခဲ့ရတယ်။
သို့သော်လည်း... သူတို့ရဲ့ အဲဒီ သေးငယ်လှတဲ့ စိတ်အပြောင်းအလဲလေးကြောင့်ပဲ ကုချန်ရဲ့ မျက်ဝန်းတွေက ရုတ်တရက် ဆတ်ခနဲ စူးရှတောက်ပသွားခဲ့ရပြီ။
【 ဒီမိန်းမနှစ်ယောက်က... ငါ့ကို တော်တော်လေး ကြောက်နေကြတဲ့ ပုံပဲ 】 ကုချန်ရဲ့ အကြည့်က သူတို့ရဲ့ မျက်နှာပေါ်မှာ ဝေ့ပျံနေတယ် ...
【 သူတို့တွေ စိတ်အေးသွားတာက ငါ စာချုပ်မှာ လက်မှတ်ထိုးလိုက်လို့ မဟုတ်ဘဲ... ငါ သူတို့ကို သတ်မယ့် အတွေးကို လက်လွှတ်လိုက်လို့ ဖြစ်ရမယ် 】
【 မဟုတ်မှလွဲရော... ဒီမိန်းမနှစ်ယောက်က ငါ့ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနေရတာလား အကယ်၍ အဲလိုသာ ဆိုရင်တော့... သူတို့ကို လုံးဝ အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး】
သူ့စိတ်ထဲကနေ အေးစက်စက် ကျိန်းဝါးလိုက်မိပြီး... မျက်ဝန်းထဲမှာလည်း လူသတ်လိုတဲ့ အငွေ့အသက်တွေ ဖြတ်ပြေးသွားခဲ့သည်။
ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကြောင့် စောစောကမှ စိတ်သက်သာရာ ရခါစ ရှိသေးတဲ့ စူးချင်းလန် နဲ့ ရှန်ကျီဝေ တို့နှစ်ယောက်စလုံး ရေခဲတိုက်ထဲကို ကျရောက်သွားသလို ခံစားလိုက်ရပြီး... တစ်ကိုယ်လုံးမှာ ကြက်သီးမွေးညင်းတွေ ချက်ချင်း ထလာကာ ကျောပြင်မှာလည်း အေးစက်စက် ချွေးစေးတွေ တိတ်တဆိတ် စိမ့်ထွက်လာခဲ့ရပြန်တယ်။
ဒါပေမဲ့ သူတို့က လောကဓံကို အတွေ့အကြုံရှိပြီးသားလူတွေ ဖြစ်တာကြောင့် ချက်ချင်းပဲ စိတ်ကို ပြန်ထိန်းလိုက်ပြီး... ကုချန်ရဲ့ သံသယတွေကို ဖယ်ရှားနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းချင်ရတဲ့ အကြောင်းအရင်းတွေကို အလျင်အမြန် စတင်ရှင်းပြကြတော့တယ်။
ကုချန်ကတော့ ဆိုဖာပေါ်မှာ ငြိမ်သက်စွာ ထိုင်ရင်း... သူတို့ကို ပြကွက်တစ်ခုကို ကြည့်နေသလိုမျိုး နက်မှောင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့သည်။
စိတ်ထဲမှာ သံသယမျိုးစေ့က စိုက်ပျိုးမိသွားပြီဆိုရင် အလွယ်တကူနဲ့တော့ ပြန်နှုတ်ဖို့ မလွယ်ကူတော့ဘူးလေ။
‘ငါ သူတို့ကို ထပ်ပြီး စမ်းသပ်ကြည့်ရမလား’ ဒါကို တွေးပြီး ကုချန်က သူ့ရဲ့ စိတ်ထဲကနေ စတင်ရေရွတ်လိုက်တော့တယ် ...
【 ငါ အမှတ်မမှားဘူးဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လမ်းဘေးမှာ သတိမေ့လဲကျနေတဲ့ ရှန်ကျီဝေ ကို ဝင်ကယ်ပေးခဲ့တာ ငါပဲလေ】
【 အဲဒီတုန်းက သူမရဲ့ ဆံပင်တွေက ဖရိုဖရဲ ဖြစ်နေတာ... သူမ စာကျက်လွန်းလို့ အစားကောင်းကောင်း မစားဘဲ သွေးတွင်းသကြားဓာတ်ကျပြီး လမ်းဘေးမှာ လဲကျသွားတာ ဖြစ်ရမယ်】
【 အကယ်၍ ငါသာ သူမကို မတွေ့ခဲ့ရင် ဒီမိန်းကလေးက ဘဝအဆုံးသတ်သွားလောက်ပြီ..နှမြောဖို့ကောင်းတာက အဲဒီကျေးဇူးကို ဟို ယဲ့ချန်း ဆိုတဲ့ကောင်က ကြားဖြတ်ပြီး သူ့ကောင်းမှုကြီးလိုမျိုး လုယူသွားခဲ့တာ】
【 အော်... ဒါနဲ့ ငါ အမှတ်မမှားဘူးဆိုရင် အဲဒီတုန်းက သူမရဲ့ ရင်ဘတ်အောက်နားမှာ မှဲ့တစ်လုံး ရှိနေတာကို ငါ မတော်တဆ မြင်လိုက်မိသေးတယ် 】
ရှန်ကျီဝေရဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်ရင်သွားခဲ့ရပြီး မျက်ဆံတွေလည်း ပြူးကျယ်သွားခဲ့ရတယ် သူမက ကုချန်ကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေမိတော့တယ်။
ဒါပေမဲ့ နောက်ဆုံးစာပိုဒ်ကို ကြားလိုက်ရချိန်မှာတော့ ရှန်ကျီဝေရဲ့ နားရွက်လေးတွေက ပန်းရောင်သန်းသွားခဲ့ရပြီး... သူမရဲ့ လက်ချောင်းလေးတွေကလည်း အင်္ကျီအနားသတ်ကို မသိစိတ်အရ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိပြန်တယ်။
စူးချင်းလန် လည်း ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားလိုက်ရတာကြောင့် ဆွံ့အသွားခဲ့ရပြီး မျက်ဝန်းထဲမှာ အံ့ဩတုန်လှုပ်မှုတွေ ထင်ဟပ်သွားခဲ့ရသည်။
【 ပြီးတော့ စူးချင်းလန် မင်းလည်း အတူတူပဲ... 】 ကုချန်ရဲ့ အတွေးတွေက ဆက်လက် ထွက်ပေါ်နေဆဲပဲ ...
【 လွန်ခဲ့တဲ့ လေးနှစ်တုန်းက မင်း လန်ဖုန်းလုပ်ငန်းစုကို စပြီး လွှဲပြောင်းယူခါစ အကျပ်အတည်း ကြုံနေရချိန်မှာ... မင်းကို အနောက်ကနေ တိတ်တဆိတ် ငွေကြေး ထောက်ပံ့ကူညီပေးခဲ့တာ ငါပဲ အဲဒီ ရှယ်ယာတွေက အခုထိ ငါ့လက်ထဲမှာ ရှိနေသေးတယ် 】
【 အဲဒီတုန်းက ငါ ဟိုင်ချန်မြို့ကို စရောက်ခါစဆိုတော့ ကိုယ့်အတွက် ထိုက်တန်တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် ရှိနေရင် စိတ်ဝင်စားဖို့ကောင်းမယ် ထင်လို့ ကူညီပေးခဲ့တာ 】
【 နောက်ဆုံးတော့ မထင်မှတ်ဘဲ ဒီ ကျေးဇူးကိုလည်း ယဲ့ချန်း ကပဲ ကြားဖြတ်လုယူသွားခဲ့ပြီး... မင်းက ငါ့ကို ပြန်တိုက်ခိုက်မယ့် ဓားတစ်စင်း ဖြစ်လာခဲ့တယ်ပေါ့လေ】
ဒါကို တွေးမိတော့ ကုချန် တကယ်ပဲ ဒေါသထွက်မိတယ်။
အဲဒီ အူကြောင်ကြောင် မူလဗီလိန်က တကယ့်ကို အလကားနေရင်း အနစ်နာခံပြချင်တဲ့ လူမိုက်ကြီးပဲ... ဒီအကြောင်းတွေကို တစ်ဖက်လူကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူး။
ရလဒ်ကတော့ အကောင်းမှုတွေအားလုံးကို သူများက ကြားဖြတ်လုယူသွားတာ ခံလိုက်ရတာပဲ။
ဒါက လူအ မဟုတ်ရင် ဘာလဲ။
ကုချန်ရဲ့ အတွေးတွေကို ကြားပြီးနောက် စူးချင်းလန် တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး... နေရာမှာတင် ဆွံ့အစွာ မတ်တတ်ရပ်နေမိကာ နှုတ်ခမ်းလေးတွေပါ တဆတ်ဆတ် တုန်ရင်နေခဲ့ရပြီ။
သူတို့နှစ်ယောက်ရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်နေတဲ့ ကုချန်ကတော့ သူ့ရဲ့ သံသယကို ပိုပြီးတော့တောင် သေချာသွားခဲ့ပါပြီ။
"တောင်းပန်ပါတယ် ဥက္ကဋ္ဌကု... ကျွန်မတို့တွေ ရုတ်တရက် အရေးကြီးတဲ့ ကိစ္စတစ်ခု သတိရလာလို့ပါ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူးရှင်"
စူးချင်းလန်က စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားရင်း ရှန်ကျီဝေ ကို ဆွဲခေါ်ကာ အလောတကြီး ထွက်ခွာသွားခဲ့ကြတော့တယ်။
ကုချန်က သူတို့ကို မတားဆီးဘဲ သူတို့ရဲ့ ထွက်ခွာသွားတဲ့ ကျောပြင်ကိုသာ တည်ငြိမ်အေးစက်တဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်နေခဲ့သည်။
ထိုအမျိုးသမီးနှစ်ယောက် ထွက်သွားပြီးနောက်မှာတော့ ကုချန် ဆိုဖာပေါ်ကို ပြန်မှီချလိုက်ပြီး မျက်ဝန်းထဲမှာ စိတ်ဝင်စားစရာ တစ်ခုကို မြင်လိုက်ရသလို အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်။
သူမတို့နှစ်ယောက် နောက်ထပ် ဘာသွားလုပ်ကြမလဲဆိုတာ သူ သဘာဝကျကျ ခန့်မှန်းလို့ ရတာပေါ့ ... သူ အခု စိတ်ထဲကနေ ပြောလိုက်တဲ့ အကြောင်းအရာတွေက အမှန်တရား ဟုတ်မဟုတ်ဆိုတာကို သွားပြီး စုံစမ်းစစ်ဆေးကြမှာပဲလေ။
ကုချန် တစ်ယောက် ထိုအမျိုးသမီးနှစ်ယောက် နောက်ပိုင်း သူ့ရှေ့မှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ပေါ်လာမလဲဆိုတာကို တကယ်ပဲ မျှော်လင့်မိနေပြီ... တွေးကြည့်ရုံနဲ့တင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပြီလေ။
"စနစ်... မင်းမှာ ဘာမှပြောစရာ မရှိဘူးလား"
ကုချန်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး... လေသံထဲမှာ အေးစက်စက် အငွေ့အသက်တွေ ပါဝင်နေတယ်။
စနစ်ကတော့ ဆက်ပြီး အူကြောင်ကြောင် လုပ်နေဆဲပဲ ... 【 ဟင် စနစ်ဘက်က ဘာပြောရမှာလဲဟင် မရှိပါဘူး 】
【 မင်းသမီး နှစ်ယောက်ဖြစ်တဲ့ စူးချင်းလန်နဲ့ ရှန်ကျီဝေတို့ရဲ့ ပုံစံကို ကြည့်ရတာ သူတို့မှာ တကယ်ပဲ အရေးကြီးတဲ့ ကိစ္စရှိလို့ သွားကြတာ ထင်ပါတယ်နော်】
【 ပြီးတော့ သူတို့တွေ ရှယ်ယာလွှဲပြောင်းတဲ့ စာချုပ်ကို တကယ်ကြီး ယူလာပေးကြတာကိုလည်း စနစ် တော်တော်လေး အံ့ဩမိပါတယ် 】
"ဟက်..."
ကုချန် နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲမှာ လှောင်ပြောင်လိုတဲ့ အကြည့်တွေ ပေါ်လာခဲ့တယ် ...
"မင်းကတော့ ‘မသာ’ မမြင်မချင်း မျက်ရည်မကျမယ့်ကောင်ပဲ..စနစ်... ငါ မင်းနဲ့ အလောင်းအစားတစ်ခု လုပ်ရမလား"
【 ဘာအလောင်းအစားလဲ အိမ်ရှင် 】
"ငါ လောင်းကြေးထပ်ရဲတယ်... ဒီနေ့အတွင်းမှာတင် ချင်ယုနင် က ငါ့ဆီကို လာရှာလိမ့်မယ်… ပြီးတော့ သူမကိုယ်တိုင်က ငါ့ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနေရတယ်ဆိုတာကို သူမရဲ့ ပါးစပ်ကနေ အပီအပြင် ထုတ်ပြောလာအောင် ငါ လုပ်ပြမယ်"
ကုချန်ရဲ့ စကားကြောင့် စနစ် တစ်ခဏလောက် တိတ်ဆိတ်သွားခဲ့ရတယ်။
စနစ်က ခေတ္တမျှ ငြိမ်သက်သွားပြီး ကုချန်ရဲ့ အဆိုပြုချက်ကို အမြန်ဆုံး တွက်ချက်စစ်ဆေးနေပုံရတယ်။
ချင်ယုနင် က ကုချန်ဆီကို လာရှာလိမ့်မယ်ဆိုတဲ့ အကွက်ကတော့ စနစ်ကိုယ်တိုင်လည်း တွက်ချက်လို့ရတဲ့ ရလဒ်ဖြစ်ပေမဲ့... အဲဒီနောက်ပိုင်း ဖြစ်လာမယ့် အရာတွေကတော့ အိမ်ရှင်ရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ မူတည်နေတာမို့လို့ စနစ်အနေနဲ့ အတိအကျ မခန့်မှန်းနိုင်ဘူးလေ။
"အကယ်၍ ငါနိုင်ရင် မင်းမှာ ကျန်ရှိနေသေးတဲ့ ဗီလိန်အမှတ်တွေကို ငါ့ကို အကုန်ပေးရမယ် အကယ်၍ ငါရှုံးရင်တော့ အရင်က မင်းကို ကြွေးတင်ထားတဲ့ ဗီလိန်အမှတ် ၂,၅၀၀ ကို ငါ ပြန်ပေးမယ်"
ကုချန်ရဲ့ အသံက ထပ်မံ ထွက်ပေါ်လာပြန်တယ်။ စနစ်ကလည်း သူ့မှာ ဗီလိန်အမှတ်တွေ အများကြီး မကျန်တော့တာကို တွေးပြီး နောက်ဆုံးတော့ စိန်ခေါ်မှုကို လက်ခံလိုက်တော့တယ် ...
【 ကောင်းပြီ လောင်းကြေးထပ်မယ် 】
【 ဒါပေမဲ့ ကြိုပြီး စကားကန့်ထားပါရစေ... အိမ်ရှင်အနေနဲ့ အကြမ်းဖက်နည်းလမ်းတွေ သုံးပြီး သူမကို အတင်းအကျပ် ဝန်ခံခိုင်းလို့တော့ မရဘူး 】
"ဒါပေါ့... ပြဿနာမရှိဘူး" ကုချန်က ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်ပါတော့တယ်