အခန်း (၄) - အဖေအရင်းကြီးရဲ့ ဖုန်းကောလ်... အော်... ပြီးတော့ ညီမလေးအသစ်စက်စက်
ပိုင်ဝမ်ရု တစ်ယောက် တုန်တုန်ရင်ရင် ဖြစ်နေတာကို ကြည့်ပြီး ကုချန်ရဲ့ ရင်ထဲမှာ စိတ်မကောင်းခြင်းတွေ လှိုင်းထသွားခဲ့ရတယ်။ သူက လက်လှမ်းလိုက်ပြီး သူမရဲ့ ခေါင်းလေးကို သာသာယာယာ ပွတ်သပ်ပေးလိုက်သည်။
"မဟုတ်တာ... မင်း ဘာမှအမှားမလုပ်ပါဘူး"
ပိုင်ဝမ်ရု တစ်ယောက် ကြောင်အသွားခဲ့ရတယ်... သခင်လေးက သူမကို ဒီလိုမျိုး နူးနူးညံ့ညံ့ စကားပြောမလာခဲ့တာ တော်တော်လေး ကြာခဲ့ပြီလေ။
"ဧည့်ခန်းထဲမှာ ငါ့ကို ခဏစောင့်နေဦး"
ကုချန်က သူ့လက်ကို ပြန်ရုပ်လိုက်ပြီး လှေကားထစ်တွေဆီသို့ လှည့်ထွက်ခဲ့လိုက်တယ်။ သူက အပေါ်ထပ်ကို ခပ်သွက်သွက် တက်သွားပြီး... အိပ်ခန်းအံဆွဲထဲကနေ တန်ဖိုးကြီး ဒဏ်ရာအနာကျက် ဆေးဝါးတစ်ဘူးကို ထုတ်ယူလိုက်တယ်။
ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်က ရှန်ကျီဝေ ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့အတွက် ဝယ်ထားခဲ့တာ ဖြစ်ပေမဲ့... ဘယ်တုန်းကမှတော့ မပေးဖြစ်ခဲ့ဘူး။
သူ အောက်ထပ်ကို ပြန်ဆင်းလာချိန်မှာတော့ ပိုင်ဝမ်ရု က စောစောက နေရာမှာတင် ပုံစံမပျက်ဘဲ မတ်တတ်ရပ်နေတုန်းပဲ။
"ဒီကိုလာ... ထိုင်" ကုချန်က ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူ့ဘေးနားက နေရာလွတ်ကို ပုတ်ပြလိုက်တယ်။
သူ့အသံကို ကြားတော့ ပိုင်ဝမ်ရုရဲ့ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရင်သွားခဲ့ရတယ်။ ဒါပေမဲ့ သူမက အလိုက်သိစွာနဲ့ ဆိုဖာဆီ လှမ်းလာပြီး... လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ရိုရိုသေသေနဲ့ သတိကြီးစွာ ထိုင်လိုက်ရှာတယ်။ သူမက ရှေ့ကိုပဲ စိုက်ကြည့်နေပြီး ကုချန်ကို မော့မကြည့်ရဲပေ။
သူမရဲ့ မျက်လုံးထောင့်ကနေ ကုချန်က သူမဆီ လက်လှမ်းလာတာကို မြင်လိုက်ရချိန်မှာတော့... သူမ မသိစိတ်အရ မျက်လုံးတွေကို မှိတ်လိုက်ပြီး ကိုယ်ကို အနည်းငယ် နောက်ဆုတ်မိသွားခဲ့တယ်။
သူမရဲ့ လက်ချောင်းလေးတွေက ဂါဝန်အနားသတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတာကြောင့် လက်ဆစ်လေးတွေတောင် ဖြူလျော့ကုန်ခဲ့ရတယ်။
သို့သော်လည်း... မျှော်လင့်ထားသလိုမျိုး နာကျင်မှုက ရောက်မလာခဲ့ပါဘူး။ အဲဒီအစား သူမရဲ့ ပါးပြင်ပေါ်မှာ အေးမြပြီး သက်သောင့်သက်သာရှိတဲ့ ခံစားချက်တစ်ခု တရိပ်ရိပ် ပြန့်လွင့်သွားခဲ့တယ်။
အေးစက်စက် ဆေးခရမ်က ညိုမည်းဒဏ်ရာပေါ်ကို ရောက်ရှိသွားပြီး ပူစပ်စပ် ဝေဒနာတွေကို အေးချမ်းသွားစေခဲ့သည်။
ပိုင်ဝမ်ရုရဲ့ မျက်တောင်လေးတွေ တဖျတ်ဖျတ် လှုပ်ခတ်သွားပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့... ကုချန်ရဲ့ မျက်နှာက လက်တစ်ကမ်း အကွာအဝေးမှာတင် ရှိနေတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ မျက်နှာပေးက အာရုံစိုက်မှုအပြည့်နဲ့ နူးညံ့နေပြီး... သွယ်လျတဲ့ လက်ချောင်းလေးတွေက သူမရဲ့ ပါးပြင်ပေါ်မှာ ကွဲအက်လွယ်တဲ့ ရတနာတစ်ခုကို ကိုင်တွယ်နေသလိုမျိုး ဖွဖွလေး ပွတ်သပ်ပေးနေခဲ့တယ်။
ပိုင်ဝမ်ရု တစ်ယောက် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့ရပြီး ပါးပြင်လေးတွေပေါ်မှာလည်း မသိစိတ်အရ နီမြန်းမှုတွေ ကူးစက်သွားခဲ့ရပြီ။
"သခင်လေး..."
သူမရဲ့ လေသံက အနည်းငယ် တုန်ယင်နေပြီး မျက်ဝန်းထဲမှာလည်း ရှုပ်ထွေးလှတဲ့ ခံစားချက်တွေ ဖြတ်ပြေးသွားခဲ့တယ်။
ကုချန်ကတော့ မော့မကြည့်ဘဲ တိုးတိုးလေးပဲ ပြောလိုက်တယ် …
"မလှုပ်နဲ့ဦး... ခဏနေရင် ပြီးပြီ"
ဆေးထည့်ပေးပြီးနောက် ကုချန်က ပိုင်ဝမ်ရုရဲ့ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီးမှ သူ့လက်ကို ပြန်ရုပ်လိုက်တယ်... သူ့ရဲ့ လေသံထဲမှာ တောင်းပန်ရိပ်တွေ ပါဝင်နေတယ်…
"တောင်းပန်ပါတယ်... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငါ့ကြောင့်နဲ့ မင်းကို ဒုက္ခရောက်စေခဲ့ပြီ… နောက်နောင် ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး"
ကုချန်ရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ ပိုင်ဝမ်ရုရဲ့ ရင်ထဲမှာ အချိန်အတော်ကြာ ဖိနှိပ်ထားရတဲ့ ဝမ်းနည်းမှုတွေက ချက်ချင်းပဲ အလုအယက် တိုးဝှေ့ထွက်ပေါ်လာခဲ့တော့တယ်။
သူမရဲ့ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့ပြီး... ဒီကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေအားလုံးကို ရင်ဖွင့်ချင်နေသလိုပဲ။
ကုချန်က ဘာမှအများကြီး မပြောဘဲ သူမကို သူ့ရဲ့ ရင်ခွင်ထဲကို ညင်သာစွာ ဆွဲသွင်းပွေ့ဖက်ပေးလိုက်တယ်။ ပိုင်ဝမ်ရု တစ်ယောက် သူ့ရဲ့ ရင်ဘတ်ကို မှီထားရင်းနဲ့ နောက်ဆုံးတော့ အားပါးတရ အော်ငိုချလိုက်ပါတော့တယ်။
【 ပိုင်ဝမ်ရု၏ နှစ်သက်မှု +၁၅ 】
ဒီနေ့ညမှာတော့ ကုချန် တစ်ယောက် ပိုင်ဝမ်ရုရဲ့ လက်ရာကို ပထမဆုံးအကြိမ် စားသောက်ခွင့်ရခဲ့တယ်။
အခုအချိန်မှာတော့ ပိုင်ဝမ်ရု တစ်ယောက် စိတ်အခြေအနေ အရမ်းကောင်းနေပြီး... ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို သွက်လက်ပေါ့ပါးစွာနဲ့ သိမ်းဆည်းနေရင်း နှုတ်ခမ်းမှာလည်း အပြုံးချိုချိုလေးတစ်ခု ချိတ်ဆွဲထားခဲ့တယ်။
ကုချန်ကတော့ ဆိုဖာပေါ်မှာ မှီထိုင်ရင်း မျက်လုံးမှိတ်ထားကာ အစားအသောက် စားသောက်ပြီးနောက် ရရှိတဲ့ ငြိမ်းချမ်းလှတဲ့ အချိန်လေးကို ခံစားနေခဲ့တယ်။
သူ့ရဲ့ အသက်ရှူသံက တည်ငြိမ်နေပြီး မျက်နှာပေးကလည်း သက်သောင့်သက်သာ ရှိနေတာကြောင့်... ဒီလိုမျိုး ရှားရှားပါးပါး ရရှိတဲ့ အေးချမ်းမှုကို အပြည့်အဝ စီးမျောနေတဲ့အတိုင်းပဲ။
သို့သော်လည်း... သူ့ဖုန်းရဲ့ တုန်ခါသံကြောင့် ဒီအေးချမ်းမှုက ပျက်ပြယ်သွားခဲ့ရတယ်။
သူ မျက်လုံးဖွင့်ပြီး အိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့ မျက်နှာပြင်ပေါ်မှာ "အဘိုးကြီး" ဆိုတဲ့ စာသား ပေါ်နေတာကို တွေ့လိုက်ရတယ်။
ကုချန် ခဏလောက် ကြောင်အသွားပြီးမှ ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်က သူ့အဖေကို မှတ်ထားတဲ့ နာမည်ဆိုတာ သဘောပေါက်သွားတယ်။
"ငါ့ရဲ့ အဖေအသစ်စက်စက်ဆီက ဖုန်းပေါ့..." ကုချန် တစ်ယောက်တည်း ရေရွတ်လိုက်မိတယ်... လေသံထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပါဝင်နေသလိုပဲ။
သူ့ရဲ့ မူလကမ္ဘာမှာ သူက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့တာကြောင့် ‘မိသားစု’ ဆိုတဲ့ အရသာကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။
ဒါပေမဲ့ ဒီကမ္ဘာမှာတော့... သူ့မှာ ရုတ်တရက်ကြီး မိဘတွေရှိလာပြီး အင်အားကြီးတဲ့ မိသားစုကြီးပါ ပိုင်ဆိုင်ခွင့် ရနေခဲ့ပြီ။
သူက ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး စမ်းသပ်တဲ့အနေနဲ့ လှမ်းပြောလိုက်တယ် "ဟဲလို... အဖေလား"
ဒါပေမဲ့ ဖုန်းအပြင်ဘက်ကနေ ဘာသံမှ ထွက်မလာဘဲ တိတ်ဆိတ်နေခဲ့တယ်... တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောနေသလိုမျိုး တရှပ်ရှပ် အသံပဲ ကြားနေရတယ်။
စက္ကန့်ပိုင်းလောက် ကြာပြီးနောက်မှာတော့ ဖုန်းက အလိုအလျောက် ကျသွားခဲ့ပါတော့တယ်။
ကုချန် ဖုန်းကို စိုက်ကြည့်နေမိပြီး... သူ့ခေါင်းပေါ်မှာ အမေးစကား သုံးခုလောက် ပေါ်လာသလိုပဲ။
ဒါ ဘာအခြေအနေကြီးလဲ…
သူ ဘာဖြစ်လဲဆိုတာ မစဉ်းစားရသေးခင်မှာတင် ဖုန်းက ဒုတိယအကြိမ် ပြန်မြည်လာပြန်တယ်။
ကုချန် ဖုန်းကို ကိုင်လိုက်ပြီး လေသံထဲမှာ မတတ်သာတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ် "ဟဲလို... အဖေ"
ဒီတကြိမ်မှာလည်း ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး... ဒါပေမဲ့ တစ်ဖက်ကနေ တိုးတိုးလေး ဆွေးနွေးနေတဲ့ အသံကိုတော့ သူ ကြားလိုက်ရတယ် …
"နံပါတ်က ဟုတ်ပါတယ်ကွ ဒါ ရှောင်ချန်ရဲ့ ဖုန်းနံပါတ် မဟုတ်လား"
"ရှင်ကလည်း... သေသေချာချာ ထပ်စစ်ကြည့်ပါဦး"
စကားတောင် မဆုံးသေးဘူး... ဖုန်းက ဒုတိယအကြိမ် ထပ်ကျသွားပြန်တယ်။
ကုချန် တစ်ယောက် သွေးတိုးနှုန်း ချက်ချင်း မြင့်တက်သွားပြီး နဖူးက သွေးကြောတွေတောင် အနည်းငယ် တုန်ခါသွားရတယ်…
"ဒီအဘိုးကြီးက အလုပ်အားလွန်းလို့ ငါ့ကို လာနောက်နေတာလား"
ဖုန်းက တတိယအကြိမ်အဖြစ် ထပ်မံမြည်လာခဲ့ပြန်တယ်။ ကုချန် ချက်ချင်း ဖုန်းကိုင်လိုက်ပြီး စိတ်မရှည်တဲ့ လေသံနဲ့ အော်လိုက်တော့တယ် …
"အဘိုးကြီး... ခင်ဗျား တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
သို့သော်လည်း... တစ်ဖက်ကနေ ပထမဆုံး ထွက်ပေါ်လာတာက ပြန်လည်ဖြေရှင်းချက် မဟုတ်ဘဲ အတည်ပြုသလို စကားသံ ဖြစ်နေတယ် …
"ဟုတ်ပြီ... ဟုတ်ပြီ... ဟုတ်ပြီ... ဒီအသံမှ ငါ့သားအသံအစစ်ပဲ"
ကုချန် တစ်ယောက် လုံးဝကို စကားအ အသွားခဲ့ရပြီး နှုတ်ခမ်းတွေ တွန့်လိမ်သွားကာ စိတ်ထဲကနေ တွေးလိုက်မိတယ်…
‘ဒီအဘိုးကြီးက ငါ့ကို လာဆော့နေတာလား’
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ စိတ်တိုမှုကို အတတ်နိုင်ဆုံး ဖိနှိပ်ကာ လေသံကို နည်းနည်း ပြန်လျှော့လိုက်တယ်…
"အဖေ... ဘာကိစ္စမှ မရှိရင် သား ဖုန်းချလိုက်တော့မယ်"
"မလုပ်နဲ့... မလုပ်နဲ့... မလုပ်နဲ့"
နောက်ဆုံးတော့ တစ်ဖက်ကနေ တည်ကြည်လေးနက်တဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပါပြီ။
"ရှောင်ချန်... ဟိုင်ချန်မြို့က အခြေအနေတွေကို အဖေ သိပြီးသားပါ… ကုမိသားစုဘက်က ဝင်ပါပေးဖို့ လိုအပ်လား"
ကုယွဲ့ (ကုချန်၏အဖေ) ရဲ့ စကားကို ကြားလိုက်ရတော့ ကုချန် သဘောပေါက်သွားခဲ့တယ်။
မိသားစုက ဟိုင်ချန်မြို့မှာ ဖြစ်ပျက်နေသမျှ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပဲ။
သူ မူရင်းဇာတ်ကွက်ကို ပြန်တွေးကြည့်လိုက်တော့... အူကြောင်ကြောင် မူလ ပိုင်ရှင်က မိသားစုရဲ့ ကူညီမှုကို ငြင်းပယ်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ အရှုံးကြီးရှုံးပြီး သနားစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရတာလေ။ ကုချန်ကတော့ ထိုကဲ့သို့ မိုက်မဲတဲ့ လမ်းစဉ်ကို လုံးဝ ရွေးချယ်မှာ မဟုတ်ပါဘူး။
"ဟုတ်ကဲ့... ဒီနေ့ သူတို့တွေ သားကို စီမံခန့်ခွဲမှုအလွှာကနေ ကန်မထုတ်နိုင်ခဲ့ကြဘူး ဆိုပေမဲ့... သူတို့လက်ထဲမှာ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ရှိနေတာဆိုတော့ ကုမ္ပဏီအပေါ် လွှမ်းမိုးမှုကတော့ တော်တော်လေး ကြီးမားနေတုန်းပဲ" ကုချန်ရဲ့ လေသံက တည်ငြိမ်နေတယ်…
"ဒါကြောင့်မို့လို့... အဖေ့ဘက်က လူလွှတ်ပြီး ကူညီပေးဖို့ပဲ တောင်းဆိုရတော့မယ်"
တစ်ဖက်ကနေ သက်ပြင်းချသံ ခပ်ဖျော့ဖျော့လေး ထွက်ပေါ်လာတယ် ...
"ဟူး... မင်းကတော့ကွာ…မင်း ငယ်ငယ်တုန်းက စီးပွားရေးနယ်ပယ်မှာ တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာလေ... အခုကျမှ ဘာလို့ မိန်းကလေးတစ်ယောက်ကြောင့်နဲ့ ဒီလိုမျိုး လဲပြိုသွားရတာလဲ"
ကုချန် မတတ်သာဘဲ သူ့ရဲ့ နားထင်တွေကို ပွတ်သပ်လိုက်မိတယ်။
သူ ဘာပြောနိုင်မှာလဲ ဒါက မူလပိုင်ရှင် ချန်ထားခဲ့တဲ့ ပြဿနာအိုးကြီးလေ။
"စိတ်ချပါ အဖေ... နောက်နောင် ဒီလိုမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး"
"ကောင်းပြီ…အဖေ မနက်ဖြန်ကျရင် လူအချို့ လွှတ်ပေးလိုက်မယ်... မင်း စိတ်ကြိုက် အသုံးချနိုင်တယ်" ကုယွဲ့ရဲ့ အသံထဲမှာ အာဏာရှိတဲ့ အရှိန်အဝါတွေ ပါဝင်နေတယ်။
"ထျန်းချန်လုပ်ငန်းစု ကိစ္စကိုတော့... ကုမိသားစုဘက်ကနေ ဖိအားပေးလိုက်မယ်… သူတို့တွေ အလိုက်သိသိနဲ့ ရှယ်ယာတွေကို ပြန်အပ်ရင် အပ်... မအပ်ရင်တော့ ထျန်းချန်လုပ်ငန်းစုတစ်ခုလုံး တိုက်ရိုက် ပြိုလဲသွားစေရမယ်"
ကုချန်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးညွတ်သွားခဲ့ရတယ် ...
"ကျေးဇူးတင်ပါတယ် အဖေ"
ဒီအချိန်မှာပဲ တစ်ဖက်ကနေ ကြင်နာယုယမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသံ နူးနူးညံ့ညံ့ ထွက်ပေါ်လာပြန်တယ် ...
"ဟဲလို... ရှောင်ချန်လား သား"
ကုချန် ဒီအသံကို ချက်ချင်း မှတ်မိသွားခဲ့တယ် ဒါက သူ့ရဲ့ မိခင်ဖြစ်သူ ယွမ်ဝမ့်ရှု ဖြစ်တယ်။
"ဟုတ်ကဲ့... အမေ"
ကုချန်ရဲ့ လေသံက မသိစိတ်အရ နူးညံ့သွားခဲ့ရပြီး... အသက်ရှူသံကတောင် ပေါ့ပါးသွားခဲ့သလိုပဲ။
မိမိသားဖြစ်သူဆီကနေ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ ခေါ်သံကို ကြားလိုက်ရတာကြောင့် ယွမ်ဝမ့်ရှုရဲ့ အသံထဲမှာ ဖုံးကွယ်မရတဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့ပြီး ကုချန်ရဲ့ လတ်တလော ဘဝအခြေအနေတွေကို အလုအယက် မေးမြန်းတော့တယ်။
ကုချန်က ဆိုဖာပေါ်မှာ မှီထိုင်ရင်း သူ့အမေရဲ့ စိုးရိမ်တကြီး တတွတ်တွတ် မေးမြန်းနေတဲ့ စကားတွေကို နားထောင်နေမိတယ်... သူ့ရဲ့ ရင်ထဲမှာတော့ နွေးထွေးတဲ့ လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့ရပြီ။
‘ဒါ... မိသားစုရဲ့ နွေးထွေးမှု ဆိုတဲ့ ခံစားချက်လား’
ယွမ်ဝမ့်ရှုနဲ့ ခဏလောက် စကားပြောပြီးနောက် ဖုန်းချခါနီးအချိန်မှာတင် ကုယွဲ့ရဲ့ အသံက ထပ်မံ ထွက်ပေါ်လာပြန်တယ် ...
"ဒါနဲ့... ရှင်းအာ ဘက်က ကိစ္စတွေလည်း ပြီးသလောက် ရှိနေပြီ… သူမ ပြန်ရောက်လာတာနဲ့ မင်းဆီကိုပဲ တိုက်ရိုက် လာခိုင်းလိုက်မယ်"
ရှင်းအာ ဟုတ်လား အော်... ဟုတ်သားပဲ... သူ့မှာ သွေးသားမတော်စပ်ဘဲ ငယ်ငယ်တုန်းက မွေးစားထားခဲ့တဲ့ ညီမလေးတစ်ယောက် ရှိသေးတာပဲ။
သူ အင်ပါယာမြို့တော်ကနေ ဟိုင်ချန်မြို့ကို လာခဲ့စဉ်တုန်းက ကုရှင်းအာ ကို ခေါ်မလာခဲ့တာကြောင့် သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတာ တော်တော်လေး ကြာခဲ့ပြီ။
ဒီလို ဝတ္ထုမျိုးတွေရဲ့ သဘာဝအရ... သွေးသားမတော်စပ်တဲ့ ညီမလေး ဆိုတာ... ဒါက သူမလည်း ‘မင်းသမီး’ ထဲက တစ်ယောက် ဖြစ်လာမယ်လို့ သတိပေးနေတာ မဟုတ်ဘူးလား
"ကောင်းပါပြီ... သားလည်း ရှင်းအာ နဲ့ မတွေ့ရတာ တော်တော်ကြာပြီဆိုတော့ တွေ့ချင်နေတာပါ"
ကုချန်ရဲ့ လေသံထဲမှာ မျှော်လင့်ချက်အချို့ ပါဝင်နေတယ်။
"ကောင်းပြီ... ဒါဆို ဒီလောက်ပါပဲ" ကုယွဲ့ရဲ့ အသံက တည်ငြိမ်နေဆဲပဲ "အဖေ လွှတ်လိုက်တဲ့ လူတွေက မနက်ဖြန် ရောက်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘေးကင်းအောင် ဂရုစိုက်ဦး"
"ဟုတ်ကဲ့ပါ အဖေ"