အခန်း (၃၉) တိန့်ရှို့ကျဲ၏ ဇာတ်သိမ်း
"ရေနဲ့ ပက်ပြီး နှိုးလိုက်စမ်း"
ကုချန်၏ အမိန့်ပေးသံအဆုံးတွင် အနက်ရောင်ဝတ် သက်တော်စောင့်တစ်ဦးသည် ချက်ချင်းပင် ဘေးသို့လှမ်းကာ ရေခဲတမျှအေးစက်နေသော ရေပုံးတစ်ပုံးကို မစိုင်းမတွဘဲ တိန့်ရှို့ကျဲထံသို့ ဆတ်ခနဲ ပက်ဖျန်းလိုက်တော့သည်။
"ဝုန်း..."
အေးစက်လှသော ရေများမှာ တိန့်ရှို့ကျဲ၏ ခန္ဓာကိုယ်အနှံ့သို့ တိုက်ရိုက်ကျရောက်သွားခဲ့ပြီး.. စူးရှလှသော အအေးဒဏ်ကြောင့် သူ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရင်သွားကာ မေ့မြောနေရာမှ ရုတ်တရက် နိုးထလာခဲ့ရတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ရီနေခဲ့ပြီး မျက်ဝန်းများ ပွင့်လန်းလာခဲ့ရာ...၎င်းအတွင်း၌ ဝေခွဲမရမှုများနှင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
"ဖူး... အဟွတ် အဟွတ်..."
တိန့်ရှို့ကျဲ ရေမွန်းသွားသဖြင့် အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ရပြီး.. ခန္ဓာကိုယ်ကို ပြန်လည်ထိန်းမတ်ရန်အတွက် မြေပြင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် မသိစိတ်အရ အားပြုလိုက်မိသည်။
သူ၏ ဆံပင်များနှင့် အဝတ်အစားများမှာ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေခဲ့ပြီး.. ပါးပြင်နှင့် မေးစေ့တို့ဆီမှနေ၍ ရေစက်များ တောက်တောက်ကျနေခဲ့ရာ ကြည့်ရသည်မှာ အလွန်အမင်း သနားစရာကောင်းလောက်အောင် ဖရိုဖရဲ ဖြစ်နေခဲ့ပေသည်။
သူ ခေါင်းကို မော့လိုက်ပြီး မှောင်မည်းစုတ်ပြတ်နေသော မြေအောက်ခန်းအတွင်းသို့ ပတ်ပတ်လည် ဝေ့ဝဲကြည့်ရှုလိုက်ရာ.. နောက်ဆုံး၌မူ သက်တောင့်သက်သာရှိလှသော ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသော ကုချန်ထံသို့ အကြည့်များ ကျရောက်သွားခဲ့တော့၏။
တိန့်ရှို့ကျဲ၏ မျက်သူငယ်အစုံမှာ ပြင်းထန်စွာ တုန်ရင်သွားခဲ့ပြီး.. မျက်ဝန်းအတွင်း၌ ဒေါသတရားများသာမက ပိုမိုကြီးမားသော ကြောက်ရွံ့မှုများပါ စွက်ဖက်လျက် ရှိနေခဲ့သည်။
"ကုချန်... မင်း ဘာလုပ်မလို့လဲ"
တိန့်ရှို့ကျဲ၏ စကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ပင်.. ကုချန်၏ ရင်ခွင်အတွင်းရှိ တိန့်တောက်ယု၏ မျက်နှာအမူအရာမှာ သားကောင်ကို သော့ခတ်လိုက်သော မုဆိုးတစ်ဦးအလား ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားခဲ့ရတော့သည်။
ကုချန် မိမိ၏ ရင်ခွင်အတွင်းရှိ တိန့်တောက်ယု၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သဖြင့်.. ညာဘက်လက်ကို ညင်သာစွာ မြှောက်လျက် သူမ၏ ခေါင်းကလေးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။
တိန့်တောက်ယု၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားခဲ့ရပြီးမှသာ ယခင်ကကဲ့သို့ လိမ္မာယဉ်ကျေးသော အမူအရာဆီသို့ ပြန်လည်ကူးပြောင်းသွားခဲ့တော့သည်။
တိန့်ရှို့ကျဲ၏ အကြည့်များသည် နောက်ဆုံး၌ ကုချန်၏ ရင်ခွင်ထဲမှ တိန့်တောက်ယုထံသို့ ကျရောက်သွားခဲ့သည်။
သူသည် မိမိ၏ ညာဘက်လက်ကို မြှောက်လျက် တိန့်တောက်ယုအား လက်ညှိုးထိုးကာ တစ်စုံတစ်ခုကို ပြောကြားရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း ကုချန် သည် ညာဘက်လက်ကို မြှောက်လိုက်ရာ...သူ၏ လက်ထဲ၌ အသံတိတ်ပြောင်းတပ်ဆင်ထားသော ပစ္စတိုသေနတ်တစ်စင်း ချက်ချင်းပင် ပေါ်ပေါက်လာခဲ့တော့သည်။
မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်နှင့်အတူ.. ကျည်ဆန်တစ်တောင့်သည် တိန့်ရှို့ကျဲ၏ ညာဘက်လက်ဖဝါးကို တိကျစွာ ဖောက်ထွင်းသွားခဲ့ပြီး သူ၏ လက်မောင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့လေသည်။
"အားးးး..."
တိန့်ရှို့ကျဲ နှလုံးသားကို ခွဲရှမတတ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး.. မိမိ၏ ညာဘက်လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့ရတော့သည်။
သွေးများမှာ သူ၏ လက်ချောင်းကြားမှနေ၍ တရဟော စီးကျလာခဲ့ပြီး မြေပြင်တစ်ခုလုံးကို နီရဲစွာ စွန်းထင်းသွားစေခဲ့၏။
"ငါ အရင်က ပြောခဲ့ဖူးသလိုပဲ... အသုံးမကျတဲ့လူတွေကို ကာကွယ်ပေးထားတာက မင်းကို ပိုပြီးတော့ မြန်မြန်သေစေလိမ့်မယ်… အခု... အားလုံးကို အဆုံးသတ်ရမယ့် အချိန်ပဲ"
စကားပြောပြီးနောက်.. သူသည် လက်ထဲရှိ သေနတ်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ပြီး တိန့်တောက်ယုထံသို့ ကမ်းပေးလိုက်သည်။
တိန့်တောက်ယု သေနတ်ကို လှမ်း၍ ကိုင်ဆောင်လိုက်ရာ သူမ၏ မျက်ဝန်းအတွင်းရှိ ရက်စက်ကြမ်းကြုတ်မှုများမှာ ထပ်မံ၍ ရုန်းကြွပေါ်ပေါက်လာခဲ့ပြန်၏။
သူမ လုံးဝ တုံ့ဆိုင်းနေခြင်းမရှိဘဲ တိန့်ရှို့ကျဲ၏ နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံဆီသို့ အရှိန်ဖြင့် ချိန်ရွယ်လိုက်ပြီး မောင်းခလုတ်ကို ဆွဲညှစ်ပစ်လိုက်တော့သည်။
"ဒုတ်..."
တိုးညင်းလှသော သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက်.. တိန့်ရှို့ကျဲ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားခဲ့တော့သည်။
သွေးများမှာ သူ၏ ရင်ဘတ်ဆီမှနေ၍ ပန်းထွက်လာခဲ့ကြပြီး မြေပြင်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ကုချန် မျက်မှောင်ကို ပင့်လိုက်ပြီး သူ့ကို ကြည့်ရှုလိုက်သည်။ သူသည် မိမိ၏ ဘေးနားရှိ သက်တော်စောင့်နှစ်ဦးထံသို့ လှည့်ကာ အေးစက်လှသော လေသံဖြင့် အမိန့်ပေးလိုက်၏။
"သူ့ရဲ့ လက်တွေ.. ခြေထောက်တွေကို ချိုးပစ်လိုက်စမ်း"
သက်တော်စောင့်နှစ်ဦး လုံးဝ တွန့်ဆုတ်နေခြင်းမရှိဘဲ ချက်ချင်းပင် ရှေ့သို့ လှမ်းတက်လာခဲ့ကြရာ.. သူတို့၏ လေးလံလှသော ခြေသံများမှာ မြေအောက်ခန်းအတွင်း၌ ပဲ့တင်ထပ်နေခဲ့ပေသည်။
ဂျောက်ဂျက်ဟူသော အရိုးကျိုးသံများနှင့်အတူ.. တိန့်ရှို့ကျဲ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တွန့်လိမ်ကောက်ကွေးသွားခဲ့ရပြီး ရင်ဘတ်ထဲမှနေ၍ နာကျင်လှသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြန်သည်။
"သူက တကယ်ပဲ ဟန်ဆောင်ကောင်းတာပဲ... မင်းသမီး မလုပ်ခဲ့ရတာ တကယ့်ကို နှမြောဖို့ကောင်းတယ်"
ကုချန်၏ အသံမှာ လှောင်ပြောင်သရော်မှု အရိပ်အယောင်များဖြင့် ထပ်မံထွက်ပေါ်လာခဲ့၏။
"နှလုံးက ညာဘက်မှာ ရှိနေတာက တကယ့်ကို ထူးဆန်းလွန်းတယ်"
ကုချန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်ခဏ၌ပင်.. တိန့်တောက်ယု ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူမ ကုချန်၏ ရင်ခွင်ထဲမှနေ၍ အောက်သို့ ချက်ချင်းခုန်ဆင်းလိုက်ပြီး.. တိန့်ရှို့ကျဲ၏ အရှေ့သို့ လျှောက်လှမ်းကာ သေနတ်ဖြင့် သူ၏ ညာဘက်ရင်အုံဆီသို့ ချိန်ရွယ်လျက် မစိုင်းမတွဘဲ အကြိမ်အနည်းငယ်ခန့် ထပ်မံပစ်ခတ်လိုက်တော့၏။
ကုချန် တိန့်တောက်ယု၏ နောက်ကွယ်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး.. နောက်မှနေ၍ သူမ၏ လက်မောင်းကို ဆွဲကိုင်လျက် သေနတ်ပြောင်းကို တိန့်ရှို့ကျဲ၏ လည်ပင်းနှင့် ဦးခေါင်းဆီသို့ တိုက်ရိုက်ချိန်ရွယ်ကာ နောက်ထပ် ကျည်ဆန်တစ်တောင့် ထပ်မံပစ်ခတ်ပေးလိုက်သည်။
သူသည် တစ်ဖက်လူ အသက်မသေဘဲ ရုန်းကန်နေရမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။
【 ကံတရား၏ ရွေးချယ်ခံရသူ တိန့်ရှို့ကျဲ သေဆုံးသွားကြောင်း ထောက်လှမ်းမိပါသည်။ ကံတရားတန်ဖိုး လုံးဝ ဗလာကျင်းသွားခဲ့ပြီး.. အိမ်ရှင်အနေဖြင့် ဗီလိန်အမှတ် ၂,၀၀၀ ရရှိပါသည်။ 】
ကုချန် မိမိ၏ ပစ္စတိုသေနတ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး.. သက်တော်စောင့်နှစ်ဦးထံသို့ အကြည့်ပို့ကာ ဆိုလိုက်၏။
"ရှင်းလင်းပစ်လိုက်ကြ"
......
မြေအောက်ခန်းအတွင်းမှ ထွက်ခွာလာခဲ့ကြပြီးနောက်တွင်မူ.. တိန့်တောက်ယုသည် ကုချန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏ ခြေလှမ်းများမှာလည်း မသိစိတ်အရ ပိုမို၍ မြန်ဆန်နေခဲ့ပေသည်။
သူမသည် သေနတ်ကို အကြိမ်အနည်းငယ်ခန့် ထပ်မံပစ်ခတ်ခဲ့ပြီးနောက်တွင်မူ.. သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့သည့်အလား ရှိပေသည်။
ကုချန် တစ်စုံတစ်ခုကို ထပ်မံပြုလုပ်ခြင်းမရှိဘဲ.. သူမ ခေါ်ဆောင်ရာ နောက်သို့သာ ငြိမ်သက်စွာ လိုက်ပါပေးခဲ့၏။
တိန့်တောက်ယုက သူ့အား ယခင်က သူမပိုင်ဆိုင်ခဲ့ဖူးသော အခန်းလေးအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီးနောက်.. ကုချန်အား ကုတင်ပေါ်သို့ အတင်းအကျပ် တွန်းလှဲပစ်လိုက်တော့သည်။
ရက်အနည်းငယ်ခန့် ကြာမြင့်နေခဲ့ပြီ ဖြစ်သော်လည်း.. ကုတင်ထက်၌မူ တိန့်တောက်ယု၏ ကိုယ်သင်းရနံ့လေးများမှာ လွင့်ပျံနေဆဲ ဖြစ်၏။
ကုချန် မိမိအား အပေါ်မှနေ၍ ဖိနှိပ်ထားသော တိန့်တောက်ယုကို မော့ကြည့်လိုက်သည်။
သူမသည် ပုံမှန်ထက် ပိုမို၍ စိတ်လှုပ်ရှားနေခဲ့ပြီး.. မျက်ဝန်းအစုံမှာလည်း တောက်ပကာ စူးရှလွန်းနေခဲ့ပေသည်။
သူမ၏ အကြည့်များသည် သူ့ထံ၌သာ အတည်တကျ ရှိနေခဲ့ပြီး.. မျက်ဝန်းအတွင်း၌မူ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော လောဘဇောများဖြင့် တောက်ပနေခဲ့၏။
ကုချန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက သူမအား သွားရောက်ကစားခဲ့ခြင်း မရှိသလို.. သူမကိုယ်တိုင်မှာလည်း အစပြု၍ တောင်းဆိုခဲ့ခြင်းမျိုး မရှိခဲ့ချေ။
ယခုလေးတင် သူမ မြည်းစမ်းလိုက်ရသော သွေးညှီနံ့များက သူမ၏ စိတ်တွင်းရှိ အာသီသများကို ရုန်းကြွလာစေခဲ့ခြင်း ဖြစ်ပြီး.. တိန့်တောက်ယု၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ် တိုင်းမှာ ကုချန်အား ဝါးမြိုပစ်ရန်အတွက် တိုက်တွန်းနှိုးဆော်နေခဲ့ကြပေသည်။
တိန့်တောက်ယု၏ အမူအရာကို ကြည့်ရှုရင်း.. ကုချန် သူမ၏ လက်ရှိအခြေအနေကို ကောင်းမွန်စွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
သွေးညှီနံ့များက သူမကို အလွန်အမင်း စိတ်ကြွလာစေခဲ့ခြင်းပင်။
သူ သူမ၏ ခန္ဓာကိုယ်ကလေး တုန်ရင်နေသည်ကို အထင်အရှား ခံစားလိုက်ရသည်...၎င်းသည် လိုအင်ဆန္ဒများနှင့် အသိတရားတို့ကြား ပြင်းထန်စွာ ပဋိပက္ခဖြစ်ပွားနေခြင်း ဖြစ်ပေသည်။
"သခင်လေး... ကျွန်မ ရှင့်ကို... ပိုင်ဆိုင်ခွင့် ရှိမလားဟင်..."
ကုချန်၏ မျက်နှာထက်၌ ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းနောက်တွင်မူ သူ မိမိ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် တစ်ပတ်လှည့်လိုက်ပြီး.. ၎င်းတို့နှစ်ဦး၏ အထက်အောက် အနေအထားကို ကျွမ်းကျင်စွာပင် ပြောင်းပြန်လှန်ပစ်လိုက်တော့၏။
သူသည် အခြေအနေအားလုံးကို မိမိကိုယ်တိုင် စိတ်ကြိုက်ထိန်းချုပ်မောင်းနှင်ရသည်ကို ပိုမို၍ သဘောကျနှစ်သက်သူ ဖြစ်ပေသည်။
တိန့်တောက်ယု သူ၏ အောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသည့်အခါ.. သူမ၏ မျက်ဝန်းအတွင်း၌ ဝေခွဲမရမှုများနှင့် ရုန်းကန်မှု အရိပ်အယောင်များ ခံစားလိုက်ရသော်လည်း.. မကြာမီအချိန်မှာပင် ထိုဝေခွဲမရမှုများ၏ နေရာတွင် ပိုမိုနက်ရှိုင်းလှသော လိုအင်ဆန္ဒများဖြင့် အစားထိုးဝင်ရောက်သွားခဲ့ရတော့သည်။
ကုချန် လုံးဝ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ အစွယ်များကို စတင်ဖွင့်ဟလိုက်တော့သတည်း။
......