အခန်း (၃၇) ရွှီမုန်ရွှမ်း၏ ကတိသစ္စာ
"ကောင်းပါပြီ"
ကုကျွမ်းရန်သည် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြတ်သားစွာပင် ပြန်လည်ဖြေကြားလိုက်သည်။
ထိုကဲ့သို့ အိမ်ဖျက်မခံဘဲ ဇွတ်တင်းခံနေသော နေထိုင်သူများမှာ အခြေအနေကို အခွင့်ကောင်းယူကာ ငွေညှစ်ရန် ကြံစည်နေကြသည့် အခွင့်အရေးသမားများသာ ဖြစ်ကြပေသည်။
ကုကျွမ်းရန်သည် ၎င်းတို့၏ နောက်ကြောင်းရာဇဝင်များကို ကြိုတင်စုံစမ်းစစ်ဆေးထားခဲ့ပြီးဖြစ်ရာ.. သူတို့သည် သနားစရာကောင်းသည့် အကြောင်းရင်း တစ်ချက်မျှမရှိဘဲ ရောင့်ရဲတင်းတိမ်မှုမရှိသည့် လူစားမျိုးများသာ ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်၏။
သူမသည် ထိုကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မည်သည့်အခါမျှ တွန့်ဆုတ်နေလေ့မရှိချေ။
ကုချန် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုဇွတ်တင်းခံနေသည့် လူများကို ကိုင်တွယ်ရန် ကုကျွမ်းရန်အား ညွှန်ကြားလိုက်ကာ.. သူကိုယ်တိုင်မှာမူ သက်တော်စောင့်နှစ်ဦး ခြံရံလျက် အခြားသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့တော့သည်။
သူသည် အတော်လေး ဟောင်းနွမ်းပျက်စီးနေသော တိုက်ခန်းအဆောက်အအုံတစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
တိုက်ခန်း၏ အဝင်ဝတွင် စက္ကူကတ်ထူသေတ္တာများနှင့် အရွယ်အစားစုံလင်လှသော ပရိဘောဂပစ္စည်းများမှာ တောင်ပုံရာပုံ စုပုံနေခဲ့ကြပြီး.. အလုပ်သမားအချို့မှာလည်း ၎င်းတို့ကို သယ်ယူရွှေ့ပြောင်းရန်အတွက် အလုပ်ရှုပ်နေကြပေသည်။
ကုချန်၏ အကြည့်များသည် လူအုပ်ကြီးကြားထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ.. သူ ရှာဖွေနေသော ပန်းတိုင်ဖြစ်သည့်...ရွှီမုန်ရွှမ်း နှင့် သူမ၏ မိခင်ဖြစ်သူတို့ကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိလိုက်တော့သည်။
ရွှီမုန်ရွှမ်း၏ မိခင်သည် ပထမနည်းလမ်းဖြစ်သော အခြားလူနေရပ်ကွက်အသစ်ဆီသို့ ရွှေ့ပြောင်းနေထိုင်ခြင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်၌ နန်ကန်ခရိုင်၏ အိမ်ခြံမြေဈေးနှုန်းများမှာ မြင့်မားခြင်းမရှိသေးသော်လည်း.. ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးစီးသွားသည့်အခါတွင်မူ ဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာမည်မှာ သေချာလှပေသည်။
အမှန်တော့... ဤသည်မှာ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးနေခြင်းကြောင့် ဖြစ်၏။
ကုချန်သည် ကြီးမြတ်လှသော ပရဟိတသမားတစ်ဦး မဟုတ်ချေ။ သူပေးအပ်သော နစ်နာကြေးပမာဏမှာ သင့်တင့်မျှတမှု ရှိသော်လည်း.. ကာလပေါက်ဈေးထက် အဆမတန် ပိုမိုမြင့်မားနေခြင်းမျိုးတော့ လုံးဝ မရှိခဲ့ချေ။
သို့သော်လည်း ဤနေရာ၌ နေထိုင်ကြသူများမှာ ထျန်းချန်းဂရုအပေါ် အလွန်အမင်း ကျေးဇူးတင်ရှိနေကြဆဲ ဖြစ်သည်။
"မုန်ရွှမ်း..."
ကုချန် လျှောက်လှမ်းသွားရင်း မိမိ၏ ညာဘက်လက်ကို မြှောက်ကာ ရွှီမုန်ရွှမ်းအား လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။ ရွှီမုန်ရွှမ်းသည် သေတ္တာတစ်လုံးကို သယ်ဆောင်နေစဉ် ကုချန်၏ အသံကို ကြားလိုက်ရသဖြင့် တစ်ခဏမျှ လန့်ဖျတ်သွားခဲ့ရ၏။
သူမ ချက်ချင်းပင် သေတ္တာကို အောက်သို့ ချထားလိုက်ပြီး ကုချန်၏ ဘေးနားသို့ ခပ်သွက်သွက်လေး ပြေးလွှားလာခဲ့ကာ ပျော်ရွှင်စွာ ပြုံးပြလာခဲ့တော့သည်။
"သူဌေး ကု... ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲဟင်"
ဤစီမံကိန်းမှာ ကုချန်၏ ကုမ္ပဏီပိုင်ဆိုင်ကြောင်းကို သူမ အမှန်ပင် သိရှိထားပြီး ဖြစ်သည်...စာချုပ် လက်မှတ်ရေးထိုးစဉ်ကတည်းကပင် သူမ ဤအချက်ကို သေချာစွာ သိရှိခဲ့ခြင်း ဖြစ်၏။
သူမသည် မူလက ရွှေ့ပြောင်းရမည့် လုပ်ငန်းစဉ်မှာ အချိန်အနည်းငယ် ကြာမြင့်ဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း.. လက်ရှိတွင် လုပ်ငန်းတိုးတက်မှုနှုန်းမှာ သတ်မှတ်ထားသည်ထက် စောစီးနေခဲ့ပေသည်။
သို့သော်လည်း ဤသည်မှာ သူမတို့အတွက် ကောင်းမွန်သောအချက် ဖြစ်၏။
နန်ကန်ခရိုင်၏ အိမ်ခြံမြေဈေးနှုန်းများမှာ သက်သာလှသော်လည်း.. လူနေမှုအခြေအနေများမှာမူ လုံးဝ အဆင်မပြေလှချေ။
ရွှီမုန်ရွှမ်းသည် ကျောင်းတက်နေရသူဖြစ်သဖြင့်.. မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် အလွန်အမင်း ခက်ခဲနေခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ လူနေရပ်ကွက်အသစ်ဆီသို့ ရွှေ့ပြောင်းရတော့မည်ဖြစ်ရာ.. ၎င်းနေရာမှာ ကျောင်းနှင့် အလွန်အမင်း နီးကပ်ခြင်းမရှိသေးသော်လည်း အနည်းဆုံးတော့ ယခုလက်ရှိနေရာထက်စာလျှင် ပိုမို၍ အဆင်ပြေချောမွေ့သွားမည် ဖြစ်၏။
ကုချန် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး အကြည့်များက နူးညံ့လှပေသည်။
"အခြေအနေတွေကို လာပြီး ကြည့်ရှုစစ်ဆေးတာပါ…မင်းတို့တွေ ဒီနေ့ပဲ အပြီးရွှေ့ကြမှာလား"
ရွှီမုန်ရွှမ်း ခေါင်းညိတ်ပြလိုက်ပြီး လေသံအတွင်း၌ ကျေးဇူးတင်မှုများ စွက်ဖက်နေပေသည်။
"ဟုတ်ကဲ့ပါ... တတ်နိုင်သမျှ စောစောရွှေ့တာက အခြားလူတွေကို ဒုက္ခမပေးမိတော့ဘူးပေါ့… ၎င်းအပြင် အိမ်အသစ်ရဲ့ ပတ်ဝန်းကျင်က တကယ့်ကို ကောင်းမွန်လွန်းလို့.. အမေကလည်း အရမ်းသဘောကျနေပါတယ်ရှင်"
ကုချန် ပြုံးလိုက်ပြီး လေသံမှာ အေးဆေးလှ၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့…အကယ်၍ တစ်စုံတစ်ခု အကူအညီ လိုအပ်မယ်ဆိုရင်လည်း ငါ့ကို အချိန်မရွေး လှမ်းပြောလို့ ရပါတယ်"
ရွှီမုန်ရွှမ်း ခေါင်းကို ခါယမ်းပြလိုက်ပြီး သူမ၏ အပြုံးလေးမှာ တောက်ပလှပေသည်။
"အားလုံး အဆင်ပြေအောင် စီစဉ်ပေးထားပြီးသားမို့လို့.. စိတ်ပူပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ် သူဌေးကု"
"မုန်မုန်... ဒါက ဘယ်သူလဲသမီး"
ရွှီမုန်ရွှမ်း၏ မိခင်ဖြစ်သူ ဆူချန့် သည် တုံ့ဆိုင်းလှသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူမ၏ လှုပ်ရှားမှုများမှာ သွက်လက်ချက်ချာခြင်း မရှိသော်လည်း.. မျက်နှာထက်၌ နူးညံ့လှသော အပြုံးတစ်ခု ရှိနေခဲ့၏။
ရွှီမုန်ရွှမ်း လျင်မြန်စွာပင် မိခင်ဖြစ်သူ၏ ဘေးနားသို့ သွားရောက်ကာ သူမ၏ လက်မောင်းကို ညင်သာစွာ တွဲဖက်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဆိုလိုက်သည်။
"အမေ... ဒါက သမီး အမေ့ကို အမြဲတမ်း ပြောပြလေ့ရှိတဲ့ သူဌေးကု လေ"
သမီးဖြစ်သူ၏ မိတ်ဆက်ပေးမှုကို ကြားလိုက်ရသည့်အခါ.. ဆူချန့်၏ မျက်နှာထက်၌ ရိုသေလေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လျက် ဆိုလိုက်၏။
"မင်္ဂလာပါ သူဌေးကု... သမီးလေးကို အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်"
ကုချန် ခပ်ဖွဖွ ပြုံးလိုက်ပြီး..
"အန်တီကလည်း အားနာစရာကြီးပါ…မုန်းရွှမ်းက တကယ့်ကို ထက်မြက်ပြီး ထူးချွန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်တာမို့လို့.. သူမကို ကူညီပေးခွင့်ရတဲ့အတွက် ကျွန်တော်လည်း ဝမ်းမြောက်မိပါတယ်"
ကုချန်၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ.. ရွှီမုန်ရွှမ်း၏ မျက်နှာကလေးမှာ ချက်ချင်းပင် နီရဲသွားခဲ့ရတော့သည်။
ဆူချန့်အနေဖြင့် မိမိ၏ သမီးဖြစ်သူ ဤကဲ့သို့သော အမူအရာမျိုး ပြုလုပ်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သဖြင့်...သူမ၏ မျက်ဝန်းအတွင်း၌ နားလည်သဘောပေါက်သည့် အကြည့်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့ပြီး နှုတ်ခမ်းအစုံမှာ ခပ်ဖွဖွ ကောက်ကွေးသွားခဲ့တော့၏။
သို့သော်လည်း ကုချန်၏ အကြည့်များက ဆူချန့်ထံသို့ ကျရောက်သွားခဲ့သည့်အခါ.. သူ၏ မျက်မှောင်မှာ အနည်းငယ် တွန့်ချိုးသွားခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင်... ဤသည်မှာ ဆင်းရဲနွမ်းပါးလှသော ကျောင်းတွင်းအလှပဂေးလေးများ ကြုံတွေ့လေ့ရှိသည့် အဆင်ပြေလှသော ဇာတ်ကွက်တစ်ခုပင် ဖြစ်၏...မိခင်ဖြစ်သူမှာ ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရခြင်း ဖြစ်သည်။
စနစ်၏ ထောက်လှမ်းမှုမှတစ်ဆင့် သူ ဆူချန့်၏ ခန္ဓာကိုယ်အခြေအနေကို အထင်အရှား မြင်တွေ့လိုက်ရသည်– ကင်ဆာရောဂါ... သို့သော်လည်း အလယ်အလတ်အဆင့် သာ ရှိနေသေးသည်။
ရွှီမုန်ရွှမ်းသည် ကုချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်
သဖြင့် စိတ်ထဲမှနေ၍ ထိတ်လန့်သွားခဲ့ရ၏။ ကုချန်သည် ဆေးပညာဘက်၌ အလွန်အမင်း ကျွမ်းကျင်နှံ့စပ်သူတစ်ဦးဖြစ်ကြောင်း သူမ သိရှိထားခဲ့ရာ...သူ တစ်စုံတစ်ခုကို မြင်တွေ့သွားခဲ့ခြင်း ဖြစ်နိုင်ပါသလား။
သူမ ခန့်မှန်းထားသည့်အတိုင်းပင်... ကုချန်၏ နောက်ထပ်ထွက်ပေါ်လာသော စကားလုံးများက သူမ၏ နှလုံးသားကို ရင်ဘတ်ထဲမှနေ၍ လျှံထွက်မတတ် တုန်လှုပ်သွားစေခဲ့တော့သည်။
"အန်တီ.. ကျွန်တော်တို့တွေ အခြားတစ်နေရာရာမှာ သီးသန့်စကားပြောလို့ ရမလား"
ရွှီမုန်ရွှမ်း မသိစိတ်အရ ချက်ချင်းပင် ၀င်ပြီးပြန်လည်ဖြေကြားလိုက်မိ၏။
"ရတာပေါ့ရှင် ကျွန်မ ရှင့်ကို အိမ်ထဲကို ခေါ်သွားပါ့မယ်"
စကားပြောရင်း သူမ မိခင်ဖြစ်သူ၏ လက်ကို ဆွဲကိုင်လျက် ကုချန်အား နေအိမ်အတွင်းသို့ ခေါ်ဆောင်လာခဲ့တော့သည်။ သူမတို့က ပထမထပ်တွင် နေထိုင်ကြခြင်း ဖြစ်သဖြင့် အကွာအဝေးမှာ အလွန်အမင်း ဝေးကွာခြင်းမရှိချေ။
အိမ်ထဲသို့ လှမ်းဝင်လိုက်ပြီးနောက်တွင်မူ.. ကုချန် အချိန်ဆွဲမနေတော့ဘဲ ပွင့်လင်းစွာဖြင့် တည့်တည့်မတ်မတ်ပင် မေးမြန်းလိုက်တော့သည်။
"အန်တီ... လတ်တလောမှာ ခန္ဓာကိုယ်က နေလို့မကောင်းတာမျိုး ဖြစ်နေလား.. ဒါမှမဟုတ်... သွေးအန်တာမျိုးကော ရှိဖူးလား"
သူသည် ဆူချန့်တစ်ဦးတည်းကိုသာ အမှန်တရားကို ရှင်းပြပြီး ရွှီမုန်ရွှမ်းအား ပြန်လည်မပြောပြရန် ကတိကဝတ်ပြုမည့် နည်းလမ်းမျိုးကို လုံးဝ ရွေးချယ်မည်မဟုတ်ချေ။
၎င်းအစား ရွှီမုန်ရွှမ်း၏ အရှေ့တွင်ပင် ဤကိစ္စကို အထင်အရှား ဖွင့်ချပြသရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကုချန်၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ.. ရွှီမုန်ရွှမ်းသည် ထိတ်လန့်တုန်လှုပ်လှသော မျက်နှာအမူအရာဖြင့် မိခင်ဖြစ်သူကို လှည့်ပတ်ကြည့်ရှုမိတော့၏…
အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူသည် သူမအား ဤကိစ္စနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ ပြောပြခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။
သမီးဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်ကာ မျက်ရည်များ ဝဲနေခဲ့သော မျက်ဝန်းများကို ကြည့်ရှုရင်း.. ဆူချန့် ခပ်ဖွဖွ သက်ပြင်းချလိုက်မိပြီး လေသံအတွင်း၌ ကူညီရာမဲ့မှုများ စွက်ဖက်လျက် ဆိုလာခဲ့၏။
"သူဌေး က တကယ့်ကို မျက်စိထက်မြက်တာပဲ... တစ်ချက်ကြည့်ရုံနဲ့တင် သိမြင်နိုင်ခဲ့တာပဲ ကျွန်မ တကယ်ပဲ ဆေးစစ်ချက် သွားလုပ်ခဲ့ဖူးပါတယ်... ဒါက ကင်ဆာရောဂါပါ"
သူမသည် မူလက သမီးဖြစ်သူအား ဤကိစ္စကို အသိပေးရန် ရည်ရွယ်ချက်မရှိခဲ့ချေ။
ရွှီမုန်ရွှမ်းသည် အလုပ်လုပ်ရုံတင်မက ကျောင်းတက်ရန်အတွက်ပါ ရုန်းကန်နေရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေရရှာပြီး...သူမအနေဖြင့် သမီးဖြစ်သူ၏ ပုခုံးထက်သို့ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်မံ၍ မတင်ပစ်ချင်ခြင်းကြောင့် ဖြစ်၏။
မိခင်ဖြစ်သူ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ.. ရွှီမုန်ရွှမ်းတစ်ယောက် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရသည့်အလား ခံစားလိုက်ရတော့သည်။
ကုချန် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သူမကို လှမ်း၍ ထိန်းမတ်ပေးလိုက်ပြီး..
"အလယ်အလတ်အဆင့် ကင်ဆာရောဂါက အပြီးအပိုင် ကုသပျောက်ကင်းနိုင်ပါတယ်"
သူ၏ စကားလုံးများမှာ မျှော်လင့်ချက် အသက်ကယ်ကြိုးတစ်စအလား ရွှီမုန်ရွှမ်း၏ စိုးရိမ်ပူပန်မှုများကို အနည်းငယ် လျော့ပါးသွားစေခဲ့၏။
သူမ မျက်ရည်များ ဝဲနေခဲ့သော မျက်ဝန်းများဖြင့် ကုချန်ကို မော့ကြည့်လိုက်ပြီး လေသံအတွင်း၌ မျှော်လင့်ချက် အရိပ်အယောင်အချို့ဖြင့် မေးမြန်းလိုက်သည်။
"သူဌေးကု... ရှင် ပြောတာ တကယ်ပဲ အမှန်လားဟင်"
ကုချန် ခေါင်းညိတ်ပြလိုက်ပြီး လေသံမှာ ပြတ်သားလှပေသည်။
"မှန်တာပေါ့... အချိန်မီ ကုသမှု ခံယူနိုင်သရွေ့တော့.. အန်တီ့ရဲ့ ရောဂါက အပြီးအပိုင် ကုသပျောက်ကင်းသွားနိုင်ပါတယ်"
‘ကုသပျောက်ကင်းနိုင်သည်’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါမှသာ.. ရွှီမုန်ရွှမ်း၏ မျက်ဝန်းအစုံအတွင်း၌ မျှော်လင့်ချက် အလင်းရောင်များ ချက်ချင်းပင် ပြန်လည်တောက်ပလာခဲ့တော့သည်။
သို့သော်လည်း ဤမျှော်လင့်ချက်မှာ လက်တွေ့အခြေအနေ၏ ကူညီရာမဲ့မှုများကြောင့် တစ်ခဏအတွင်း ပြန်လည်၍ မှေးမှိန်သွားခဲ့ရပြန်၏။
သူမသည် ကင်ဆာရောဂါ ကုသစရိတ်မှာ အလွန်အမင်း အဆမတန် မြင့်မားလှသဖြင့် မိမိတို့ကဲ့သို့သော မိသားစုမျိုးအတွက် လုံးဝ လက်လှမ်းမီနိုင်စွမ်း မရှိကြောင်းကို ကောင်းမွန်စွာ သိရှိထားခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း သူမ မည်သည့်အခါမျှ လက်လျှော့မည်မဟုတ်ချေ...အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူမှာ ဤလောကကြီးထဲ၌ သူမ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်နေခြင်းကြောင့်ပင်။
ကုချန် သူမ၏ စိုးရိမ်ပူပန်မှုများကို သတိပြုမိလိုက်သဖြင့် ညင်သာစွာ ဆိုလိုက်၏။
"မုန်ရွှမ်း... ထျန်ချန်ဂရုအောက်မှာ ဟိုင်ချန်မြို့ရဲ့ ထိပ်တန်း ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ရုံ ရှိပါတယ် အန်တီ့ရဲ့ ကင်ဆာရောဂါကို ကုသဖို့အတွက်က လုံးဝ ပြဿနာမရှိပါဘူး"
သူ ခေတ္တမျှ စကားကို ရပ်တန့်လိုက်ပြီးနောက် ဆက်လက်ဆိုလိုက်သည်။
"ကုသစရိတ်နဲ့ ပတ်သက်ပြီးတော့လည်း မင်း လုံးဝ စိတ်ပူနေစရာ မလိုပါဘူး…မင်း ကျောင်းပြီးသွားတဲ့အခါ ထျန်းချန်းဂရုမှာ ဝင်ရောက်လုပ်ကိုင်ဖို့အတွက် စာချုပ် လက်မှတ်ရေးထိုးထားခဲ့ပြီးပြီ မဟုတ်လား တရားဝင် အလုပ်ဝင်ပြီးတဲ့အခါကျမှ မင်းရဲ့ လစာထဲကနေပြီးတော့ တဖြည်းည်းချင်း ပြန်လည်ခုနှိမ်ပေးဆပ်သွားလို့ ရပါတယ်"
ကျန်ရှိသော ခိုင်းစေမည့် ကိစ္စရပ်များမှာမူ...သဘာဝကျစွာပင် ၎င်းတို့နှစ်ဦးကြားရှိ သီးသန့်ပုဂ္ဂိုလ်ရေး ကိစ္စရပ်များသာ ဖြစ်ပေလိမ့်မည်။
ကုချန်၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ.. ရွှီမုန်ရွှမ်း၏ စိတ်နှလုံးအတွင်း၌ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ရတော့သည်။
သူမသည် အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်လှသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးသူ ဖြစ်၏။
ဘဝက မည်မျှပင် ခက်ခဲပါစေ... သူမ မည်သည့်အခါမျှ မျက်ရည်လွယ်လွယ် မကျခဲ့ဖူးသလို.. မည်သူ့ကိုမျှလည်း ဦးညွှတ်ခဲ့ဖူးခြင်း မရှိခဲ့ချေ။
သို့သော်လည်း မိခင်ဖြစ်သူ၏ ပြင်းထန်သော ရောဂါဝေဒနာက သူမ၏ နောက်ဆုံး ကာကွယ်ရေးတံတိုင်းကို အပြီးအပိုင် ပြိုကျပျက်စီးသွားစေခဲ့ခြင်း ဖြစ်သည်။
ရွှီမုန်ရွှမ်း အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီးနောက်.. ကုချန်၏ အရှေ့တွင် ခန္ဓာကိုယ်ကို အောက်သို့ အဆုံးအထိ ကိုင်းညွတ်လျက် လေးနက်စွာဖြင့် ဦးညွှတ်လိုက်တော့သည်။
"သူဌေးကု... တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်"
သူမ၏ လေသံမှာ အနည်းငယ် တုန်ရင်နေခဲ့သော်လည်း အလွန်အမင်း ပြတ်သားလှပေသည်။
"ရှင့်ရဲ့ ကျေးဇူးတရားတွေကို ကျွန်မ ဘဝတစ်လျှောက်လုံး အမြဲတမ်း နှလုံးသွင်းသွားပါ့မယ်… နောင်အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ... ရှင့်ရဲ့ ကူညီမှုတွေကို ပြန်လည်ပေးဆပ်ဖို့အတွက် ကျွန်မဘက်က အစွမ်းကုန် ကြိုးပမ်းသွားပါ့မယ်ရှင်"
မိမိ၏ အရှေ့တွင် ရှိနေသော ရွှီမုန်ရွှမ်းကို ကြည့်ရှုရင်း.. ကုချန်၏ မျက်ဝန်းအတွင်း၌ စိတ်ကျေနပ်မှု အရိပ်အယောင်များ ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့တော့၏။ ‘မင်းပြန်ပေးဆပ်ရမှာ ပါပိုက်ဆံတော့မဟုတ်ဘူးပေါ့’
ရွှီမုန်ရွှမ်းနှင့် သူမ၏ မိခင်ဖြစ်သူတို့၏ နောက်ဆက်တွဲ ကိစ္စရပ်များကို ကောင်းမွန်စွာ စီစဉ်ပေးပြီးနောက်မှသာ.. ကုချန် ထိုနေရာမှနေ၍ ထွက်ခွာလာခဲ့တော့သည်။
သူသည် အမြဲတမ်း ဤကဲ့သို့သော ကိစ္စရပ်များ၏ အစနှင့် အဆုံးကိုသာ ကိုယ်တိုင်ကိုင်တွယ်လေ့ရှိပြီး.. အလယ်ပိုင်း လုပ်ငန်းစဉ်များကိုမူ ကျွမ်းကျင်တတ်မြောက်ကြသော လက်အောက်ငယ်သားများထံသို့သာ လွှဲပြောင်းပေးအပ်လေ့ ရှိပေသည်။