အခန်း (၃၅) ဝမ်လိရွှမ်း ပန်းဆိုင်သို့ ရောက်ရှိလာခြင်း
【 ဒင်~ ဇာတ်လိုက် တိန့်ရှို့ကျဲသည် သူ၏ ဖခင်.. မိခင်.. အဖိုးနှင့် ဦးလေးတို့ ကွယ်လွန်သွားခဲ့ကြောင်း သိရှိသွားရသဖြင့်... အလွန်အမင်း ဝမ်းနည်းပူဆွေးနေရပါသည်…တိန့်ရှို့ကျဲ၏ ကံတရားတန်ဖိုး ၁,၀၀၀ ကျဆင်းသွားပြီး.. အိမ်ရှင် အနေဖြင့် ဗီလိန်အမှတ် ၁,၀၀၀ ရရှိပါသည် 】
သန့်စင်ခန်းအတွင်း၌ ရေပန်းမှ ရေနွေးနွေးလေးများမှာ အပေါ်မှနေ၍ ကျဆင်းနေခဲ့၏။ ကုချန် မျက်ဝန်းများကို မှိတ်ထားလျက် ရေ၏ အပူချိန်ကို ခံစားနေခဲ့သည်။
စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ သူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။
"မဟုတ်သေးပါဘူး... လူအများကြီး သေဆုံးသွားတာတောင်မှ သူက ကံတရားတန်ဖိုး ၁,၀၀၀ ပဲ လျော့နည်းသွားတာလား…တိန့်ရှို့ကျဲက တကယ်ပဲ ဝမ်းနည်းပူဆွေးနေရဲ့လား"
ကုချန် လက်ကို ခါယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်လိုက်ကာ.. ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လျက် သန့်စင်ခန်းအပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။ ပိုင်ဝမ်ရုသည် ဆံပင်အခြောက်ခံစက် ကလေးကို ကိုင်ဆောင်လျက် တံခါးဝ၌ အဆင်သင့် စောင့်ဆိုင်းနေခဲ့၏။
ကုချန် ဘေးနားရှိ ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်လိုက်ရာ.. ပိုင်ဝမ်ရုသည် သူ၏ နောက်ကွယ်သို့ အလိုက်သိစွာ လျှောက်လှမ်းလာခဲ့ပြီး ဆံပင်အခြောက်ခံစက်ကို ဖွင့်ကာ သူ၏ ဆံပင်များကို ကျွမ်းကျင်စွာ မှုတ်ပေးလာခဲ့တော့သည်။
သူမ၏ မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးကလေးတစ်ခု ရှိနေခဲ့ရာ.. ကြည့်ရသည်မှာ ကုချန်အား မသိစေလိုသော လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားသည့်အလား ရှိပေသည်။
သို့သော်လည်း ကုချန်တွင် ‘ထောက်လှမ်းခြင်းမျက်ဝန်း’ ရှိနေခဲ့ရာ မည်ကဲ့သို့ သတိမပြုမိဘဲ နေပါမည်နည်း။
သူ နောက်ပြန်လှည့်၍ သူမ၏ လက်ကလေးကို အနည်းငယ် ဆွဲညှစ်လိုက်ပြီး ဆိုလိုက်၏။
"မိန်းကလေးငယ်... ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ တစ်ခုခု ကြံစည်နေပြန်ပြီ မဟုတ်လား"
"မဟုတ်ပါဘူး..."
ပိုင်ဝမ်ရုသည် တကယ်ပဲ မခံမရပ်နိုင် ဖြစ်သွားရသည့်အလား မိမိ၏ လှုပ်ရှားမှုများကို စိတ်ကောက်ကာ ပိုမို၍ မြန်ဆန်အောင် ပြုလုပ်လိုက်တော့သည်။ ကုချန် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဤကိစ္စကို ထပ်မံ၍ အကျပ်မကိုင်တော့ချေ။
ပိုင်ဝမ်ရု ဆံပင်မှုတ်ပေးပြီးနောက်တွင်မူ.. ကုချန် အနည်းငယ် စိုစွတ်နေသေးသော ဆံနွယ်များကို သပ်တင်လိုက်ပြီး မိမိ၏ အိပ်ခန်းရှိရာ ဘက်ဆီသို့ လျှောက်လှမ်းလာခဲ့တော့သည်။
သူ အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက်.. ကုတင်ပေါ်ရှိ မြင်ကွင်းကြောင့် အကြည့်များမှာ ချက်ချင်းပင် ဆွဲဆောင်ခြင်း ခံလိုက်ရတော့၏။
စူးချင်းလန်သည် ယခုအချိန်၌ ကုတင်ပေါ်တွင် လှပဆန်းပြားလှသော ကော့စပလေး ဝတ်စုံတစ်ခုကို ဝတ်ဆင်လျက် လှဲလျောင်းနေခဲ့သည်။
နက်ပြာရောင် ယူနီဖောင်းဝတ်စုံမှာ ခန္ဓာကိုယ်နှင့် အချိုးကျလှသဖြင့်.. ဝတ်စုံ၏ ရှေ့မျက်နှာစာမှာ အလွန်အမင်း မတ်မတ်စွင့်စွင့် ရှိနေခဲ့၏။
သူမသည် အနက်ရောင် ခြေအိတ်ရှည် တစ်စုံကို တွဲဖက်ဝတ်ဆင်ထားခဲ့ရာ.. ပါးလျလှသော ပစ္စည်းအမျိုးအစားက သူမ၏ သွယ်လျလှသော ခြေတံအလှကို ပေါ်လွင်စေပြီး သိမ်မွေ့လှသော ဆွဲဆောင်မှုအပြည့် ရှိနေစေခဲ့သည်။
အဆိုးရွားဆုံးအချက်မှာ...သူမ၏ လက်နှစ်ဖက်စလုံးကို လက်ထိပ်များဖြင့် တင်းကျပ်စွာ ခတ်ထားခဲ့ရုံမျှမက.. လက်ကောက်ဝတ်များကိုလည်း ကုတင်ခေါင်းရင်း တိုင်နှင့် တွဲဖက်ချည်နှောင်ထားခဲ့သဖြင့် သူမအနေဖြင့် လုံးဝ လှုပ်ရှားနိုင်ခြင်းမရှိဘဲ အတော်လေးကို ဖရိုဖရဲ ဖြစ်နေခဲ့ရခြင်းပင်။
ကုချန် အခန်းထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ.. စူးချင်းလန်၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲတောက်ပသွားခဲ့ရတော့သည်။
သူမတစ်ယောက်တည်းနှင့် ဤကဲ့သို့သော အရာများကို ပြုလုပ်နိုင်ရန် မဖြစ်နိုင်သဖြင့်...ဤသည်မှာ ဘေးနားရှိ အခန်းထဲမှနေ၍ ခိုးကြောင်ခိုးဝှက် ရယ်မောနေမည့် သူမ၏ အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခံထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"မဟုတ်သေးပါဘူး... ဒီလိုမျိုး ဆော့ကစားတာက တကယ်ကို ထူးဆန်းလွန်းတာပဲ"
ကုချန် ကုတင်ဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး စူးချင်းလန်ကို ငုံ့ကြည့်ကာ မျက်နှာထက်၌ မပြုံးစပြုံးစ အမူအရာဖြင့် ဆိုလိုက်၏။
"မိန်းကလေး စူး... မင်း အခုလိုမျိုး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပုံစံကို အခြားလူတွေ သိသွားမှာကို မလိုလားဘူး မဟုတ်လား"
......
【 ဒင်… အိမ်ရှင်သည် အမျိုးသမီးဇာတ်လိုက် စူးချင်းလန်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သဖြင့်.. ဗီလိန်အမှတ် ၁,၀၀၀ ရရှိပါသည် 】
......
"စနစ်... ဗီလိန်အမှတ်တွေကို အသုံးပြုပြီး စွမ်းအားတန်ဖိုး ၁၀၀ ကို လဲလှယ်မယ်"
ကုချန် ကုတင်ခေါင်းရင်းကို မှီထားခဲ့ပြီး.. လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ပို့လျက် မျက်ဝန်းများကို အနည်းငယ် မှိတ်ကာ စိတ်ထဲမှနေ၍ စနစ်ကို ညွှန်ကြားလိုက်သည်။
【 မြောင်…အိမ်ရှင်အား ပြန်လည်အကြောင်းကြားအပ်ပါသည်... လက်ရှိတွင် အိမ်ရှင်၌ ဗီလိန်အမှတ် ၄,၀၀၀ သာ ရှိပါတော့သည်…မြောင် 】
"မှန်တယ်... ဗီလိန်အမှတ် ၄,၀၀၀ နဲ့ စွမ်းအားတန်ဖိုး ၁၀၀ ကို လဲလှယ်လို့ရတယ်.. ဟုတ်တယ် မဟုတ်လား"
ကုချန်၏ နှုတ်ခမ်းအစုံမှာ ခပ်ဖွဖွ ကောက်ကွေးသွားခဲ့ပြီး.. မျက်နှာထက်၌ အားနည်းလှသော အပြုံးတစ်ခု ဖန်တီးလျက် လေသံအတွင်း၌ ကျီစယ်လိုမှု အရိပ်အယောင်အချို့ ထည့်သွင်းကာ ဆိုလိုက်၏။
【 ဟုတ်ကဲ့ပါရှင် 】
ယခုအကြိမ်တွင်မူ စနစ်၏ အသံမှာ အံကြိတ်ထားရသည့်အလား ထွက်ပေါ်လာခဲ့ပေသည်။
【 ဒင် ဂုဏ်ယူပါသည် အိမ်ရှင်... အိမ်ရှင်သည် မိမိ၏ စွမ်းအားတန်ဖိုးကို ၁၀၀ မှတ်အထိ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီး.. မင်ကျင်း အဆင့် ၏ နောက်ဆုံးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်】
စနစ်၏ အကြောင်းကြားချက် ထွက်ပေါ်လာခဲ့သည်နှင့်အမျှ.. ကုချန်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ နွေးထွေးလှသော စွမ်းအင်လှိုင်းတစ်ခု တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းကို ခံစားလိုက်ရတော့သည်။
သူ မျက်ဝန်းများကို မှိတ်ထားလျက် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ခံစားလိုက်ပြီးနောက်.. မိမိ၏ စနစ်မျက်နှာပြင် ကို လှည့်ပတ်ကြည့်ရှုလိုက်တော့၏။
【 အမည်: ကုချန် 】
【 အဆင့်အတန်း: ဗီလိန် 】
【 အသက်: ၂၃ နှစ် 】
【 စွမ်းအားတန်ဖိုး: ၃၀၀ (မင်ကျင်း နောက်ဆုံးအဆင့်) 】
【 ရုပ်ရည်အဆင့်သတ်မှတ်ချက်: ၉၁ 】
【 ဗီလိန်အမှတ်တန်ဖိုး: ၀ 】
【 ပိုင်ဆိုင်သည့်ပစ္စည်း: မရှိပါ 】
【 ကျွမ်းကျင်မှုစွမ်းရည်များ:
ကံတရားအထီးကျန်မှု..
အဆင့် (၂) ထောက်လှမ်းခြင်းမျက်ဝန်း..
အဆင့် (၃) လုယက်ခြင်းစွမ်းရည်..
အဆင့် (၆) ကုသခြင်းစွမ်းရည်..
အဆင့် (၄) စီးပွားရေးအမြင် 】
ကုချန်အနေဖြင့် ဝမ်လိရွှမ်း၏ ကျွမ်းကျင်မှုစွမ်းရည်များကို လုယူရန်အတွက် မရွေးချယ်ခဲ့ချေ။
ပထမအချက်မှာ...ဝမ်လိရွှမ်း၏ စွမ်းရည်များသည် နောက်ထပ် တိုးတက်လာနိုင်မည့် အလားအလာများ ရှိနေသေးသဖြင့်.. ယခုအချိန်၌ တိုက်ရိုက်လုယူပစ်လိုက်ခြင်းက ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
တစ်ဖက်လူ၏ စွမ်းရည်များ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာမည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ လုယူခြင်းက ဗီလိန်အမှတ်များကို ပိုမို၍ သက်သာစေနိုင်မည် ဖြစ်၏။
ဒုတိယအချက်မှာ...ဝမ်လိရွှမ်းတွင်လည်း ကိုယ်ပိုင်စနစ်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။
အကယ်၍ မိမိက ဇွတ်အတင်း လုယူပစ်လိုက်မည်ဆိုပါက.. တစ်ဖက်လူအနေဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရိပ်မိသွားနိုင်ပေသည်။
ယဲ့ချန်းနှင့် တိန့်ရှို့ကျဲတို့တွင် မူလက စနစ်မရှိခဲ့သဖြင့် မိမိတို့၏ စွမ်းရည်များ အဘယ်ကြောင့် ရုတ်တရက် ပျောက်ဆုံးသွားရသည်ကို နားမလည်နိုင်ခဲ့ကြချေ။
သို့သော် ဝမ်လိရွှမ်းမှာမူ ကွဲပြားလှပေသည်... သူ၏ စနစ်က သူ့ကို သတိပေးနှိုးဆော်နိုင်ရုံမျှမက.. ပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်းကိုပါ ရှာဖွေသွားနိုင်ပေသည်။
ကုချန် မိမိ၏ ဘေးနားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော စူးချင်းလန်ကို ငုံ့ကြည့်လိုက်၏။ သူမ၏ ဆံနွယ်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေခဲ့သလို.. အသက်ရှူသံများမှာလည်း မှန်ကန်နေခဲ့ပြီး ရှည်လျားလှသော မျက်တောင်ကွေးကလေးများမှာ မျက်နှာထက်၌ အားနည်းလှသော အရိပ်အယောင်အချို့ ဖြတ်သန်းနေစေခဲ့သဖြင့် ကြည့်ရသည်မှာ အလွန်အမင်း ဆိတ်ငြိမ်လှပေသည်။
‘ကံကောင်းတာက စွမ်းအားတွေ မြှင့်တင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်မတတ် အပူဒဏ် ခံစားရတာမျိုး ဘေးထွက်ဆိုးကျိုး မရှိခဲ့လို့ပဲ... မဟုတ်ရင်တော့ ဒီနေ့ညက တကယ့်ကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်သွားမှာ...’
......
နောက်တစ်နေ့တွင်မူ ကုချန်သည် ယင်းယွီပန်းဆိုင် သို့ တစ်ဖန်ပြန်၍ ရောက်ရှိလာခဲ့ပြန်သည်။
"မင်္ဂလာမနက်ခင်းပါ... မိန်းကလေး အန်ယွီ"
ကုချန် ပန်းဆိုင်အတွင်းသို့ လှမ်းဝင်လိုက်ပြီး ဝယ်ယူသူများ၏ အရှေ့တွင် ပထမဆုံးအကြိမ် နှုတ်ဆက်စကား ဆိုလိုက်သည်။
အန်ယွီမုန်သည် ပန်းစင်၏ ဘေးနားတွင် ရပ်တန့်နေခဲ့ပြီး.. လက်ထဲ၌ ရေလောင်းကန်အသေးစားလေးကို ကိုင်ဆောင်လျက် နှင်းဆီပန်းတစ်ပွင့်ကို ဂရုတစိုက် ရေလောင်းပေးနေခဲ့၏။
တံခါးပွင့်သွားသော အသံကို ကြားလိုက်ရသည့်အခါ အန်ယွီမုန် လှမ်း၍ နှုတ်ဆက်ရန် ပြင်ဆင်လိုက်သော်လည်း.. ကုချန်၏ အသံကို ချက်ချင်းပင် မှတ်မိသွားခဲ့ရသည်။
သူမ၏ နှုတ်ခမ်းအစုံမှာ ခပ်ဖွဖွ ကောက်ကွေးသွားခဲ့ပြီး ဆိတ်ငြိမ်လှသော အပြုံးတစ်ခုကို ဖော်ကျူးလျက် ဆိုလိုက်၏။
"ဟုတ်ကဲ့... မင်္ဂလာမနက်ခင်းပါ ကိုကု"
ကုချန် သူမ၏ ဘေးနားမှ ဖြတ်သန်းသွားခဲ့စဉ်မှာပင်.. အန်ယွီမုန်သည် ထူးဆန်းလှသော အနံ့တစ်ခုကို ခပ်ဖွဖွ နမ်းရှိုက်လိုက်ရသည်။
သူမ၏ စိတ်အာရုံအတွင်း၌ ထူးဆန်းလှသော ခံစားချက်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သော်လည်း.. မျက်နှာအမူအရာမှာမူ တည်ငြိမ်နေခဲ့ပြီး မည်သည့်ခံစားချက်မျိုးမျှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။
၎င်းတို့နှစ်ဦးစလုံးသည် ပန်းဆိုင်လေးအတွင်း၌ ဆိတ်ငြိမ်လှသော အချိန်တစ်နာရီခန့်ကို အတူတကွ ကုန်ဆုံးခဲ့ကြပြီး.. မကြာခဏဆိုသလို ဝယ်ယူသူအချို့ ပန်းစည်းများ လာရောက်ဝယ်ယူကြသည့်အခါတွင်လည်း ၎င်းတို့နှစ်ဦးမှာ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်လျက် အခြေအနေကို လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့ကြသည်။
ဝယ်ယူသူတစ်ဦးကို နောက်ဆုံး၌ လိုက်လံပို့ဆောင်ပေးပြီးနောက်.. ကုချန်နှင့် အန်ယွီမုန်တို့သည် ပန်းစင်တစ်ခု၏ ဘေးနားတွင် ရပ်တန့်လျက်...ဝယ်ယူသူ ယခုလေးတင် ကိုင်တွယ်သွားခဲ့သော ပန်းစည်းများကို ပြန်လည်၍ စနစ်တကျ ပြင်ဆင်နေခဲ့ကြ၏။
ရုတ်တရက်ဆိုသလို... ပန်းစင်အသေးစားလေးပေါ်ရှိ ဝက်အူ တစ်ချောင်းမှာ မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ လျော့ရဲသွားခဲ့ရပြီး.. ၎င်းအပေါ်ရှိ ပန်းစည်းတစ်ခုမှာ အောက်သို့ ပြုတ်ကျတော့မည့်အလား ယိုင်နဲ့သွားခဲ့ရတော့သည်။
ကုချန် လျင်မြန်လှသော တုံ့ပြန်မှုဖြင့် အန်ယွီမုန်၏ ပုခုံးကို လက်တစ်ဖက်ဖြင့် လှမ်း၍ ပွေ့ဖက်လိုက်ပြီး.. အခြားလက်တစ်ဖက်ဖြင့် သူမ၏ ခေါင်းကို ကာကွယ်ပေးလျက် ပြုတ်ကျလာသော ပန်းစည်းကို တည်ငြိမ်စွာ ဖမ်းယူလိုက်တော့၏။
အန်ယွီမုန် သူ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားခဲ့ရသော်လည်း.. လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့ရသည်။
သူမ သူ့ကို ကျေးဇူးတင်စကား ဆိုရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်မှာပင်.. တံခါးအပြင်ဘက်ဆီမှနေ၍ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တော့၏။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ"
ကုချန်၏ အကြည့်များသည် တံခါးဝဆီသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့ရာ...ထိုနေရာ၌ မျက်နှာပျက်ယွင်းလျက် ဒေါသတကြီး ရပ်တန့်နေသော ဝမ်လိရွှမ်းကို မြင်တွေ့လိုက်ရတော့သည်။
ကုချန်သည် ယနေ့မနက်ခင်း အစောပိုင်းကတည်းကပင် ဝမ်လိရွှမ်းတစ်ယောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိထားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် သူသည် ယင်းယွီပန်းဆိုင်သို့ တမင်တကာ စောစီးစွာ လာရောက်ခဲ့ပြီး သူမ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဝမ်လိရွှမ်းသည် ရဲစခန်းမှ ထွက်ခွာလာခဲ့ပြီးနောက်.. ပထမဆုံးအကြိမ်အဖြစ် ဟိုတယ်တစ်ခုသို့ သွားရောက်ကာ မိမိကိုယ်ကိုယ် သန့်စင်အောင် ပြင်ဆင်ခဲ့ပြီး.. ၎င်းနောက်တွင်မူ အန်ယွီမုန်နှင့် ပိုမိုနီးစပ်ခွင့်ရရှိရန်အတွက် ယင်းယွီပန်းဆိုင်သို့ အလျင်အမြန်ပင် ပြေးလွှားလာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည့် အခိုက်အတန့်၌ပင်.. ကုချန်နှင့် အန်ယွီမုန်တို့သည် ဤမျှလောက် နီးကပ်စွာ ရှိနေကြသည်ကို မြင်တွေ့လိုက်ရသဖြင့်...သူ၏ စိတ်နှလုံးအတွင်း၌ အမည်မသိ ဒေါသတရားများ ချက်ချင်းပင် တဟုန်ထိုး ထွက်ပေါ်လာခဲ့ရတော့သည်။
အန်ယွီမုန်သည် နားပါးသူတစ်ဦးဖြစ်သဖြင့် ဝမ်လိရွှမ်း၏ အသံကို ချက်ချင်းပင် မှတ်မိသွားခဲ့ပေသည်။
သို့သော်လည်း သူမသည် ဝမ်လိရွှမ်းနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့သလို.. သူ၏ ယခုကဲ့သို့သော မေးခွန်းထုတ်လိုသည့် လေသံကလည်း သူမအား အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့ရာ...ကြည့်ရသည်မှာ မိမိအနေဖြင့် သူ့အပေါ် တစ်စုံတစ်ခု သစ္စာဖောက်ဖျက်မိသွားခဲ့သည့်အလား ခံစားလိုက်ရခြင်းကြောင့် ဖြစ်၏။
ကုချန်သည် ဝမ်လိရွှမ်း၏ မေးခွန်းထုတ်မှုများကို လုံးဝ အရေးမစိုက်တော့ဘဲ.. အန်ယွီမုန်ကို ကာကွယ်ထားသော မိမိ၏ လက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပန်းစည်းကို ဘေးနားသို့ ညင်သာစွာ ချထားလိုက်ကာ.. ၎င်းနောက်တွင်မူ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သော ပန်းစင်ဆီသို့ အကြည့်ပို့လိုက်တော့သည်။
သူ ၎င်းကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ရာ.. ပန်းစင်ပေါ်ရှိ ဝက်အူစကူ များမှာ အမှန်ပင် လျော့ရဲနေခဲ့ခြင်း ဖြစ်ပြီး ဤသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်စွာ အသုံးပြုခဲ့ခြင်းကြောင့် ပျက်စီးယိုယွင်းနေခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
မိမိအား လုံးဝ လျစ်လျူရှုထားခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ.. ဝမ်လိရွှမ်း၏ စိတ်ထဲရှိ ဒေါသတရားများမှာ ပိုမို၍ ပြင်းထန်လာခဲ့တော့သည်။
လွန်ခဲ့သော ညကပင် သူသည် အရက်အလွန်အမင်း သောက်စားခဲ့မိခြင်းကြောင့် အခြားလူများ၏ ဆွပေးမှုကို ခံခဲ့ရကာ တိုက်ခိုက်မိသွားခဲ့သဖြင့်...ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရရုံမျှမက တစ်ညလုံးလည်း ကောင်းမွန်စွာ အိပ်စက်ခဲ့ရခြင်း မရှိချေ။
သူမထံသို့ နောက်ထပ်တစ်ကြိမ် ဒေါသတကြီး မေးမြန်းရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်မှာပင်.. အန်ယွီမုန်၏ အေးစက်လှသော အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
"အကိုဝမ်... ကျွန်မ ဘာများ ကူညီပေးရမလဲရှင်"