အခန်း (၃၄) တိန့်မိသားစု ဗုံးခွဲခံရခြင်း
တိန့်ဖန်းရွမ်းနှင့် တိန့်ယီနန်တို့ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးခင်မှာပင်.. တိန့်တောက်ယုက ရုတ်တရက် လှမ်း၍ စကားဆိုလာခဲ့ရာ သူမ၏ လေသံအတွင်း၌ လှောင်ပြောင်မှုနှင့် မေးခွန်းထုတ်လိုမှု အရိပ်အယောင်များ ကိန်းအောင်းနေပေသည်။
"အစ်မတို့ တိန့်မိသားစုအတွက် အစဉ်တစိုက် တန်ဖိုးတွေ ဖန်တီးပေးနေခဲ့တဲ့ အချိန်ကာလတွေတုန်းက... တကယ်ပဲ စိတ်ကျေနပ်မှု ရှိခဲ့ကြရဲ့လား ဒါမှမဟုတ် တစ်မျိုးပြောင်းပြီး မေးရရင်...တကယ်ပဲ ပျော်ရွှင်ခဲ့ကြရဲ့လား"
ဤစကားလုံးများမှာ ထက်ရှလှသော ဓားတစ်စင်းအလား တိန့်ဖန်းရွမ်းနှင့် တိန့်ယီနန်တို့၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွားခဲ့တော့သည်။
သူမတို့သည် ထိုနေရာ၌ပင် ဆွံ့အစွာ ရပ်တန့်သွားခဲ့ရပြီး.. စိတ်အာရုံအတွင်း၌ တိန့်မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံကာ ပေးဆပ်ခဲ့ရသော ပုံရိပ်များက အလိုအလျောက် ပေါ်ပေါက်လာခဲ့တော့၏။
ညပေါင်းများစွာ အချိန်ပိုဆင်းခဲ့ရခြင်း.. မိသားစုအကျိုးစီးပွားအတွက် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ခဲ့ရခြင်းများနှင့် တစ်ကြိမ်တစ်ခါမျှ ပြန်လည်မရရှိခဲ့ဖူးသော အသိအမှတ်ပြုမှုနှင့် လေးစားမှုများ...တိန့်ဖန်းရွမ်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ရင်နေခဲ့ပြီး ပြန်လည်ဖြေကြားရန် ကြိုးပမ်းလိုက်သော်လည်း.. နောက်ဆုံး၌ မည်သည့်စကားမျှ ထွက်ပေါ်မလာခဲ့ချေ။
ထိုအခိုက်အတန့်မှာပင် ကုချန် သန့်စင်ခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ တိန့်တောက်ယုသည် သူ့ကို မြင်လိုက်ရသည့်အခါ မျက်နှာထက်၌ နူးညံ့လှသော အပြုံးတစ်ခု ချက်ချင်းပင် ဖန်တီးလိုက်တော့၏။
သူမသည် တိန့်ဖန်းရွမ်းနှင့် တိန့်ယီနန်တို့ကို လုံးဝ အရေးမစိုက်တော့ဘဲ ကုချန်၏ ဘေးနားသို့ လျင်မြန်စွာ လျှောက်လှမ်းသွားကာ တိုးညင်းစွာ ဆိုလိုက်သည်။
"သခင်လေး... ကျွန်မတို့ သွားကြရအောင်"
ကုချန် ခေါင်းညိတ်ပြလိုက်ပြီး.. သူ၏ အကြည့်များက တိန့်မိသားစုဝင် အစ်မနှစ်ဦးထံသို့ အေးစက်စွာ ဝေ့ဝဲသွားခဲ့ပြီးနောက် တိန့်တောက်ယု၏ လက်ကို ဆွဲကိုင်လျက် လှည့်ထွက်သွားခဲ့တော့သည်။
ယခုအချိန်၌ သူသည် တိန့်တောက်ယု၏ တုံ့ပြန်ပုံအပေါ် အလွန်အမင်း စိတ်ကျေနပ်နေခဲ့ပေသည်။
ကုချန်အနေဖြင့် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ရသည့် ရည်ရွယ်ချက်မှာ တိန့်ရှန့်အုပ်စုကို မိမိပိုင်ဆိုင်ကြောင်း ကြေညာရန်အတွက်သာမက.. တိန့်မိသားစု နှိပ်ကွပ်ခံနေရခြင်း၏ အဓိက အကြောင်းရင်းမှာ ‘တိန့်ရှို့ကျဲ’ ကြောင့်ဖြစ်ကြောင်း ဖွင့်ချပြသရန်လည်း ပါဝင်ပေသည်။
သူသည် တစ်ဖက်လူအား ဤအရာအားလုံး၏ အမြစ်တွယ်ရာမှာ တိန့်မိသားစု၏ ‘အမွေခံသား’ ကြောင့်ဖြစ်ကြောင်း အထင်အရှား သိရှိသွားစေလိုခြင်း ဖြစ်၏။
သူသည် နောက်ဆက်တွဲ အစည်းအဝေးများတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိဘဲ.. ၎င်းတို့ကို ကိုင်တွယ်ရန်အတွက် ကုကျွမ်းရန်နှင့် သူမ၏ အဖွဲ့ထံသို့သာ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကုချန် သန့်စင်ခန်းသို့ သွားရောက်စဉ် တိန့်တောက်ယုအား လူသွားလမ်း၌ တမင်တကာ ချန်ထားခဲ့ရခြင်းမှာလည်း သူမအား တိန့်ဖန်းရွမ်း.. တိန့်ယီနန်တို့နှင့် သီးသန့်ဆုံတွေ့ခွင့် ရရှိစေရန် ဖန်တီးပေးခဲ့ခြင်း ဖြစ်ပေသည်။
သူသည် တိန့်မိသားစုမှ စွန့်ပစ်ခြင်းခံခဲ့ရသော တိန့်တောက်ယုတစ်ယောက် ယခုအခါ မိမိ၏ ကာကွယ်စောင့်ရှောက်မှုအောက်၌ မည်မျှအထိ ကောင်းမွန်စွာ နေထိုင်နေရကြောင်းကို တိန့်မိသားစုဝင် အစ်မနှစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သွားစေလိုခြင်း ဖြစ်၏။
သူမတို့၏ လက်ရှိအခြေအနေနှင့် တိန့်တောက်ယု၏ လက်ရှိအခြေအနေကြားရှိ ကွာခြားချက်ကို သိရှိသွားစေရန် ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကွာခြားချက် နှိုင်းယှဉ်မှုက သူမတို့ကြားရှိ ပဋိပက္ခကို ပိုမို၍ ကြီးမားလာစေရန် လုံလောက်ပေသည်။
တိန့်တောက်ယု၏ လတ်တလော စကားလုံးများမှာ တိန့်မိသားစုဝင် အစ်မနှစ်ဦး၏ စိတ်နှလုံးအတွင်း၌ နှစ်ပေါင်းများစွာ ကိန်းအောင်းနေခဲ့သော ဒဏ်ရာဟောင်းများကို အမှန်ပင် ဆွဲဖြဲပစ်လိုက်နိုင်ခဲ့ပြီ ဖြစ်၏။
ကားပေါ်သို့ တက်ရောက်ပြီးနောက် ကုချန် မိမိ၏ ဖုန်းကို ထုတ်ယူလိုက်ရာ.. မျက်နှာပြင် ထက်၌ ရေပန်းစားနေသော သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။
【 တိန့်မိသားစု၏ အကြီးအကဲ တိန့်ဝေနှင့် သူ၏ ဇနီး.. ဖခင်ဖြစ်သူ အပါအဝင် အခြားသော မိသားစုဝင်များသည် ၎င်းတို့၏ နေအိမ်၌ ရုတ်တရက် ပေါက်ကွဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်…ပဏာမ စုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုမှာ ဂတ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး.. လက်ရှိတွင် လူအများအပြားမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်... 】
ကုချန်၏ နှုတ်ခမ်းအစုံမှာ ခပ်ဖွဖွ ကောက်ကွေးသွားခဲ့ပြီး မျက်ဝန်းအတွင်း၌ စိတ်ကျေနပ်မှု အရိပ်အယောင်များ ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။ ဤ "မတော်တဆမှု" မှာ သူကိုယ်တိုင် အမိန့်ပေး ညွှန်ကြားထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသတိရလိုက်သည်။
နှမြောစရာကောင်းသည်မှာ ထိုအချိန်၌ တိန့်ရှို့ကျဲသည် အိမ်တွင် ရှိမနေခဲ့သဖြင့် ဤဘေးအန္တရာယ်မှ ထပ်မံ၍ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။
ကုချန်အနေဖြင့် လုပ်ကြံသတ်ဖြတ်ရန် အကြိမ်အမြောက်အမြား စေလွှတ်ခဲ့ဖူးသော်လည်း.. အကြောင်းရင်း အမျိုးမျိုးကြောင့် အမြဲတမ်း လွဲချော်ခဲ့ရသည်။
အကယ်၍ ကံတရားက သူ့ကို လွယ်လွယ်ကူကူ မသေဆုံးစေချင်ဘူးဆိုလျှင်တော့...သူ့ကို သေရသည်ထက် ပိုမိုဆိုးရွားသော ငရဲမျိုးကို ခံစားသွားစေရပေမည်။
......
ဟိုင်ချန်တက္ကသိုလ် ၏ အဆောင်အဆောက်အအုံ အောက်ထပ်၌..
ယခုအချိန်၌ အဆောင်အဆောက်အအုံ အောက်ထပ်တွင် လူအုပ်ကြီးတစ်စု စုဝေးရောက်ရှိနေခဲ့ကြပြီး.. ကျောင်းသား.. ကျောင်းသူများသည် အုပ်စုငယ်လေးများ ဖွဲ့လျက် တိုးတိုးတိုးတိုးဖြင့် အပြန်အလှန် စကားဆိုနေခဲ့ကြသည်။
သူမတို့၏ အကြည့်များမှာ အဆောင်တံခါးဝဆီသို့ မကြာခဏ ရောက်ရှိနေခဲ့ကြရာ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည့်အလား ရှိပေသည်။
အဆောင်၏ အပေါ်ထပ် အခန်းအတွင်း၌မူ ကျောက်ယွင်ယန်သည် ပြတင်းပေါက်ဘေးတွင် ရပ်တန့်နေခဲ့ပြီး.. လိုက်ကာစအကြားမှတစ်ဆင့် အောက်ခြေရှိ လူအုပ်ကြီးကို ငုံ့ကြည့်နေခဲ့၏။
သူမသည် ယနေ့တွင် ခရမ်းနုရောင် ဂါဝန်ရှည်လေးတစ်ထည်ကို အဖြူရောင် ရှီဖွန်အင်္ကျီအပါးလေးနှင့် တွဲဖက်ဝတ်ဆင်ထားခဲ့သည်။ သူမ၏ မိတ်ကပ်ပြင်ဆင်မှုမှာ ပါးလျသော်လည်း အလွန်အမင်း သပ်ရပ်လှပပြီး.. ထူးခြားလှသော အရှိန်အဝါကြောင့် သူမကို ပိုမို၍ အရပ်ရှည်ကာ ကျော့ရှင်းလှပနေစေခဲ့၏။
ယနေ့ကျင်းပမည့် "အကြိမ် ၁၀၀ မြောက် အချစ်ရေး၀န်ခံချက်" တွင်မူ.. ကျောက်ယွင်ယန်အနေဖြင့် ဝမ်လိရွှမ်းအား အခွင့်အရေးတစ်ခု ပေးအပ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူမအနေဖြင့် ရှေ့ဆက်၍ ဆက်ဆံရေး တိုးတက်အောင် ပြုလုပ်ရန် မစဉ်းစားမီ.. သူနှင့်အတူ အချိန်အချို့ အရင်ဆုံး ကုန်ဆုံးကြည့်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဝမ်လိရွှမ်း မိမိအား အချစ်ရေး လာရောက်၀န်ခံခြင်း မပြုမီအချိန်အထိ ၎င်းတို့နှစ်ဦးကြား၌ မည်သည့်အဆက်အသွယ်မျှ ရှိမနေခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
သူသည် အပတ်စဉ်မပျက် မိမိအား လာရောက်၍ အချစ်ရေး၀န်ခံခဲ့ပြီးနောက်မှသာ.. ကျောက်ယွင်ယန် သူ့အကြောင်းကို တဖြည်းည်းချင်း နားလည်လာခဲ့ခြင်း ဖြစ်၏။
ဝမ်လိရွှမ်းသည် ကျောက်ယွင်ယန်၏ အတန်းချိန်ဇယားကို အလွန်အမင်း ကျွမ်းကျင်နှံ့စပ်လှသဖြင့်.. သူ၏ အချစ်ရေး၀န်ခံမှုများကို အမြဲတမ်း သင့်တော်သော အချိန်၌သာ စီစဉ်လေ့ရှိပြီး အခွင့်အရေးကို တစ်ကြိမ်မျှ လက်လွတ်မခံခဲ့ဖူးချေ။
ထို့ကြောင့်ပင် ယနေ့တွင် ဤမျှလောက်များပြားသော လူအုပ်ကြီး စုဝေးရောက်ရှိနေကြခြင်း ဖြစ်ပြီး...လူတိုင်းက ဤ "အကြိမ် ၁၀၀ မြောက် အချစ်ရေး၀န်ခံမှု" ၏ အဆုံးသတ်ရလဒ်ကို ကိုယ်တိုင်ကိုယ်ကျ သက်သေအဖြစ် ကြည့်ရှုလိုကြခြင်း ဖြစ်သည်။
သို့သော်လည်း အချိန်များ တဖြည်းည်းချင်း ကုန်ဆုံးသွားခဲ့သော်လည်း ဝမ်လိရွှမ်း၏ ပုံရိပ်မှာ ပေါ်ပေါက်လာခြင်း မရှိသေးချေ။
အောက်ထပ်ရှိ လူအုပ်ကြီးမှာ စတင်၍ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြပြီး.. လူအများအပြားမှာ မိမိတို့၏ ဖုန်းများကို ထုတ်ယူကာ အချိန်ကို စစ်ဆေးလျက် ဝေခွဲမရဖြစ်နေကြတော့သည်။
စကားသံများမှာ ပိုမို၍ ကျယ်လောင်လာခဲ့သဖြင့်.. ကျောက်ယွင်ယန်၏ စိတ်နှလုံးအတွင်း၌လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
သူမ မှန်ထဲရှိ မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုလိုက်ရာ.. စနစ်တကျ ပြင်ဆင်ထားခဲ့သော မိမိ၏ ပုံစံမှာ ယခုအခါတွင်မူ အနည်းငယ် ရယ်စရာကောင်းနေသည့်အလား ရှိပေသည်။
သူမ၏ လက်ချောင်းကလေးများသည် မိမိ၏ ဂါဝန်အနားစကို မသိစိတ်အရ ဆွဲကိုင်ထားမိခဲ့ကြပြီး.. စိတ်ထဲမှ မျှော်လင့်ချက်များသည်လည်း တဖြည်းည်းချင်း စိတ်ပျက်မှုများအဖြစ်သို့ ပြောင်းလဲ အစားထိုးသွားခဲ့ရတော့သည်။
ထိုအခိုက်အတန့်မှာပင် လူအုပ်ကြီးကြားထဲမှနေ၍ ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အားလုံးပဲ... ဆက်ပြီး စောင့်မနေကြနဲ့တော့ မနေ့ညက ဝမ်လိရွှမ်းတစ်ယောက် အပြင်မှာ အရက်အလွန်အမင်း သောက်စားပြီး ကျောင်းသူတစ်ယောက်ကို နှောင့်ယှက်ခဲ့လို့ ကျောင်းပြင်ပက လူတွေနဲ့ ရန်ပွဲဖြစ်ခဲ့တယ်တဲ့… သူက အပြစ်မဲ့တဲ့ လမ်းသွားလမ်းလာတစ်ယောက်ကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့လို့.. အခုတော့ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရပြီ ကျောင်းကလည်း ဒီကိစ္စကို ဝင်ရောက်ကိုင်တွယ်နေပြီဖြစ်တဲ့အတွက်.. သူ ဒီနေ့ လုံးဝ လာနိုင်မှာ မဟုတ်တော့ဘူး"
ဤစကားလုံးများမှာ ဗုံးတစ်လုံးအလား လူအုပ်ကြီးကြားထဲ၌ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့တော့သည်။
"ဘာကြီး... ဝမ်လိရွှမ်းက တကယ်ပဲ အရက်မူးပြီး ကျောင်းသူတွေကို နှောင့်ယှက်ခဲ့တာလား"
"လမ်းသွားလမ်းလာကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဟုတ်လား... ဒါက တကယ့်ကို လွန်လွန်းတာပဲ"
"ငါက သူ့ကို တကယ့်ကို အချစ်ကြီးတဲ့လူလို့ ထင်ထားခဲ့တာ.. သူက ဒီလိုမျိုး လူစားမျိုး ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး"
ဝေဖန်ပြောဆိုသံများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ကြပြီး.. မူလက ရှိနေခဲ့သော မျှော်လင့်ချက်များသည်လည်း တစ်ခဏအတွင်း စိတ်ပျက်မှုနှင့် ဒေါသတရားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
လူအများအပြားမှာ ထိုသတင်းကို လာရောက်အော်ဟစ်ပြောကြားခဲ့သော လူ၏ ဘေးနားသို့ ဝိုင်းအုံသွားခဲ့ကြပြီး.. ဤဇာတ်ကြောင်းမှာ တကယ်ပဲ အမှန်ဖြစ်ပွားခဲ့ခြင်း ဟုတ်.. မဟုတ်ကို အသည်းအသန် မေးမြန်းကြတော့၏။
၎င်းကို မြင်လိုက်ရသည့်အခါ ထိုလူသည် ချက်ချင်းပင် မိမိကိုယ်ကိုယ် "အတွင်းသိ" တစ်ဦးအလား ပုံစံဖန်တီးလိုက်ပြီး.. ထိုနေရာ၌ ကိုယ်တိုင် ရှိနေခဲ့သည့်အလား ဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြလာခဲ့တော့သည်။
၎င်းတင်မကသေးဘဲ သူ မိမိ၏ အိတ်ကပ်အတွင်းမှ ဖုန်းကို ထုတ်ယူကာ ဓာတ်ပုံတစ်ပုံကို ဖွင့်လှစ်လျက် ဘေးနားရှိ လူများကို လှမ်း၍ ပြသလိုက်ပေသေးသည်။
ဓာတ်ပုံအတွင်း၌ ဝမ်လိရွှမ်းသည် လူတစ်ဦးကို လက်သီးဖြင့် ထိုးနှက်နေခဲ့ပြီး.. သူ၏ ဘေးပတ်ပတ်လည်တွင်လည်း အရက်ပုလင်းများစွာ ပြန့်ကျဲနေခဲ့သဖြင့် မြင်ကွင်းမှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ဤဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မူ မူလက သံသယဝင်နေခဲ့ကြသူများသည်လည်း ချက်ချင်းပင် ယုံကြည်သွားခဲ့ကြရပြီး.. ဝမ်လိရွှမ်းကို ပြစ်တင်ရှုတ်ချသံများမှာ ပိုမို၍ ပြင်းထန်လာခဲ့တော့သည်။
ထိုလူသည်လည်း ဘေးနားမှနေ၍ ဝိုင်းဝန်းပြောဆိုပေးခဲ့ပြီးနောက်.. ခေတ္တအကြာတွင်မူ သူ၏ နောက်ကွယ်ရှိ လူတစ်ဦး၏ ဆွဲခေါ်မှုကြောင့် ထိုနေရာမှနေ၍ "မတတ်သာဟန်ဖြင့်" လှည့်ထွက်သွားခဲ့တော့၏။
ဤသတင်းကို ကြားလိုက်ရသည့်အခါ ကျောက်ယွင်ယန်၏ အခန်းဖော်ဖြစ်သူသည် ချက်ချင်းပင် ဒေါသတရားများဖြင့် ဆိုလာခဲ့သည်။
"သူက ညသန်းခေါင်ယံအချိန်ကြီးမှာ အရက်တွေ အလွန်အမင်း သောက်စားခဲ့ရုံတင်မကဘဲ အပြစ်မဲ့တဲ့ လူတွေကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဟုတ်လား… ငါ တကယ်ပဲ ဝမ်လိရွှမ်းကို လူမှားကြည့်မိခဲ့တာပဲ ယွန်းရန်... နင် သူ့ရဲ့ လှည့်ကွက်တွေထဲကို လုံးဝ အမိမခံနဲ့တော့နော်"
ကျောက်ယွင်ယန် တစ်ခဏတာမျှ ဆွံ့အသွားခဲ့ရပြီး.. စိတ်ထဲရှိ မျှော်လင့်ချက်များနှင့် စိတ်ပျက်မှုများသည်လည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ရကာ ၎င်းအစား ရွံရှာမုန်းတီးမှု အရိပ်အယောင်အချို့သာ ကျန်ရစ်ခဲ့တော့သည်။
"ငါ တကယ်ပဲ လူမှားကြည့်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..." သူမ တိုးညင်းစွာ ရေရွတ်လိုက်မိရာ.. လေသံအတွင်း၌ မိမိကိုယ်ကိုယ် လှောင်ပြောင်မှုနှင့် ကူညီရာမဲ့မှုများ စွက်ဖက်နေပေသည်။
သူမသည် မိမိကိုယ်ကိုယ် လူကဲခတ်ရာ၌ အလွန်အမင်း ထက်မြက်သူတစ်ဦးအဖြစ် အမြဲတမ်း ဂုဏ်ယူဝံ့ကြွားခဲ့ဖူးသူ ဖြစ်၏။
ထို့ကြောင့်ပင် ဝမ်လိရွှမ်း၏ အကြိမ် ၉၉ ကြိမ်မြောက် အချစ်၀န်ခံမှုကို လက်ခံရရှိခဲ့ပြီးနောက်.. သူမအနေဖြင့် သူ့အား အခွင့်အရေးတစ်ခု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လက်တွေ့အခြေအနေက သူမ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်ခြင်းပင် ဖြစ်၏။
ကျောက်ယွင်ယန်၏ အခန်းဖော် လျှောက်လှမ်းလာခဲ့ပြီး.. သူမ၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လျက် နှစ်သိမ့်ပေးလာခဲ့သည်။
"ဒါတွေကို အများကြီး တွေးမနေနဲ့တော့ဟာ။ ဒီလိုမျိုး လူစားက နင့်ရဲ့ အချိန်တွေကို ကုန်ဆုံးခံဖို့ မထိုက်တန်ပါဘူး…ငါတို့တွေ စိတ်အပန်းပြေအောင် အပြင်ထွက်ပြီး ဈေးဝယ်ကြရအောင်"
ကျောက်ယွင်ယန် ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာထက်၌ အားနည်းလှသော အပြုံးတစ်ခု ပြန်လည်ဖန်တီးလျက် ဆိုလိုက်၏။
"ကောင်းပါပြီ... ငါ အဝတ်အစား အရင်လဲလိုက်ဦးမယ်"