အခန်း (၃၂) ကျန့်ရှောင်ယင်၏ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း အချစ်စစ်
အန်ယွီမုန်နှင့် ကုချန်တို့၏ ထွက်ပေါ်လာသော အသံများမှာ ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှုအပြည့် ရှိလှသဖြင့်.. ဆိုင်အတွင်းရှိ လူတိုင်း၏ အာရုံစိုက်မှုကို တစ်ခဏအတွင်း ဖမ်းစားရယူလိုက်တော့သည်။
ကုချန်၏ ရုပ်ရည်မှာ မူလကတည်းကပင် ထူးခြားပြောင်မြောက်လှပြီးဖြစ်ရာ.. ယခုအခါ သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီးနောက်တွင်မူ သူ၏ ဆွဲဆောင်မှုမှာ ပိုမို၍ မြင့်တက်လာခဲ့ပြီ ဖြစ်၏။
ယခုအချိန်၌ ပန်းဆိုင်လေးအတွင်း ရပ်တန့်နေသော သူ၏ ပုံစံမှာ ထူးခြားလှသော အရှိန်အဝါတစ်ခု ခြံရံထားသည့်အလား ရှိနေသဖြင့်.. မည်သူမျှ သူ၏ထံမှ အကြည့်လွှဲရန် မစွမ်းသာကြချေ။
မိန်းကလေးများသည် ကုချန် မိမိတို့အား လှမ်း၍ စကားပြောဆိုလိုက်သည်ကို ကြားလိုက်ရသည့်အခါ မျက်ဝန်းအစုံအတွင်း၌ အံ့အားသင့်မှုများနှင့်အတူ ရှက်ရွံ့မှုအချို့ ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့ကြသော်လည်း.. မကြာမီမှာပင် သူ၏ ကျွမ်းကျင်နှံ့စပ်လှသော ဗဟုသုတများအပေါ် ဆွဲဆောင်ခြင်းခံလိုက်ရကာ သူ၏ ပတ်ပတ်လည်သို့ ဝိုင်းအုံလာခဲ့ကြတော့သည်။
ကုချန်သည် တည်ငြိမ်ရင့်ကျက်စွာ လှုပ်ရှားနေခဲ့ပြီး လေသံမှာ နူးညံ့သော်လည်း ကျွမ်းကျင်ပိုင်နိုင်မှု ရှိလှပေသည်။
ပန်းများ၏ အမျိုးအစား ကွဲပြားမှု.. ပြုစုပျိုးထောင်ပုံ နည်းစနစ်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားပြု အဓိပ္ပာယ်များအကြောင်း စသည်ဖြင့် မည်သည့်အရာကိုမဆို သူက တိကျသေချာပြီး အသေးစိတ်ကျလှသော အဖြေများကို လျင်မြန်စွာ ပေးအပ်နိုင်စွမ်း ရှိပေသည်။
သူ၏ မိတ်ဆက်ရှင်းလင်းပုံများမှာ လိုရင်းတိုရှင်းပြီး ပြတ်သားလှသဖြင့် ဝယ်ယူသူများ၏ လိုအပ်ချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့၏။
ကုချန်၏ မိတ်ဆက်ပေးမှုများကြောင့် ဝယ်ယူသူများက ခေါင်းတညိတ်ညိတ်ဖြင့် သဘောကျနေခဲ့ကြရုံမျှမက.. သူမ၏ ဘေးနားတွင် ရပ်နေခဲ့သော အန်ယွီမုန်ကိုလည်း များစွာ အံ့အားသင့်သွားစေခဲ့သည်။
အန်ယွီမုန် စိတ်ထဲမှနေ၍ တိုးညင်းစွာ ရေရွတ်လိုက်မိပြီးနောက်.. မိမိကိုယ်ကိုယ် ပြန်လည်အားပေးလျက် အခြားသော ဝယ်ယူသူများအတွက် ပန်းစည်းများကို စတင်မိတ်ဆက်ပေးလိုက်တော့၏။
သူမ၏ အသံမှာ နူးညံ့သိမ်မွေ့လှပေသည်။ သူမအနေဖြင့် ကုချန်ကဲ့သို့ အဖက်ဖက်က ကျွမ်းကျင်နှံ့စပ်မှု မရှိသေးသော်လည်း.. အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ အရှိန်အဟုန်ကို တဖြည်းဖြည်းချင်း ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးမှာ တစ်ဦးက ဘယ်ဘက်.. တစ်ဦးက ညာဘက်ဖြင့် ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသဖြင့်.. ပန်းဆိုင်အတွင်းရှိ ဝယ်ယူသူများကို စနစ်တကျဖြင့် လျင်မြန်စွာ ရှင်းလင်းပေးနိုင်ခဲ့တော့သည်။
ဝယ်ယူသူများ တဖြည်းည်းချင်း ထွက်ခွာသွားခဲ့ကြပြီးနောက်တွင်မူ.. ပန်းဆိုင်လေးမှာ နောက်ဆုံး၌ ပြန်လည်ဆိတ်ငြိမ်သွားခဲ့ရတော့၏။
အန်ယွီမုန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး.. မျက်နှာထက်တွင် ပေါ့ပါးသော အပြုံးတစ်ခု ဖန်တီးလျက် ဆိုလိုက်သည်။
"အကိုကု... ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် မဟုတ်ရင်တော့ ကျွန်မတစ်ယောက်တည်းနဲ့ ဒီအခြေအနေကို အဆင်ပြေအောင် ဘယ်လိုမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ကုချန် ပြုံးလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်၏။
"ဒါက အသေးအဖွဲ ကိစ္စတစ်ခုပါပဲ..ဒါ့အပြင် မိန်းကလေးအန်ယွိိီကို ကူညီပေးခွင့်ရတဲ့အတွက် ငါကိုယ်တိုင်လည်း ပျော်ရွှင်ရပါတယ်"
အန်ယွီမုန်သည် ကုချန်၏ စကားများအပေါ် မည်သည့်ရှက်ရွံ့မှုမျိုးမျှ ပြသခြင်းမရှိဘဲ.. ၎င်းအစား သူ့ကို ပြန်လည်၍ပင် ချီးကျူးစကား ဆိုလိုက်ပေသေးသည်။
"အကိုကုက ပန်းတွေအကြောင်းကို ဒီလောက်အထိ အများကြီး သိထားလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး... ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
၎င်းကို ကြားလိုက်ရသည့်အခါ ကုချန် ခပ်ဖွဖွ ပြုံးလိုက်ပြီး နှိမ့်ချစွာဖြင့် ဆိုလိုက်၏။
"ငါက ပန်းတွေကို မြတ်နိုးတဲ့အတွက်ကြောင့်... စာအုပ်အများကြီး ဖတ်ရှုခဲ့ပြီး အသိပညာအချို့ လေ့လာထားခဲ့ရုံမျှပါပဲ…ဒါနဲ့ နှိုင်းယှဉ်ရင်တော့ မိန်းကလေးအန်ယွီ ကသာ တကယ့်ကို ကျွမ်းကျင်တဲ့ ပညာရှင်ပါ"
အန်ယွီမုန် ခေါင်းခါယမ်းလိုက်ပြီး စိတ်ရင်းမှန်ဖြင့် ဆိုလာခဲ့သည်။
"အကိုကုက အရမ်းကို နှိမ့်ချလွန်းပါတယ်ရှင် ဒီနေ့ ရှင်းလင်းပြောကြားပေးသွားပုံတွေက ကျွမ်းကျင်မှု ရှိရုံတင်မကဘဲ အတော်လေးကို စနစ်ကျလှပါတယ်…ကျွန်မတောင် အများကြီး သင်ယူလိုက်ရပါသေးတယ်"
၎င်းတို့နှစ်ဦးစလုံး အပြန်အလှန် ပြုံးပြလိုက်ကြပြီးနောက်တွင်မူ.. ပန်းစည်းများနှင့် ပတ်သက်သော ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဆက်လက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးလိုက်ကြတော့သည်။
၎င်းတို့နှစ်ဦး တက်ကြွစွာ စကားလက်ဆုံ ကျနေခဲ့ကြစဉ်မှာပင်.. ကုချန်၏ ဖုန်းဆီမှနေ၍ မက်ဆေ့ခ်ျဝင်ရောက်လာသော "တင်" ဟူသော ပြတ်သားလှသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ ငုံ့ကြည့်လိုက်ရာ ၎င်းမှာ ကုဖုန်း ထံမှ ပေးပို့လာသော မက်ဆေ့ခ်ျတစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
တစ်ဖက်လူ၏ သတင်းပေးပို့ချက်အရ ဆိုပါက ဝမ်လိရွှမ်း၏ လက်ရှိအခြေအနေမှာ...ယနေ့အတွင်း ရဲစခန်းမှ ပြန်လည်ထွက်ခွာလာနိုင်ရန် အခြေအနေ မရှိတော့ကြောင်း သိရှိရပေသည်။
ကုချန်၏ မျက်ဝန်းအစုံအတွင်း၌ စိတ်ကျေနပ်မှု အရိပ်အယောင်အချို့ ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။
ထို့နောက် သူ ဖုန်းကို ပိတ်လိုက်ပြီး အချိန်ကို ကြည့်လိုက်ရာ.. မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
သူ ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက်.. အန်ယွီမုန်ထံသို့ အကြည့်ပြန်လွှဲလျက် လေသံတွင် နှမြောတသမှုအချို့ ထည့်သွင်းကာ ဆိုလိုက်သည်။
"အချိန်လည်း တော်တော်လေး လင့်သွားခဲ့ပြီပဲ... ဒါဆိုရင် ငါ မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
အန်ယွီမုန် ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဆို၏။
"လမ်းခရီးမှာ ဂရုစိုက်ပါ အကိုကု... နောက်လည်း အချိန်မရွေး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်"
ကုချန် မတ်တတ်ထရပ်လိုက်ပြီး မိမိ၏ အဝတ်အစားများကို စနစ်တကျ ပြန်လည်ပြင်ဆင်လိုက်ကာ.. ၎င်းနောက်တွင်မူ တံခါးဝဆီသို့ လျှောက်လှမ်းလာခဲ့တော့သည်။
သို့သော်လည်း သူ တံခါးဝသို့ ရောက်ရှိခါနီး အခိုက်အတန့်မှာပင်.. အပြင်ဘက်ဆီမှနေ၍ သေးသွယ်လှသော မိန်းကလေးတစ်ဦး၏ ပုံရိပ်မှာ ဆိုင်အတွင်းသို့ အသည်းအသန် တိုးဝှေ့ဝင်ရောက်လာခဲ့၏။
သူမသည် သေးသွယ်သော ခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးတစ်ဦး ဖြစ်ပြီး.. ရိုးရှင်းလှသော အဖြူရောင် လက်တိုအင်္ကျီနှင့် အပြာနုရောင် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားခဲ့ရာ ဝတ်စားဆင်ယင်မှုမှာ သာမန်မျှသာ ဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်လှပေသည်။
သူမ၏ ရှေ့ဆံပင်ဝဲကလေးများမှာ ရှည်လျားလွန်းလှသဖြင့် သူမ၏ မျက်ဝန်းအစုံကိုပင် ဖုံးကွယ်လုနီးပါး ရှိနေခဲ့၏။
【 အမည်: ကျန့်ရှောင်ယင် 】
အဆင့်အတန်း: ကံတရားသတ်မှတ်ထားသော အမျိုးသမီးဇာတ်လိုက်
စွမ်းအားတန်ဖိုး: ၅၀
နှစ်သက်သဘောကျမှုတန်ဖိုး: ၀
ရရှိနိုင်မည့် ဗီလိန်အမှတ်: ၁,၀၀၀
ဇာတ်ကောင်နောက်ခံ: မိဘမဲ့ဂေဟာ၌ ကြီးပြင်းခဲ့ရသူဖြစ်ပြီး.. အေးစက်ကာ လူမှုဆက်ဆံရေး နယ်ပယ်၌ အားနည်းသူ ဖြစ်သည်။
ကျန့်ရှောင်ယင်သည် ပန်းဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့စဉ်က.. ခေါင်းငုံ့ထားခဲ့ခြင်းကြောင့် မိမိ၏ ရှေ့တည့်တည့်တွင် ရှိနေသော ကုချန်ကို သတိမပြုမိခဲ့ဘဲ သူ့အား အရှိန်ဖြင့် ဝင်တိုက်မိသွားခဲ့တော့သည်။
သူမ ပျာယာခတ်သွားခဲ့ရပြီး ဗီဇစိတ်အရ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာရန် ကြိုးပမ်းလိုက်သော်လည်း.. မရည်ရွယ်ဘဲ မိမိ၏ ခြေထောက်ချင်း ခလုတ်တိုက်မိကာ နောက်ပြန်လဲကျလျက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျတော့မည့်အလား ရှိပေသည်။
ကုချန် လျင်မြန်စွာပင် တုံ့ပြန်လိုက်ပြီး.. သူမ၏ လက်ကောက်ဝတ်ကလေးကို လှမ်း၍ ဆွဲကိုင်ကာ မိမိ၏ထံသို့ ဆွဲခေါ်လိုက်တော့၏။
ခန္ဓာကိုယ် အရှိန်အဟုန်ကြောင့် ကျန့်ရှောင်ယင်သည် ကုချန်၏ ရင်ခွင်ကျယ်ကြီးအတွင်းသို့ တစ်ဖန်ပြန်၍ တိုးဝှေ့ဝင်ရောက်သွားခဲ့ရပြန်သည်။
သူမ၏ ပါးပြင်ကလေးမှာ ကုချန်၏ ရင်ဘတ်ပြင်ကျယ်ထံသို့ ဖိကပ်မိသွားခဲ့ရသဖြင့်.. သူ၏ တည်ငြိမ်လှသော နှလုံးခုန်သံများနှင့် နွေးထွေးလှသော ခန္ဓာကိုယ် အပူချိန်ကို အထင်အရှား ခံစားလိုက်ရတော့၏။
ကျန့်ရှောင်ယင် အနည်းငယ် ပျာယာခတ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။
သူမ၏ ရှည်လျားလှသော ရှေ့ဆံပင်ဝဲကလေးများ နောက်ကွယ်မှနေ၍.. ကြည်လင်တောက်ပလှသော မျက်ဝန်းအစုံသည် ဆံပင်အကြားမှတစ်ဆင့် ကုချန်၏ နက်ရှိုင်းကာ နူးညံ့လှသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားခဲ့ရတော့၏။
ထိုမျက်ဝန်းအစုံမှာ ဆန်းကြယ်လှသော မော်ဟန်တစ်ခု ကိန်းအောင်းနေသည့်အလား ရှိနေသဖြင့်.. သူမကို တစ်ခဏတာမျှ အသက်ရှူရန်ပင် မေ့လျော့သွားစေခဲ့သည်။
"မင်း အဆင်ပြေရဲ့လား..." ကုချန် သူမကို ငုံ့ကြည့်လိုက်ပြီး နူးညံ့ကာ စိုးရိမ်ပူပန်သော လေသံဖြင့် မေးမြန်းလိုက်၏။
ကျန့်ရှောင်ယင်၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲတောက်ပသွားခဲ့ရပြီး.. ဗောတောခတ်လျက် ပြန်လည်ဖြေကြားလာခဲ့သည်။
"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး..."
"ရှောင်ယင်... အဆင်ပြေရဲ့လား"
ရုတ်တရက် ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသဖြင့်.. အန်ယွီမုန် လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ပြီး စိုးရိမ်ပူပန်သော လေသံဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
ထိုအခါမှသာ ကျန့်ရှောင်ယင် သတိပြန်ဝင်လာခဲ့ပြီး.. မိမိအနေဖြင့် ကုချန်၏ ရင်ခွင်ထဲ၌ မှီတွဲနေဆဲဖြစ်ကြောင်း သတိပြုမိသွားခဲ့တော့၏။
သူမ လျင်မြန်စွာပင် နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာလိုက်ပြီး.. ပျာပျာသလဲ ဦးညွှတ်လျက် တောင်းပန်စကား ဆိုလိုက်တော့သည်။
"တောင်းပန်ပါတယ်... တကယ်ကို တောင်းပန်ပါတယ် ကျွန်မ မရည်ရွယ်ပါဘူး"
ကုချန် လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်၏။
"ရပါတယ်... ရပါတယ်... စိတ်ထဲ ထည့်မနေပါနဲ့"
သူ စကားပြောပြီးနောက် အန်ယွီမုန်ထံသို့ အကြည့်လွှဲကာ ဆိုလိုက်သည်။
"ဒါဆိုရင် ငါ သွားတော့မယ်နော်... မိန်းကလေးအန်ယွီ"
ကုချန် လှည့်ထွက်သွားခဲ့ပြီး ပန်းဆိုင်၏ တံခါးချပ်ကို တွန်းဖွင့်ကာ ထွက်ခွာသွားခဲ့ရာ.. ခေါင်းလောင်းလေးမှာ တစ်ဖန်ပြန်၍ မြည်ဟည်းသွားခဲ့ပြန်သည်။
ကျန့်ရှောင်ယင်သည် ထိုနေရာ၌ပင် ရင်သပ်ရှုမောစွာ ရပ်တန့်ကျန်ရစ်ခဲ့ပြီး.. သူမ၏ အကြည့်များမှာ သူမကိုယ်တိုင်ပင် သတိမပြုမိဘဲ သူ၏ ကျောပြင်ကြီး ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်ရှုနေခဲ့မိကာ...နှလုံးခုန်သံများမှာလည်း မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ ထူးဆန်းစွာ မြန်ဆန်နေခဲ့တော့၏။
"ရှောင်ယင်... ဘာဖြစ်လို့လဲ" အန်ယွီမုန် ထိုနေရာ၌ ငေးငိုင်စွာ ရပ်တန့်နေသော ကျန့်ရှောင်ယင်ကို ကြည့်ကာ တိုးညင်းစွာ မေးမြန်းလိုက်သည်။
"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး" ကျန့်ရှောင်ယင် ဗောတောခတ်လျက် ပြန်လည်ဖြေကြားလိုက်ရာ လေသံအတွင်း၌ ပျာယာခတ်မှုများ ကိန်းအောင်းနေပေသည်။
သူမအနေဖြင့် မိမိသည် တစ်ဖက်လူနှင့် စတင်ဆုံတွေ့လိုက်ရသည့် အခိုက်အတန့်၌ပင် အချစ်စစ်ဖြင့် သက်ဝင်ချစ်ခင်မိသွားခဲ့ပြီ ဖြစ်ကြောင်း မည်ကဲ့သို့ ထုတ်ဖော်ပြောကြားနိုင်ပါမည်နည်း။
သူမအနေဖြင့် ဤကဲ့သို့သော စကားမျိုးကို လုံးဝ ထုတ်ဖော်ပြောကြားရန် သတ္တိမရှိချေ။
သူမ မိမိ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ရန်အတွက် ခေါင်းကို ငုံ့ချလိုက်ပြီး.. အကြည့်များကို ပန်းဆိုင်အတွင်းသို့ ဝေ့ဝဲပို့လိုက်သည်။ ပန်းစင်ပေါ်ရှိ ပန်းစည်းများစွာ ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်ရသဖြင့်.. ကျန့်ရှောင်ယင် အလျင်အမြန်ပင် အကြောင်းအရာကို လွှဲပြောင်း၍ မေးမြန်းလိုက်တော့၏။
"ဟယ်... အစ်မယွီမုန်.. ဒီနေ့ ပန်းတွေက ဘာလို့ ဒီလောက်အထိ အများကြီး ရောင်းချလိုက်ရတာလဲ"
......
【 ကျန့်ရှောင်ယင်၏ နှစ်သက်သဘောကျမှု တန်ဖိုး +၇၅ 】
စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ ကုချန် ခြေလှမ်းများကို အနည်းငယ် တန့်လိုက်မိပြီးနောက်.. အဓိပ္ပာယ်ပြည့်ဝလှသော အပြုံးတစ်ခုကို ဖော်ကျူးလျက် ရေရွတ်လိုက်မိသည်။
‘ဒီမိန်းကလေးက ငါ့ကို ပထမဆုံးအကြိမ် ဆုံတွေ့လိုက်ရုံနဲ့တင် တကယ်ပဲ အချစ်စစ်နဲ့ ချစ်မိသွားခဲ့တာပဲ...’
ထို့နောက် သူသည် အန်ယွီမုန်၏ နှစ်သက်သဘောကျမှု တန်ဖိုးကို စစ်ဆေးကြည့်ရှုလိုက်ရာ.. ၎င်းသည် ၃ မှတ်မျှသာ တိုးတက်လာခဲ့ကြောင်း တွေ့ရှိလိုက်ရ၏။
ဤသည်မှာ သူ၏ မျှော်လင့်ချက်အတွင်း၌သာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် အန်ယွီမုန်၏ စရိုက်လက္ခဏာအရ ဆိုပါက.. သူမ၏ စိတ်နှလုံးကို ယခုကဲ့သို့သော အချိန်တိုအတွင်း လွယ်လွယ်ကူကူ ဖမ်းစားရယူနိုင်ရန် မဖြစ်နိုင်ခြင်းကြောင့် ဖြစ်၏။
ဗီလာအိမ်ရာဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်တွင်မူ.. ကုချန်သည် ဝေးကွာသော နေရာဆီမှနေ၍ ကုယွဲ့ စေလွှတ်ထားခဲ့သော လူများသည် တံခါးဝ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ကုချန် အနားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ.. ၎င်းတို့အားလုံး ညီညီညာညာ ဦးညွှတ်လိုက်ကြပြီး ပြိုင်တူ ဆိုလိုက်ကြတော့၏။
"သခင်လေး..."
ကုချန်၏ အကြည့်များသည် ၎င်းတို့ထံသို့ ဝေ့ဝဲသွားခဲ့ရာ...အမျိုးသမီး သိုင်းပညာရှင် လေးဦး.. စီးပွားရေးနယ်ပယ်မှ ထူးချွန်သူ သုံးဦးနှင့် ၎င်းတို့၏ ဘေးနားရှိ လက်ထောက်အချို့ကို တွေ့ရှိလိုက်ရသည်။ သူ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။
"မင်းတို့အားလုံး ပင်ပန်းသွားကြပါပြီ ဒီဗီလာအိမ်ရာဝင်းတစ်ခုလုံးက ကုမိသားစုပိုင် ပဲ.. မင်းတို့ စိတ်ကြိုက်နေရာကို ရွေးချယ်ပြီး နေထိုင်နိုင်ပါတယ်… တကယ်လို့ ရန်ပုံငွေ လိုအပ်ချက် ရှိလာပါက ကုကျွမ်းရန် ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ... သူမ အားလုံးကို စီစဉ်ပေးပါလိမ့်မယ်"
ကုချန်သည် သူ၏ ဖခင်ဖြစ်သူ စေလွှတ်ပေးလိုက်သော လူများနှင့် ပတ်သက်၍ အတော်ပင် စိတ်ချလက်ချ ရှိလှပေသည်။
၎င်းတို့အားလုံးမှာ ကုမိသားစုမှ ဂရုတစိုက် ပြုစုပျိုးထောင်ထားခဲ့သော ထူးချွန်ထက်မြက်သူများ ဖြစ်ကြသဖြင့်.. ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် သစ္စာရှိမှုအပိုင်းမှာမူ မည်သည့်မေးခွန်းထုတ်စရာမျှ ရှိမနေခဲ့ချေ။
ထိုလူစုမှာ သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြပြီးနောက်.. မိမိတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက် ထွက်ခွာသွားခဲ့ကြတော့သည်။
ကုချန်သည်လည်း ဗီလာအိမ်ကြီးအတွင်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်ရောက်လာခဲ့တော့၏။