အခန်း (၃) - ခေါင်မိုးပေါ်က ခြိမ်းခြောက်မှု... စနစ်ကို ပြန်လည်နှိပ်ကွပ်ခြင်း
ကုချန် တစ်ယောက် အစည်းအဝေးခန်းမကနေ ထွက်လာပြီးနောက် အောက်ထပ်ကို ချက်ချင်း ဆင်းမသွားခဲ့ဘူး။
သူက ဓာတ်လှေကားရဲ့ အပေါ်ဆုံးထပ် ခလုတ်ကို နှိပ်လိုက်ပြီး... တရိပ်ရိပ် တက်နေတဲ့ နံပါတ်တွေကို နက်ရှိုင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
"ဒေါင်"
ဓာတ်လှေကားတံခါး ပွင့်သွားတာနဲ့ သူက အဆောက်အအုံရဲ့ ခေါင်မိုးဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့တယ်။
လေပြင်းတစ်ချက် ဝှေ့တိုက်သွားတာကြောင့် သူ့ရဲ့ ဝတ်စုံအင်္ကျီက တဖျတ်ဖျတ်နဲ့ အသံမြည်သွားခဲ့သည်။
ကုချန်က ခေါင်မိုးရဲ့ အစွန်းနားအထိ လျှောက်သွားပြီး... သူ့ရဲ့ ခြေတံရှည်ကြီးတွေနဲ့ လှမ်းကျော်ကာ ဝရန်တာ သံလမ်းတန်းပေါ်မှာ တည့်တည့်ကြီး ခွထိုင်လိုက်တယ်။
လေက သူ့ရဲ့ ဆံပင်တွေကို ဖွဖွလေး တိုက်ခတ်သွားတာကြောင့် လူက ကြည့်ရတာ ‘လောကဓံကို အလူးအလဲ ခံထားရတဲ့’ ပုံစံမျိုး ပေါက်နေတယ်။
"စနစ်... ဒီနေ့ ခေါင်မိုးပေါ်က လေက တော်တော်လေး ဆူညံတယ်နော်"
စနစ်က သူ့ကို ဒီလို ဇာတ်ကွက် အကျပ်အတည်း အချိန်ကြီးမှ ဆွဲခေါ်လာပြီး ဘာမှလည်း အလကားမပေးဘူးဆိုတော့... ကုချန်က အလွယ်တကူ အလှည့်စားခံမယ့်လူ မဟုတ်ဘူးလေ။
တကယ်တော့ ခေါင်မိုးအောက်မှာ ဝရန်တာ ပလက်ဖောင်းတစ်ခု ရှိနေတာမို့လို့ သူကိုယ်တိုင် တမင်သက်သက် ခုန်ချတာကလွဲရင် မတော်တဆ ပြုတ်ကျဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
သူ ဒီမှာ ထိုင်နေတာက စနစ်ကို အကျပ်ကိုင်ပြီး ဖိအားပေးဖို့သက်သက်ပဲ။
【 အိမ်ရှင် မင်း ဘာလုပ်မလို့လဲ စောစောကတင် မိသားစုကို သုံးပြီး မင်းသမီး သုံးယောက်ကို ရှင်းခိုင်းဖို့ ပြင်နေတာ မဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး ဘဝကို စိတ်ကုန်ပြီး အလွန်အကျွံတွေ ဖြစ်နေရတာလဲ 】
စနစ်ရဲ့ အသံက သူ့ခေါင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး... အသံထဲမှာ ပျာယာခတ်ခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေ အပြည့် ပါဝင်နေတယ်။
【 ပြီးတော့ အိမ်ရှင်... မင်းရဲ့ မိသားစုအာဏာက ဒီလောက်ကြီးတာကို... ဟို နတ်သမားတော် (မင်းသား) က ဘာမို့လို့လဲ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး】
"ငါ့မိသားစုက အလွယ်တကူ ရှင်းနိုင်တယ်ဆိုတာ ငါလည်း သိတာပေါ့။ ဒါပေမဲ့ အဲဒါရဲ့ ရလဒ်က ဘာလဲဆိုတာ မင်းသိလား" ကုချန်ရဲ့ လေသံက ဝမ်းနည်းပူဆွေးမှုတွေ ပါဝင်နေသလိုပဲ။
"အဲဒါရဲ့ ရလဒ်က... ငါက ကုမိသားစုဆီ ပြန်သွားပြီး ပိုက်ဆံပဲ ထိုင်သုံးရမယ့် ချမ်းသာတဲ့ သခင်လေး ဘဝကိုပဲ ပြန်ရောက်သွားမှာ… ကိုယ့်ကုမ္ပဏီကိုတောင် ကိုယ်တိုင် စီမံခန့်ခွဲခွင့် မရှိတော့ဘဲ လွတ်လပ်ခွင့်တွေ ချုပ်ချယ်ခံရလိမ့်မယ်… အဲလို ဘဝမျိုးက ဘယ်လောက်တောင် နာကျင်ဖို့ကောင်းလဲ မင်းသိလား"
{မင်းပြောတာ မင်း ပြန်ကြားရဲ့လား ဒါ လူပြောမယ့် စကားလားဟ}
ဒါပေမဲ့ စနစ်ကတော့ စိတ်ထဲကပဲ တွေးရဲပြီး အပြင်ကို ထုတ်မပြောရဲရှာဘူး။
【 အိမ်ရှင်... တကယ်တော့... တကယ်တော့ မိသားစုက အဲလောက်အထိ ရက်စက်မှာ မဟုတ်ပါဘူး】
စနစ်က သတိကြီးစွာနဲ့ ဖျောင်းဖျလာတယ် ...
【 မင်းရဲ့ အရည်အချင်းကို သက်သေပြပြီး မိသားစုကို မင်းရဲ့ တန်ဖိုး မြင်အောင် ပြလိုက်လို့ ရတာပဲ... 】
"အလုပ်ရှုပ်တယ်..." ကုချန်က စနစ်ရဲ့ စကားကို ဖြတ်ပြောလိုက်တယ်။
"ဒီလိုလုပ်... ငါပဲ ခုန်ချလိုက်တော့မယ်... မင်းပဲ အိမ်ရှင်အသစ် ထပ်ရှာလိုက်တော့"
ဒါ ဘယ်ဖြစ်မလဲ အခု အိမ်ရှင်က စနစ်ရဲ့ ကိုယ်ပိုင် ဗီလိန်အမှတ်တွေကို သုံးပြီး ဆင့်ခေါ်ထားရတာ။
အကယ်၍ ဒီအိမ်ရှင် သေသွားရင် စနစ်မှာ နောက်တစ်ယောက်ကို ဆင့်ခေါ်ဖို့ အမှတ်တွေ ရှိတော့မှာ မဟုတ်ဘူး။
နောက်တစ်ယောက်ကို ဆင့်ခေါ်လို့ မရရင် ဗီလိန်အမှတ်တွေ ထပ်ရမှာ မဟုတ်တော့ဘဲ လုံးဝ လမ်းပိတ်သွားမှာ ဖြစ်တယ်။
စနစ်လည်း အကြပ်ရိုက်သွားပြီး နောက်ဆုံးတော့ သူ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကိုပဲ ထုတ်ပေးလိုက်ရတော့တယ်။
【 မလုပ်ပါနဲ့... မလုပ်ပါနဲ့... မလုပ်ပါနဲ့ ခဏစောင့်ပါ အိမ်ရှင်အတွက် လူသစ်လက်ဆောင် ကို အောင်မြင်စွာ ထုတ်ပေးလိုက်ပါပြီ 】
ရွှေရောင်အလင်းတန်းတစ်ခု ကုချန်ရဲ့ ဦးနှောက်ထဲမှာ ပေါက်ကွဲသွားခဲ့တယ်…
【 ဂုဏ်ယူပါသည် အိမ်ရှင်... ‘ကံကြမ္မာ ကင်းလွတ်ခွင့်’ အစွမ်းကို ရရှိပါသည် 】
【 အိမ်ရှင်အနေဖြင့် ‘ကံကြမ္မာရဲ့ မင်းသမီး’ တစ်ယောက်ယောက်နှင့် ထိတွေ့မိပါက... သူမအပေါ် လွှမ်းမိုးထားသော ‘မင်းသားအရှိန်အဝါ’ ကို ထာဝရ ဖယ်ရှားပစ်နိုင်မည် ဖြစ်သည် 】
ကုချန်က မျက်ခုံးတစ်ချက် ပင့်လိုက်တယ် "ဒါပဲလား ဟိုကောင်က တိုက်ခိုက်ရေးမှာ ထိပ်သီးအဆင့်ရှိတဲ့ နတ်သမားတော်ကြီးလေ…ငါ့ရဲ့ ဒီအစွမ်းအသေးလေးက သူ့သွားကြားညှပ်ဖို့တောင် မလောက်ဘူး"
【 ဒေါင် ဂုဏ်ယူပါသည် အိမ်ရှင်... ခွန်အား မြှင့်တင်မှုကို ရရှိပါသည်… ခွန်အား +၁၀ 】
စနစ်ရဲ့ အသံကို ကြားလိုက်ရတော့ ကုချန်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးမိလုနီးပါး ဖြစ်သွားခဲ့တယ်။
ဒါပေမဲ့ သူက ချက်ချင်းပဲ စိတ်ကို ပြန်ထိန်းလိုက်ပြီး စောစောက စိတ်လှုပ်ရှားမှုတွေ မရှိခဲ့ဖူးတဲ့အတိုင်း အေးစက်စက် မျက်နှာပေးကို ချက်ချင်း ပြန်ပြောင်းလိုက်တယ်။
သူ လှည့်လိုက်ပြီး ဝရန်တာ သံလမ်းပေါ်ကနေ သွက်လက်စွာ ခုန်ချလိုက်တယ်... ခြေလှမ်းတွေက တည်ငြိမ်နေပြီး ဝတ်စုံပေါ်က ဖုန်မှုန့်တွေကို ခါချလိုက်သည်။
သို့သော်လည်း... သူ့ရဲ့ လက်ရှိ အရည်အချင်းတွေကို စစ်ဆေးဖို့ စနစ်ပြကွက်ကို ဖွင့်လိုက်ချိန်မှာတော့... ဗီလိန်အမှတ် ကွက်လပ်ကို ကြည့်ပြီး သူ့အကြည့်တွေ အေးခဲသွားခဲ့ရတယ်။
အဲဒီနေရာမှာ ရှိနေတာက…
【 ဗီလိန်အမှတ် : -၂,၅၀၀ 】
ကုချန်ရဲ့ နှုတ်ခမ်းတွေ တဆက်ဆက် တုန်သွားပြီး... တစ်ကိုယ်လုံးက ဗီဒီယိုကို နောက်ပြန်ရစ်လိုက်သလိုမျိုး ဝရန်တာ လက်ရန်းပေါ်ကို ပြန်သွားထိုင်လိုက်တယ်။
ဟက်... တကယ်ကြီး အကြွေးနဲ့ ပေးတာကိုး…ဒီစနစ်က တကယ့်ကို အတွက်အချက် ကျလွန်းတယ်။
【 အိမ်... အိမ်ရှင် အခုကော ဘာဖြစ်လို့လဲ 】
"ဘယ်သူ့ရဲ့လူသစ် လက်ဆောင်က ဗီလိန်အမှတ်ကို အနှုတ်ပြလို့လဲ ဒီလိုမျိုးဆိုရင် ငါက ကံကြမ္မာရဲ့ သားတော်ကို သွားပြီး နှိပ်ကွပ်ဖို့ ဘာတွန်းအားမှ ရှိတော့မှာ မဟုတ်ဘူး"
"ထားလိုက်ပါတော့... ငါပဲ ခုန်ချလိုက်တော့မယ်"
【 မလုပ်ပါနဲ့... မလုပ်ပါနဲ့... မလုပ်ပါနဲ့ 】
【 အိမ်ရှင် မျက်စိမှားတာ နေမှာပါ ဗီလိန်အမှတ်က ဘယ်လိုလုပ် အနှုတ်ပြမှာလဲ ဒါက ပြကွက်စနစ် ခဏလောက် မှားသွားတာ ဖြစ်ရမယ် 】
စနစ်က ပြောရင်းနဲ့ သူ့အသံထဲမှာ တကယ့်ကို ရင်ကွဲမတတ် ခံစားချက်မျိုး ပါဝင်နေရှာတယ်။
ဒါကို ကြားပြီးနောက် ကုချန်က မျက်မှောင်အနည်းငယ်ကုတ်ပြီး သူ့ရဲ့ ပြကွက်ကို ထပ်ကြည့်လိုက်တယ်။ သေချာတာပေါ့... ဗီလိန်အမှတ် နေရာမှာ 【 ၀ 】 လို့ ပြန်ပြောင်းသွားခဲ့ပြီ။
"ဪ... အဲလိုလား..." သူက နားလည်သွားသလို ခေါင်းညိတ်လိုက်ပြီး…
"ငါကပဲ မျက်စိမှားပြီး စနစ်ကို အထင်မှားသွားတာကိုး"
စနစ်က သက်ပြင်းချနိုင်သွားတယ်…
【 အိမ်ရှင် နားလည်ပေးနိုင်တာ ဝမ်းသာပါတယ်... 】
ဒါကို ကြားပြီးနောက် သူက လက်ရန်းပေါ်ကနေ ဒုတိယအကြိမ် ပြန်ခုန်ချလိုက်ပြီး ခေါင်းမိုးကနေ ထွက်ခွာဖို့ ပြင်လိုက်တယ်။
"ဒါပေမဲ့..."
သူက ခြေလှမ်းတွေကို ရုတ်တရက် ရပ်တန့်လိုက်တယ် "စနစ်က လေးရေ အခြားအရာတစ်ခုခု ထပ်မပေးချင်ဘူးလား ဥပမာ... ဗီလိန်အမှတ် တစ်ထောင်... နှစ်ထောင်လောက် ကြိုထုတ်ပေးတာမျိုး"
【 အိမ်ရှင်…… 】
စနစ်ရဲ့ အသံက တကယ်ကြီး ငိုသံ ပါလာခဲ့ပြီ။
【 စနစ်မှာ တကယ့်ကို ပိုလျှံတဲ့ ဗီလိန်အမှတ် မရှိတော့လို့ပါ (╥﹏╥) 】
အနက်ရောင် ဇိမ်ခံကားကြီးက ခမ်းနားထည်ဝါလှတဲ့ ဗီလာအိမ်ကြီးရဲ့ အရှေ့မှာ ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့ပြီး... ကုချန်က ကားနောက်ခန်းကနေ လှမ်းထွက်ခဲ့လိုက်တယ်။
သူ့အနောက်မှာ ကားတံခါး ညင်သာစွာ ပိတ်သွားပြီးနောက်... ဒရိုင်ဘာရဲ့ ထိန်းချုပ်မှုအောက်မှာ ဇိမ်ခံကားကြီးက ဗီလာရဲ့ မြေအောက်ကားပါကင်ထဲကို ဖြည်းဖြည်းချင်း မောင်းဝင်သွားခဲ့သည်။
ကုချန်က ဗီလာရှေ့မှာ ရပ်ရင်း ရှေ့က ခမ်းနားတဲ့ အဆောက်အအုံကြီးကို ဝေ့ကြည့်လိုက်မိတယ်။
‘ဒီလောက်ကြီးတဲ့ ဗီလာမျိုးကို ငါ တကယ် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ’ ကုချန် စိတ်ထဲကနေ ကျေနပ်စွာ တွေးလိုက်ရင်း နှုတ်ခမ်းထောင့်မှာ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့တယ်။
သူ ဗီလာထဲကို လှမ်းဝင်လိုက်တော့ ခြေလှမ်းအောက်က ကျောက်ခင်းလမ်းလေးကနေ တရှပ်ရှပ် အသံလေး ထွက်ပေါ်နေတယ်။
လေးလံလှပြီး ပန်းပုထုဆစ်ထားတဲ့ သစ်သားတံခါးကြီးကို တွန်းဖွင့်လိုက်ချိန်မှာတော့... နံ့သာဖြူနံ့ သင်းသင်းလေးက သူ့ဆီကို လွင့်ပျံလာခဲ့ပြီး သူ့ရဲ့ ရောက်ရှိလာမှုကို ကြိုဆိုနေသလိုပဲ။
သို့သော်လည်း သူ ဗီလာထဲကို ခြေလှမ်းလှမ်းလိုက်တာနဲ့ တပြိုင်နက် သွယ်လျတဲ့ ပုံရိပ်လေးတစ်ခုက သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။
"သခင်လေး... ပြန်ရောက်ပြီလား ရှင့်"
အသံလေးက နူးညံ့ပြီး လေးစားမှုတွေ ပြည့်နှက်နေတာကြောင့် နွေဦးလေပြေလေးက မျက်နှာကို လာပြီး ပွတ်သပ်သွားသလို ခံစားရစေတယ်။
ကုချန် မော့ကြည့်လိုက်တော့ အနက်နဲ့ အဖြူရောင်စပ် အိမ်ဖော်ဝတ်စုံ ကို ဝတ်ဆင်ထားတဲ့ မိန်းကလေးငယ်တစ်ဦးက သူ့ရှေ့မှာ အနည်းငယ် ဦးညွှတ်ပြီး ရပ်နေတာကို တွေ့လိုက်ရတယ်။
သူမရဲ့ မျက်နှာလေးက သေးငယ်ချစ်စရာကောင်းပြီး ရုပ်ရည်က ပန်းချီကားတစ်ချပ်လို လှပလွန်းလှတယ်။
ဒူးအထက်အထိ ရှည်လျားတဲ့ ခြေအိတ်ဖြူလေးတွေက သူမရဲ့ သွယ်လျဖြောင့်စင်းတဲ့ ခြေသလုံးလေးတွေကို ပုံဖော်ပေးထားပြီး... ဂါဝန်အနားသတ်လေးက သူမရဲ့ လှုပ်ရှားမှုနဲ့အတူ လှပစွာ လှိုင်းထနေခဲ့သည်။
ကျောက်စိမ်းလို ဝင်းပနေတဲ့ ခြေဖဝါးလေးတွေကို ပိုးသားဖြူဖြူလေးနဲ့ ပတ်တီးစည်းထားသလို ထုပ်ပိုးထားပြီး... ထိုပိုးသားအောက်ကနေ ပန်းရောင်သန်းနေတဲ့ ခြေချောင်းလေးတွေကို မြင်တွေ့နေရတာကြောင့် ပိုပြီး ညှို့ဓာတ်ပြင်းကာ ရင်ခုန်စရာ ကောင်းနေခဲ့တယ်။
အကယ်၍ အခြေအနေကသာ မသင့်တော်ဘူးဆိုရင် ကုချန် တစ်ယောက် တကယ်ကြီး အော်ပြောမိမှာ
‘ငါ... အူဇူမာကီ နာရူတိုရဲ့ ညီ... အူဇူမာကီ ပါးစပ်ဟပြီး... သူမကို ငါ့ပါးစပ်ထဲ အကုန် ထည့်ပစ်ချင်တယ်’
【 အမည် - ပိုင်ဝမ်ရု 】
【 အဆင့်အတန်း - ဇာတ်ပို့အမျိုးသမီး 】
【 နှစ်သက်မှု - +၇၀ 】
ပိုင်ဝမ်ရု ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကုချန်က ဒီဇာတ်ကောင်ကို ချက်ချင်း မှတ်မိသွားခဲ့တယ်။
ပိုင်ဝမ်ရု ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်က ကုချန် တစ်ယောက် ဟိုင်ချန်မြို့မှာ ကောက်ရခဲ့တဲ့ အိမ်ခြေမဲ့ မိန်းကလေးငယ်လေး ဖြစ်တယ်။
သူမကို ဇာတ်ပို့အမျိုးသမီးလို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့... မူရင်းဇာတ်ကွက်မှာ မင်းသား ယဲ့ချန်း ကလည်း သူမအပေါ် စိတ်ဝင်စားမှုကို ပြသခဲ့ဖူးပေမဲ့... ကုချန်ရဲ့ သုံးနှစ်တာ ပြုစုစောင့်ရှောက်မှုကြောင့် ပိုင်ဝမ်ရုရဲ့ နှလုံးသားက ကုချန် တစ်ယောက်တည်း ဆီမှာပဲ အမြဲ ရှိနေခဲ့လို့ပါ။
မူလ ကုချန်က သူမကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးဆိုရင်တောင်... ကုချန် တစ်ယောက် ဘဝပျက်သွားခဲ့ချိန်မှာ ပိုင်ဝမ်ရု ကတော့ သူ့အနားမှာ သစ္စာရှိရှိ ဆက်လက် တည်ရှိပေးခဲ့သူ ဖြစ်တယ်။
ပြီးတော့ ကုချန် ပျောက်ကွယ်သွားပြီးနောက်မှာ ပိုင်ဝမ်ရုရဲ့ ဇာတ်ကွက်ကလည်း ချက်ချင်း ရပ်တန့်သွားခဲ့ရတာ။
သူ အမှတ်မမှားဘူးဆိုရင် ဒီကာလအတွင်းမှာ စူးချင်းလန်တို့နဲ့ ပဋိပက္ခဖြစ်လို့ ဒေါသထွက်နေတဲ့ မူလ ကုချန်က ပိုင်ဝမ်ရု ကိုတောင် လက်ပါခဲ့သေးတယ်။
ဒါကို တွေးမိတော့ ကုချန် တစ်ယောက် ဒေါသထွက်သွားပြီး မူလအိမ်ရှင်ကို ရိုက်ပစ်ချင်စိတ်တောင် ပေါက်သွားခဲ့တယ်။
သူ့ရှေ့က မိန်းကလေးက ရုပ်ရည်ပိုင်းမှာ ရှန်ကျီဝေ နဲ့ ရင်ဘောင်တန်းနိုင်ရုံတင်မကဘဲ အချို့သော အစိတ်အပိုင်းတွေမှာဆိုရင် ပိုလို့တောင် သာပါသေးတယ်။
ဒီလောက် လှပတဲ့ အိမ်ဖော်မလေးကို အိမ်မှာ အလကားရထားတာတောင်... မူလဗီလိန်က သူမကို ပစ်ထားပြီး သူ့ကို လုံးဝ ဂရုမစိုက်တဲ့ ရှန်ကျီဝေ နောက်ကိုပဲ တစ်နေ့ကုန် လိုက်နေခဲ့တာ... ဒါက တကယ့်ကို ဘုရားပေးတဲ့ ရတနာကို ဖြုန်းတီးပစ်တာပဲ။
"အင်း... ငါ ပြန်ရောက်ပြီ ဝမ်ရု"
ကုချန်ရဲ့ လေသံက နူးညံ့နေပြီး နှုတ်ခမ်းမှာလည်း အပြုံးဖျော့ဖျော့လေး ချိတ်ဆွဲထားခဲ့တယ်။
ပိုင်ဝမ်ရု တစ်ယောက် အံ့ဩပြီး ကြောင်အသွားခဲ့ရတယ်။
ဒီကာလအတွင်းမှာ သခင်လေးက အမြဲတမ်း မျက်နှာပျက်ပြီး ဒေါသတကြီး အိမ်ပြန်လာတတ်တာကြောင့်... သူမအနေနဲ့ တစ်ခုခု မှားသွားရင် အဆူခံရမှာ ကြောက်လို့ အမြဲတမ်း သတိကြီးစွာနဲ့ ပြုစုလုပ်ကိုင်ပေးခဲ့ရတာလေ။
သူမက ကျွမ်းကျင်စွာနဲ့ ကုချန် ချွတ်ပေးလိုက်တဲ့ ဝတ်စုံအင်္ကျီကို လှမ်းယူပြီး အင်္ကျီချိတ်မှာ သေသေသပ်သပ် ချိတ်ပေးလိုက်တယ်။
ပြီးနောက် သူမက ဒူးထောက်ထိုင်ချလိုက်ပြီး ကုချန်ရဲ့ သားရေဖိနပ်ကို ညင်သာစွာ ချွတ်ပေးကာ သက်တောင့်သက်သာရှိမယ့် အိမ်စီးဖိနပ်ကို လဲလှယ်စီးပေးခဲ့သည်။
ကုချန်က သူမရဲ့ လှုပ်ရှားမှုတွေကို ငုံ့ကြည့်ရင်း... သူမရဲ့ မျက်လုံးထောင့်နားမှာ ကျန်ရှိနေသေးတဲ့ ညိုမည်းဒဏ်ရာကို မျက်စိထဲ မြင်လိုက်ရတယ်။
အဲဒီဒဏ်ရာက သူမရဲ့ ဖြူစင်ဝင်းပတဲ့ အရေပြားပေါ်မှာ အထူးသဖြင့် ထင်ရှားနေပြီး... ပါးပြင်ပေါ်က ခပ်ဖျော့ဖျော့ လက်ဝါးရာကလည်း တော်တော်လေး မှေးမှိန်သွားပြီဆိုပေမဲ့ အမာရွတ်ကတော့ ထင်ထင်ရှားရှား ရှိနေသေးတာပဲ။
"ဟူး..."
ကုချန်ရဲ့ နှုတ်ခမ်းကနေ သက်ပြင်းခပ်ဖွဖွတစ်ချက် ထွက်ပေါ်သွားခဲ့တယ်။
ဒါကို ကြားလိုက်ရတဲ့ ပိုင်ဝမ်ရု တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရပြီး ခေါင်းကို ချက်ချင်း ငုံ့ချလိုက်မိတယ်…
"တောင်းပန်ပါတယ် သခင်လေး... ဝမ်ရု တစ်ခုခု အမှား လုပ်မိလို့လား" ဆိုရင်း အသံလေးက တိမ်၀င်သွားသည်။