အခန်း (၂၉) တိန့်တောက်ယု ၏ ထူးဆန်းသော စရိုက်လက္ခဏာ နိုးထလာခြင်း
ယွမ်၀မ့်ရှုသည် မိန်းကလေးများနှင့်အတူ နေ့စဉ်လူမှုဘဝ အကြောင်းအရာများကို ရင်းရင်းနှီးနှီး ပြောဆိုခဲ့ကြသလို.. ကုချန်၏ နေ့စဉ်နေထိုင်မှု ပုံစံများကိုလည်း မေးမြန်းသိရှိသွားခဲ့သည်။
အမျိုးသမီးငါးဦးစလုံးသည် ညစာစားချိန်အထိ တောက်လျှောက် စကားလက်ဆုံ ကျနေခဲ့ကြပြီး..
ကုချန်မှာမူ ဘေးနားတွင် မတတ်နိုင်ဘဲ ထိုင်လျက် သူ၏ ဖုန်းမျက်နှာပြင်ကိုသာ လက်မဖြင့် ပွတ်ဆွဲနေခဲ့တော့၏။
သူ၏ အကြည့်များမှာ ဖန်သားပြင်ထက်၌သာ ရှိနေသော်လည်း.. စိတ်ဝိညာဉ်မှာမူ ဝေးကွာလှသော နေရာတစ်ခုဆီသို့ ရောက်ရှိနေခဲ့ကာ တိန့်ရှို့ကျဲ နှင့် ဝမ်လိရွှမ်း တို့ကို မည်သို့ကိုင်တွယ်ရမလဲဟူသော အချက်ကို အသေအချာ စဉ်းစားသုံးသပ်နေခဲ့သည်။
တိန့်ရှို့ကျဲကို ကိုင်တွယ်ရန်မှာမူ အလွန်ပင် လွယ်ကူလှပေသည်...သူ့ကို လူမွဲခံဝန်ချက် အပြည့်အဝ ဖြစ်သွားအောင် ပြုလုပ်လိုက်ရုံပင်။ (ဒေဝါလီခံ)
မိသားစု၏ ကာကွယ်စောင့်ရှောက်မှု မရှိတော့ပါက တိန့်ရှို့ကျဲဆိုသည်မှာ မည်သည့်အရာမျှ မဟုတ်တော့ချေ။
၎င်းနှင့် နှိုင်းယှဉ်ပါက ဝမ်လိရွှမ်းကဲ့သို့သော စနစ်ပိုင်ရှင် ဇာတ်လိုက်များမှာမူ ပိုမို၍ လက်ပေါက်ကတ်လှပေသည်။
ကုချန်၏ သတ်မှတ်ချက်အရ: စနစ်ပိုင်ရှင် ဇာတ်လိုက် > သိုင်းပညာရှင် ဇာတ်လိုက် > သူဌေးသား ဇာတ်လိုက် ဟူ၍ ဖြစ်၏။
စနစ်ကိုယ်နှိုက်ကပင် သဘာဝလွန် ဖြစ်တည်မှုတစ်ခု ဖြစ်သဖြင့် ၎င်းစနစ်က အိမ်ရှင် အပေါ် မည်မျှအထိ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည်ကို ကုချန်အနေဖြင့် အပြည့်အဝ ခန့်မှန်းနိုင်ခြင်း မရှိချေ။
သို့သော်လည်း တစ်ဖက်လူ၏ ကံတရားတန်ဖိုးကို အားနည်းသွားအောင် ပြုလုပ်ရန်မှာမူ ဖြစ်နိုင်ခြေ ရှိနေဆဲပင် ဖြစ်ရာ.. ဝမ်လိရွှမ်း၏ ဇာတ်ကြောင်းတွင် အမျိုးသမီးဇာတ်လိုက် သုံးဦးအထိ ပါဝင်နေခဲ့သည်။
ကျောက်ယွင်ယန် အပြင်.. အန်ယွီမုန် နှင့် ကျန့်ရှောင်ယင် တို့လည်း ရှိနေသေးပြီး ၎င်းတို့နှစ်ဦးစလုံးမှာ သနားစရာကောင်းလှသော နောက်ခံသမိုင်းကြောင်းကိုယ်စီ ရှိကြသူများ ဖြစ်၏။
အန်ယွီမုန်သည် ယာဉ်မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ရုံမျှမက.. ၎င်းမတော်တဆမှုကြောင့်ပင် သူမ၏ မျက်စိအမြင်အာရုံကိုပါ ဆုံးရှုံးခဲ့ရရှာသည်။
ကျန့်ရှောင်ယင်မှာမူ ငယ်စဉ်ကတည်းက မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသဖြင့် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ အချို့သောအကြောင်းပြချက်များကြောင့် ဤသည်ကပင် သူမကို လူမှုဆက်ဆံရေး ကြောက်ရွံ့မှုရောဂါ ရှိလာစေရန် တွန်းပို့ခဲ့တော့၏။
ထိုမိန်းကလေးနှစ်ဦးစလုံးသည် ဟိုင်ချန်းတက္ကသိုလ် နှင့် အနီးကပ်ဆုံးရှိသော လူသွားလူလာများပြားရာ လမ်းမထက်တွင် ပန်းဆိုင်လေးတစ်ဆိုင်ကို အတူတကွ ဖွင့်လှစ်ထားခဲ့ကြသည်။
ဝမ်လိရွှမ်းသည် ကျောက်ယွင်ယန်ကို သူ၏ ရင်တွင်းခံစားချက်များ ဖွင့်ဟပြသရန်အတွက် ၎င်းဆိုင်မှ ပန်းများကို မကြာခဏ လာရောက်ဝယ်ယူလေ့ရှိရာမှတစ်ဆင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိလာခဲ့ခြင်း ဖြစ်၏။
ကျောက်ယွင်ယန်နှင့် ပတ်သက်၍မူ ကုချန်အနေဖြင့် ယေဘုယျ ဇာတ်ကွက်ကို ခန့်မှန်းနိုင်ပေသည်။
ဝမ်လိရွှမ်းသည် အကြိမ်တစ်ရာမြောက် ဖွင့်ပြောခြင်းသို့ ရောက်ရှိမလာခဲ့သဖြင့် သူမ စိတ်ပျက်သွားခဲ့ရသလို.. တစ်ဖက်လူက ရုတ်တရက်ကြီး အများကြီး ပြောင်းလဲသွားခဲ့ခြင်းကြောင့် သူမ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့ပေလိမ့်မည်။
သူမ သူ့ကို ပြန်လည်၍ ချစ်ရေးဆိုခဲ့သော်လည်း အငြင်းပယ်ခံခဲ့ရပြီးနောက်.. သူမဘက်ကနေ၍ သူ့နောက်သို့ စတင်လိုက်လံ ပိုးပန်းတော့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဝမ်လိရွှမ်း၏ လှုပ်ရှားမှုများကို အသေအချာ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။
ကုချန် အတွေးကမ္ဘာထဲ နစ်မြောနေစဉ်မှာပင်.. ဖုန်းထဲမှတစ်ဆင့် ယွမ်၀မ့်ရှု၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ရှောင်ချန်... မင်း သူတို့ကို နောက်ခါကျရင် မနိုင်ကျင့်လို့ မရဘူးနော်"
""
ကုချန်၏ စိတ်ထဲတွင် ချက်ချင်းပင် မေးခွန်းထုတ်စရာ အမှတ်အသားများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
သူ မိန်းကလေးလေးဦးကို မော့ကြည့်လိုက်ရာ.. ရှန်းကျီဝေနှင့် ချင်ယုနင်တို့သည် မိမိတို့အတွက် အားကိုးရမည့် ကျောထောက်နောက်ခံ အကြီးကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည့်အလား သူ့ကို မာနထောင်လွှားသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်ကို တွေ့ရှိလိုက်ရတော့၏။
ပိုင်၀မ်ရုနှင့် တိန့်တောက်ယု တို့ကမူ ၎င်းတို့၏ နှုတ်ခမ်းကလေးများကို လက်ဖြင့်ပိတ်ကာ တခိခိ ရယ်မောနေခဲ့ကြပြီး မျက်ဝန်းထဲတွင်လည်း လှည့်စားလိုသည့် အရိပ်အယောင်အချို့ ပါဝင်နေသည်။
‘မင်းတို့တွေ အတောင်ပံ စုံလာကြပြီပေါ့ ဟုတ်လား...’ ကုချန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသော်လည်း.. မျက်နှာထက်တွင်မူ မည်သည့်အမူအရာမျိုးမျှ ပြသခြင်းမရှိဘဲ ပြုံးလျက် ထပ်ဆင့်ဆိုလိုက်သည်။
"မဟုတ်တာပဲ အမေရယ်... ကျွန်တော် သူတို့ကို မနိုင်ကျင့်ပါဘူး… ကျွန်တော် ဒါတွေကို လုပ်ဆောင်နေတာက ကုမိသားစုရဲ့ အနာဂတ်အတွက်ပါနော်"
ကုချန်၏ စကားကို ကြားလိုက်ရသည့်အခါ ယွမ်၀မ့်ရှု၏ လေသံမှာ တည်ကြည်ရာမှ ညင်သာမှုဘက်သို့ ပြောင်းလဲသွားခဲ့ပြီး ပြုံးလျက် ဆိုလိုက်၏။
"ကဲပါ... နေ့လယ်စာ စားရမယ့်အချိန် ရောက်ပြီဆိုတော့ မင်းတို့တွေ သွားစားကြတော့နော်"
ဘေးနားဆီမှနေ၍ ကုယွဲ့၏ အသံလည်း ထပ်မံထွက်ပေါ်လာပြီး ဖြည့်စွက်ပြောကြားလာခဲ့သည်။
"ရှောင်ချန်... မင်း တောင်းဆိုထားတဲ့ လူတွေက မနက်ဖြန်ကျရင် ရောက်လာလိမ့်မယ် ၎င်းအပြင် ဝမ်ရု တို့အဖွဲ့ကို စောင့်ရှောက်ပေးဖို့အတွက် သိုင်းပညာရှင် အကြီးအကဲ လေးဦးကိုပါ ငါ ထပ်ပြီး စေလွှတ်ပေးလိုက်မယ်"
"ဟုတ်ကဲ့ပါ... ဒါဆိုရင် ဖုန်းချလိုက်တော့မယ်နော်"
......
ညဉ့်နက်ပိုင်းအချိန်... မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ ပျက်စီးယိုယွင်းနေသော ကုန်လှောင်ရုံအဟောင်းကြီးတစ်ခုအတွင်း၌.. မှိန်ဖျော့လှသော မီးရောင်ခြည်သည် အကွက်ကွက်ဖြစ်နေသော အရိပ်များကို ထင်ဟပ်စေလျက်ရှိပြီး လေထုအတွင်း၌လည်း စိုစွတ်ကာ မှိုနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။
ကုန်လှောင်ရုံ၏ အလယ်ဗဟိုတွင် မိန်းကလေးတစ်ဦးအား ကုလားထိုင်တစ်ခုနှင့်အတူ တင်းကြပ်စွာ တုတ်နှောင်ထားခဲ့ပြီး..
သူမ၏ ပါးစပ်ကိုလည်း တိပ်ဖြင့် ပိတ်ထားခဲ့ကာ မျက်ဝန်းအစုံအတွင်း၌လည်း ကြောက်ရွံ့မှုများနှင့် စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေခဲ့၏။
သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်နေခဲ့ပြီး နဖူးထက်တွင်လည်း ချွေးစက်ကလေးများ ထွက်ပေါ်နေခဲ့ရာ.. သူမအနေဖြင့် ရုန်းကန်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူမ၏ ဘေးနားတွင်မူ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော သိုင်းပညာရှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မတ်တတ်ရပ်နေခဲ့ကြပြီး..
၎င်းတို့၏ မျက်နှာအမူအရာများမှာ အေးစက်နေခဲ့ကာ အကြည့်များမှာလည်း ဓားကဲ့သို့ ထက်ရှလှပေသည်။
"တောက်... တောက်... တောက်..."
ဆိတ်ငြိမ်လှသော ကုန်လှောင်ရုံကြီးအတွင်း၌ ပြတ်သားလှသော ခြေသံများ မြည်ဟည်းသွားခဲ့ပြီး..
ကုချန်သည် တိန့်တောက်ယု ကို ဦးဆောင်လျက် အထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့တော့သည်။
တိန့်တောက်ယု သည် သူ၏နောက်မှနေ၍ လိုက်ပါလာခဲ့ပြီး.. သူမ၏ အကြည့်များမှာ ကုန်လှောင်ရုံအတွင်းရှိ မြင်ကွင်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင်မူ တုတ်နှောင်ခြင်းခံထားရသော မိန်းကလေးထံ၌ ရပ်တန့်သွားခဲ့၏။
"မာရှောင်ချင်"
တိန့်တောက်ယု ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ရပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားခဲ့ရကာ.. ၎င်းနောက်တွင်မူ ဒေါသအမျက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့တော့သည်။
တုတ်နှောင်ခြင်းခံထားရသော မာရှောင်ချင်သည် တိန့်တောက်ယု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့်အခါ ပိုမို၍ ပြင်းထန်စွာ ရုန်းကန်လာခဲ့တော့၏။
သူမ၏ လည်ချောင်းထဲမှနေ၍ "ဝူး... ဝူး... ဝူး..." ဟူသော အသံများ ထွက်ပေါ်နေခဲ့ပြီး မျက်ဝန်းထဲတွင်လည်း အသနားခံမှုများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။
တိန့်တောက်ယု လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး လက်သည်းများမှာ လက်ဖဝါးပြင်ထဲအထိ နစ်ဝင်လုနီးပါး ဖြစ်နေခဲ့ရ၏။
သူမသည် ယခင်က မာရှောင်ချင်၏ ချိုသာသော စကားလုံးများကို မည်မျှအထိ လွယ်လွယ်ကူကူ ယုံကြည်ခဲ့မိကြောင်းနှင့် သူမကို မိမိ၏ အသက်ဆုံးတိုင် အားကိုးရမည့် သူငယ်ချင်းကောင်းတစ်ဦးအဖြစ် သတ်မှတ်ခဲ့မိပုံများကို ပြန်လည်တွေးတောမိသွားခဲ့သည်။
သို့သော်လည်း သူမ တိန့်မိသားစုမှ နှင်ထုတ်ခြင်းခံခဲ့ရပြီး ဘဝ၏ အနိမ့်ဆုံးအချိန် အပိုင်းအခြားသို့ ကျရောက်သွားခဲ့ရသည့် အချိန်တုန်းကမူ..
မာရှောင်ချင်သည် ကူညီပံ့ပိုးမှုများ ပေးအပ်ရန် ဝေးစွ... လဲနေသူကို ထပ်ဆင့်နင်းသည့်အပြင် သရော်စာစကားများ ဆိုခဲ့ကာ သူမ၏ ဒဏ်ရာကို ဆားပက်ခဲ့သေးသည်။
"ငါ တကယ်ကို အံ့သြစရာကောင်းလောက်အောင် လူအကြီး ဖြစ်ခဲ့တာပဲ..." တိန့်တောက်ယု မိမိဘာသာ တိုးညင်းစွာ ရေရွတ်လိုက်မိပြီး မျက်ဝန်းထဲတွင် နက်ရှိုင်းလှသော နာကျည်းမုန်းတီးမှုများ ပေါ်ပေါက်လာခဲ့၏။
ကုချန် ပေါ်ပေါက်လာခြင်းကြောင့် အနက်ရောင် ဝတ်စုံဝတ် သိုင်းပညာရှင်နှစ်ဦး ချက်ချင်းပင် အရိုအသေပေးကာ ဦးညွှတ်လိုက်ကြသည်။
"သခင်လေး"
ကုချန် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး မာရှောင်ချင်ကို တည်ငြိမ်စွာ တစ်ချက်ကြည့်ရှုလိုက်ကာ ဆိုလိုက်၏။
"ပါးစပ်က တိပ်ကို ခွာလိုက်"
သိုင်းပညာရှင်တစ်ဦး ရှေ့သို့ လှမ်းတက်လိုက်ပြီး မာရှောင်ချင်၏ ပါးစပ်ကို ပိတ်ထားသော တိပ်ကို အလျင်အမြန်ပင် ဆွဲခွာပစ်လိုက်တော့သည်။
"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါဦး ကျွန်မ တကယ်ပဲ မှားမှန်းသိပါပြီ..တောက်ယု... ကျေးဇူးပြုပြီး ကျွန်မအတွက် အသနားခံပေးပါဦးနော်"
မာရှောင်ချင်၏ အသံမှာ ရှိုက်ကြီးတငင် ငိုကြွေးသံများနှင့်အတူ အထစ်ထစ်အငေါ့ငေါ့ဖြင့် ကရုဏာသက်ဖွယ် အသနားခံလာခဲ့တော့၏။
ကုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး သူမ၏ စကားများပြားနေမှုအပေါ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည့်အလား ရှိပေသည်။
ဤသည်ကို မြင်လိုက်ရသောအခါ ဘေးနားတွင် မတ်တတ်ရပ်နေသော သိုင်းပညာရှင်သည် မဆိုင်းမတွဘဲ မာရှောင်ချင်၏ ဝမ်းဗိုက်ဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ တစ်ချက် ထိုးနှက်လိုက်တော့၏။
"အင့်--"
မာရှောင်ချင် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ်မှာ လိပ်ကွေးသွားခဲ့ရကာ မည်သည့်စကားမျှ ထပ်မံ၍ မဆိုနိုင်တော့ချေ။
ကုချန် သူမကို ထပ်မံကြည့်ရှုခြင်း မပြုတော့ဘဲ တိန့်တောက်ယု ရှိရာဘက်သို့ အကြည့်လွှဲလိုက်သည်။
"မင်း သူမကို သိပြီးသားဖြစ်မှာဆိုတော့... ငါ ဘာမှ အများကြီး ပြောမနေတော့ဘူး"
သူ စကားပြောရင်း သူ၏ ညာဘက်လက်ကို လှန်လိုက်ရာ.. လင်းလက်တောက်ပနေသော မြှားမြှောင် တစ်စင်းသည် သူ၏ လက်ဖဝါးပြင်ထက်၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
သူသည် ၎င်းဓားမြှောင်ကို တိန့်တောက်ယု ထံသို့ ကမ်းပေးလိုက်ပြီး လေသံမှာ တည်ငြိမ်ကာ အေးစက်လှပေသည်။
"သူမကို သတ်မလား ဒါမှမဟုတ် လွှတ်ပေးမလားဆိုတာ... ဆုံးဖြတ်ချက်က မင်းရဲ့ လက်ထဲမှာပဲ ရှိတယ်"
ဤအချိန်၌ ကုချန်၏ အရှိန်အဝါမှာ ဗီလာအိမ်ကြီးအတွင်းရှိ ညင်သာကျော့ရှင်းလှသော ပုံစံမျိုးနှင့် လုံးဝ ခြားနားနေခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်ဝန်းအစုံမှာ အေးစက်ထက်ရှနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ဆီမှနေ၍ လူသားတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်လောက်သော မမြင်နိုင်သည့် ဖိအားပေးမှု အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
တိန့်တောက်ယု ယခုကဲ့သို့သော ကုချန်ကို ကြည့်ရင်း သူမ၏ နှလုံးသားတစ်ခုလုံး တုန်ရင်သွားခဲ့ရပြီး ဓားမြှောင်ကို ဆုပ်ကိုင်ထားသော သူမ၏ လက်ကလေးမှာလည်း အနည်းငယ် တုန်ယင်နေခဲ့ရရှာသည်။
သူမ မိမိလက်ထဲရှိ ဓားမြှောင်ကို ငုံ့ကြည့်လိုက်ရာ.. ထက်မြက်လှသော ဓားသွားပြင်ဆီမှ အေးစက်လှသော အလင်းရောင်ခြည်သည် သူမ၏ မျက်ဝန်းအစုံအတွင်း ထင်ဟပ်နေခဲ့သဖြင့် သူမကို အနည်းငယ် တန့်သွားစေခဲ့၏။
သူမအနေဖြင့် ဤရွေးချယ်မှုသည် မာရှောင်ချင်၏ အသက်ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်တစ်ခုတည်းတင်မကဘဲ..
ကုချန်၏ နှလုံးသားအတွင်းရှိ သူမ၏ တည်ရှိမှု အခြေအနေအပေါ်ပါ သက်ရောက်မှုရှိစေလိမ့်မည် ဖြစ်ကြောင်း သိရှိထားပေသည်။
သူမ အချိန်အကြာကြီး စဉ်းစားမနေခဲ့ချေ; သူမ၏ မျက်ဝန်းအစုံအတွင်းရှိ ဝေဝါးမှုများသည် တဖြည်းဖြည်းချင်းပင် ပြတ်သားမှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့တော့သည်။
သူမ ဓားမြှောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး မာရှောင်ချင်ရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားခဲ့တော့၏။
တိန့်တောက်ယု အနားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ မာရှောင်ချင် တစ်ကျော့ပြန် ပျာယာခတ်သွားခဲ့ရပြန်သည်။
သူမ မိမိ၏ ဝမ်းဗိုက်ဆီမှ ပြင်းထန်လှသော နာကျင်မှုဒဏ်ကို အံတုလျက် အက်ကွဲလှသော လေသံဖြင့် အသနားခံလာခဲ့၏။
"တောက်ယု... ကျေးဇူးပြုပြီး.. ကျွန်မကို မသတ်ပါနဲ့ဦး ကျွန်မ တကယ်ပဲ မှားမှန်းသိပါပြီ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါဦးနော်"
"ကျေးဇူးပြုပြီး ကျွန်မအပေါ် ကရုဏာသက်ပါဦး.. လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မတို့ရဲ့ သူငယ်ချင်း သံယောဇဉ်ကို ထောက်ထားရုံလေးတင်ပဲ ဖြစ်ဖြစ်ပါ"
တိန့်တောက်ယု သည် မာရှောင်ချင်၏ ရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး.. သူမ၏ မျက်ဝန်းအစုံအတွင်း၌ မည်သည့်သနားဂရုဏာသက်မှု အရိပ်အယောင်မျှ မရှိဘဲ စိုက်ကြည့်လိုက်သည်။
"သူငယ်ချင်း" သူမ နှာခေါင်းရှုံ့လိုက်ပြီး လေသံတွင် သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
"မင်း ငါ့ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ဖူးလို့လား မင်း ငါ့ရဲ့ ငွေကြေးတွေကိုပဲ မက်မောခဲ့တာ မဟုတ်ဘူးလား" သူမ၏ အသံမှာ နက်ရှိုင်းပြီး အားမာန်ပါဝင်နေခဲ့ကာ မာရှောင်ချင်၏ ဟန်ဆောင်မျက်နှာဖုံးကို တိုက်ရိုက်ပင် ဆွဲခွာပစ်လိုက်တော့သည်။
တစ်ဖက်လူက မိမိ၏ ရင်တွင်းအတွေးများကို တိုက်ရိုက် ဖော်ထုတ်လိုက်သည်ကို ကြားလိုက်ရသည့်အပြင်..
တိန့်တောက်ယု သည်လည်း မိမိ၏အနားသို့ တောက်လျှောက် တိုးကပ်လာနေခဲ့သဖြင့် မာရှောင်ချင်သည် တစ်ခဏအတွင်း အရှက်ကင်းမဲ့စွာဖြင့် ဒေါသတကြီး ဆဲဆိုကျိန်ဆဲလာခဲ့တော့၏။
"ညစ်ပတ်တဲ့ မိန်းမပျက်မ... နင်က ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ နင်ကိုယ်တိုင်ကော ငါ နင့်ဘေးနားမှာ ရှိနေပေးတဲ့ ခံစားချက်ကို သဘောကျနေခဲ့တာ မဟုတ်ဘူးလား"
"နင်သာ ဒီလောက်အထိ အသုံးမကျတဲ့သူ မဟုတ်ခဲ့ရင်... တိန့်မိသားစုက နင့်ကို ဘာဖြစ်လို့ မောင်းထုတ်ရမှာလဲ"
"နင်ကိုယ်တိုင် ဒီလောက်အထိ လူအကြီး ဖြစ်ခဲ့တာကိုပဲ အပြစ်တင်လိုက်စမ်းပါ ငါက ငွေကြေးနောက်ကိုပဲ လိုက်ခဲ့တာ.. ငါ ဘာတွေ မှားယွင်းလို့လဲ"
တိန့်တောက်ယု သည် မိမိ၏ ဇာတိရုပ်အမှန်ကို ထုတ်ဖော်ပြသလာခဲ့သော မာရှောင်ချင်ကို ကြည့်ရင်း.. သူမ၏ နှလုံးသားအတွင်း ကျန်ရှိနေသေးသော နောက်ဆုံး ဝေခွဲမရဖြစ်မှု အရိပ်အယောင်လေးမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ရတော့သည်။
"အင်း... ငါ တကယ်ကိုပဲ လူအကြီး ဖြစ်ခဲ့တာပါ" သူမ စကားပြောရင်း သူမ၏ မျက်နှာထက်တွင် ရက်စက်ယုတ်မာလှသော အပြုံးတစ်ခု ရုတ်တရက် ပွင့်လန်းလာခဲ့ပြီး မျက်ဝန်းအစုံမှာလည်း ရူးသွပ်ကာ အေးစက်သွားခဲ့ရတော့၏။
သူမသည် လက်ထဲရှိ ဓားမြှောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး မဆိုင်းမတွဘဲ မာရှောင်ချင်၏ ခန္ဓာကိုယ်ဆီသို့ ထိုးစိုက်ချလိုက်တော့သည်။
"ဖတ်"
ဓားမြှောင်သည် မာရှောင်ချင်၏ ပခုံးပြင်ဆီသို့ ထိုးစိုက်ဝင်ရောက်သွားခဲ့ပြီး သွေးစက်များ ချက်ချင်းပင် စီးကျလာခဲ့ကာ သူမ၏ အဝတ်အစားများကို နီရဲသွားစေခဲ့၏။
မာရှောင်ချင် စူးရှလှသော အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရင်သွားခဲ့ရရှာသည်။
တိန့်တောက်ယု ရပ်တန့်ခြင်း မရှိခဲ့ချေ; သူမသည် ဓားမြှောင်ကို ပြန်လည်ဆွဲထုတ်လိုက်ပြီး ဆက်တိုက်ပင် လွှဲယမ်းထိုးစိုက်လိုက်တော့၏။
"ဖတ် ဖတ်"
တိန့်တောက်ယု ၏ လှုပ်ရှားမှုများမှာ ပိုမို၍ပင် မြန်ဆန်သွက်လက်လာခဲ့ရကာ.. သူမ၏ ရင်တွင်းရှိ ဒေါသအမျက်များနှင့် နာကျည်းမုန်းတီးမှုများ အားလုံးကို ဖွင့်ထုတ်ပစ်ချင်နေသည့်အလား ရှိပေသည်။
သူမ၏ မျက်ဝန်းအစုံမှာ ရူးသွပ်ကာ အေးစက်နေခဲ့ပြီး နှုတ်ခမ်းထောင့်တွင်လည်း ထူးဆန်းလှသော အပြုံးတစ်ခု စွန်းထင်နေခဲ့ရာ..
သူမအနေဖြင့် ဤကလဲ့စားချေခြင်း အခိုက်အတန့်ကို အလွန်အမင်း သဘောကျနှစ်သက်နေသည့်အလား ရှိနေပေတော့သည်။
ကုချန် ဘေးနားတွင် မတ်တတ်ရပ်လျက် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းအစုံအတွင်း၌ ထူးဆန်းလှသော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့၏။
‘ငါ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲကနေ တကယ့်ကိုပဲ အံ့အားသင့်စရာကောင်းတဲ့ ထူးဆန်းတဲ့ စရိုက်လက္ခဏာ တစ်ခုကို နိုးထစေခဲ့မိပြီ ထင်တယ်...’