အခန်း (၂၈) ချွေးမရတော့ သားကိုမေ့
မိန်းကလေးလေးဦးစလုံးသည် ကုချန်၏အနားတွင် ဝိုင်းအုံကာ သီချင်းတစ်ပုဒ်လောက် ဆိုပြရန် အတင်းအကျပ် ပူဆာအသနားခံနေကြသော်လည်း ကုချန်၏ ပြတ်ပြတ်သားသား ငြင်းပယ်မှုကြောင့် နောက်ဆုံးတွင်မူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြတော့သည်။
၎င်းတို့ကို ပို့ဆောင်ပြီးနောက်တွင်မူ ကုချန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိပြီး ကွန်ပျူတာကို ပိတ်ကာ ဆိုဖာပေါ်သို့ မှီထိုင်လျက် မျက်လုံးများကိုမှိတ်၍ အနားယူလိုက်တော့၏။
ခဏအကြာတွင် သူ မျက်လုံးများ ပြန်လည်ပွင့်လန်းလာခဲ့ပြီး ဖုန်းကိုကောက်ကိုင်ကာ ဖခင်ဖြစ်သူ ကုယွဲ့ ၏ ဖုန်းနံပါတ်ကို နှိပ်၍ ခေါ်ဆိုလိုက်သည်။
"ဟေး အဖေ... ကျွန်တော်တို့အိမ်မှာ ကန်ကျင်း အဆင့် ပညာရှင်တွေ ရှိလားဟင်" ကုချန်က တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
ဖုန်း၏ အခြားတစ်ဖက်ဆီမှနေ၍ ကုယွဲ့၏ အသံမှာ အဆပေါင်းများစွာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"မင်းက ကန်ကျင်းအဆင့် ပညာရှင်တွေကို နေရာတိုင်းမှာ အလွယ်တကူ ရှာတွေ့နိုင်တဲ့ မုန်လာဥတွေ.. မုန်ညင်းထုပ်တွေလို့ ထင်နေတာလား"
လက်ရှိတွင် ကုမိသားစု၌ ကန်ကျင်း အဆင့် ပညာရှင် နှစ်ဆယ်နှင့် တာ့ကန်ကျင်းအဆင့် ပညာရှင် နှစ်ဦး ရှိနေခဲ့ပြီး.. ၎င်းတို့ထဲမှ အများစုမှာ ကုမိသားစု၏ သွေးရင်းအဖွဲ့ဝင်များ ဖြစ်ကြပေသည်။
ထိုသူများသည် တစ်နိုင်ငံလုံး အနှံ့အပြားတွင် ပျံ့နှံ့နေကြပြီး အချို့မှာ နယ်စပ်ဒေသများကို စောင့်ကြပ်နေကြကာ.. အချို့မှာမူ အရေးကြီးသော နယ်မြေဒေသများတွင် တပ်စွဲထားကြသဖြင့် ၎င်းတို့ထဲမှ တစ်ဦးချင်းစီတိုင်းမှာ မိသားစုကြီး၏ တကယ့်ဒေါက်တိုင်ကြီးများ ဖြစ်ကြ၏။
တကယ်လို့သာ ကုချန်အနေဖြင့် တကယ့်အရေးကြီးသော ကိစ္စရပ်တစ်ခုခုနှင့် ကြုံတွေ့ရပါက.. ကုယွဲ့အနေဖြင့် ကန်ကျင်းအဆင့် ပညာရှင်အချို့ သို့မဟုတ် တာ့ကန်ကျင်းအဆင့် ပညာရှင်များကိုပါ ကူညီပံ့ပိုးပေးရန်အတွက် သဘာဝကျစွာ မွမ်းမံစေလွှတ်ပေးနိုင်ပေသည်။
သို့သော်လည်း ကုချန်၏ စကားလုံးများမှာမူ သူ၏ ဘေးနားတွင် အမြဲတမ်း လိုက်ပါစောင့်ရှောက်ပေးမည့် ကန်ကျင်းအဆင့် သက်တော်စောင့်တစ်ဦးကို လိုချင်နေသည့်အလား အဓိပ္ပာယ်သက်ရောက်နေသဖြင့်.. ဤသည်မှာမူ တကယ်ပင် လက်တွေ့မကျလှသော ကိစ္စရပ်တစ်ခု ဖြစ်၏။
"ကောင်းပါပြီ... ဒါဆိုရင် စီးပွားရေးပိုင်းဆိုင်ရာ အထူးကျွမ်းကျင်တဲ့ လူအချို့လောက်ကိုပဲ ပို့ပေးလို့ရမလား အစ်မကျွမ်းရန် တစ်ယောက်တည်းနဲ့ ဒီလောက်များပြားလှတဲ့ ကိစ္စတွေကို အဆင်ပြေပြေ စီမံနိုင်ပါ့မလားလို့ ကျွန်တော် စိုးရိမ်လို့ပါ"
ကုချန် ရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သဖြင့် လိုက်လျောညီထွေဖြစ်အောင် မိမိ၏ တောင်းဆိုချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် ကုကျွမ်းရန်သည် အကြီးစား လုပ်ငန်းစုကြီး နှစ်ခု၏ ကိစ္စရပ်များကို တစ်ပြိုင်နက်တည်း စီမံခန့်ခွဲနေရသဖြင့် သူမသည် တကယ်ကိုပဲ အလွန်အမင်း အလုပ်ရှုပ်နေခဲ့ရရှာသည်။
၎င်းအပြင် နောက်ပိုင်းတွင် တိန့်မိသားစု၏ လုပ်ငန်းများကိုပါ ထပ်မံလွှဲပြောင်းရယူရဦးမည် ဖြစ်ရာ သူမ၏ အလုပ်တာဝန်များမှာ ပိုမို၍ပင် တိုးပွားလာဦးမည် ဖြစ်၏။
"ဘာဖြစ်လို့ ကုမ္ပဏီက လူတွေကို ထပ်ပြီး စေလွှတ်ခိုင်းရပြန်တာလဲ… မင်းပဲ ကုမ္ပဏီကိစ္စတွေမှာ ဝင်ရောက်မပတ်သက်ချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား" ကုယွဲ့၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားခဲ့ပြီး လေသံတွင် စိတ်ပျက်အားလျော့မှုအချို့ ပါဝင်နေသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မင်းက သီချင်းအပုဒ်ရေ အများကြီးရဲ့ မူပိုင်ခွင့်တွေကို ရုတ်တရက် လျှောက်ထားခဲ့သေးတယ်.. အဲဒီသီချင်းတွေအကုန်လုံးက ကိုယ်ပိုင်ဖန်တီးမှုတွေချည်းပဲ…အဲဒီလောက်အထိ အားအင်တွေ ရှိနေရင်... ငါ့အတွက် ချွေးမတစ်ယောက်လောက် ရှာပေးဖို့ မစဉ်းစားနိုင်ဘူးလား"
အမှန်စင်စစ် မူလခန္ဓာကိုယ်ပိုင်ရှင်သည် သိုင်းပညာပိုင်းတွင် မည်သည့်ပါရမီမျှ ရှိမနေခဲ့ဘဲ အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် ဘဝကို ကိုယ်တိုင်ကိုယ်ကျ စတင်ထူထောင်ရန်အတွက် အပြင်လောကသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သူသည် မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်များနှင့် မိသားစု၏ ရန်ပုံငွေအရင်းအမြစ်များကို အသုံးပြုလျက် အံ့အားသင့်စရာကောင်းလှသော စီးပွားရေးပါရမီကို အလျင်အမြန်ပင် ပြသနိုင်ခဲ့၏။
ကုယွဲ့နှင့် ယွမ်၀မ့်ရှု တို့သည် ကနဦးက ဤအချက်အပေါ် အလွန်ပင် ကျေနပ်အားရခဲ့ကြသော်လည်း.. မကြာမီမှာပင် ကုချန်သည် အချစ်ရေးကိစ္စရပ်များ၌ မည်သည့်စိတ်ဝင်စားမှုမျှ ရှိမနေခဲ့ကြောင်း သိရှိသွားခဲ့ကြရသည်။
မိသားစုမှ စီစဉ်ပေးသော ဘလိုင်းဒိတ်များ ဖြစ်စေ သို့မဟုတ် မိမိဘာသာ လာရောက်ပတ်သက်ကြသော အထက်တန်းလွှာ မိန်းကလေးများဖြစ်စေ.. ကုချန်က အားလုံးကို ငြင်းပယ်ခဲ့သည်။
ထို့ကြောင့်ပင် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ရှန်းကျီဝေ၏နောက်သို့ ဇွဲနပဲဖြင့် လိုက်လံပိုးပန်းနေခဲ့စဉ်တုန်းက ကုယွဲ့နှင့် ယွမ်၀မ့်ရှုတို့ နှစ်ဦးစလုံးအနေဖြင့် သူမကို တားဆီးပိတ်ပင်ခြင်း မပြုခဲ့ကြခြင်း ဖြစ်၏။
"ကဲပါ... အဲဒီလောက်အထိ လွန်လွန်ကျူးကျူး မပြောပါနဲ့ဦး…ရှောင်ချန်က ဒါတွေကို အကုန်လုံး နားလည်ပြီးသားပါ" ဖုန်း၏ အခြားတစ်ဖက်ဆီမှနေ၍ ညင်သာသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ.. ၎င်းမှာ ကုချန်၏ မိခင်ဖြစ်သူ ယွမ်၀မ့်ရှုပင် ဖြစ်ကြောင်း သိသာလှပေသည်။
"အား... အား... အား... မိန်းမရေ... ခပ်ဖွဖွလေး လုပ်ပါဦး" ကုယွဲ့၏ အသံမှာ ရုတ်တရက် ပျာယာခတ်သွားခဲ့ရရာ.. ယွမ်၀မ့်ရှုက သူ့အပေါ် တစ်စုံတစ်ရာ လုပ်ဆောင်လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဖုန်း၏ အခြားတစ်ဖက်ဆီမှ ထွက်ပေါ်လာသော ကုယွဲ့၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ ကုချန် မတတ်နိုင်ဘဲ အော်ဟစ်ရယ်မောလိုက်မိတော့၏.. ထို့နောက် သူက မီးလောင်ရာလေပင့်သည့်အနေဖြင့် လှမ်းပြောလိုက်သေးသည်။
"အမေ... အားနည်းနည်း ပိုစိုက်ဖို့ မမေ့နဲ့ဦးနော်…အဖေအိုကြီးက ကန်ကျင်းအဆင့် ပညာရှင်ဆိုတော့ ဒီလောက် ခွန်အားအနည်းငယ်လေးနဲ့တင် သူ့ရဲ့ ကာကွယ်ရေးစွမ်းအားကို ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်.. ဖုန်း၏ အခြားတစ်ဖက်ဆီမှ ထွက်ပေါ်လာသော ကုယွဲ့၏ အော်ဟစ်ညည်းတွားသံကြီးမှာ ပိုမို၍ပင် လက်တွေ့ဆန်သွားခဲ့ရတော့ရာ.. သူ၏ ကာကွယ်ရေးစွမ်းအားများ တကယ်ပင် ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သိသာလှပေသည်။
အခြားနည်းလမ်း မရှိချေ.. ယွမ်၀မ့်ရှုသည်လည်း ကန်ကျင်း အဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကုယွဲ့ထက်ပင် ပိုမို၍ အင်အားတောင့်တင်းလှပေသည်။
"မင်းလို ကောင်စုတ်လေး... နောက်တစ်ခါ အိမ်ပြန်လာတဲ့အခါ ကျရင် ချွေးမတစ်ယောက်ပါ တစ်ပါတည်း ခေါ်မလာနိုင်ခဲ့ရင်.. ငါ မင်းရဲ့ အရေခွံကို အစိမ်းလိုက် ခွာပစ်မယ်" ကုယွဲ့က သွားကြိတ်လျက် ခြိမ်းခြောက်လိုက်ပြီး.. သူ၏ လေသံအတွင်း၌ အရှက်ရမှုများနှင့်အတူ မတတ်နိုင်သည့် အရိပ်အယောင်အချို့ ကိန်းအောင်းနေ၏။
"ရှင်ကများ ရှောင်ချန်ကို ခြိမ်းခြောက်ရဲသေးတယ်ပေါ့ ရှင်ကတော့ အကောင်းအတိုင်း နေချင်ပုံမရဘူး" ယွမ်၀မ့်ရှု၏ အသံ ထပ်မံထွက်ပေါ်လာပြန်ရာ လေသံတွင် ဒေါသအမျက်အချို့ ပါဝင်နေခဲ့သဖြင့် သူမအနေဖြင့် လက်ထဲမှ ခွန်အားကို ပိုမိုစိုက်ထုတ်လိုက်ပြီ ဖြစ်ကြောင်း သိသာလှပေသည်။
ကုချန် ဖုန်း၏ အခြားတစ်ဖက်ဆီမှ ထွက်ပေါ်နေသော အသံများကို နားထောင်ရင်း သူ၏ မျက်နှာထက်မှ အပြုံးမှာ ပိုမို၍ တောက်ပလာခဲ့ရသည်။ သူသည် ဆိုဖာပေါ်သို့ ပျင်းရိစွာဖြင့် မှီချလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်၏။
"အဖေအိုကြီး... အဖေတို့ လိုချင်နေတဲ့ ချွေးမမျိုးက ကျွန်တော့်ရဲ့ ဘေးနားမှာ ရှိမနေဘူးလို့ ဘယ်သူပြောလဲ"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်.. ဖုန်း၏ အခြားတစ်ဖက်မှာ တစ်ခဏအတွင်း ဆိတ်ငြိမ်သွားခဲ့ရတော့သည်။
၎င်းနောက်တွင်မူ ဖုန်းခေါ်ဆိုမှုမှာ ချက်ချင်းပင် ပြတ်တောက်သွားခဲ့ပြီး.. ဗီဒီယိုဖုန်းခေါ်ဆိုမှု တောင်းဆိုချက်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ကုချန် မျက်ခုံးတစ်ဖက်ကို ပင့်မလိုက်မိပြီးနောက် ဖုန်းကို ပေါ့ပေါ့ပါးပါးပင် လက်ခံဖြေကြားလိုက်တော့သည်။
ဖန်သားပြင်ထက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ မျက်နှာနှစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာခဲ့၏။ ထိုအမျိုးသားမှာ သက်လတ်ပိုင်းအရွယ် ရောက်ရှိနေပြီ ဖြစ်သော်လည်း ချောမောခန့်ညားဆဲပင် ဖြစ်ကာ မျက်ခုံးအစုံအကြားတွင်လည်း ခန့်ညားထည်ဝါလှသော အရှိန်အဝါအချို့ ရှိနေခဲ့သည်။
အမျိုးသမီးမှာမူ ညင်သာကျော့ရှင်းလှပြီး အချိန်ကာလသည် သူမ၏ မျက်နှာထက်တွင် မည်သည့်အရိပ်အယောင်မျှ ချန်ထားရစ်ခဲ့ခြင်း မရှိသည့်အလား ရှိနေပေသည်။
"ရှင့် ဘေးဖယ်လိုက်စမ်းပါ"
ယွမ်၀မ့်ရှုက ကုယွဲ့ကို ဘေးဘက်သို့ တွန်းထုတ်လိုက်ပြီး ဖန်သားပြင်၏ နေရာအများစုကို နေရာယူလိုက်တော့၏။ သူမ၏ မျက်ဝန်းအစုံမှာ တောက်ပနေခဲ့ပြီး လေသံအတွင်း၌လည်း လောဆော်မှုများနှင့် မျှော်လင့်တောင့်တမှုအချို့ ကိန်းအောင်းနေသည်။
"ရှောင်ချန်... မင်း ပြောတာ တကယ်ပဲလားဟင်"
"ဒါပေါ့... အမှန်ပဲပေါ့" ကုချန် ပြုံးလျက် ပြန်လည်ဖြေကြားလိုက်ပြီးနောက်.. ခေါင်းမော့ကာ ဧည့်ခန်းအတွင်းရှိ မိန်းကလေးများကို လှမ်းခေါ်လိုက်တော့၏။ "ဝမ်ရု.. ကျိီဝေ.. ယုနင်.. တောက်ယု.. ဒီကို ခဏလောက် လာခဲ့ကြပါဦး"
သူ၏ အသံမှာ မကျယ်လောင်လှသော်လည်း ဧည့်ခန်း၏ ထောင့်စုံတိုင်းဆီသို့ ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့သွားခဲ့ပေသည်။
ကုချန်၏ ခေါ်ဆိုသံကို ကြားလိုက်ရသည့်အခါ မိန်းကလေးလေးဦးစလုံး လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များကို ချထားခဲ့ကြပြီး အနားသို့ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့ကြ၏။
ပိုင်၀မ်ရုက ကုချန်၏ ဘေးနားသို့ ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ကုချန် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဆိုလိုက်၏။
"ဝမ်ရု... ဒီကိုလာပြီး အမေ့ကို နှုတ်ဆက်လိုက်ဦး"
ပိုင်၀မ်ရု ဖန်သားပြင်ထက်မှ ညင်သာကျော့ရှင်းလှသော မျက်နှာကို ကြည့်ကာ ပါးပြင်နှစ်ဖက်မှာ အနည်းငယ် ရဲတက်သွားခဲ့ရပြီး မျက်ဝန်းထဲတွင်လည်း ရှက်ရွံ့မှုအချို့ ဖျတ်ခနဲ ဖြစ်သွားခဲ့ရသည်။
သူမသည် နှုတ်ခမ်းကလေးကို ဖိကိုင်လိုက်မိပြီး ချိုမြိန်သော အပြုံးတစ်ခုနှင့်အတူ တိုးညင်းစွာ ခေါ်ဆိုလိုက်၏။
"အမေ..."
ထို "အမေ" ဟူသော စကားလုံးတစ်လုံးတည်းဖြင့်ပင် ယွမ်၀မ့်ရှု၏ မျက်နှာထက်တွင် ချက်ချင်းပင် အပြုံးများ ပွင့်လန်းသွားခဲ့ရတော့ပြီး မျက်ဝန်းများထဲတွင်လည်း ချစ်ခြင်းမေတ္တာများနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်သွားခဲ့ရသည်။
"ငါကော... ငါ့ကိုကော ဘယ်လိုခေါ်မှာလဲ" ဘေးနားဆီမှနေ၍ ကုယွဲ့၏ အသံ ထွက်ပေါ်လာခဲ့ရာ လေသံက အနည်းငယ် လောဆော်နေသည့်အလား ရှိနေပေသည်။
သူသည် ဖန်သားပြင်ထက်သို့ အတင်းအကျပ် တိုးဝင်လာခဲ့ပြီး မျက်နှာထက်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့ရာ သူ၏ ပုံမှန်တည်ငြိမ်ကျနမှုများ လုံးဝ ပျောက်ကွယ်နေတော့၏။
ပိုင်၀မ်ရု့ မဆိုင်းမတွဘဲ တိုးညင်းစွာ ထပ်မံခေါ်ဆိုလိုက်သည်။
"အဖေ..."
"ကောင်းတယ်.. ကောင်းတယ်.. အရမ်းကောင်းတယ်.. ဟားဟားဟား" ကုယွဲ့ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်တော့ရာ သူ၏ လေသံမှာ ကျယ်လောင်ပြီး မြူးထူးနေခဲ့ကာ သူ၏ ရေရှည်မျှော်လင့်ချက်ကြီး နောက်ဆုံးတွင်မူ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည့်အလား ရှိနေပေသည်။
ပိုင်၀မ်ရု့ နှုတ်ဆက်ပြီးသွားခဲ့ပြီးနောက်.. ကုချန်သည် ရှန်းကျီဝေနှင့် ချင်ယုနင်တို့ကိုလည်း အလှည့်ကျ မိတ်ဆက်ပေးလိုက်သည်။ ထိုမိန်းကလေးနှစ်ဦးစလုံးမှာ ကွဲပြားခြားနားလှသော စရိုက်ကိုယ်စီ ရှိကြသော်လည်း.. ယခုအချိန်တွင်မူ အလွန်ပင် ယဉ်ကျေးကျနစွာ ပြုမူနေကြပြီး မျက်နှာထက်တွင် အပြုံးများဖြင့် နှုတ်ဆက်လိုက်ကြ၏။
"အဖေ... အမေ..."
ဤမျှအထိ များပြားလှသော မိန်းကလေးများက မိမိတို့ကို ရင်းနှီးချစ်ခင်စွာ ခေါ်ဆိုလိုက်ကြသည်ကို ကြားရသည့်အခါ.. ဇနီးမောင်နှံအိုကြီးနှစ်ဦး၏ မျက်နှာထက်မှ အပြုံးများမှာ ပိုမို၍ပင် တောက်ပလာခဲ့ရတော့သည်။
တိန့်တောက်ယု၏ အလှည့်သို့ ရောက်ရှိလာသည့် အခါတွင်မူ.. သူမ၏ နားရွက်ကလေးများမှာ အနည်းငယ် ရဲတက်နေခဲ့ရပြီး သူမအနေဖြင့် အနည်းငယ် ပြာယာခတ်နေခဲ့မှန်း သိသာလှပေသည်။
သူမသည် ဖန်သားပြင်ထက်မှ လူကြီးနှစ်ဦးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကုချန်ကို ထပ်မံကြည့်ရှုလိုက်ကာ ခဏတာ စဉ်းစားသုံးသပ်ပြီးသည့်နောက်တွင်မူ တိုးညင်းစွာ ဆိုလိုက်၏။
"မင်္ဂလာပါ... ဦးလေးနဲ့ အန်တီ"
ဤသည်ကို မြင်လိုက်ရသောအခါ ယွမ်၀မ့်ရှု မည်သည့်မကျေနပ်သည့် အမူအရာမျိုးကိုမျှ ပြသခြင်း မရှိခဲ့ချေ။
၎င်းအစား သူမသည် ညင်သာစွာ ပြုံးပြလိုက်ပြီး လေသံတွင်လည်း ခွင့်လွှတ်နားလည်မှုများ ပြည့်နှက်နေ၏။
"ရပါတယ်ကွယ်... အလျင်စလို မလုပ်ပါနဲ့.. နောက်မှပဲ အေးအေးဆေးဆေး ခေါ်လည်း ရပါတယ်နော်"
ကုချန် ဘေးနားတွင် ထိုင်လျက် ဤမြင်ကွင်းကို ကြည့်ရှုရင်း နှုတ်ခမ်းထောင့်များတွင် ခပ်ဖွဖွ အပြုံးတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း သူ စကားမပြောရသေးခင်မှာပင် ယွမ်၀မ့်ရှုက ရုတ်တရက် လှမ်းပြောလိုက်၏။
"ဟေး... ရှောင်ချန်.. မင်းက လမ်းကို ပိတ်နေတာပဲ…ဘေးနားကို နည်းနည်းလောက် ဖယ်ပေးလို့ရမလား"
ကုချန်၏ နှုတ်ခမ်းထောင့်မှ အပြုံးများမှာ ချက်ချင်းပင် ခဲအောင်းသွားခဲ့ရတော့ပြီး နဖူးထက်တွင်လည်း အမည်းစက်လိုင်းအချို့ ထွက်ပေါ်လာခဲ့ရသည်။
တကယ်ပဲလား…အခုပဲ ကျွန်တော့်ကို စတင်ပြီး အဖက်မလုပ်တော့တာလား…ကျွန်တော်တို့တွေ ကိုယ်တိုင်ကိုယ်ကျတောင် မဆုံတွေ့ရသေးဘူးလေ။
သို့သော်လည်း သူ ဘာမှ အများကြီး ပြောမနေခဲ့ဘဲ မတတ်နိုင်သည့်အလား မချိပြုံးပြုံးလိုက်မိပြီးနောက် ဘေးနားသို့ ဖယ်ပေးလိုက်ကာ ကင်မရာကို ထိုမိန်းကလေးလေးဦးထံသို့သာ လုံးဝ လွှဲပြောင်းပေးလိုက်တော့၏။
ကုယွဲ့သည် တိန့်တောက်ယုကို ကြည့်ကာ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
"တောက်ယု.. တိန့်မိသားစုရဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးလေး သိရှိပြီးပါပြီ…စိတ်မပူပါနဲ့... ကုမိသားစုအနေနဲ့ မင်းကို ကူညီပြီးတော့ ကလဲ့စားချေပေးမှာ သေချာပါတယ်"
ဤသည်ကို ကြားလိုက်ရသည့်အခါ တိန့်တောက်ယု ၏ မျက်ဝန်းအစုံအတွင်း၌ ကျေးဇူးတင်ရှိမှုများ ဖျတ်ခနဲ လင်းလက်သွားခဲ့ရပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်တော့၏။
"ကျေးဇူးတင်ပါတယ် ဦးလေး"