အခန်း (၂၇) ချင်ယုနင်လည်း ရွှေ့ပြောင်းနေထိုင်လာခဲ့ပြီ
"ဟို... သူဌေး ကု... ရှင်နဲ့ ဝမ်လိရွှမ်းနဲ့က တစ်စုံတစ်ရာ... ပဋိပက္ခ ရှိနေလို့လားဟင်"
ရွှီမုန်ရွှမ်းသည် ကုချန် စိုက်ကြည့်နေခဲ့သော ဦးတည်ရာဘက်သို့ လိုက်လံကြည့်ရှုရင်း သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
သူမ၏ လက်ကလေးအား ကုချန်က ဆုပ်ကိုင်ထားဆဲပင် ဖြစ်ရာ.. သူ၏ လက်ဖဝါးပြင်ဆီမှ နွေးထွေးမှုကြောင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့ရပြီး ပါးပြင်နှစ်ဖက်လည်း အနည်းငယ် ရဲတက်နေခဲ့၏။
ရွှီမုန်ရွှမ်း၏ အသံကို ကြားလိုက်ရမှသာ ကုချန်သည် မိမိအနေဖြင့် သူမ၏ လက်ကို ကိုင်ထားဆဲဖြစ်ကြောင်း သတိရသွားခဲ့တော့သည်။
"အင်း... နည်းနည်းပါးပါး ရှိတာပေါ့"
သူမ၏ လက်ကို လွှတ်ပေးလိုက်ပြီးနောက်.. သူသည် သူမကို ပြုံးပြကာ ဆက်ပြောလိုက်၏။
"ငါ မုန်ရွှမ်းနဲ့ သွားရမယ့် ကိစ္စကိုတောင် မေ့တော့မလို့…သွားကြရအောင်"
ရွှီမုန်ရွှမ်းသည် လွတ်လပ်သွားခဲ့ပြီဖြစ်သော သူမ၏ လက်ကလေးကို ကြည့်ကာ မျက်နှာထက်တွင် အထီးကျန်ရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။
သို့သော်လည်း ကုချန်က သူမကို "မုန်ရွှမ်း" ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် ပြန်လည်ပြုံးရွှင်သွားခဲ့တော့၏။
"အင်း"
ကျောင်းကို ပတ်ကြည့်ခဲ့သည်…
……
ကုချန် အိမ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဧည့်ခန်းအတွင်း၌ ထပ်တိုးရောက်ရှိနေသော ခရီးဆောင်သေတ္တာ နှစ်လုံးကို တွေ့ရှိလိုက်ရသည်။
ဧည့်ခန်းအတွင်း၌ မည်သူမျှ ရှိမနေခဲ့ချေ။ ကုချန် အခြေအနေကို မေးမြန်းရန်အတွက် အပေါ်ထပ်သို့ တက်လှမ်းရန် ပြုလုပ်လိုက်စဉ်မှာပင် လှေကားထစ်များဆီမှ ဖွဖွလေး လျှောက်လှမ်းလာသော ခြေသံအချို့ကို ကြားလိုက်ရ၏။
သူ ခေါင်းမော့ကြည့်လိုက်ရာ ပိုင်၀မ်ရု့.. ရှန်းကျီဝေနှင့် ချင်ယုနင်တို့ သုံးဦး ဒုတိယထပ်မှနေ၍ ဆင်းသက်လာကြသည်ကို မြင်တွေ့လိုက်ရတော့သည်။ မိန်းကလေးများသည် ကုချန် ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ လှေကားထစ်များအတိုင်း အလျင်အမြန် ဆင်းလာခဲ့ကြ၏။
"သခင်လေး... ပြန်ရောက်ပြီလား"
ပိုင်၀မ်ရု့က ကုချန်၏ အနားသို့ ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်သည်။ သူမသည် ကုချန်၏ အကြည့်က ခရီးဆောင်သေတ္တာများထက်သို့ ကျရောက်နေသည်ကို သတိပြုမိသွားခဲ့သဖြင့် တိုးညင်းသော လေသံဖြင့် ရှင်းပြလာခဲ့၏။
"ကျိီဝေနဲ့ ယုနင်တို့ ဒီနေ့မွန်းလွဲပိုင်းက အိမ်ပြန်ကြပြီး အဝတ်အစား ခရီးဆောင်သေတ္တာအချို့ကို သယ်လာကြတာပါ"
ရှန်းကျီဝေနှင့် ချင်ယုနင်တို့သည် ပိုင်၀မ်ရု၏ စကားကို ကြားပြီးနောက် ကုချန်က ငြင်းပယ်လိုက်မည်ကို စိုးရိမ်နေကြသည့်အလား သူ့ကို လှမ်းကြည့်လိုက်ကြသည်။
၎င်းတို့နှစ်ဦးစလုံး ဘေးနားတွင် မတ်တတ်ရပ်နေခဲ့ကြပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ရာ ကုချန်အနေဖြင့် ဤကိစ္စအပေါ် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်၏။
သို့သော်လည်း ကုချန်သည် မည်သည့်မကျေနပ်သည့် အမူအရာမျိုးကိုမျှ ပြသခြင်း မရှိခဲ့သည့်အပြင်.. ၎င်းအစား ညင်သာသော အပြုံးတစ်ခုကိုသာ ဖော်ပြလိုက်သည်။
"နောက်ခါကျရင် ယန်ရွှမ်းတို့အဖွဲ့ကိုပဲ ကူညီခိုင်းလိုက်လေ.. ကိုယ်တိုင် သယ်နေရတာ မပင်ပန်းဘူးလား"
သူ စကားပြောရင်း ခရီးဆောင်သေတ္တာ တစ်လုံးစီကို လက်တစ်ဖက်စီဖြင့် မြှောက်မလိုက်ကာ ဒုတိယထပ်ရှိရာဘက်သို့ ပေါ့ပါးသွက်လက်စွာဖြင့် သယ်ဆောင်တက်လှမ်းသွားခဲ့တော့၏။
ဤသည်ကို မြင်လိုက်ရသောအခါ မိန်းကလေးများသည်လည်း နောက်မှနေ၍ အလျင်အမြန် လိုက်ပါသွားကြတော့သည်။
ကုချန်သည် ရှန်းကျီဝေ၏ ခရီးဆောင်သေတ္တာကို အရင်ဆုံး ပို့ဆောင်ပေးလိုက်ပြီးနောက်.. ချင်ယုနင်၏ အခန်းရှိရာဘက်သို့ ဦးတည်လိုက်၏။
အခန်းထဲသို့ ဝင်ရောက်လိုက်သည့်အခါ အခန်းတွင်း၌ စုပုံနေသော ခရီးဆောင်သေတ္တာ သုံးလုံးကို မြင်တွေ့လိုက်ရသည်။
သူသည် ချင်ယုနင်ရှိရာဘက်သို့ အကြည့်လွှဲလိုက်ပြီး..
"မစ္စချင်... မင်း ချင်မိသားစုကြီးကိုပါ ဒီကို ရွှေ့လာခဲ့တာလား"
ချင်ယုနင်က ခါးထောက်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ချေပလာခဲ့သည်။
"မဟုတ်တာပဲ မိန်းကလေးတွေမှာ သုံးစွဲစရာ ပစ္စည်းတွေ အများကြီး ရှိတတ်တာကို ရှင်မသိဘူးလား"
သူမ စကားပြောရင်း ခရီးဆောင်သေတ္တာများကို လှမ်းဖွင့်လိုက်၏။ လျှံထွက်လုနီးပါး ဖြစ်နေသော အဝတ်အစားများအပြင်.. ၎င်းအတွင်း၌ အမျိုးမျိုးသော မိတ်ကပ်ပစ္စည်းများ.. အရေပြားထိန်းသိမ်းမှု ထုတ်ကုန်များ.. ရတနာသေတ္တာများနှင့် စာအုပ်အချို့အပြင် အိုးသေးသေးလေးဖြင့် စိုက်ပျိုးထားသော အပင်ငယ်လေးတစ်ပင်ပင် ပါဝင်နေသေးသည်။
သူမသည် အခန်း၏ ထက်ဝက်ခန့်ကို ရှင်းလင်းစီစဉ်ပြီးနေပြီ ဖြစ်ကာ ကုတင်ထက်တွင်လည်း အဝတ်အစားများ အထပ်လိုက် ရှိနေခဲ့၏။
မှန်တင်ခုံပေါ်တွင်လည်း ပုလင်းများနှင့် ဘူးခွံများဖြင့် ပြည့်နှက်နေခဲ့ရာ တစ်ခုလုံးသော အခန်းကြီးမှာ ကုန်တိုက်အသေးစားလေးတစ်ခုနှင့်ပင် တူညီနေတော့သည်။
ကုချန် ဤမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရ၏။ တစ်စုံတစ်ခုကို တွေးမိသွားခဲ့သဖြင့် သူ မေးမြန်းလိုက်သည်။
"မင်းရဲ့ မိဘတွေနဲ့ အဘိုးချင်ကကော သဘောတူကြလို့လား"
ချင်ယုနင် နှုတ်ခမ်းဆူလိုက်ပြီး လေသံတွင် မကျေမနပ်ဖြစ်မှုအချို့ ပါဝင်နေသည်။
"သူတို့က ကျွန်မကို ဒီကို အမြန်ဆုံး ရွှေ့စေချင်နေကြတာ"
ချင်ယုနင်၏ မိဘများနှင့် အဘိုးချင်တို့သည် သူမကို အမြဲတမ်း အလိုလိုက်ခဲ့ကြသူများ ဖြစ်ရာ.. ယခုကဲ့သို့ အိမ်ပြင်ပသို့ ရွှေ့ပြောင်းနေထိုင်မည့် ကိစ္စကို အဘယ်ကြောင့် ဤမျှလွယ်ကူစွာ သဘောတူခဲ့ကြသနည်း။
ချင်ယုနင်သည် ယခင်က အေးစက်ခက်ထန်လေ့ရှိပြီး အခြားသော အမျိုးသားများနှင့် ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးလှသူ ဖြစ်သည်။
သူမသည် မိမိကို လာရောက်နှောင့်ယှက်သော အမျိုးသားများကိုပင် မကြာခဏ တိုက်ခိုက်လေ့ရှိပြီး.. တစ်ခါတစ်ရံတွင်မူ အပျော်အပါး လိုက်စားတတ်သော အမျိုးသားများကို အဓိကထား၍ ပစ်မှတ်ထား နှိမ်နင်းလေ့ရှိ၏။
အချိန်ကြာလာသည်နှင့်အမျှ သူမသည် မိန်းကလေးအချင်းချင်းသာ သဘောကျနှစ်သက်သည်ဟူသော ကောလာဟလများပင် ထွက်ပေါ်လာခဲ့ရသည်။
သို့သော်လည်း ယခုအခါတွင်မူ ကုချန်သည် ချင်ယုနင်နှင့် လက်ရှိတွင် အနီးကပ်ဆုံး ရှိနေသော တစ်ဦးတည်းသော အမျိုးသား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
၎င်းအပြင် ချင်မိသားစုအနေဖြင့် ကုချန်သည် မြို့တော်ရှိ ကုမိသားစု၏ တရားဝင်အမွေဆက်ခံသူ ဖြစ်ကြောင်း သိရှိသွားကြသည့်အခါတွင်မူ.. ၎င်းတို့သည် ချင်ယုနင်ကို သူ၏ ကုတင်ထက်သို့ တိုက်ရိုက်ပင် ပို့ဆောင်ပေးချင်နေကြတော့သည်။
မိမိ၏ မိဘများက မိမိကို အိမ်ပြင်ပသို့ တွန်းပို့ရန် ဤမျှအထိ စိတ်အားထက်သန်နေခဲ့ကြပုံကို တွေးမိသည့်အခါ ချင်ယုနင် စိတ်ထဲမှ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိတော့၏။
သမီးမိန်းကလေး ဆိုသည်မှာ ကြီးပြင်းလာသည့်အခါ အိမ်တွင် အမြဲတမ်း ထိန်းသိမ်းထား၍မရသော သစ်ပင်တစ်ပင်ကဲ့သို့ပင် ဖြစ်ချေတော့သည်။
......
"ဟေး... သခင်လေး.. ဟို သီချင်းအပုဒ်ရေ ရာနဲ့ချီတဲ့ မူပိုင်ခွင့်တွေအကုန်လုံး အတည်ပြုချက် ရသွားပြီနော်…ကျွန်မ သခင်လေးရဲ့ ဖုန်းထဲကို ပို့ပေးထားတယ်.. အချိန်ရရင် ကြည့်လိုက်ပါဦး"
ဖုန်း၏ အခြားတစ်ဖက်ဆီမှနေ၍ ကုကျွမ်းရန်၏ အသံ ထွက်ပေါ်လာခဲ့ရာ.. သူမ၏ လေသံအတွင်း၌ လုပ်ငန်းကျွမ်းကျင်မှုများနှင့် အရိုအသေပေးမှုများ ကိန်းအောင်းနေ၏။
ကုချန် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး.. ကွန်ပျူတာကို ပေါ့ပေါ့ပါးပါးပင် ဖွင့်လှစ်ကာ သူမ ပို့ဆောင်ပေးထားသော ဖိုင်တွဲကို ဖွင့်ကြည့်လိုက်သည်။
ထိုစာရွက်စာတမ်းအတွင်း၌ သီချင်းအပုဒ်ရေ ရာပေါင်းများစွာ၏ မူပိုင်ခွင့်အမည်များဖြင့် ပြည့်နှက်နေခဲ့ပြီး.. ၎င်းသီချင်း တစ်ပုဒ်ချင်းစီမှာ ကုချန်၏ ယခင်ဘဝက အလွန်အမင်း ရေပန်းစားခဲ့သော လက်ရာမွန် သီချင်းကြီးများ ဖြစ်ကြပေသည်။
သူသည် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ (ဇာတ်လိုက်) များကို ရှာဖွေရန်အတွက်သာ အာရုံစိုက်နေခဲ့သဖြင့်.. မိမိအနေဖြင့် ဦးစွာပထမ လှုပ်ရှားမှု ပြုလုပ်နိုင်သည်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်၏။
ဤအချက်ကို သတိပြုမိသွားခဲ့သည့် အချိန်တုန်းက.. သူသည် စနစ်အား မိမိ၏ မူလကမ္ဘာမှ ပစ္စည်းအချို့ကို ယူဆောင်လာ၍ ရ.. မရ ချက်ချင်း မေးမြန်းခဲ့သည်။
မိမိ၏ စနစ်သည် များသောအားဖြင့် အနည်းငယ် အသုံးမဝင်လှသော်လည်း.. ယခုအကြိမ်တွင်မူ တကယ်ပဲ အသုံးတည့်ခဲ့ကာ သီချင်းအပုဒ်ရေ ရာပေါင်းများစွာ၏ စာသားများနှင့် တေးသွားနုတ်စ် များကို တစ်ပါတည်း ကူးယူပေးခဲ့ခြင်း ဖြစ်၏။
၎င်းအပြင် လက်ရှိတွင် စနစ်မှာ အနားယူချိန် အတွင်း ရောက်ရှိနေခဲ့ပြီး.. အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ အခြားသော သီချင်းများနှင့် ရုပ်ရှင်များကိုပါ ထပ်မံကူးယူနိုင်မည် ဖြစ်သည်။
"ဒါဆိုရင်လည်း မင်းက အသုံးဝင်သေးတာပဲ"
【 ဒါပေါ့ ╭(╯^╰)╮ 】
စနစ်၏ အသံက သူ၏ စိတ်ထဲတွင် မြည်ဟည်းသွားခဲ့ပြီး.. ၎င်း၏ လေသံမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့ရာ မိမိ၏ အကျိုးဆောင်မှုအတွက် ဆုလာဘ် တောင်းခံနေသည့်အလား ရှိနေပေသည်။
ကုချန် စနစ်၏ ကြွားဝါမှုများကို လျစ်လျူရှုလိုက်ပြီး စာရွက်စာတမ်းများကိုသာ ဆက်လက်ဖတ်ရှုနေခဲ့၏။ အတိအကျပင် ထိုအချိန်၌ ကုကျွမ်းရန်၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
"ဒါနဲ့ သခင်လေး... ဒီသီချင်းတွေကို ကုမိသားစုကပဲ တိုက်ရိုက်ထိန်းချုပ်ထားတဲ့ ' ကောင်းကင် အန်တာတိန်းမန့်' ဆီကို လွှဲပြောင်းပေးလိုက်ရမလား…”
“ကျွန်မ သီချင်းအချို့ရဲ့ စာသားတွေနဲ့ တေးသွားတွေကို ကြည့်ပြီးပြီ.. တကယ်လို့သာ ထုတ်လွှင့်လိုက်ရင် အကြီးအကျယ်ကိုပဲ ဟိုးလေးတကျော် ဖြစ်သွားပြီး ဝင်ငွေတွေအများကြီး သယ်ဆောင်လာပေးမှာ သေချာပါတယ်"
ကုချန်အနေဖြင့် ဤသီချင်းများ၏ တန်ဖိုးကို အသေအချာ သိရှိထားပေသည်။
သီချင်းတစ်ပုဒ်ချင်းစီတိုင်းမှာ ဈေးကွက်အတွင်း အောင်မြင်မှု ရရှိထားပြီးသား လက်ရာများ ဖြစ်ကြသဖြင့်..
မည်သည့်သီချင်းတစ်ပုဒ်မဆို ဂီတလောကအတွင်း၌ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေနိုင်စွမ်း ရှိ၏။
သို့သော်လည်း ယခုအခါတွင်မူ သူသည် ငွေကြေးပြတ်လပ်နေသူ မဟုတ်သဖြင့်.. ဤသီချင်းများက သူ့အတွက် ပိုမိုကြီးမားသော နေရာတွင် အသုံးဝင်ပေလိမ့်မည်။
ဤသီချင်းအပုဒ်ရေ ရာပေါင်းများစွာမှာ သူ အသေအချာ ပြင်ဆင်ထားခဲ့သော ထောင်ချောက်တစ်ခုပင် ဖြစ်သည်။
စနစ်နိုးထလာကြမည့် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ (ဇာတ်လိုက်) များထဲမှ မည်သူမဆို ဤသီချင်းများထဲမှ တစ်ပုဒ်ပုဒ်ကို ထုတ်ယူအသုံးပြုမိပြီး ၎င်းသီချင်း ပေါက်သွားခဲ့သည်နှင့် တစ်ပြိုင်နက်.. သူသည် လူလွှတ်၍ မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုနိုင်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ၎င်းတို့၏ ကံတရားတန်ဖိုးများ ကျဆင်းသွားမည့်အပြင် မိမိအတွက် ဗီလိန်တန်ဖိုးများ တိုးတက်လာမည် ဖြစ်ကာ..
တစ်ဖက်လူ၏ အချိန်နှင့် စွမ်းအင်များကိုပါ ဖြုန်းတီးပစ်နိုင်မည်ဖြစ်သဖြင့် ကုချန်အနေဖြင့် တန်ပြန်အစီအစဉ်များ စဉ်းစားရန်အတွက် အချိန်ပိုမို ရရှိလာနိုင်မည် ဖြစ်သည်။
"အစ်ကိုကုချန်... ဘာတွေ ကြည့်နေတာလဲ"
ရှန်းကျီဝေသည် ခြေဖျားလေးထောက်လျက် ကုချန်၏ ဘေးနားသို့ တိုးကပ်လာခဲ့ပြီး တိုးညင်းစွာ မေးမြန်းလိုက်သည်။
ကုချန်နှင့် ပိုမို၍ ရင်းနှီးလာခဲ့ပြီးနောက်ပိုင်းတွင်မူ.. ရှန်းကျီဝေသည် သူ့အား ခေါ်ဆိုသည့် အသုံးအနှုန်းကို သဘာဝကျစွာပင် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
ကုချန် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ဘဲ.. သူ၏ အကြည့်များမှာ ကွန်ပျူတာ ဖန်သားပြင်ထက်၌သာ ရှိနေဆဲဖြစ်ကာ လေသံက တည်ငြိမ်လှသည်။
"အစ်မကျွမ်းရန်က သီချင်းအချို့ရဲ့ မူပိုင်ခွင့် စာရွက်စာတမ်းတွေကို အခုတင်ပဲ စီစဉ်ပြီးသွားလို့ပါ"
သူ စကားပြောရင်း ရှန်းကျီဝေကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ ရှန်းကျီဝေကလည်း ရုန်းကန်ခြင်း မရှိခဲ့ဘဲ စတင်စူးစမ်းလိုစိတ်များဖြင့် အနားသို့ ပိုမိုတိုးကပ်လာခဲ့ရာ..
သူမ၏ အကြည့်များ ဖန်သားပြင်ထက်သို့ ကျရောက်သွားသည့်အခါ သူမ တစ်ခါမျှ မမြင်တွေ့ဖူးသေးသော သီချင်းအမည်များ အရှည်ကြီးကို တွေ့ရှိလိုက်ရတော့သည်။
"ကျွန်မ ဒီသီချင်းတွေထဲက တစ်ပုဒ်မှ မကြားဖူးသေးဘူး ထင်တယ်"
"ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တင်ပြထားတာမို့လို့ပါ"
ကုချန်အနေဖြင့် ၎င်းသီချင်းများကို မိမိကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခြင်း မရှိခဲ့သလို.. တစ်ဖက်လူက ထိုသို့ နားလည်လွဲသွားခဲ့လျှင်လည်း လိုက်လံပြင်ဆင်ပေးရန်အတွက် အချိန်ဖြုန်းမနေခဲ့ချေ။
"အော်... ဒါဆို အစ်ကိုကုချန်က သီချင်းတွေပါ ရေးတတ်တာပေါ့"
ရှန်းကျီဝေ၏ လေသံအတွင်း၌ အံ့အားသင့်မှုများ သိသာစွာ ပါဝင်နေခဲ့ပြီး.. သူမ၏ အသံပမာဏမှာလည်း သတိမထားမိဘဲ အနည်းငယ် ကျယ်လောင်သွားခဲ့ရသည်။
သူမ၏ အသံကြောင့် ဘေးနားရှိ တိန့် တောက်ယု.. ချင်ယုနင်နှင့် ပိုင်၀မ်ရုတို့ သုံးဦး၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်လိုက်မိတော့၏။
၎င်းတို့ သုံးဦးစလုံး ဘေးနားသို့ စုရုံးရောက်ရှိလာကြပြီး မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကြတော့သည်။
ချင်ယုနင်ကမူ ပိုမို၍ ပွင့်လင်းပြတ်သားလှရာ.. သူမ၏ မျက်တောင်လေးများ ခတ်လိုက်ပြီး လေသံတွင် မျှော်လင့်တောင့်တမှုအချို့ ပါဝင်နေ၏။
"အစ်ကိုကုချန်... ကျွန်မတို့ကို သီချင်းတစ်ပုဒ်လောက် ဆိုပြပါလားဟင်"
ဤသည်ကို ကြားလိုက်ရသည့်အခါ ကုချန် ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်တော့သည်။
သူသည် မိမိ၏ သီဆိုနိုင်စွမ်း အခြေအနေကို မိမိကိုယ်တိုင် အကောင်းဆုံး သိရှိနားလည်ထားသူ ဖြစ်၏။
တကယ်လို့သာ ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာပြီး သူ ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လျှင်ပင်.. သူသည် အနည်းဆုံးတော့ အသံလှိုင်းဖြင့် တိုက်ခိုက်တတ်သော ဧကရာဇ်အဆင့်ရှိ "အော်ဟစ်သူ ဇွန်ဘီ" တစ်ကောင် ဖြစ်လာပေလိမ့်မည်။
သူ၏ အော်ဟစ်သံ တစ်ချက်တည်းဖြင့်ပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဆွဲဆုတ်ပစ်နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း သီချင်းသီဆိုခြင်းက အမျိုးသမီးဇာတ်လိုက်များ၏ နှစ်သက်မှုကို အမြောက်အမြား ရရှိနိုင်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားရင်း..
ကုချန် စနစ်အား စိတ်ထဲမှနေ၍ မတတ်နိုင်ဘဲ မေးမြန်းလိုက်မိသည်။
"မင်း ငါ့ကို သီချင်းဆိုနိုင်စွမ်း စွမ်းရည် တစ်ခုလောက် တိုက်ရိုက် ပေးလို့မရဘူးလား"
【 မရပါဘူးနော် မြောင်... အဲဒီလိုလုပ်ရင် ဗီလိန်တန်ဖိုးတွေ ကုန်ဆုံးမှာ ဖြစ်ပါတယ် 】
"ဒါဆိုရင်တော့ ထားလိုက်တော့"