အခန်း (၂၅) ရိုးရိုးရှင်းရှင်းပဲလား
ကျောင်းအာဏာပိုင် လူကြီးမင်းများ ထွက်ခွာသွားပြီးနောက်.. ကုချန်၏ အကြည့်များက မလှမ်းမကမ်းတွင် ရှိနေသော မိန်းကလေးတစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။
သူမသည် ခရမ်းနုရောင် ဂါဝန်ရှည်တစ်စုံကို ဆင်မြန်းထားပြီး ၎င်း၏ အနားသတ်များက သူမ၏ ခြေကျင်းဝတ်အထိ ကျနစွာ ဝဲကျနေ၏။
ခပ်ပါးပါး မိတ်ကပ်လိမ်းခြယ်ထားမှုနှင့်အတူ လှပစွာ ပုံဖော်ထားသော မျက်ခုံး.. မျက်ဝန်းများကြောင့် သူမသည် တစ်ချိန်တည်းမှာပင် လှပကျော့ရှင်းပြီး ပျိုမြစ်နုနယ်သော အသွင်ကို ဆောင်နေသည်။
သူမက ယနေ့အခမ်းအနား၏ အစီအစဉ်တင်ဆက်သူ များထဲမှ တစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
ဒါကလည်း ကုချန်၏ တောင်းဆိုချက်ကြောင့် ဖြစ်၏။
【 အမည် - ရွှီမုန်ရွှမ်း 】
မွေးရာပါ အဆင့်အတန်း - ဟိုင်ချန်တက္ကသိုလ်၏ ကျောင်းသူ.. ကံကြမ္မာပါးစပ်ပါ အမျိုးသမီးဇာတ်လိုက်
စွမ်းအား - ၆၅
နှစ်သက်မှု,- ၄၀
ရရှိနိုင်မည့် ဗီလိန်တန်ဖိုး - ၁၀၀၀
ဇာတ်ကောင်ကိုယ်ရေးအကျဉ်း - ဟိုင်ချန်တက္ကသိုလ်၏ ကျောင်းတွင်းအလှမယ်တစ်ဦး ဖြစ်သည်။ သူမသည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာပြီး အိမ်ရှင် (ကုချန်) ထံမှ များပြားလှသော ငွေကြေးထောက်ပံ့မှုများကို ရရှိထားခဲ့သူ ဖြစ်၏။
နှစ်သက်မှု အမှတ် ၄၀ ဆိုသည်မှာ ကုချန် ယခုအချိန်အထိ ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အမြင့်မားဆုံးသော ကနဦးနှစ်သက်မှု အမှတ်ပင် ဖြစ်သည်။
ရွှီမုန်ရွှမ်းသည် ကုချန်၏ အကြည့်ကို သတိပြုမိသွားကာ ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦး၏ အကြည့်ချင်း ဆုံစည်းသွားခဲ့ကြ၏။
သူမ၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားခဲ့ပြီးနောက် ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူမသည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ အရိုအသေပေးလိုက်၏။ သူမ၏ လှုပ်ရှားမှုများမှာ ကျော့ရှင်းတည်ငြိမ်လှပြီး သူမ၏ ကျေးဇူးတင်ရှိမှုကို တိတ်တဆိတ် ဖော်ပြနေသည့်အလား ရှိနေပေသည်။
ကုချန်ကလည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
ထို့နောက် သူသည် အခန်းမကြီးအတွင်းသို့ အကြည့်လွှဲလိုက်မိရာ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားရသည်။
သူသည် ကျောင်းအာဏာပိုင်များကို အရာရာအားလုံးအား ရိုးရိုးရှင်းရှင်းသာ ပြုလုပ်ရန် အသေအချာ ပြောကြားထားခဲ့သော်လည်း.. ယခုမြင်ကွင်းမှာမူ ၎င်းတို့အနေဖြင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ရန် ကြိုးစားထားသည့်ပုံစံမျိုး လုံးဝ ဖြစ်မနေချေ။
သူ့တွင် မကောင်းသော အာရုံတစ်ခု ရရှိနေသည်။
အမှန်စင်စစ် သူ ထင်မှတ်ထားသည့်အတိုင်းပင်.. တစ်ခုလုံးသော ခန်းမကြီးအတွင်းရှိ မီးများအားလုံး ရုတ်တရက် မှိတ်သွားခဲ့ပြီး စင်မြင့်ထက်မှ ကြီးမားလှသော ဖန်သားပြင်ကြီး လင်းထိန်လာကာ ဗီဒီယိုတစ်ခုကို စတင်ပြသတော့၏။
ထိုဗီဒီယိုအတွင်း၌ ထျန်းချန်လုပ်ငန်းစုထံမှ လှူဒါန်းမှုများ မရရှိမီနှင့် ရရှိပြီးနောက် ဟိုင်ချန်တက္ကသိုလ်၏ အသုံးအဆောင် ပစ္စည်းကိရိယာများအကြား ကွာခြားချက်များကို ဓာတ်ပုံတွဲများဖြင့် တရွေ့ရွေ့ ချပြနေခဲ့ခြင်း ဖြစ်သည်။
ကုချန် ဤမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ မတတ်နိုင်ဘဲ တွန့်ကွေးသွားရ၏။
"သူတို့တွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အချက်အလက်တွေ အကုန်လုံးကို စုစည်းထားတာပဲ..." သူ မိမိဘာသာ စိတ်ထဲမှ တိုးညင်းစွာ ညည်းတွားလိုက်မိသည်။
"ဒါက ရိုးရိုးရှင်းရှင်း လုပ်တာ မဟုတ်ဘူး.. ရှုပ်ထွေးသမျှ အစိတ်အပိုင်းတွေအကုန်လုံးကို အသေအချာ ရွေးချယ်ပြီး ထည့်သွင်းထားတာပဲ"
ဗီဒီယို ပြသမှုပြီးဆုံးသွားသည့်အခါ မီးများ ပြန်လည်လင်းထိန်လာခဲ့သည်။
ရွှီမုန်ရွှမ်းသည် လက်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံးကို ကိုင်ဆောင်လျက် စင်မြင့်ထက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်တက်လှမ်းသွားခဲ့ပြီး သူမ၏ အစီအစဉ်တင်ဆက်မှု တာဝန်များကို စတင်တော့၏။
သူမ၏ လေသံမှာ ရှင်းလင်းပြတ်သားပြီး သာယာနာပျော်ဖွယ် ရှိလှကာ ထျန်းချန်လုပ်ငန်းစု၏ ကူညီပံ့ပိုးမှုများကြောင့် ဟိုင်ချန်တက္ကသိုလ်အတွင်း ပြောင်းလဲတိုးတက်လာခဲ့မှုများကို ချောမွေ့သဘာဝကျစွာဖြင့် ပြောကြားသွားခဲ့သည်။
ကုချန်သည် စင်မြင့်ထက်သို့ တက်ရောက်ကာ စကားပြောရန် လိုအပ်ကြောင်း ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်သွားရ၏။
"ဘာဖြစ်လို့ ငါက စကားပြောရမှာလဲ…ငါတို့တွေ ဓာတ်ပုံတစ်ပုံတွဲရိုက်ပြီးတာနဲ့ အခမ်းအနားကို ရုပ်သိမ်းလိုက်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
သူ မတတ်နိုင်သည့်အလား သက်ပြင်းခပ်ဖွဖွ ချလိုက်မိပြီး မိမိ၏ လုပ်ဆောင်ချက်အပေါ် စိတ်ထဲမှ တိတ်တဆိတ် နောင်တရနေမိတော့သည်။
"ငါ အစ်မကျွမ်းရန်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့သင့်တာ"
သူသည် စင်မြင့်၏ အလယ်ဗဟိုသို့ လမ်းလျှောက်သွားခဲ့ရာ.. ရွှီမုန်ရွှမ်းက ပြုံးလျက် သူမ၏ လက်ထဲမှ မိုက်ခရိုဖုန်းကို ကမ်းလှမ်းပေးလာပြီးနောက် စင်နောက်ကွယ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ကုချန်အနေဖြင့် အခမ်းအနား အစီအစဉ်အရသာ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သဖြင့် စကားလုံးအနည်းငယ်မျှသာ ပြောကြားပြီးနောက် စင်မြင့်ထက်မှ ချက်ချင်း ပြန်လည်ဆင်းသက်လာခဲ့ကာ အခြားသော အစီအစဉ်တင်ဆက်သူတစ်ဦးကို လွှဲပြောင်းပေးလိုက်တော့၏။
စင်နောက်ကွယ်သို့ ရောက်ရှိချိန်တွင် ကျောင်းအာဏာပိုင်လူကြီးတစ်ဦးက ချက်ချင်းပင် ရှေ့သို့ တိုးကပ်လာခဲ့ပြီး မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာ လေသံတွင်လည်း ဖားယားလိုဟန်များ ပါဝင်နေသည်။
"သူဌေး ကု... ရှင့်အနေနဲ့ ဟိုင်ချန်တက္ကသိုလ်ပတ်ပတ်လည်ကို သေသေချာချာ မလေ့လာရသေးဘူး မဟုတ်လား…ကျောင်းသူရွှီကိုပဲ ရှင့်ကို လိုက်လံပြသခွင့် ပေးလိုက်ရင် ဘယ်လိုလဲ”
“ သူမက ကျောင်းရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို အရမ်းရင်းနှီးတာဆိုတော့ ရှင့်ကို အသေးစိတ် ကျကျနန မိတ်ဆက်ပေးနိုင်မှာ သေချာပါတယ်"
"ဟင်... ကျွန်မလား"
ရွှီမုန်ရွှမ်း မိမိ၏ အမည်ကို ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရသည့်အခါ.. သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများနှင့်အတူ ဝမ်းမြောက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာလျက် မိမိကိုယ်ကိုယ် ပြန်လည်ညွှန်ပြမိတော့သည်။
ကုချန်သည် ကနဦးက ဤအခမ်းအနားကြီး မည်မျှအထိ ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေကြောင်း စိတ်ထဲမှ ညည်းတွားနေခဲ့သော်လည်း..
ယခုအဆိုပြုချက်ကို ကြားလိုက်ရသည့်အခါတွင်မူ ဤကျောင်းအာဏာပိုင်လူကြီးသည် အလုပ်လုပ်ရာတွင် တကယ်ပဲ အကွက်မြင်လှသည်ဟု ချက်ချင်း တွေးလိုက်မိတော့သည်။
သူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လေသံက ညင်သာလှ၏။
"ရပါတယ်... ဒါပေမဲ့ ဒီကျောင်းသူလေးဘက်ကကော လိုက်ပြဖို့ ဆန္ဒရှိ.. မရှိတော့ ငါမသိဘူးလေ"
"ဒါပေါ့... ကျွန်မ တကယ်ပဲ လိုက်ပြချင်ပါတယ်ရှင်"
ရွှီမုန်ရွှမ်း မဆိုင်းမတွဘဲ ခေါင်းကို ချက်ချင်းညိတ်ပြလိုက်ပြီး မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ဆင်မြန်းလိုက်၏။
"ဒါပေမဲ့ ကျွန်မကို ခဏလောက်တော့ စောင့်ပေးပါဦးနော်.. ကျွန်မ အဝတ်အစား သွားလဲလိုက်ပါဦးမယ်"
သူမ စကားပြောရင်း ဝတ်လဲခန်းရှိရာဘက်သို့ အလျင်အမြန် လမ်းလျှောက်သွားခဲ့တော့သည်။
ကုချန် ခေါင်းညိတ်ပြလိုက်ပြီးနောက် စင်နောက်ကွယ်မှနေ၍ သူမ၏ နောက်သို့ လိုက်ပါသွားခဲ့၏။
၎င်းတို့နှစ်ဦးသည် စင်္ကြံလမ်းအတိုင်း လမ်းလျှောက်ထွက်လာခဲ့ကြသည်။
၎င်းတို့ လှေကားထစ်အချို့ကို ဖြတ်သန်းသွားကြစဉ်.. ရွှီမုန်ရွှမ်း ဝတ်ဆင်ထားသော ဒေါက်ဖိနပ်မှာ ရုတ်တရက် ချော်လဲသွားခဲ့ပြီး သူမသည် ဟန်ချက်ပျက်ကာ ရှေ့သို့ လဲကျသွားခဲ့ရတော့၏။
ကုချန်၏ တုံ့ပြန်မှုက အလွန်ပင် လျင်မြန်လှသဖြင့် သူမကို ထိန်းမတ်ပေးရန် လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။
ရွှီမုန်ရွှမ်း၏ ခေါင်းလေးမှာ သူ၏ ရင်ဘတ်ပေါ်သို့ ညင်သာစွာ စိုက်ဝင်သွားခဲ့ပြီး တိုးညင်းသော "ဒေါက်" ကနဲ အသံလေးတစ်ခု ထွက်ပေါ်သွားခဲ့၏။
”တောင်းပန်ပါတယ်..."
ရွှီမုန်ရွှမ်း အလျင်အမြန်ပင် ဟန်ချက်ပြန်ထိန်းလိုက်မိပြီး မျက်နှာထက်တွင် ရှက်သွေးများ ဖြန်းကနဲ ရဲတက်သွားတော့သည်။
သူမ၏ လေသံအတွင်း၌ ပြာယာခတ်သွားသည့် အရိပ်အယောင်အချို့ ပါဝင်နေခဲ့ရာ.. မိမိ၏ မဆင်မခြင်ဖြစ်မှုအပေါ် အနေရခက်ခြင်းနှင့် အလွန်အမင်း နီးကပ်လွန်းလှသော အကွာအဝေးကြောင့် ရှက်ရွံ့ခြင်းတို့ ရောပြွမ်းနေခဲ့ခြင်း ဖြစ်၏။
သူမ ခြေလှမ်းတစ်လှမ်း ပြန်လည်ဖယ်ခွာရန် ပြုလုပ်လိုက်သည့် အချိန်မှာပင်.. သူမ၏ ခြေကျင်းဝတ်ဆီမှနေ၍ စူးရှလှသော နာကျင်မှုတစ်ခု ဖြတ်သန်းသွားခဲ့သဖြင့် မတတ်နိုင်ဘဲ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိတော့သည်။
"ရှူး……"
ဤသည်ကို မြင်လိုက်ရသောအခါ ကုချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး လေသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
"ဘာဖြစ်တာလဲ… ခြေကျင်းဝတ် ခေါက်သွားတာလား"
"အင်း... အဲဒီလိုပဲ ထင်တယ်..." ရွှီမုန်ရွှမ်း ခေါင်းငုံ့လိုက်မိပြီး လေသံတွင် စိတ်ပျက်အားလျော့မှုများ ပါဝင်နေသည်။
သူမသည် ကုချန်ကို ကျောင်းပတ်ပတ်လည် လိုက်လံပြသရန်အတွက် အလွန်ပင် မျှော်လင့်တောင့်တနေခဲ့ခြင်း ဖြစ်သော်လည်း.. ဤကဲ့သို့သော အရေးကြီးသည့် အချိန်အခါမျိုးတွင်မှ ခြေကျင်းဝတ် ညို့သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ကုချန် သူမ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ညင်သာစွာ ဆိုလိုက်သည်။
"အလျင်စလို မလုပ်ပါနဲ့ဦး.. ထိုင်ဖို့နေရာတစ်ခုခု ရှာရအောင် ငါ မင်းကို ကူညီပေးမယ်"
သူ စကားပြောရင်း ရွှီမုန်ရွှမ်း၏ လက်မောင်းကို လှမ်းကိုင်လိုက်ပြီး ဘေးနားရှိ ထိုင်ခုံတစ်ခုဆီသို့ ဂရုတစိုက် တွဲခေါ်သွားခဲ့တော့သည်။
【 ရွှီမုန်ရွှမ်း၏ နှစ်သက်မှု +၁၀ 】
ဇာတ်လမ်း၏ ဤအပိုင်းမှာ အမှန်စင်စစ် ဇာတ်လိုက်ဖြစ်သူ တိန့်ရှို့ကျဲ၏ ဇာတ်ကွက် ဖြစ်သင့်သည်တည်း။
မူလဇာတ်ကွက်အရ ကျောင်းဘက်က ကုချန်ကို လှူဒါန်းမှု အခမ်းအနား ပြုလုပ်ရန် ဆန္ဒရှိ.. မရှိ မေးမြန်းခဲ့စဉ်က ကုချန်က ငြင်းပယ်ခဲ့ပြီး တိန့်မိသားစုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တိန့်မိသားစုသို့ ပြန်မလာခင်အချိန်က တိန့်ရှို့ကျဲသည် ဆင်းရဲနွမ်းပါးလှသော ဘဝကို ဖြတ်သန်းခဲ့ရဖူးသဖြင့် ရွှီမုန်ရွှမ်းနှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့ဖူးသည်။
တိန့်မိသားစုသို့ ပြန်လည်ရောက်ရှိပြီးနောက်တွင်မူ တိန့်ရှို့ကျဲ၏ အဓိက ပစ်မှတ်မှာ ရွှီမုန်ရွှမ်း ဖြစ်လာခဲ့၏။
ဤလှူဒါန်းမှု အခမ်းအနားသည် ၎င်းတို့နှစ်ဦးအကြား ပြန်လည်ဆုံစည်းခြင်း၏ အစပျိုးခြင်းပင် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကုချန်က ထိုအခွင့်အရေးကို တိုက်ရိုက်ပင် ဆုပ်ကိုင်ထားလိုက်ပြီ ဖြစ်၏။
၎င်းအပြင် ဇာတ်လမ်းအရ ရွှီမုန်ရွှမ်းသည် လှေကားထစ်တွင် ခြေကျင်းဝတ် ခေါက် သွားခဲ့ခြင်းကြောင့် တိန့်ရှို့ကျဲနှင့် ထိတွေ့မှု ရှိလာခဲ့ရခြင်း ဖြစ်သည်။
ကုချန်တွင် ကူညီပေးမည့် ဇာတ်လိုက်အရှိန်အဝါ မရှိသော်လည်း.. သူကိုယ်တိုင် စွမ်းဆောင်နိုင်ပေသည်။
လှည့်ကွက်အနည်းငယ် အသုံးပြုလိုက်ရုံဖြင့် လုပ်ငန်းစဉ်မှာ ဆင်တူနေဆဲ ဖြစ်ရုံမျှမက ပိုမို၍ပင် ကောင်းမွန်နေသေး၏။
အဘယ်ကြောင့်ဆိုသော် သူသည် ခြေကျင်းဝတ် ခေါက်ခြင်း၏ ပြင်းထန်မှုကို ထိန်းချုပ်နိုင်သည့်အပြင် ဆေးပညာစွမ်းရည်များလည်း ရှိနေသဖြင့် ခြေကျင်းဝတ် ခေါက်ခြင်းကို တိုက်ရိုက်ပင် ကုသပေးနိုင်သောကြောင့် ဖြစ်သည်။
ဤအချက်ကို တွေးမိသည့်အခါ ကုချန်သည် ယဲ့ချန်း ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအပေါ် စိတ်ထဲမှနေ၍ ထပ်မံကျေးဇူးတင်မိပြန်သည်။ တစ်ဖက်လူသည် သူ၏ တစ်သက်တာလုံး ဆေးပညာကို လေ့လာဆည်းပူးခဲ့သော်လည်း နောက်ဆုံးတွင်မူ ကုချန်၏အပိုင် ဖြစ်လာခဲ့ရချေပြီ။
ရွှီမုန်ရွှမ်းသည် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ပြီး ခေါင်းကို ငုံ့ထားမိကာ လေသံက အားနည်းလှသလို အားနာမှုများနှင့်အတူ စိတ်ပျက်အားလျော့မှုများ ပါဝင်နေသည်။
“တောင်းပန်ပါတယ် သူဌေး ကု... ကျွန်မ... ကျွန်မ ရှင့်ကို ကျောင်းပတ်ပတ်လည် လိုက်မပြနိုင်တော့ဘူး ထင်တယ်...”
ကုချန် ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လေသံတွင် စိတ်အေးစေရန် နှစ်သိမ့်မှုများ ပါဝင်နေသည်။
"ရပါတယ်... ပြီးတော့ ဒါက ပြင်းထန်တဲ့ ဒဏ်ရာလည်း မဟုတ်ပါဘူး။ ငါ ဆေးပညာအချို့ကို သိတာမို့လို့ မင်းကို ကုသပေးဖို့ ကူညီပေးနိုင်ပါတယ်"
ကုချန်တွင် ဆေးပညာစွမ်းရည်များပါ ရှိနေသေးသည်ဟု ကြားလိုက်ရသည့်အခါ ရွှီမုန်ရွှမ်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားခဲ့ရပြီးနောက်.. ကျေးဇူးတင်စရာကောင်းလှသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။
"တကယ်လားဟင်... ဒါဆိုရင်တော့ သူဌေး ကုကိုပဲ အပ်ပါရစေတော့ရှင်"
ကုချန်သည် ရွှီမုန်ရွှမ်း၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး.. လက်ကိုဆန့်ထုတ်ကာ သူမ၏ ခြေကျင်းဝတ်ကို လှမ်းကိုင်လျက် ဒေါက်ဖိနပ်ကို ဖြည်းညင်းစွာ ချွတ်ပေးလိုက်တော့သည်။
ရွှီမုန်ရွှမ်း၏ ခြေကျင်းဝတ်လေးမှာ သွယ်လျဖြူစင်လှပြီး ခြေဖမိုးထက်တွင် လှပသော လိုင်းများ ရှိနေကာ အရေပြားမှာလည်း ကြွေထည်မြေထည်ကဲ့သို့ နုညက်လှပေသည်။
သူမ၏ ခြေချောင်းကလေးများမှာ ဝိုင်းစက်သေးငယ်လှပြီး ခြေသည်းကလေးများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ညှပ်ထားခဲ့ကာ ခပ်ဖျော့ဖျော့ ပန်းရောင်သန်းနေ၏။
ကုချန်သည် လက်တစ်ဖက်ဖြင့် ရွှီမုန်ရွှမ်း၏ ခြေဖဝါးကို ပင့်မထားပေးလိုက်ပြီး.. အခြားလက်တစ်ဖက်ဖြင့်မူ သူမ၏ ဒဏ်ရာရရှိထားသော နေရာကို ညင်သာစွာ ဖိနှိပ်ကြည့်လိုက်သည်။
သူသည် လက်ချောင်းထိပ်များဖြင့် အနည်းငယ် ခွန်အားစိုက်ထုတ်ကာ သူမ၏ ခြေကျင်းဝတ်အကွေးအတိုင်း ညင်သာစွာ နှိပ်နယ်ပေးလိုက်၏..
တစ်ခါတစ်ရံတွင် ဖိနှိပ်လိုက်ပြီး တစ်ခါတစ်ရံတွင်မူ လှည့်ပတ်နှိပ်နယ်ပေးနေခဲ့ရာ သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး တိကျလှပေသည်။
ရွှီမုန်ရွှမ်းသည် ကုချန်၏ လက်ဖဝါးပြင်ဆီမှ ထွက်ပေါ်လာသော နွေးထွေးမှုများကို ခံစားလိုက်ရပြီး.. ခြေဖဝါးပြင်ဆီမှ ရရှိလာသော ထိုအထိအတွေ့ ခံစားချက်များကြောင့် သူမ၏ နှလုံးခုန်သံများမှာ အနည်းငယ် မြန်ဆန်လာခဲ့ရတော့သည်။
ရှက်သွေးများက သူမ၏ နားရွက်ကလေးများအထိ ပျံ့နှံ့သွားခဲ့ရပြီး ပါးပြင်နှစ်ဖက်မှာလည်း အနည်းငယ် ရဲတက်လာခဲ့၏။
ရွှီမုန်ရွှမ်း၏ အကြည့်များက ကုချန်၏ ငုံ့ထားသော ဘေးတိုက်မျက်နှာအသွင်အပြင်ထံသို့ ကျရောက်သွားခဲ့သည်။
သူ၏ အာရုံစိုက်ထားသော အမူအရာနှင့် ငယ်ရွယ်ချောမောလှသော မျက်နှာကို ကြည့်ရင်း.. သူမအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် သံယောဇဉ် ခံစားချက်အချို့ ပေါ်ပေါက်လာခြင်းကို မတတ်နိုင်ဘဲ ရှိနေမိတော့ပေသည်။
【 ရွှီမုန်ရွှမ်း၏ နှစ်သက်မှု +၁၀ 】