အခန်း (၂၂) သေးသေးလေး.. ဒါပေမဲ့လည်း အရမ်းချစ်ဖို့ကောင်းတယ်
ရေချိုးခန်းအတွင်း၌ ရေနွေးငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။
နွေးထွေးလှသော ရေနွေးငွေ့မြူများက မှန်မျက်နှာပြင်ပေါ်တွင် ရေစက်ကလေးများအဖြစ် ခဲနေသဖြင့် မှန်ထဲမှ အရိပ်ကို ဝါးတားတား ဖြစ်နေစေ၏။
ပိုင်၀မ်ရုနှင့် ရှန်းကျီဝေတို့သည် အနားသတ်များ အနည်းငယ် စိုစွတ်ပြီး အရေပြားတွင် ကပ်ညှိနေသည့် ပျော့ပျောင်းသော ရေချိုးတံပတ်ကိုယ်စီကို ဆင်မြန်းထားကြသည်။
တိန့်တောက်ယုကိုမူ ရေနွေးများ အပြည့်ဖြည့်ထားပြီးဖြစ်သော ရေချိုးကန်ကြီးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ကြ၏။
နွေးထွေးလှသော ရေနွေးများက သူမ၏ အေးစက်နေသော ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့ပြီး အအေးဒဏ်များကို မောင်းထုတ်ပေးလိုက်တော့သည်။
အမျိုးသမီးနှစ်ဦးသည် တိန့်တောက်ယု၏ ဆံနွယ်များကို သပ်ရပ်အောင် ပြုလုပ်ပေးနေစဉ်.. ရှန်းကျီဝေ၏ အကြည့်များက တိန့်တောက်ယု၏ အာဟာရပြည့်ဝမှု ရှိလှသော ရင်ဘတ် ထံသို့ မရည်ရွယ်ဘဲ ကျရောက်သွားခဲ့ရ၏။
ထို့နောက် သူမ၏ အကြည့်က ပိုင်၀မ်ရုထံသို့ လွှဲပြောင်းသွားပြန်သည်။
ရေချိုးတံပတ်က ခန္ဓာကိုယ်အများစုကို ဖုံးကွယ်ထားသော်လည်း သူမ၏ လှပသော ကိုယ်လုံးကိုယ်ထည် အကောက်အကွေ့များကိုမူ ဝေဝေဝါးဝါး မြင်တွေ့နေရဆဲပင်။
ရှန်းကျီဝေ မိမိကိုယ်ကိုယ် ပြန်လည်ငုံ့ကြည့်လိုက်မိပြီးနောက်.. သူမအနေဖြင့် သူနှင့် တမင်သက်သက် ကပ်မနေခဲ့လျှင် မည်သည့် ထင်ရှားသော အကောက်အကွေ့မျိုးမျှ ရှိမနေသည်ကို သိရှိသွားကာ ချက်ချင်းပင် စိတ်ပျက်အားလျော့သွားရတော့သည်။
ပိုင်၀မ်ရုသည် ရှန်းကျီဝေ၏ သိမ်မွေ့လှသော လှုပ်ရှားမှုများကို ထက်မြက်စွာ သတိပြုမိလိုက်၏။ သူမသည် ရှန်းကျီဝေ၏ ဘေးသို့ အနည်းငယ် တိုးကပ်သွားပြီး တိုးညင်းစွာ ကပ်ပြောလိုက်သည်။
"ကျိဝေ... စိတ်မပူပါနဲ့.. သခင်လေးက အစားမရွေးပါဘူး"
"အင်"
ရှန်းကျီဝေ ခဏမျှ ကြောင်အမ်းသွားခဲ့ပြီးနောက်မှ သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို သဘောပေါက်သွားကာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းပြီး ရဲတက်သွားတော့သည်.. သူမ ဘာပြန်ပြောရမှန်းမသိဘဲ ထစ်ထစ်အအ ဖြစ်နေရှာ၏။
ပိုင်၀မ်ရုသည် ရှန်းကျီဝေ တစ်ခုခုကို စိတ်အားငယ်နေသေးသည်ဟု ထင်မှတ်သဖြင့် ထပ်မံနှစ်သိမ့်ပေးလိုက်ပြန်သည်။
"အော်... ဟုတ်သားပဲ.. သခင်လေးက စကားတစ်ခွန်းလည်း ပြောဖူးသေးတယ်နော်"
ဤသည်ကို ကြားရသောအခါ ရှန်းကျီဝေ စကားများ ထစ်အလျက် မေးမြန်းလာ၏။
"ဘာ... ဘာပြောတာလဲဟင်"
ပိုင်၀မ်ရု ခပ်ဖွဖွလေး ပြုံးလိုက်ပြီး…
"သေးသေးလေး.. ဒါပေမဲ့လည်း အရမ်းချစ်ဖို့ကောင်းတယ်တဲ့"
တစ်နာရီခန့် ကြာပြီးနောက်.. ပိုင်၀မ်ရုနှင့် ရှန်းကျီဝေတို့သည် ယခုအခါ သတိပြန်လည်ရုံမျှမက နိုးထလာခဲ့ပြီဖြစ်သော တိန့်တောက်ယုကို ဧည့်သည်နားနေခန်းတစ်ခုသို့ တွဲခေါ်သွားကြပြီး ကုတင်ပေါ်တွင် ညင်သာစွာ လှဲလျောင်းပေးလိုက်ကြသည်။
တိန့်တောက်ယု၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေဆဲ ဖြစ်သော်လည်း မိုးရေထဲတွင် ရွှဲရွှဲစိုနေခဲ့စဉ်ကထက်စာလျှင်မူ အများကြီး သက်သာကောင်းမွန်နေခဲ့ပြီ ဖြစ်၏။
ကုချန်သည် လက်ထဲတွင် ငွေအပ်အချို့ကို ကိုင်ဆောင်လျက် အခန်းတွင်းသို့ ဖြည်းညင်းစွာ လမ်းလျှောက်ဝင်ရောက်လာခဲ့သည်။
"အဝတ်အစားတွေ ချွတ်လိုက်ပါ"
ကုချန် ကုတင်ဘေးသို့ လျှောက်လှမ်းသွားပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်၏။
"ဟမ်"
တိန့်တောက်ယုနှင့် ရှန်းကျီဝေတို့သည် တပြိုင်နက်တည်း အာမေဍိတ်သံ ထွက်ပေါ်သွားခဲ့ကြပြီး ၎င်းတို့၏ မျက်ဝန်းထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားရသည်။
တိန့်တောက်ယုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သော်လည်း ဤစကားကို ကြားလိုက်ရသည့်အခါ သူမ၏ ပါးပြင်နှစ်ဖက်မှာ ချက်ချင်းပင် ရဲကနဲ ဖြစ်သွားတော့၏။ ၎င်းအပြင် သူမက ဖျားနာနေခြင်းဖြစ်ရာ ကူးစက်နိုင်ခြေလည်း ရှိနေသေးသည်။
"မင်းတို့ ဘာတွေ တွေးနေကြတာလဲ"
ကုချန် လက်ကိုမြှောက်ကာ ရှန်းကျီဝေ၏ ခေါင်းကို "တောက်" ကနဲ အသံထွက်အောင် ညင်သာစွာ တောက်လိုက်တော့သည်။
"ဝါး..."
ရှန်းကျီဝေ သူမ၏ ခေါင်းကို လက်ဖြင့်အုပ်ကာ နှုတ်ခမ်းလေးစူလျက် မကျေမနပ် ဖြစ်နေရှာ၏။
ကုချန် မတတ်နိုင်သည့်အလား ခေါင်းကို ခါယမ်းလိုက်ပြီး ရှင်းပြလိုက်သည်။
"သူမက မိုးရေထဲမှာ အကြာကြီး နေခဲ့ရတာ.. အအေးဓာတ်တွေက ခန္ဓာကိုယ်ထဲအထိ စိမ့်ဝင်နေပြီ…တကယ်လို့ အချိန်မီ မကုသဘူးဆိုရင် သူမ နေမကောင်းဖြစ်လိမ့်မယ်…ငါ အအေးဓာတ်တွေကို မောင်းထုတ်ဖို့အတွက် သူမကို အပ်စိုက်ကုသပေးမလို့"
အမှန်စင်စစ် ကုချန်အနေဖြင့် ယခုအခါ သူအသစ်ရရှိထားသော အဆင့် ၆ ဆေးပညာစွမ်းရည်များကို စမ်းသပ်ရန် ဤအခွင့်အရေးကို အသုံးပြုချင်နေခြင်းလည်း ဖြစ်သည်။ ရလဒ်အနေဖြင့် ဘေးပတ်ဝန်းကျင်တွင် သင့်တော်သော "စမ်းသပ်ခံလူနာ" ဟူ၍ မရှိခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့်ပဲ တစ်ယောက်က အတိအကျ ရောက်ရှိလာခဲ့ပြီဖြစ်ရာ စမ်းသပ်ကြည့်သင့်သည်ဟု သူ တွေးလိုက်မိခြင်းပင်။
ကုချန်က ရောဂါဝေဒနာများကို ကုသပေးနိုင်သည်ဟု ကြားလိုက်ရသည့်အခါ ပိုင်၀မ်ရု၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားရသည်။
သူမသည် ကုမိသားစုတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း ကုချန်က သူ၏ ဆေးပညာစွမ်းရည်များကို ထုတ်ဖော်ပြသသည်ကို တစ်ကြိမ်မျှမမြင်ဖူးခဲ့ချေ။
"သခင်လေးက ဆေးပညာကို သိတာလားဟင်"
ပိုင်၀မ်ရု မေးမြန်းလိုက်ပြီး သူမ၏ မျက်ဝန်းကလေးများက စူးစမ်းလိုစိတ်ဖြင့် တောက်ပနေသည်။
"ဒါပေါ့... ပြီးတော့ ငါ့ရဲ့ ဆေးပညာစွမ်းရည်တွေက တော်တော်လေးကို ကောင်းမွန်တာ မဟုတ်ဘူးလား"
ကုချန် ပိုင်၀မ်ရုကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားမှုအချို့ ကိန်းအောင်းနေ၏။
"ဝါး... ဒါက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"
ပိုင်၀မ်ရု ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေတော့သည်။
ကုချန် သူမ၏ ခေါင်းလေးကို ဆန့်ထုတ်၍ ပွတ်သပ်ပေးလိုက်မိပြီးနောက် တိန့်တောက်ယုရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
"အဝတ်အစားတွေ အကုန်လုံး ချွတ်ဖို့မလိုပါဘူး.. ဒီတိုင်းပဲ မှောက်လျက် လှဲနေပေးပါ… မင်းရဲ့ ကျောပြင်ပေါ်ကို အပ်စိုက်ပေးမယ်"
တိန့်တောက်ယု သက်ပြင်းခပ်ဖွဖွ ချလိုက်မိပြီး သူမ၏ မျက်နှာထက်မှ ရှက်သွေးများလည်း အနည်းငယ် လျော့ပါးသွားခဲ့ရသည်။
သူမ ခေါင်းညိတ်ပြလိုက်ပြီး လေသံက အားနည်းလှ၏။
"ကောင်း... ကောင်းပါပြီ"
ပိုင်၀မ်ရုနှင့် ရှန်းကျီဝေတို့၏ ကူညီမှုဖြင့် တိန့်တောက်ယုသည် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး ကုတင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် လှဲလျောင်းလိုက်သည်။ သူမ၏ ကျောပြင်လေးမှာ အနည်းငယ် ကုန်းနေခဲ့ပြီး အနည်းငယ် တင်းကျပ်နေကြောင်း ပြသနေ၏။
"စိတ်လျှော့ထားပါ.. မနာပါဘူး"
ကုချန် သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
တိန့်တောက်ယု ခေါင်းညိတ်ပြလိုက်ပြီး စိတ်လျှော့ရန် ကြိုးစားလိုက်၏။ သူမ၏ လက်ချောင်းကလေးများက ကုတင်ခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိပြီး အသက်ရှူသံများကလည်း မြန်ဆန်လာခဲ့သည်။
ကုချန်သည် တိန့်တောက်ယု၏ ကျောပြင်ပေါ်သို့ သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ဖိနှိပ်ကြည့်လိုက်ပြီး.. အပ်စိုက်ရမည့် အမှတ်များကို ရှာဖွေတွေ့ရှိပြီးနောက်တွင်မူ ငွေအပ်များကို ဖြည်းညင်းစွာ စိုက်သွင်းလိုက်တော့၏။
သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး တိကျလှရာ အကြိမ်ပေါင်း ရာနှင့်ချီ၍ လေ့ကျင့်ထားခဲ့သည့်အလားပင်။
"အင်း" တိန့်တောက်ယု အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသဖြင့် တိုးညင်းသော ညည်းတွားသံလေးတစ်ခုကို မတတ်နိုင်ဘဲ လွှတ်ထုတ်လိုက်မိတော့သည်။
ထိုအသံလေးမှာ တိုးညင်းပြီး ဆွဲဆောင်မှုရှိလှရာ လည်ချောင်းအနက်ပိုင်းမှနေ၍ ကျေနပ်နှစ်သိမ့်မှု ခံစားချက်များ လျှံထွက်လာသည့်အလား ရှိနေ၏။
ကုချန် ထိုအသံက တစ်ခုခု အကြီးအကျယ် မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း သူ စိတ်အာရုံ လွင့်ပျံမသွားခဲ့ဘဲ လက်ထဲမှ လှုပ်ရှားမှုများအပေါ်တွင်သာ ဆက်လက် အာရုံစိုက်ထားလိုက်၏။
ပိုင်၀မ်ရုသည် ဘေးတွင် မတ်တတ်ရပ်လျက် ကုချန်၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲတွင် ပိုမိုကြီးမားသော အထင်ကြီးလေးစားမှုများ ပြည့်နှက်နေတော့သည်။
ရှန်းကျီဝေကမူ အခြားတစ်ဖက်တွင် ရပ်နေခဲ့ပြီး စိတ်ထဲ၌ အနည်းငယ် အထီးကျန်သကဲ့သို့ ခံစားနေရရှာ၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမကိုယ်တိုင်လည်း မိုးမိပြီး ဖျားနာခဲ့ဖူးသော်လည်း.. ကုချန်က သူမကို အပ်စိုက်ကုသပေးခြင်း မပြုခဲ့သည်ကို သူမ ပြန်လည်သတိရသွားခြင်း ဖြစ်သည်။
သူမ၏ လက်ချောင်းကလေးများက မသိစိတ်ကြောင့် အချင်းချင်း လိမ်ယှက်နေခဲ့မိပြီး မျက်ဝန်းထဲတွင်လည်း စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားရ၏။
တကယ်လို့ ကုချန်သာ သူမ ဘာတွေးနေသည်ကို သိရှိခဲ့လျှင်မူ ဤသို့သာ ပြောလိမ့်မည် ဖြစ်သည်...'အဲဒီတုန်းက ငါ ဆေးပညာစွမ်းရည်တွေကိုတောင် မရသေးတာ.. ငါ ဘာလုပ်ပေးနိုင်မှာလဲ.. ဆေးထိုးပေးရမလား'
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ တိန့်တောက်ယု၏ ကျောပြင်တစ်ခုလုံး ငွေအပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
တိန့်တောက်ယုသည်လည်း အများကြီး ပိုမိုသက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရ၏။ သူမ၏ တင်းကျပ်နေသော ကြွက်သားများက တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး အသက်ရှူသံများကလည်း တည်ငြိမ်ချောမွေ့လာခဲ့သည်။
"ဘယ်လို ခံစားရလဲ"
ကုချန် တိုးညင်းစွာ မေးမြန်းလိုက်၏။
"အရမ်း... အရမ်းကို သက်တောင့်သက်သာ ရှိပါတယ်ရှင်"
တိန့်တောက်ယု၏ လေသံမှာ တိုးညင်းပြီး ရိုးသားလှကာ မျက်ဝန်းထဲ၌လည်း ကျေးဇူးတင်မှုများ ဖျတ်ခနဲ ဖြစ်သွားရသည်။
"ကျေးဇူးတင်ပါတယ် သူဌေး ကု"
"ကောင်းပြီ... ဒီအနေအထားအတိုင်း ရှစ်မိနစ်လောက် နေပေးပါ.. အပ်တွေကို ပြန်နှုတ်ပြီးရင် အဆင်ပြေသွားလိမ့်မယ်"
ကုချန် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး သက်ပြင်းခပ်ဖွဖွ ချလိုက်မိရာ သူ၏ နဖူးပြင်ထက်တွင် ချွေးစေးကလေးအချို့ ထွက်ပေါ်နေခဲ့သည်။
ရှန်းကျီဝေသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ပိုင်၀မ်ရုထက် အရင်ဦးအောင် ကုချန်၏ ဘေးသို့ အပြေးအလွှား ရောက်ရှိသွားကာ ပျော့ပျောင်းသော တံပတ်တစ်ခုကို ကမ်းလှမ်းပေးလာ၏။
သို့သော်လည်း သူမသည် မိမိ၏ လုပ်ဆောင်ချက်ကို ချက်ချင်း သတိပြုမိသွားခဲ့ပြီးနောက်.. ရုတ်တရက် စိတ်လှုပ်ရှားမှုတစ်ခုကြောင့် မိမိကိုယ်ပိုင် လက်ကလေးများဖြင့် ကုချန်၏ ချွေးများကို သတ္တိရှိရှိ သုတ်ပေးလိုက်တော့သည်။
ကုချန်ကလည်း ငြင်းပယ်ခြင်း မပြုခဲ့ဘဲ ခေါင်းကို အနည်းငယ် ငုံ့ပေးလိုက်ကာ ရှန်းကျီဝေကို ချွေးသုတ်ခွင့် ပြုထားလိုက်၏။
ကုချန် ငြင်းပယ်ခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ရှန်းကျီဝေ နှလုံးသားထဲ၌ ကျေနပ်နှစ်သိမ့်မှုတစ်ခုကို ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်ကလေးများက အနည်းငယ် ကွေးညွတ်သွားကာ မျက်ဝန်းထဲတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့သည်။
ပိုင်၀မ်ရုသည် ဘေးတွင် မတ်တတ်ရပ်လျက် ဤမြင်ကွင်းကို မည်သည့် မကျေမနပ်ဖြစ်မှု အရိပ်အယောင်မျှမရှိဘဲ ကြည့်နေခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်းကျီဝေ၏ ဦးဆောင်လှုပ်ရှားမှုအပေါ် သူမ အလွန်ပင် သဘောကျနှစ်ခြိုက်နေခဲ့ခြင်း ဖြစ်၏။
ရှစ်မိနစ် ကြာပြီးနောက်တွင်မူ ကုချန် ကုတင်ဘေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အပ်များကို စတင်နှုတ်ယူလိုက်တော့သည်။
"အင်"
အပ်တစ်ချောင်းချင်းစီကို နှုတ်ယူလိုက်တိုင်း တိန့်တောက်ယုသည် တိုးညင်းသော ညည်းတွားသံလေးကို မတတ်နိုင်ဘဲ လွှတ်ထုတ်နေမိပြန်သည်။
ထိုအသံလေးမှာ ကုချန် အပ်နှုတ်ယူသည့် အရှိန်အဟုန် စည်းချက်အတိုင်းပင် အနိမ့်အမြင့် တက်ကျ ဖြစ်ပေါ်နေခဲ့၏။
တကယ်လို့ ဤသည်ကို အခြားသူများ ကြားသွားခဲ့လျှင်မူ အခြားတစ်စုံတစ်ခုအဖြစ် အလွယ်တကူ အထင်မှားသွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
ကုချန် နောက်ဆုံး အပ်တစ်ချောင်းကို နှုတ်ယူလိုက်သည့် အချိန်မှာပင် တိန့်တောက်ယု၏ ခန္ဓာကိုယ်လေး ရုတ်တရက် တုန်ခါသွားခဲ့ပြီး...
ကုချန်သည် တိန့်တောက်ယု၏ ထူးခြားသော အပြုအမူကို သဘာဝကျကျပင် အာရုံခံမိလိုက်သဖြင့် နှုတ်ခမ်းထောင့်ကလေးများက မတတ်နိုင်ဘဲ အနည်းငယ် ကွေးညွတ်သွားကာ တိုးညင်းစွာ ရယ်မောလိုက်မိတော့၏။
သူ၏ ရယ်မောသံမှာ မကျယ်လောင်လှသော်လည်း.. ၎င်းက တိန့်တောက်ယုကို တစ်ခဏအတွင်းမှာပင် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားချင်လောက်အောင် အလွန်အမင်း ရှက်ရွံ့သွားစေခဲ့သည်။
တိန့်တောက်ယု၏ မျက်နှာတစ်ခုလုံးမှာ မှည့်ဝင်းနေသော ပန်းသီးတစ်လုံးကဲ့သို့ ချက်ချင်း ရဲကနဲ ဖြစ်သွားတော့၏။ သူမ ခေါင်းကို ခေါင်းအုံးအောက်သို့ အတင်းထိုးထည့်လိုက်မိပြီး သူမ၏ နားရွက်ကလေးများမှာလည်း သွေးထွက်တော့မည့်အလား နီရဲနေခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် ကြမ်းပြင်ပေါ်တွင် အက်ကြောင်းတစ်ခုခုကို ချက်ချင်းရှာဖွေပြီး တိုးဝင်သွားချင်စိတ် သို့မဟုတ် အာကာသယာဉ်တစ်စင်းကို ချက်ချင်းတည်ဆောက်ကာ ကမ္ဘာမြေကြီးပေါ်မှ ထွက်ပြေးပြီး အင်္ဂါဂြိုဟ်ဆီသို့ တိုက်ရိုက် ဦးတည်သွားချင်စိတ်များ ပြင်းထန်စွာ ပေါ်ပေါက်နေမိတော့သည်။
ပိုင်၀မ်ရုနှင့် ရှန်းကျီဝေတို့သည် ဘေးတွင် မတ်တတ်ရပ်နေကြပြီး တိန့်တောက်ယု၏ တုံ့ပြန်မှုကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှုအချို့ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြသော်လည်း ဘာကိစ္စဖြစ်သွားခဲ့သည်ကိုမူ လုံးဝ သဘောမပေါက်နိုင်ကြချေ။
ကုချန် ငွေအပ်များကို ပြန်လည်သိမ်းဆည်းလိုက်ပြီး တံခါးဝသို့ လျှောက်လှမ်းသွားကာ တည်ငြိမ်စွာ ဆိုလိုက်၏။
"ဒါကို ရှင်းလင်းလိုက်ကြရအောင်…အပြင်မှာ အခြားအဆင်သင့်ဖြစ်နေတဲ့ အခန်းတွေ အများကြီး ရှိပါသေးတယ်.. အခြားတစ်ခန်းဆီကိုပဲ ပြောင်းလိုက်ကြရအောင်"