အခန်း (၂၁) တိန့်တောက်ယုကို ခေါ်ဆောင်သွားခြင်း
ကားလေးသည် စနစ်က မှတ်သားပေးထားသော လမ်းပိုင်းဆီသို့ ရောက်ရှိလာပြီးနောက်.. ကုချန်သည် ရှင်းလန်ကို ကားအရှိန်လျှော့ရန် ပြောလိုက်သည်။
သူသည် သူ၏ ထောက်လှမ်းရေးမျက်ဝန်း ကို အသက်သွင်းလိုက်ပြီး.. သူ၏ အကြည့်များက သိန်းငှက်တစ်ကောင်ကဲ့သို့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲရှာဖွေရင်း တိန့်တောက်ယု၏ ပုံရိပ်ကို လိုက်လံရှာဖွေနေခဲ့၏။
မကြာမီမှာပင် ကုချန်သည် လမ်းထောင့်တစ်ခု၌ ကွေးကွေးလေး ထိုင်နေသည့် ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။
ထိုပုံရိပ်လေးမှာ မိုးရေထဲတွင် အလွန်ပင် နုနယ်လွန်းလှရာ မည်သည့်အချိန်တွင်မဆို လေပြင်းနှင့် မိုးဒဏ်အောက်၌ ဝါးမြိုခံရတော့မည့်အလား ရှိနေတော့သည်။
တိန့်တောက်ယုသည် ခန္ဓာကိုယ်လေးကို ဘောလုံးတစ်လုံးကဲ့သို့ လိပ်ကွေးထားမိပြီး.. သူမ၏ တစ်ကိုယ်လုံးမှာလည်း မိုးရေများဖြင့် ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်၏။
သူမ၏ ရှည်လျားပြီး ရွှဲစိုနေသော ဆံနွယ်များက ပါးပြင်ထက်တွင် ကပ်ညှိနေကာ.. အဝတ်အစားများကလည်း ခန္ဓာကိုယ်တွင် တင်းကျပ်စွာ ကပ်နေသဖြင့် သူမကို အထူးပင် ပိန်လှီလွန်းလှသည်ဟု ထင်မှတ်ရစေသည်။
သူမ၏ နှုတ်ခမ်းလွှာလေးများက အနည်းငယ် တုန်ယင်နေပြီး တစ်စုံတစ်ခုကို တိုးညင်းစွာ ရေရွတ်နေပုံရသော်လည်း.. ထိုအသံမှာ မိုးသံများကြားတွင် နစ်မြုပ်ပျောက်ကွယ်နေခဲ့ရ၏။
ကုချန်၏ ကားရပ်ရန် ညွှန်ကြားချက်အရ.. ကားကြီးသည် တိန့်တောက်ယုနှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုတွင် ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။
ဝမ်ရူသည် ကားပေါ်မှ အလျင်အမြန် ဆင်းသက်ကာ ကုချန်အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး.. လေနှင့် မိုးဒဏ်မှ ကာကွယ်ပေးရန် အနက်ရောင် ထီးတစ်ချောင်းကို အပေါ်မှ မိုးပေးထားလိုက်၏။
ကုချန် ကားပေါ်မှဆင်းကာ တိန့်တောက်ယုရှိရာဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့တော့သည်။
【 အမည် - တိန့်တောက်ယု 】
အဆင့်အတန်း - မွေးကင်းစအချိန်က မှားယွင်းလဲလှယ်ခံခဲ့ရသည့် တိန့်မိသားစု၏ တတိယသမီး.. အမျိုးသမီးဇာတ်လိုက်
ခွန်အား - ၆၀
နှစ်သက်မှု - +၃၀
ရရှိနိုင်သော ဗီလိန်တန်ဖိုး - ၁၀၀၀ 】
ဆေးရုံသို့ ပို့ဆောင်ခြင်း ခံရပြီးနောက်တွင် တိန့်ရှို့ကျဲ နိုးထလာခဲ့ရာ မိမိ၏ ပါရမီ (စွမ်းရည်) များ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ရသည်။
မိမိ၏ အဆင့်အတန်းကို တည်ငြိမ်အောင် ပြုလုပ်ရန်အတွက် သူသည် တိန့်တောက်ယုကို မဟုတ်မမှန် စွပ်စွဲပြီး တိန့်မိသားစုမှ နှင်ထုတ်ရန် အလားတူ နည်းလမ်းမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
တိန့်တောက်ယုအနေဖြင့် သူ့ကို လာရောက်နှောင့်ယှက်ခြင်း မပြုနိုင်စေရန်အတွက်.. သူသည် အစေခံများကိုပါ အမိန့်ပေး၍ သူမကို မောင်းထုတ်ခိုင်းခဲ့သဖြင့် ဤနေရာမှာ တိန့်မိသားစု ဗီလာကြီးနှင့် တော်တော်လေး လှမ်းလှမ်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
တိန့်တောက်ယုသည် ကားရပ်သွားသည်ကို အာရုံခံမိသော်လည်း ခေါင်းမော့မကြည့်ခဲ့ချေ။
သူမ အရှေ့တွင် ပုံရိပ်တစ်ခု လာရောက်ရပ်တန့်သွားသည့် အခါမှသာ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး.. သူမ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
လာရောက်သူမှာ ကုချန်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် တုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
သူမ၏ နှုတ်ခမ်းလွှာလေးများက အနည်းငယ် တုန်ယင်နေပြီး တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း.. နောက်ဆုံးတွင်မူ ဘာမှမပြောဖြစ်ခဲ့ချေ။
ကုချန် သူမ၏ အကြည့်ကို ဆုံလိုက်သည်။ တိန့်တောက်ယု၏ မျက်ဝန်းများထဲတွင် မည်သည့်အလင်းရောင်မျှ ရှိမနေတော့ဘဲ.. မျှော်လင့်ချက်အားလုံးမှာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် မျောပါသွားခဲ့ရသည့်အလားပင်။
သူမ၏ ဆံနွယ်များက ရွှဲစိုလျက် မျက်နှာထက်တွင် ကပ်ညှိနေပြီး မိုးရေများကလည်း ပါးပြင်ထက်မှ တရစပ် စီးကျနေသဖြင့် သူမကို အထူးပင် သနားစဖွယ် ဖြစ်နေစေသည်။
ကုချန်သည် တိန့်တောက်ယု၏ အကြည့်နှင့် တစ်တန်းတည်း ဖြစ်သွားစေရန် အောက်သို့ ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
သူသည် စကားကို ဖြည်းဖြည်းချင်း ဆိုလာခဲ့ပြီး လေသံက တိုးညင်းကာ ညင်သာလှသော်လည်း ငြင်းပယ်ရန် ခက်ခဲသော အရှိန်အဝါတစ်ခု ပါဝင်နေသည်။
"ငါနဲ့အတူ လိုက်ခဲ့မလား…ငါ မင်းအတွက် အရာရာအားလုံးကို ရှင်းလင်းပေးနိုင်တယ်…အဲဒီလူတွေ အားလုံးက ထိုက်တန်တဲ့ ပေးဆပ်မှုကို ရစေရမယ်.. သူတို့တွေ မင်းရဲ့ ခြေဖဝါးနားမှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်လာစေရမယ်"
ကုချန် စကားပြောရင်း သူ၏ ညာလက်ဝါးကို အပေါ်သို့ လှန်လျက် တိန့်တောက်ယု၏ အရှေ့ဆီသို့ ဆန့်ထုတ်ပေးလိုက်၏။
တိန့်တောက်ယု၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားခဲ့ပြီး.. သူမ၏ မှောင်မိုက်နေသော မျက်ဝန်းအစုံထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ရှိနေတော့သည်။
သူမ၏ လက်ချောင်းကလေးများက တွန့်ဆုတ်နေသည့်အလား အနည်းငယ် တုန်ယင်နေသော်လည်း မျှော်လင့်တောင့်တမှု အချို့လည်း ကိန်းအောင်းနေ၏။
နောက်ဆုံးတွင်မူ... သူမသည် လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ကုချန်၏ လက်ဝါးထက်သို့ တင်လိုက်တော့သည်။
သူမ၏ လက်ချောင်းကလေးများမှာ အေးစက်လျက် တုန်ရီနေပြီး လေသံက အက်ရှကာ အားနည်းလွန်းလှ၏။
"ကျွန်မ... လိုက်ပါ့မယ်"
ကုချန်၏ လက်ဝါးမှာမူ နွေးထွေးပြီး အားကိုးရလှရာ တစ်စုံတစ်ရာသော စွမ်းအားများကို ကူးစက်ပေးနေသည့်အလား ရှိနေတော့သည်။
ကုချန်၏ ပြတ်သားပြီး ယုံကြည်မှု ပြည့်နှက်နေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း.. တိန့်တောက်ယု၏ နှလုံးသားထဲတွင် အကြာကြီး အိပ်မောကျနေခဲ့သော တစ်စုံတစ်ခုက နိုးထလာခဲ့သကဲ့သို့ ခံစားလိုက်ရ၏။
သူမ၏ အကြည့်များက တဖြည်းဖြည်း စူးရှထက်မြက်လာပြီး လေသံတွင်လည်း ပြတ်သားမှုများ ပါဝင်လာတော့သည်။
"ကျွန်မ သူတို့ကို... ထိုက်တန်တဲ့ ပေးဆပ်မှုတွေ ပြန်ပြီး ပေးစေရမယ်"
ဤစကားကို ပြောပြီးနောက်တွင်မူ တိန့်တောက်ယုသည် သူမ၏ ခွန်အားအားလုံး ကုန်ခမ်းသွားသည့်အလား ခန္ဓာကိုယ်ကြီး ပျော့ခွေသွားခဲ့ပြီး ကုချန်၏ ရင်ခွင်ထဲသို့ လဲကျသွားတော့၏။
ကုချန်ကလည်း ရှောင်ကွင်းမသွားဘဲ သူမကို တည်ငြိမ်စွာ ဖမ်းထိန်းပေးလိုက်သည်။
သူသည် တိန့်တောက်ယုကို ပွေ့ချီလိုက်ပြီး ကားရှိရာဘက်သို့ လှည့်၍ လျှောက်လှမ်းလာခဲ့တော့၏။
【 တိန့်တောက်ယု၏ နှစ်သက်မှု +၅၀ 】
【 ဒင်… အမျိုးသမီးဇာတ်လိုက် တိန့်တောက်ယုနှင့် တိန့်ရှို့ကျဲတို့အကြား ဆက်ဆံရေး လုံးဝဥဿုံ ပြတ်တောက်သွားကြောင်း ရှာဖွေတွေ့ရှိပါသည်…တိန့်ရှို့ကျဲ၏ ကံတရားတန်ဖိုး ၁၀၀၀ လျော့နည်းသွားပြီး.. အိမ်ရှင်၏ ဗီလိန်တန်ဖိုး ၁၀၀၀ တိုးပွားလာပါပြီ 】
စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ ကုချန် ပြုံးလိုက်မိသည်။
လူတစ်ယောက်ရဲ့ နှလုံးသားကို အမှန်တကယ် ဖမ်းစားနိုင်ဖို့ဆိုရင် သင့်တော်တဲ့ အချိန်အခါကို ရွေးချယ်တတ်ဖို့ လိုအပ်ပေသည်။
လူတစ်ယောက်ဟာ သူတို့ရဲ့ အမှောင်ဆုံး အချိန်တွေကို ဖြတ်သန်းနေရတဲ့ အခါမျိုးမှာ အလင်းတန်းတစ်ခု ရောက်ရှိလာခြင်းက ၎င်းတို့ကို အဆုံးစွန်အထိ ဆွဲဆောင်ဖမ်းစားနိုင်လိမ့်မည် ဖြစ်၏။
ကုချန်သည် ဤအချက်ကို သဘာဝကျကျပင် အလွန်တန်ဖိုးထားသည်။
တိန့်တောက်ယု တိန့်မိသားစုမှ နှင်ထုတ်ခံရခြင်းက မူလဇာတ်ကွက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် တိန့်ရှို့ကျဲ၏ ကံတရားအပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူက တိန့်တောက်ယုကို ကယ်တင်ခေါ်ဆောင်သွားပြီး သူမအတွက် ကလဲ့စားချေပေးမည်ဟု ကတိပြုလိုက်သည့်အခါတွင်မူ နှစ်ဖက်စလုံးက လုံးဝ ရန်သူတွေ ဖြစ်သွားကြတော့သည်။
ဤနည်းအားဖြင့် သူသည် တိန့်တောက်ယု၏ မြင့်မားသော ဂရုဏာသက်မှုကို ရရှိရုံမျှမက.. တိန့်ရှို့ကျဲ၏ ကံတရားတန်ဖိုးကိုလည်း လျှော့ချပစ်နိုင်ခဲ့ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဟုပင် တင်စားနိုင်ပေသည်။
အနက်ရောင် ဆီဒန်ကားကြီးသည် ကုချန်၏ ဗီလာအရှေ့တွင် ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့ပြီး.. ၎င်း၏ ရှေ့မီးကြီးများက မိုးရေများကို ဖြတ်သန်းလျက် တံခါးအရှေ့ရှိ လမ်းကလေးကို လင်းထိန်သွားစေသည်။
ဝမ်ရူသည် ကားပေါ်မှ အလျင်အမြန် ဆင်းသက်ကာ အနက်ရောင် ထီးကို မိုးလိုက်ပြီး လေနှင့် မိုးဒဏ်မှ ကုချန်ကို ကာကွယ်ပေးလိုက်၏။
ကုချန်သည် တိန့်တောက်ယုကို ပွေ့ချီလျက် ဗီလာအတွင်းသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ဗီလာအတွင်း၌ ပိုင်၀မ်ရုသည် ကားသံကို ကြားသည်နှင့် တစ်ပြိုင်နက် အပြင်ဘက် မီးကို ချက်ချင်း ဖွင့်လိုက်ပြီး တံခါးကို တွန်းဖွင့်ပေးလာ၏။
ရှန်းကျီဝေနှင့် စူးချင်းလန်တို့ကလည်း သူမ၏ နောက်ကွယ်မှ လိုက်ပါလာကြပြီး.. ၎င်းတို့၏ မျက်ဝန်းထဲတွင် စူးစမ်းလိုမှုများနှင့် စိုးရိမ်မှုများ ပြည့်နှက်နေကြသည်။
ကုချန်သည် တိန့်တောက်ယုကို ပွေ့ချီလျက် တံခါးဝတွင် ပေါ်လာခဲ့ပြီးနောက်.. ဝမ်ရူဘက်သို့ လှည့်ကာ ဆိုလိုက်၏။
"မင်းတို့တွေ ပင်ပန်းသွားပြီ.. အခု ပြန်နားလို့ရပါပြီ"
ဝမ်ရူ ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။
ပိုင်၀မ်ရုသည် ကုချန်၏ ရင်ခွင်ထဲမှ တိန့်တောက်ယုကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားသည်။
'ဒါက ငါတို့အုပ်စုထဲကို ထပ်တိုးလာတဲ့ နောက်ထပ် ညီအစ်မတစ်ယောက်ပဲ'
ရှန်းကျီဝေကမူ နှုတ်ခမ်းလေး စူထားမိပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေရှာ၏။
အစောပိုင်းက သူမတစ်ယောက်တည်း ရှိနေခဲ့ရာမှ အခုတော့ ရက်အနည်းငယ်မျှအတွင်းမှာတင် နောက်ထပ်နှစ်ယောက် ထပ်မံရောက်ရှိလာပြန်ပြီ ဖြစ်သည်။
၎င်းတင်မကသေးဘဲ သူမ၏ စိတ်ထဲ၌ ကြီးမားသော အန္တရာယ်ရှိမှု အာရုံခံစားချက် ကိုလည်း ပြင်းထန်စွာ ခံစားလိုက်ရသည်။
ကုချန် စကားအများကြီး မဆိုတော့ဘဲ တိန့်တောက်ယုကို ရေချိုးခန်းဆီသို့ တိုက်ရိုက် ပွေ့ချီသွားခဲ့၏။
ပိုင်၀မ်ရုကလည်း နောက်မှ ချက်ချင်း လိုက်ပါသွားပြီး သူမကို အထဲသို့ ဝင်ရောက်နိုင်ရန် ကူညီပေးလိုက်တော့သည်။
"ကျွန်မလည်း ကူညီပေးမယ်လေ"
ရှန်းကျီဝေ အလျင်အမြန် ဆိုလိုက်ပြီးနောက် ဆိုဖာရှိရာသို့ ခပ်သွက်သွက် လျှောက်သွားကာ သူမ၏ အိတ်ထဲမှ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်ရာ.. ၎င်းအထဲတွင် ညအိပ်ဝတ်စုံတစ်စုံ ရှိနေခဲ့သည်။
ကုချန်သည် အဝတ်အစားများကို ကိုင်ဆောင်လျက် ရေချိုးခန်းထဲသို့ ဝင်ရောက်သွားသော ရှန်းကျီဝေ၏ ကျောပြင်ကို ကြည့်ရင်း.. ခေါင်းလေးအနည်းငယ် စောင်းကာ မျက်ဝန်းထဲ၌ သံသယအချို့ ထွက်ပေါ်လာမိ၏။
'မဟုတ်သေးပါဘူး... မင်းက အဝတ်အစားတွေပါ အကုန်သယ်လာတာလား မင်း ဒီမှာ အိပ်ဖို့ကို အစောကြီးကတည်းက ကြံစည်ထားတာပဲ'
သူ ခဏမျှ တွေးတောလိုက်ပြီးနောက်.. စူးချင်းလန်ရှိရာဘက်သို့ အကြည့်လွှဲလိုက်ပြန်သည်။
စူးချင်းလန်သည် သူ၏ အကြည့်ကို သတိပြုမိလိုက်သည်နှင့် ဆိုဖာဆီသို့ ချက်ချင်း ရွှေ့သွားကာ သူမ၏ အိတ်ထဲမှ လဲလှယ်မည့် အဝတ်အစားများနှင့် ညအိပ်ဝတ်စုံကို ထုတ်ယူလိုက်တော့သည်။
သူမ၏ လှုပ်ရှားမှုများမှာ ကြိုတင်ပြင်ဆင်ထားသည့်အလား သဘာဝကျလွန်းလှ၏။
'တကယ့်ကို ပဲ.. ဒီနှစ်ယောက်ကတော့ အတူတူ ကြိုတင်ကြံစည်ထားကြတာ သေချာတယ်'
ကုချန် မိမိကိုယ်ကိုယ် တွေးလိုက်မိပြီး နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားရသည်။
"အပေါ်ထပ်မှာ အခန်းတွေ အများကြီး ရှိတယ်.. သွားပြီး တစ်ခန်း ရွေးလိုက်တော့"
ကုချန်သည် စူးချင်းလန်ကို ပြောလိုက်၏။
ကုချန်၏ သဘောတူညီချက်ကို ကြားလိုက်ရသည့်အခါ စူးချင်းလန်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်ထွက်လာခဲ့သည်။
သူမ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကုချန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား အပေါ်ထပ်ဆီသို့ ခပ်သွက်သွက်လေး ပြေးတက်သွားတော့၏။