အခန်း (၂၀) တိန့်တောက်ယု တိန့်မိသားစုမှ နှင်ထုတ်ခံရခြင်းနှင့် ကုချန် စတင်လှုပ်ရှားခြင်း
ဂိုဒေါင်အတွင်းမှ ထွက်ခွာလာပြီးနောက် ကုချန်သည် အနက်ရောင် ဆီဒန်ကားကြီးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
ဒရိုင်ဘာဖြစ်သူမှာ ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ရာ.. ကုချန် လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ကားတံခါးကို ရိုသေလေးစားစွာဖြင့် ချက်ချင်း ဖွင့်ပေးလာ၏။
ကုချန် ကားထဲသို့ ဝင်ထိုင်လိုက်ပြီး ထိုင်ခုံတွင် နောက်သို့ မှီချလျက် ပြတင်းပေါက်အပြင်ဘက်ဆီသို့ စူးစိုက်ကြည့်နေမိတော့သည်။
ဒရိုင်ဘာကလည်း မောင်းနှင်သူနေရာသို့ ပြန်လည်ဝင်ထိုင်ကာ စက်နှိုးလိုက်ပြီးနောက် ဂိုဒေါင်နှင့် ဝေးရာသို့ ဖြည်းညင်းစွာ မောင်းထွက်ခဲ့တော့၏။
နောက်ကွယ်မှ ကားများမှာမူ နောက်ဆက်တွဲကိစ္စရပ်များကို ရှင်းလင်းရန်အတွက် ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ကြသည်။
ကုချန် မျက်လုံးများကို မှိတ်ထားလိုက်စဉ်မှာပင် ရုတ်တရက် စနစ် ၏ အသံက သူ၏ စိတ်ထဲ၌ မြည်ဟည်းလာပြန်၏။
【 အိမ်ရှင်... စနစ်အနေနဲ့ ဂိုဒေါင်ထဲကနေ ပျံသန်းထွက်သွားတဲ့ ခြင်တစ်ကောင်ကို အခုတင်ပဲ ရှာဖွေတွေ့ရှိလိုက်ပါတယ်ရှင့် 】
ကုချန်၏ အပြုံးများ ချက်ချင်းပင် အေးခဲသွားခဲ့ပြီး နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် တွန့်ကွေးသွားရသည်။
ဒီစနစ်က တမင်သက်သက် ပြဿနာလာရှာချင် နေတာလား။
သူ၏ မျက်ဝန်းများ အနည်းငယ် ဖျတ်ခနဲ ဖြစ်သွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်၏။
"ဟူး... ငါကတော့ ငါ့ရဲ့ ဗီလိန်တန်ဖိုးတွေ အားလုံးကို သုံးပြီး ငါ့ရဲ့ ခွန်အားတွေကို မြှင့်တင်ဖို့ မူလက စီစဉ်ထားတာ.. ဒါပေမဲ့ အခုတော့ ဒါက မလိုအပ်တော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပြီ"
ဤသည်ကို ကြားလိုက်ရသည့်အခါ စနစ်သည် ချက်ချင်းပင် ပြာပြာသလဲ ဖြစ်သွားတော့၏။
【 ဟေ့... အိမ်ရှင်ရယ်.. စနစ်က နောက်လိုက်တာပါရှင့် အမှန်စင်စစ်တော့ စနစ်က အဲဒီခြင်ကို အစောကြီးကတည်းက ရှင်းပစ်လိုက်ပြီးသားပါရှင့်..မြောင်.. မြောင် 】
မိမိကိုယ်ပိုင် စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့က အမြဲတမ်း အရေးကြီးတာပဲလေ.. ငါတို့တွေက အမြဲတမ်း အပြင်လူတွေကိုပဲ အားကိုးနေလို့ မရဘူး မဟုတ်လား။
ကုချန်သည် ဤအရာများကို သဘာဝကျကျပင် သိရှိထားပြီးဖြစ်ရာ သူ၏ ခွန်အားကို မြှင့်တင်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဗီလိန်တန်ဖိုး ၄၀၀၀ လျှင် ခွန်အားတန်ဖိုး ၈၀ သာ မြှင့်တင်နိုင်ခြင်းက သိပ်ပြီး မတန်ဟု သူ ခံစားနေရ၏။
ကုချန်သည် ထိုထက်မက ပိုမိုများပြားသော ခွန်အားတန်ဖိုးများကို လဲလှယ်ချင်နေခဲ့ခြင်း ဖြစ်သည်။
အခုတော့ အတိအကျပင် စနစ်က သူ့ဘာသာသူ တံခါးဝအထိ လာပြီး အကွက်ဆင်ပေးနေခဲ့ပြီ ဖြစ်၏။
ကုချန်သည် စနစ်၏ ရှင်းလင်းချက်များကို လျစ်လျူရှုထားလိုက်ပြီး အနားယူနေသည့်အလား မျက်လုံးများကိုသာ ဆက်၍ မှိတ်ထားလိုက်တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် စနစ်၏ အသံက ဖားပြလိုဟန် လေသံမျိုးဖြင့် ထပ်မံထွက်ပေါ်လာပြန်၏။
【 အိမ်ရှင်ရှင့်... အခုပဲ ခွန်အားတန်ဖိုး ၈၀ ဝယ်ယူမယ်ဆိုရင် ခွန်အားတန်ဖိုး ၁၀ အလကား ထပ်ဆောင်းပေးမှုပါရှင့် 】
"စိတ်မဝင်စားဘူး"
ကုချန်၏ အသံမှာ တည်ငြိမ်လေးနက်လှပြီး မျက်လုံးများကို မှိတ်ထားဆဲပင်.. ဤအရာအားလုံးကို ဂရုမစိုက်သည့်အလား ရှိနေတော့သည်။
【 ၂၀ အလကား ပေးပါ့မယ်ရှင့်.. အခုပဲ မှာယူလိုက်မယ်ဆိုရင် မင်ကျင်း အဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ချက်ချင်း တိုက်ရိုက် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်ရှင့် 】
ကုချန်၏ မျက်ခုံးများ အနည်းငယ် လှုပ်ခါသွားခဲ့၏။ သူ၏ ရွေးချယ်စရာများကို အသေအချာ ချိန်ဆပြီးနောက်တွင်မူ ပြန်လည်ဖြေကြားလိုက်တော့သည်။
"သဘောတူတယ်"
【 တိန့်…ဂုဏ်ယူပါတယ် အိမ်ရှင်.. သင်က ခွန်အားတန်ဖိုး ၁၀၀ ကို မြှင့်တင်နိုင်ခဲ့ပြီး မင်ကျင်း အဆင့်ရဲ့ အလယ်အလတ်အဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါပြီ】
စနစ်၏ အကြောင်းကြားချက် မြည်ဟည်းသွားသည်နှင့် တစ်ပြိုင်နက် ကုချန်သည် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ အားကောင်းလှသော စွမ်းအားတစ်ခု တိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။
သူ၏ သွေးကြောများအတွင်း၌ နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ရှိနေပြီး စွမ်းအင်များ ပြည့်နှက်နေသည်ဟု ခံစားရစေ၏။
ကုချန်၏ အသွင်အပြင်မှာ သွယ်လျနေဆဲဖြစ်ပြီး မည်သည့် ကြီးမားထွားကျိုင်းသော ကြွက်သားလိုင်းမျိုးမျှ ရှိမနေသော်လည်း.. သူ၏ လက်ကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ လက်ဆစ်ကလေးများမှာ အနည်းငယ် ဖြူဆွတ်သွားခဲ့ပြီး.. အားအနည်းငယ် စိုက်လိုက်ရုံမျှဖြင့် ကားတံခါးကိုပင် အလွယ်တကူ ဆွဲဖြုတ်ပစ်နိုင်မည့်အလား ခံစားနေရတော့သည်။
ထိုညတွင် ရေချိုးပြီးခါစဖြစ်သော ပိုင်၀မ်ရုသည် ကုချန်၏ အခန်းထဲသို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
သို့သော်လည်း ကုချန်ကမူ သူ၏ ဖုန်းမျက်နှာပြင်ကိုသာ အာရုံစိုက်နေဆဲ ဖြစ်ပြီး.. ပိုင်၀မ်ရု သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီးသည့် အခါမှသာ ဖြည်းညင်းစွာ စကားဆိုလာခဲ့တော့၏။
"ဒီညတော့ အနားယူကြရအောင်"
မည်သို့ပင်ဆိုစေကာမူ ပိုင်၀မ်ရုသည် ဤခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကတည်းက လွန်ခဲ့သောရက်ပိုင်းအတွင်း ကိစ္စရပ်များစွာကို ကြုံတွေ့ခဲ့ရသဖြင့် သူမ ခံနိုင်ရည်ရှိပါ့မလားဟု ကုချန်က စိုးရိမ်နေခြင်း ဖြစ်သည်။
ပိုင်၀မ်ရုသည် ကုချန်၏ ဆိုလိုရင်းကို နားလည်သွားပုံရပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် မျက်ဝန်းထဲ၌ ကောက်ကျစ်မှုများ ထွက်ပေါ်နေ၏။
"အာ... သခင်လေးက ဆက်ပြီး မစွမ်းဆောင်နိုင်တော့တာလားဟင်"
ကုချန်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သော်လည်း သူက သူမကို ငုံ့ကြည့်ရင်း ကရုဏာသက်ဖွယ် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
"ဝမ်ရုက ပိုပြီးတော့ သတ္တိကောင်းလာတာပဲ.. အခုဆို ငါ့ကိုတောင် နောက်ပြောင်ရဲနေပြီ အရင်တုန်းက ဘယ်သူကများ ငိုယိုပြီး အသနားခံနေခဲ့တာလဲ မသိဘူးနော်.. အခုတော့ အဲဒီမှတ်ဉာဏ်တွေကို ပြန်ပြီး နွှဲချင်နေတာလား"
ကုချန်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ပိုင်၀မ်ရု ခန္ဓာကိုယ်လေး ကျုံ့ဝင်သွားခဲ့ပြီး မျက်နှာထက်တွင် အနည်းငယ် ကြောက်ရွံ့သွားဟန် ပေါ်လာရှာသည်.. ကုချန်၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံခဲ့ရသည့် ကြောက်ရွံ့မှုများအား ပြန်လည်သတိရသွားသည့်အလားပင်။
ကုချန် ပြုံးလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ သူမ၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့သည်.. ထို့နောက်တွင်မူ အခြားဘာမှ ထပ်မလုပ်ခဲ့ချေ။
ယခုအခါ သူ၏ ခွန်အားမှာ ၂၀၀ သို့ ရောက်ရှိနေပြီဖြစ်ရာ ပိုင်၀မ်ရု တကယ်ပဲ မခံနိုင်ဘဲ ရှိနေမည်ကို ကုချန် စိုးရိမ်မိသဖြင့် သူမကို ရက်အနည်းငယ်ခန့် အနားပေးထားသင့်ပေသည်။
ကုချန်ဘက်က ယဲ့ချန်းကို ရှင်းလင်းပစ်လိုက်ပြီးနောက် တစ်ရက်မြောက်သောနေ့၏ ညစာစားပြီးချိန်တွင် ဧည့်ခန်းအတွင်း၌ ပျင်းရိငြီးငွေ့ဖွယ် လေထုတစ်ခု ပြည့်နှက်နေခဲ့သည်။
ကုချန်သည် ဆိုဖာပေါ်တွင် နောက်သို့မှီချလျက် အကြောဆန့်လိုက်၏။
ပိုင်၀မ်ရုနှင့် ရှန်းကျီဝေတို့သည် ဟင်းလျာများကို ပြင်ဆင်ပြီးခါစဖြစ်၍ မီးဖိုချောင်အတွင်းမှ ထွက်လာကြသည်။
စူးချင်းလန် သည် ဆိုဖာ၏ အခြားတစ်ဖက်တွင် ထိုင်နေပြီး လက်ထဲ၌ စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ထားသော်လည်း သူမ၏ အကြည့်များက ကုချန်ထံသို့သာ ခဏခဏ ရောက်ရှိနေခဲ့သည်။
သူမ၏ အမူအရာက အာရုံစိုက်နေပုံရသော်လည်း သူမ၏ စိတ်အာရုံမှာမူ အခြားတစ်နေရာသို့ လွင့်ပျံနေခဲ့ပြီ ဖြစ်၏။
ပိုင်၀မ်ရုက သူတို့ကို "ဘယ်အချိန်မဆို လွတ်လွတ်လပ်လပ် လာလို့ ရတယ်" ဟု ပြောကြားခဲ့ဖူးကတည်းက စူးချင်းလန်နှင့် ရှန်းကျီဝေတို့သည် တကယ်ပဲ အားနာမနေတော့ဘဲ နေ့တိုင်းနီးပါး လာရောက်လည်ပတ်နေကြတော့သည်။
တခါတရံတွင်မူ ၎င်းတို့သည် ဟင်းချက်စရာ အချို့ သို့မဟုတ် လက်ဆောင်မွန်အချို့ကို သယ်ဆောင်လာတတ်ကြပြီးနောက်.. သဘာဝကျကျပင် ထမင်းပါ တစ်ခါတည်း စားသောက်သွားကြစမြဲ ဖြစ်၏။
တကယ်လို့ သူတို့တွေက အိမ်မှုကိစ္စအချို့နဲ့ ဝေယျာဝစ္စအချို့ကို ကူညီလုပ်ဆောင်ပေးမနေခဲ့ဘူးဆိုရင်တော့... ကုချန်အနေနဲ့ သူတို့တွေဟာ အပြစ်ဖြေဖို့ လာတာမဟုတ်ဘဲ အပန်းဖြေခရီး ထွက်လာကြတာလို့ တကယ်ပဲ ထင်မိလိမ့်မည် ဖြစ်သည်။
ကုချန်သည် စူးချင်းလန် မိမိကို ခဏခဏ လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်သဖြင့် သူမကို မစနောက်ဘဲ မနေနိုင်ခဲ့ချေ။
"ဥက္ကဋ္ဌစု... ဒါကို အိမ်ပြန်ပြီးမှပဲ ကိုင်တွယ်ပါလား မင်း ဒီမှာရှိနေရင် တကယ်ပဲ အာရုံစိုက်နိုင်မယ်လို့ ငါ မထင်ဘူးနော်"
ဂုဏ်သရေရှိလှသော လန်ဖုန်း အုပ်စု၏ ဥက္ကဋ္ဌက နေ့တိုင်း ဒီကိုလာပြီး ထမင်းစားနေကာ အုပ်စုရဲ့ အရေးကိစ္စတွေကိုတောင် ဂရုမစိုက်တော့ဘူးဆိုတာက ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခု ဟုတ်ပါ့မလား။
"ရပါတယ်... လန်ဖုန်း အုပ်စုရဲ့ ဆုံးဖြတ်ချက် အများစုကို အခုဆို အစ်မ ကျွမ်းရန်ကပဲ ကိုင်တွယ်နေတာပါ …ကျွန်မကတော့ ကုမ္ပဏီရဲ့ အခြေအနေကို ဒီအတိုင်းပဲ စစ်ဆေးနေတာ"
ဤသည်ကို ကြားလိုက်ရသည့်အခါ ကုချန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရသည်။
မြတ်စွာဘုရား... ဒါဆို သူတို့တွေက အရာရာကို ကုကျွမ်းရန်အပေါ်ပဲ ပုံချထားကြတာပေါ့ဟုတ်လား။
ကြည့်ရတာ ငါ့အစ်မ ကျွမ်းရန်ကို လစာတိုးပေးဖို့ လိုအပ်နေပြီပဲ။
သူ မိမိကိုယ်ကိုယ် တွေးတောလိုက်ပြီးနောက်.. အပြင်သို့ လျှောက်ထွက်လာခါစဖြစ်သော ရှန်းကျီဝေထံသို့ အကြည့်လွှဲလိုက်သည်။
ရှန်းကျီဝေသည် ကုချန် ဘာပြောချင်နေသည်ကို ကြိုတင်ခန့်မှန်းမိထားပြီးသား ဖြစ်ပုံရသဖြင့် အလျင်အမြန်ပင် ရှင်းလင်းပြောဆိုလာ၏။
"ကျွန်မရဲ့ အမှတ်တွေကို အကုန်လုံး ပြီးစီးအောင် ယူထားပြီးသားပါ.. ပြီးတော့ ဘွဲ့နှင်းသရုပ်ပြပရောဂျက်နဲ့ အစီရင်ခံစာကိုလည်း အစောကြီးကတည်းက တင်ထားခဲ့ပြီးပါပြီ…ကျောင်းကလည်း ကျွန်မကို စီနီယာနှစ် ဘွဲ့မရမချင်း နားခွင့်ပေးထားတာပါ…ဘယ်အချိန်သွားသွား ရသလို.. မသွားဘဲနေဖို့လည်း ရွေးချယ်လို့ ရပါတယ်"
ကောင်းပါပြီ... ကောင်းပါပြီ... မင်းတို့တွေက ဒီလိုနည်းနဲ့ ကစားနေကြတာပေါ့ဟုတ်လား။
ကုချန် သက်ပြင်းခပ်ဖွဖွတစ်ချက် ချလိုက်ပြီး ဘာမှထပ်မဆိုတော့ချေ။
အတိအကျပင် ထိုအချိန်၌ စနစ်၏ အသံက ကုချန်၏ စိတ်ထဲ၌ မြည်ဟည်းလာတော့သည်။
【 ဒင်…အရိပ်အမြွက် … တိန့်တောက်ယုသည် တိန့်မိသားစုမှ နှင်ထုတ်ခြင်း ခံလိုက်ရပါပြီ…အိမ်ရှင်အနေဖြင့် လွတ်လပ်စွာ စတင်လှုပ်ရှားနိုင်ပါပြီ.. 】
တိန့်မိသားစုမှ ထွက်ခွာလာခဲ့ပြီးကတည်းက ကုချန်သည် ဇာတ်လမ်း၏ တိုးတက်မှု အလှည့်အပြောင်းများကို အနီးကပ် စောင့်ကြည့်ရန် စနစ်ကို ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ကြားဖြတ်စွက်ဖက်မှုက ဇာတ်လမ်း၏ လမ်းကြောင်းကို ပြောင်းလဲသွားစေမည်မှာ မလွဲဧကန်ဖြစ်ရာ.. တိန့်တောက်ယုသည် မျှော်လင့်ထားသည်ထက် ပိုမိုစောစီးစွာ တိန့်မိသားစုမှ နှင်ထုတ်ခံရလိမ့်မည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။
တကယ်လို့ စနစ်ရဲ့ ဇာတ်ကွက်ဟောကိန်းက ဇာတ်လမ်းရဲ့ အနာဂတ်တိုးတက်မှုတွေကိုတောင် ကြိုတင်မခန့်မှန်းနိုင်ဘူးဆိုရင်တော့... ဒါက တကယ့်ကို အသုံးမကျတဲ့ ငွေညှစ်စနစ်တစ်ခုပဲ ဖြစ်လိမ့်မည်။
စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ ကုချန် မတ်တတ်ရပ်လိုက်ပြီး လေသံက တည်ငြိမ်လှ၏။
"ငါ အပြင်ကို ခဏလောက် သွားဦးမယ်"
"ဒီလောက်ညဉ့်နက်မှ အပြင်သွားမလို့လား အပြင်မှာ မိုးတွေ အရမ်းရွာနေတာကို"
ရှန်းကျီဝေ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
သူမ ပြတင်းပေါက်အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ.. ထိုနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးစက်မိုးပေါက်များက ပြတင်းမှန်ကို ရိုက်ခတ်နေသဖြင့် ဆူညံသော အသံများ ထွက်ပေါ်နေ၏။
စူးချင်းလန် စကားမဆိုသော်လည်း သူမသည်လည်း ထိုအတွေးမျိုးကိုပင် ကောင်းစွာ မျှဝေခံစားနေရသည်။
သူမကိုယ်တိုင်က အခြားသူတစ်ပါး၏ အိမ်တွင် "ခိုအောင်း" နေသည့် ဧည့်သည်တစ်ဦး ဖြစ်နေသည်ကို သူမ လုံးဝ သတိမထားမိခဲ့ချေ။
ပိုင်၀မ်ရုကမူ ကွဲပြားခြားနားလှသည်။ သူမ ချက်ချင်းပင် ထလိုက်ပြီး ဝင်ပေါက်ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားကာ ဘီဒိုထဲမှ အနက်ရောင် ထီးတစ်ချောင်းကို ယူဆောင်၍ ကုချန်ထံသို့ လှမ်းပေးလာခဲ့၏။
သူမသည် ကုချန်၏ ဆုံးဖြတ်ချက်အပေါ် မည်သည့်မေးခွန်းမျှ မေးမြန်းမည်မဟုတ်ဘဲ.. ၎င်းအစား အကြွင်းမဲ့ ယုံကြည်စွာဖြင့် ထောက်ခံအားပေးပြီး လိုက်နာဆောင်ရွက်ရန်သာ ရွေးချယ်တတ်သူ ဖြစ်သည်။
ကုချန်သည် ပိုင်၀မ်ရုထံမှ ထီးကို လှမ်းယူလိုက်ပြီး သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ အနည်းငယ် မြတ်နိုးဟန် ပြသလိုက်၏။
ဤရင်းနှီးကျွမ်းဝင်လှသော အမူအရာမှာ သဘာဝကျကျပင် စူးချင်းလန်နှင့် ရှန်းကျီဝေတို့ မြင်တွေ့စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
အတိအကျပင် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံး နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသော်လည်း.. ပိုင်၀မ်ရု၏ လုပ်ဆောင်ချက်များကို နှလုံးသားထဲ၌ အလျင်အမြန် မှတ်သားထားလိုက်ကြပြီး မိမိကိုယ်ကိုယ် ပြန်လည်သတိပေးလိုက်ကြတော့၏။
အမျိုးသမီး သုံးဦးစလုံးက ကုချန်ကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
တံခါးအပြင်ဘက် မိုးရေထဲတွင်မူ အသွင်ပြောင်းလဲခြင်းနယ်ပယ်ရှိ သက်တော်စောင့်နှစ်ဦးဖြစ်သော ရှင်းလန်နှင့် ဝမ်ရူတို့သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။
၎င်းတို့သည် အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးများကို ဆင်မြန်းထားကြပြီး လက်ထဲတွင်လည်း အနက်ရောင် ထီးတစ်ချောင်းစီကို ကိုင်ဆောင်ထားကြ၏။
ကုချန် ဗီလာအတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ရှင်းလန်နှင့် ဝမ်ရူတို့သည် ချက်ချင်းပင် ဦးညွှတ်လိုက်ကြပြီး လေသံက တိုးသော်လည်း ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။
"သခင်လေး"
ကုချန် ခေါင်းလေးအနည်းငယ် ညိတ်ပြလိုက်ပြီး ပိုင်၀မ်ရုရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
"ငါ ပြန်လာတာကို စောင့်နေနော်"
ပြောပြီးနောက်တွင်မူ သူသည် လှည့်ထွက်ကာ မိုးရေထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့သည်။
ရှင်းလန်နှင့် ဝမ်ရူတို့သည်လည်း ချက်ချင်းပင် နောက်မှ လိုက်ပါလာခဲ့ကြပြီး.. အနက်ရောင် ဆီဒန်ကားကြီးမှာလည်း တံခါးဝတွင် အဆင်သင့် ဆိုက်ကပ်ထားခဲ့ပြီ ဖြစ်သည်။
ကုချန် ကားထဲသို့ ဝင်ထိုင်လိုက်ပြီးနောက် စက်ရှိန်မြှင့်တင်လိုက်သဖြင့် အင်ဂျင်သံကြီး ဟိန်းခနဲ မြည်ဟည်းသွားခဲ့ကာ.. ကားလေးသည် ဖြည်းညင်းစွာ စတင်ထွက်ခွာသွားခဲ့ပြီး မိုးရေထဲသို့ အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့၏။