အခန်း (၂) - မင်းသမီးတွေကို သတ်ချင်တာ... ဒါပေမဲ့ ဘာလို့ အကုန်လုံး ထွက်ပြေးကုန်ကြတာလဲ
သူတို့ သုံးယောက်ရဲ့ အနောက်မှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်အချို့ ထိုင်နေကြပြီး... တစ်ယောက်ချင်းစီရဲ့ မျက်နှာပေးက တည်တံ့လေးနက်နေကာ အကြည့်တွေထဲမှာတော့ အကဲခတ်ခြင်းနဲ့ တွက်ကိန်းထုတ်ခြင်းတွေ ပြည့်နှက်နေတယ်။
ချင်ယုနင် က လှောင်ပြုံးတစ်ချက်နဲ့အတူ အရင်ဆုံး စကားစလိုက်တယ် -
"ဥက္ကဋ္ဌကုက တကယ်ကို အလုပ်များတဲ့လူပဲနော်... တို့လူအများကြီးကို ဒီလောက်တောင် အကြာကြီး စောင့်ခိုင်းရတယ်လို့"
ကုချန်ကတော့ ဘာမှလောမနေဘဲ သဘာပတိခုံမှာ အေးအေးလူလူ ထိုင်လိုက်ပြီး ခြေထောက်ချိတ်ကာ ညာလက်ကို ခုံလက်တင်ပေါ်မှာ သက်သောင့်သက်သာ တင်ထားလိုက်တယ်။
"အားလုံးကို စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ် စောစောက သန့်စင်ခန်းထဲမှာ စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို ရုတ်တရက် တွေးမိသွားလို့ အချိန်နည်းနည်း ကြာသွားတာပါ"
သူ့ရဲ့ လေသံက ပေါ့ပါးပြီး ပုံမှန်အတိုင်း ဖြစ်နေတာကြောင့် အစည်းအဝေးခန်းမထဲက တင်းမာနေတဲ့ လေထုကို လုံးဝ သတိမထားမိတဲ့အတိုင်းပဲ။
စူးချင်းလန် က မျက်မှောင်ကုတ်လိုက်ပြီး အေးစက်စက် ပြောလာတယ် -
"ဥက္ကဋ္ဌကု... ဒီနေ့ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားပြီးပြီလို့ တို့ ယူဆပါတယ်"
"ဒါပေါ့"
ကုချန်က ခေါင်းညိတ်ရင်း သူမကို တည့်တည့်ကြည့်လိုက်တယ်။
"စတင်လိုက်တော့လေ... မင်းတို့ရဲ့ ပြကွက်ကို"
စူးချင်းလန်ရဲ့ မျက်နှာက ချက်ချင်း တည်ခနဲ ဖြစ်သွားခဲ့တယ်။
သူမက ကောင်းမွန်သပ်ရပ်တဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး... ဆံပင်အရှည်တွေကို ဦးခေါင်းအနောက်မှာ သေသေသပ်သပ် စည်းနှောင်ထားတာကြောင့် တစ်ကိုယ်လုံးကနေ အေးစက်ပြီး အရှိန်အဝါကြီးမားတဲ့ ပုံစံမျိုး ထွက်ပေါ်နေတယ်။
စူးချင်းလန်က သူမရှေ့က ဖိုင်တွဲကို ဖွင့်လိုက်ပြီး ဒီကာလအတွင်း ကုချန် ကျူးလွန်ခဲ့တဲ့ ‘အပြစ်ဇယား’ တွေကို တစ်ခုချင်းစီ စာရင်းစီစစ်ကာ အသေးစိတ် စတင်ရှင်းပြတော့တယ်။
ဒါပေမဲ့ ကုချန်ကတော့ ဇာတ်လမ်းထဲမှာ မပါသလိုမျိုး ညာလက်နဲ့ ခေါင်းကို ထောက်ထားပြီး မျက်လုံးတွေကို ခပ်ဖွဖွ မှိတ်ထားခဲ့တယ်။
သူ့ရဲ့ ဘယ်လက်ကတော့ စားပွဲအောက်မှာ စည်းချက်ကျကျ တောက်တောက် တောက်တောက်နဲ့ တစ်ခုခုကို တွက်ချက်နေသလို နှိပ်နေခဲ့သည်။
【 သူတို့ကို အကုန်လုံး သတ်ပစ်လိုက်ရင် ကောင်းမလား 】
အေးစက်စက် အသံတစ်သံက အစည်းအဝေးခန်းမထဲမှာ ရုတ်တရက် မြည်ဟီးသွားခဲ့ပြီး... လူခန္ဓာကိုယ်ထဲအထိ စိမ့်ဝင်သွားလောက်မယ့် လူသတ်လိုတဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်။
စာရွက်စာတမ်းကို ဖတ်နေတဲ့ စူးချင်းလန် တစ်ယောက် ချက်ချင်း ရပ်တန့်သွားခဲ့တယ်။
သူမ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ပတ်ဝန်းကျင်ကို သံသယနဲ့ မသေချာမှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေနဲ့ ဝေ့ဝဲကြည့်ရှုလိုက်မိတယ်။
သူမ သတိပြုမိတာကတော့ အခြား ရှယ်ယာရှင်တွေရဲ့ ပုံစံက ပုံမှန်အတိုင်း ဖြစ်နေပြီး အဲဒီအသံကို မကြားလိုက်ရတဲ့အတိုင်းပဲ။
ဒါပေမဲ့ ရှန်ကျီဝေ နဲ့ ချင်ယုနင် တို့ရဲ့ တုံ့ပြန်မှုကတော့ သူမနဲ့ ထပ်တူထပ်မျှ ဖြစ်နေခဲ့တယ်...
သူတို့နှစ်ယောက်စလုံးကလည်း အသံလာရာ အရင်းအမြစ်ကို လိုက်ရှာနေသလိုမျိုး ပတ်ဝန်းကျင်ကို သတိကြီးစွာနဲ့ ဝေ့ဝဲကြည့်နေကြတာ။
စူးချင်းလန်ရဲ့ ရပ်တန့်သွားမှုကို သတိပြုမိလိုက်တဲ့ ကုချန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ့ရဲ့အကြည့်က သူမအပေါ် ကျရောက်သွားခဲ့တယ်။
သူ နှုတ်ခမ်းမဟခဲ့ပေမဲ့ အဲဒီအသံက ထပ်ပြီး ထွက်ပေါ်လာပြန်တယ်…
【 ဘာလို့ ရပ်သွားတာလဲ 】
ဒီအသံ ထပ်မံထွက်ပေါ်လာမှုက အမျိုးသမီး သုံးယောက်ရဲ့ သံသယကို လုံးဝ အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့တယ်သူတို့တွေ... ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားနေရတာပဲ
စူးချင်းလန်က သူမရဲ့ ရင်ထဲက တုန်လှုပ်မှုကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ပြီး စာရွက်စာတမ်းကို ဆက်ဖတ်နေခဲ့ပေမဲ့ သူမရဲ့ လေသံက စောစောကလို မပြတ်သားတော့ဘူး။
ကုချန်က မျက်လုံးကို ပြန်မှိတ်လိုက်ပြီး သူ့ရဲ့ အတွေးတွေကို ဆက်လက် စီးမြောခွင့်ပြုလိုက်တယ် -
【 ဒီနေ့ ငါ့ကို စီမံခန့်ခွဲမှုအလွှာကနေ ကန်ထုတ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ် ထျန်းချန်လုပ်ငန်းစုက ဟိုင်ချန်မြို့မှာ အင်အားကြီးတယ်ဆိုပေမဲ့ မြို့တော် (ပီကင်း) နဲ့ ယှဉ်ရင်တော့ ကစားပွဲအသေးလေး သက်သက်ပဲ 】
【 ဒီနေ့ညကျရင် မိသားစု (ပီကင်းကုမိသားစု) ဆီ ဖုန်းဆက်ပြီး အဘိုးကို တိုက်ရိုက်ဝင်ပါခိုင်းပြီး ထျန်းချန်လုပ်ငန်းစုကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ခိုင်းလိုက်ရင်ကောင်းမလား 】
"ပီကင်း ကု မိသားစု" ဆိုတဲ့ စကားလုံးလေးလုံးကို ကြားလိုက်ရချိန်မှာတော့ အမျိုးသမီး သုံးယောက်စလုံး တပြိုင်နက်တည်း အသက်ရှူမှားသွားကြရတယ်။
သူတို့တွေ ပီကင်းကုမိသားစုအကြောင်းကို သဘာဝကျကျ သိထားကြတာပေါ့... အဲဒါက သူတို့လိုလူတွေ လုံးဝ သွားထိလို့မရတဲ့ တည်ရှိမှုကြီးလေ..
ပြီးတော့ ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကို ကြားရသလောက်ဆိုရင်... သူက အဲဒီ ကုမိသားစုရဲ့ တစ်ဦးတည်းသော သား ဖြစ်နေတာလား သူက ဘာလို့ ဟိုင်ချန်မြို့ကို ရောက်နေရတာလဲ…
【 ဒီအမျိုးသမီး သုံးယောက်ကိုတော့... နောက် ဒုက္ခမများရအောင် အဘိုးကို လူလွှတ်ပြီး တိတ်တဆိတ် ရှင်းပစ်ခိုင်းလိုက်တာ ပိုကောင်းမယ်】
【 ငါးစာကျွေးမလား... ခွေးစာကျွေးမလား... မတော်တဆ ချော်လဲကျတာလား... နည်းလမ်းတွေက အများကြီးပဲ ဘာနည်းသုံးရမလဲ】
"ဖတ်"
စူးချင်းလန်ရဲ့ လက်ထဲက စာရွက်စာတမ်းတွေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပြီး... သူမရဲ့ နဖူးပြင်မှာလည်း အေးစက်စက် ချွေးစေးတွေ စိမ့်ထွက်လာခဲ့ပြီ။
ရှန်ကျီဝေရဲ့ လက်ထဲက ဖောင်တိန်ကလည်း မထိန်းနိုင်ဘဲ လွတ်ကျသွားပြီး စားပွဲခုံပေါ်ကို "ထောက်" ဆိုတဲ့ အသံအက်အက်နဲ့ ကျသွားခဲ့တယ်။
သူမက အလျင်အမြန် တုံ့ပြန်ပြီး ဖောင်တိန်ကို ပြန်ကောက်လိုက်ပေမဲ့ သူမရဲ့ လက်ထိပ်လေးတွေကတော့ မသိစိတ်အရ တုန်ယင်နေခဲ့ရပြီ။
သူမက မျက်မှန်ရွှေဝါရောင်ကို မသိမသာ ပင့်တင်လိုက်ရင်း ရင်ထဲက ထိတ်လန့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့ပေမဲ့ မှန်ဘီလူးအနောက်က သူမရဲ့ မျက်ဝန်းတွေကတော့ စိုးရိမ်တုန်လှုပ်မှုကို သစ္စာဖောက်ပြနေခဲ့တယ်။
ချင်ယုနင်ရဲ့ မျက်နှာကတော့ ပိုလို့တောင် ဖြူစုတ်သွားခဲ့ပြီး... သူမမျက်ဝန်းထဲက ကြောက်ရွံ့မှုတွေကို လုံးဝ ဖုံးကွယ်လို့ မရတော့ဘူး။
သူမ လက်ထဲက ဖိုင်တွဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတာကြောင့် လက်ဆစ်လေးတွေတောင် ဖြူလျော့ကုန်ခဲ့ရတယ်။
ကုချန်က စိတ်မရှည်စွာနဲ့ မျက်လုံးဖွင့်လိုက်ပြီး သူ့ရဲ့ အကြည့်တွေထဲမှာ သိသာလှတဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေ ပြည့်နှက်နေတယ် -
【 တကယ်ပဲ... မင်းတို့တွေ ဘာလုပ်နေကြတာလဲ စကားလုံးတွေကို ကြိုတင်ပြင်ဆင်မလာကြဘူးလား မြန်မြန်ပြော... မြန်မြန်အဆုံးသတ်ပြီး အစည်းအဝေး ရုပ်သိမ်းကြစို့... ငါ အိမ်ပြန်ဖို့ အလောတကြီး ဖြစ်နေတာကို 】
ဟိုင်ချန်မြို့ရဲ့ စီးပွားရေးဘုရင်မလို့ တင်စားကြတဲ့ စူးချင်းလန် တစ်ယောက် အခုအချိန်မှာတော့ လုံးဝကို ပျာယာခတ်နေခဲ့ပြီ။
သူမက ဖားသူငယ် မဟုတ်ပါဘူး... လောကကြီးမှာ ကိုယ့်ထက်တော်တဲ့လူ အမြဲရှိတယ်ဆိုတဲ့ အမှန်တရားကို ကောင်းကောင်းကြီး သိထားသူပါ။
အကယ်၍ ကုချန်က တကယ်ပဲ ပီကင်းကုမိသားစုက လူဖြစ်နေခဲ့ရင်... ဒီနေ့ သူတို့လုပ်ရပ်က ကိုယ့်သင်္ချိုင်းကိုယ် တူးနေတာနဲ့ အတူတူပဲ။
လောလောဆယ် ဇာတ်ကွက်က ဇာတ်လမ်းအလယ်ပိုင်းကို ရောက်နေပြီဆိုပေမဲ့... ယဲ့ချန်းအပေါ် သူတို့ရဲ့ နှစ်သက်မှုက "အသက်ပါ ပေးဆပ်နိုင်တဲ့အထိ" တော့ မပြင်းထန်သေးပါဘူး။
ဒါ့အပြင် ဝတ္ထုရဲ့ အစောပိုင်းနဲ့ အလယ်ပိုင်း ဇာတ်ကွက်တွေက အဓိက မင်းသမီး သုံးယောက်အပေါ်မှာပဲ အာရုံစိုက်ထားတာကြောင့် သူတို့တွေ ယဲ့ချန်းနဲ့ တွေ့ဆုံတဲ့အကြိမ်ရေက ကုချန်နဲ့ တွေ့ဆုံတဲ့အကြိမ်ရေထက်တောင် နည်းပါသေးတယ်။
ဒါက မင်းသားအရှိန်အဝါ ရဲ့ လွှမ်းမိုးမှုနဲ့ အခြားသော အကြောင်းအရင်းအချို့ ပေါင်းစပ်သွားလို့သာ အမျိုးသမီး သုံးယောက်ရဲ့ စိတ်က ယဲ့ချန်းဘက်ကို ယိုင်သွားခဲ့ရတာ။
လက်ရှိ ဇာတ်ကွက်အရဆိုရင် ယဲ့ချန်းက သူတို့ သုံးယောက်စလုံးရဲ့ လက်ကိုတောင် မထိရသေးပါဘူး။
"အားလုံးပဲ..."
စူးချင်းလန်ရဲ့ လေသံက အနည်းငယ် တုန်ယင်နေခဲ့တယ်…
"ဒီနေ့ အစည်းအဝေးအတွက် အရေးကြီးတဲ့ စာရွက်စာတမ်းတချို့ ကျန်ခဲ့တာကို တို့ ရုတ်တရက် သတိရသွားလို့ပါ…အဲဒါ... အဲဒါကြောင့် နောက်ရက်မှပဲ ပြန်ပြီး ဆွေးနွေးကြရင် ကော မကောင်းဘူးလား"
သူမရဲ့ အဆိုပြုချက်ကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့ရတယ်။
ရှယ်ယာရှင်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း စူးချင်းလန်ရဲ့ ရုတ်တရက် စိတ်ပြောင်းသွားမှုကို လုံးဝ နားမလည်နိုင် ဖြစ်နေကြပေမဲ့... သူမရဲ့ ရာထူးအဆင့်အတန်းကြောင့် မည်သူမျှ ထုတ်ဖော်မပြောရဲကြပေ။
ကုချန်ကတော့ မျက်ခုံးတစ်ချက် ပင့်လိုက်မိတယ်... ဒီလို ရုတ်တရက်ကြီး အလှည့်အပြောင်း ဖြစ်သွားတာကို သူ တော်တော်လေး အံ့ဩသွားပုံရတယ်။
【 ဟင် ဒါက ဘာလဲ ဘာလို့ ရုတ်တရက်ကြီး နောက်ရက်မှ လုပ်မယ် ဖြစ်သွားတာလဲ သူမ ခေါင်းများ ထိခိုက်သွားတာလား ဟိုင်ချန်မြို့ရဲ့ စီးပွားရေး အထက်တန်းလွှာဆိုတာ ဒါပဲလား ဇာတ်ညွှန်းကို ပြောင်းပြန်ဖတ်နေတာ ထင်တယ် 】
ဒါပေမဲ့ ကုချန်က ဘာမှအများကြီး မပြောဘဲ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ သူ့ရဲ့ ဝတ်စုံကို ပြန်လည်သပ်ရပ်အောင် ပြင်လိုက်တယ်။
သူက တည်ငြိမ်အေးစက်တဲ့ အကြည့်တွေနဲ့ ရှိနေတဲ့ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပုံမှန်လေသံနဲ့ပဲ ပြောလိုက်တယ် -
"ဒါဆိုရင်လည်း... နောက်ရက်မှပေါ့"
သူ ထွက်ခွာခါနီးအချိန်မှာတင် သူ့ရဲ့ စိတ်ထဲက အတွေးတွေက ထပ်မံ ထွက်ပေါ်လာပြန်တယ်…
【 နောက်ရက် ဆိုပေမယ့် မင်းတို့မှာ အဲဒီလို အခွင့်အရေးမျိုး ရှိဦးမယ် ထင်မနေတော့】
သူ့အနောက်ကနေ အစည်းအဝေးခန်းမရဲ့ တံခါးကြီး ဖြည်းညှင်းစွာ ပိတ်သွားခဲ့ချိန်မှာတော့... မျက်နှာတပြင်လုံး ဖြူစုတ်နေကြတဲ့ အမျိုးသမီး သုံးယောက်သာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကျန်ရစ်ခဲ့ကြတော့တယ်။