အခန်း (၁၉) တိန့်ရှို့ကျဲနှင့် ယဲ့ချန်း အဆက်အသွယ်ဖြတ်ခြင်း.. ယဲ့ချန်း ဇာတ်စင်ထက်မှ ထွက်ခွာရခြင်း
တိန့်ရှို့ကျဲသည် အခြားမိသားစုဝင်များ.. ကုမ္ပဏီအရာရှိကြီးများနှင့် ပြုံးရွှင်စွာ စကားလက်ဆုံကျနေစဉ်မှာပင် မရေမတွက်နိုင်သော အပ်ကလေးများက သူ၏ သွေးကြောမျှင်များအတွင်း တိုးဝှေ့လှုပ်ရှားနေသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုတစ်ခု ခန္ဓာကိုယ်အနှံ့ ရိုက်ခတ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ ခြေထောက်များ ခွေညွတ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။
"သခင်လေးတိန့်... ဘာဖြစ်လို့လဲဟင်"
ဘေးပတ်ဝန်းကျင်ရှိ လူများက ဤသည်ကို မြင်သောအခါ အလန့်တကြားဖြင့် စိုးရိမ်တကြီး မေးမြန်းလာကြသည်။
အမှောင်ထုထဲတွင် ပုန်းကွယ်နေသော ယဲ့ချန်းသည်လည်း ဤမြင်ကွင်းကို မြင်သည်နှင့် တစ်ပြိုင်နက် အရိပ်ထဲမှ ချက်ချင်း ပြေးထွက်လာခဲ့တော့သည်။
သူသည် တိန့်ရှို့ကျဲ၏ ဘေးသို့ အလျင်အမြန် လျှောက်လှမ်းသွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် လက်လှမ်းလိုက်၏။
သို့သော်လည်း သူ စတင်လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဆွံ့အသွားရတော့သည်။
ယဲ့ချန်း၏ စိတ်ထဲတွင် ဗလာကျင်းသွားခဲ့ပြီ ဖြစ်သည်...သူ တစ်ချိန်က အသည်းစွဲမှတ်မိနေခဲ့သော ဆေးပညာဗဟုသုတများအားလုံးမှာ အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူသည် အပ်စိုက်ရမည့် အမှတ်များနှင့် ဆေးညွှန်းအချိုးအစားများကို အတင်းအကြပ် ပြန်လည်တွေးတောရန် ကြိုးစားကြည့်သော်လည်း သူ၏ မှတ်ဉာဏ်များမှာ အတင်းအဓမ္မ ဖျက်ဆီးခြင်း ခံလိုက်ရသည့်အလား ဖြစ်နေတော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယဲ့ချန်း၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားပြီး ကျောပြင်တစ်ခုလုံးလည်း ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။
သူသည် မိမိအိတ်ကပ်ထဲတွင် အမြဲဆောင်ထားတတ်သော ငွေအပ်များကို တုန်တုန်ရီရီဖြင့် ထုတ်ယူလိုက်သော်လည်း ၎င်းတို့ကို လက်ထဲတွင် ကိုင်ထားသည့်အခါ တကယ့်ကို သူစိမ်းပြင်ပြင်ကြီးကဲ့သို့ ခံစားနေရ၏။
တစ်ချိန်ကမူ ဤငွေအပ်များသည် သူ၏ ကိုယ်လက်အင်္ဂါများကဲ့သို့ပင် အသုံးပြုရလွယ်ကူလှပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်ခဲ့ဖူးသည်။
သို့သော် အခုအချိန်တွင်မူ ၎င်းတို့ကို မည်သို့အသုံးပြုရမည်ကို သူ လုံးဝ တွေးမရတော့ချေ။
"ယဲ့ချန်း…မင်းဘာလုပ်နေတာလဲ မြန်မြန်ငါ့ကို ကယ်ဦးလေ"
တိန့်ရှို့ကျဲသည် ယဲ့ချန်း၏ ကြောင်အမ်းအမ်း ဖြစ်နေသော အမူအရာကို မြင်သောအခါ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
တစ်ကိုယ်လုံးရှိ စူးရှလှသော နာကျင်မှုများကြောင့် သူ၏ မျက်နှာကြီး ရှုံ့မဲ့နေခဲ့ရပြီး.. သူ၏ လေသံတွင် ဒေါသများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။
သို့သော်လည်း ယဲ့ချန်းကမူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်သေးချေ။
သူ၏ လက်ဖဝါးများ တုန်ယင်နေပြီး မျက်ဝန်းထဲတွင်လည်း ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
"အသုံးမကျတဲ့ အမှိုက်ကောင် မင်းက ဘာအသုံးဝင်လို့လဲ တိန့်မိသားစုထဲကနေ အခုချက်ချင်း ထွက်သွားစမ်း"
တိန့်ရှို့ကျဲသည် အဆုံးမဲ့စိတ်ပျက်မှု.. ဒေါသများနှင့်အတူ အော်ဟစ်လိုက်တော့၏။
အစေခံနှစ်ဦး ရှေ့သို့ ပြေးဝင်လာပြီး တိန့်ရှို့ကျဲကို တွဲထူကာ ဆေးရုံသို့ အလျင်အမြန် ခေါ်ဆောင်သွားကြသည်။
သက်တော်စောင့်အချို့ကမူ ယဲ့ချန်း၏ အနားသို့ လျှောက်လာကြပြီး ရန်လိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာကြ၏။
"မစ္စတာယဲ့... ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ယဲ့ချန်း သူတို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ တန်ဖိုးထားရသော ဆေးပညာစွမ်းရည်များ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးခွန်အားကိုမူ လျှော့တွက်၍ မရသေးချေ။
သူသည် သက်တော်စောင့်အချို့၏ ဖမ်းချုပ်ထားမှုမှ အလွယ်တကူ ရုန်းထွက်လိုက်ပြီး လေသံကို အေးစက်စေလျက် ဆိုလိုက်၏။
"ငါ့ဘာသာငါ လမ်းလျှောက်ပြန်မယ်"
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်ကာ ညစာစားပွဲ ခန်းမဆောင်ကြီးအတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
သူ၏ ကျောပြင်က မတ်မတ်ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ခြေလှမ်းများမှာမူ အနည်းငယ် ယိုင်နဲ့နေသကဲ့သို့ ရှိနေ၏။
ညစာစားပွဲတစ်ခုလုံးမှာ တိန့်ရှို့ကျဲ ရုတ်တရက် ဆေးရုံ ရောက်သွားခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
မူလအဓိကဇာတ်ဆောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ညစာစားပွဲ၏ အခြေအနေမှာလည်း အနေရခက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့၏။
ယဲ့ချန်း ဗီလာအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာစဉ် သူ၏ စိတ်ထဲ၌ မေးခွန်းတစ်ခုသာ ထပ်တလဲလဲ မြည်ဟည်းနေခဲ့သည်။
'ငါ့ရဲ့ ဆေးပညာစွမ်းရည်တွေက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ’
ဤအချက်ကို တွေးမိသည့်အခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးစက်သွားရပြန်သည်။
တကယ်လို့ သူ ဆေးပညာစွမ်းရည်တွေ တကယ်ပဲ ဆုံးရှုံးသွားခဲ့ပြီဆိုရင်... ကုချန်ကို တိုက်ခိုက်ဖို့ ဘာကို အသုံးပြုရတော့မည်နည်း။ ဤကမ္ဘာကြီးပေါ်မှာရော ဘယ်လိုဆက်ပြီး ရှင်သန်ရတော့မည်နည်း။
ထိုသို့တွေးရင်း ယဲ့ချန်းသည် ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့ရာ သူ၏ ကျောပြင်ကြီးမှာ အထူးပင် အထီးကျန်နေပုံရတော့၏။
သူ လုံးဝမသိရှိခဲ့သည်မှာ... မလှမ်းမကမ်းရှိ နေရာတစ်ခုမှ မျက်ဝန်းတစ်စုံက သူ့ကို စူးစိုက်စွာ စောင့်ကြည့်နေခဲ့ခြင်းပင် ဖြစ်သည်။
"ဘာ... မင်းရဲ့ ဆေးပညာစွမ်းရည်တွေ ပျောက်ဆုံးသွားတယ် ဟုတ်လား"
ရဲယွမ်၏ ပါးစပ်မှ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ အမူအရာမှာလည်း ချက်ချင်းပင် လေးနက်တည်ကြည်သွားတော့သည်။
သူသည် ယဲ့ချန်း၏ ဘေးသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်၏။
သို့သော်လည်း သူ၏ လက်ချောင်းထိပ်များမှ ခံစားရသော သွေးခုန်နှုန်းမှာ ဖရိုဖရဲ ဖြစ်နေပြီး ယဲ့ချန်း၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ရာသော စွမ်းအားများ အတင်းအကြပ် အလုခံလိုက်ရသည့်အလား ရှိနေသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရဲယွမ်၏ မျက်ဝန်းထဲတွင် တုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပြီး သူ၏ အသံမှာလည်း အနည်းငယ် တုန်ယင်နေရှာ၏။
ခဏအကြာတွင် ရဲယွမ် ရုတ်တရက် သတိဝင်လာပြီး ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။
"တောင်ပေါ်ကို ချက်ချင်း ပြန်ကြစို့.. ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး"
သို့သော်လည်း သူ စကားပြောပြီးရုံမျှသာ ရှိသေးစဉ် တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်သံ ပျံ့လွင့်လာခဲ့တော့၏။
"ထွက်သွားမလို့လား... နောက်ကျသွားပြီ"
ကုချန်သည် ဟောင်းနွမ်းပျက်စီးနေသော ဂိုဒေါင်ကြီး၏ ဝင်ပေါက်မှတစ်ဆင့် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်ရောက်လာခဲ့ပြီး.. သူ၏ နောက်ကွယ်တွင်မူ ဒန်ကျင်း အဆင့်ရှိသည့် အစောင့်နှစ်ဦး လိုက်ပါလာခဲ့သည်။
သူသည် သူ၏ ပွဲတက်ဝတ်စုံကို လဲလှယ်ထားခဲ့ပြီဖြစ်ကာ ယခုအခါ ပေါ့ပေါ့ပါးပါး အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးကို ဆင်မြန်းထား၏။
【 အမည် - ယဲ့ချန်း 】
အဆင့်အတန်း - ဇာတ်လိုက်မင်းသား
နှစ်သက်မှု - (-၁၀၀)
ခွန်အား - ၃၅၀
ကျန်ရှိသော ကံတရားတန်ဖိုး - ၂၀၀၀
ဇာတ်ကောင်မိတ်ဆက် - "နတ်ဆေးဆရာ တောင်ပေါ်မှဆင်းသက်ခြင်း - အလှနတ်သမီးအားလုံးကို သိမ်းပိုက်ခြင်း" ဇာတ်လမ်း၏ အမျိုးသားဇာတ်လိုက်။
စွမ်းရည် - အဆင့် ၅ ပါးကျိချွန်းလက်ဝှေ့သိုင်း
ရဲယွမ်နှင့် ယဲ့ချန်းတို့၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။
သူတို့ တုံ့ပြန်ရန် အချိန်မရသေးမီမှာပင် ဂိုဒေါင်၏ နောက်ဘက်နှင့် ဘေးဘက်များမှ မှန်ကွဲသံအချို့ ထပ်မံထွက်ပေါ်လာခဲ့ပြန်၏။
နောက်ထပ်ပညာရှင် လေးဦးသည် ပြတင်းပေါက်များကို ရိုက်ခွဲကာ အထဲသို့ ဝင်ရောက်လာကြပြီး သူတို့၏ ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ကြတော့သည်။
ဒန်ကျင်း အဆင့်ရှိ ကျွမ်းကျင်သူ ခြောက်ဦး၏ ပေါ်ထွက်လာမှုမှာ တစ်ခဏအတွင်းမှာပင် တစ်ခုလုံးသော ဂိုဒေါင်အတွင်းရှိ လေထုကို အေးခဲသွားစေခဲ့သည်။
ရဲယွမ်နှင့် ယဲ့ချန်းတို့၏ အမူအရာမှာ အလွန်ပင် ဆိုးရွားသွားခဲ့ရ၏။ ၎င်းတို့အနေဖြင့် ယနေ့တွင် ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်းကို ကောင်းစွာ သဘောပေါက်လိုက်ကြသည်။
'ဒန်ကျင်း အဆင့် က ကျွမ်းကျင်သူ ခြောက်ယောက်တောင်ဆိုတော့... ခြင်တစ်ကောင်တောင် လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး'
ကုချန်သည် မိမိဘာသာ တွေးလိုက်မိပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဆင်မြန်းထား၏။
"မင်းတို့ လွတ်မြောက်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး"
သူသည် တစ်ဖက်လူကို စကားပြောခွင့် လုံးဝမပေးတော့ဘဲ တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့သည်။
"သတ်ပစ်လိုက်"
သိုင်းပညာရှင် ခြောက်ဦးသည် လျှပ်စီးလက်သည့်အလား အရှိန်အဟုန်ဖြင့် ချက်ချင်း တိုက်ခိုက်ကြတော့၏။
ရဲယွမ်သည် အစွမ်းကုန် လေ့ကျင့်ထားသည့် ထိုပညာရှင်များ၏ ရှေ့မှောက်တွင်မူ မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။
တိုက်ပွဲမှာ တစ်ဖက်သတ်နီးပါး ဖြစ်နေခဲ့သည်။
ရဲယွမ်နှင့် ယဲ့ချန်းတို့မှာ အလျင်အမြန်ပင် အရိုက်နှက်ခံလိုက်ရပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရှိတော့ဘဲ ဒဏ်ရာအမြောက်အမြား ရရှိသွားကြတော့၏။
ကုဖုန်းက သူ၏ လက်သီးချက်ကို ထုတ်လွှတ်လိုက်သည့်အခါ ရဲယွမ်၏ ခန္ဓာကိုယ်ကြီးမှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားခဲ့ပြီး နံရံကို ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။
သူသည် ပါးစပ်အပြည့် သွေးများ အော့အန်လိုက်ရပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကာ လုံးဝ အသက်ကင်းမဲ့သွားတော့၏။
【 တိန့်…ယဲ့ချန်း၏ ဒုတိယမြောက် ဆရာသခင် ရဲယွမ် သေဆုံးသွားခဲ့ပါပြီ။ ယဲ့ချန်း၏ ကံတရားတန်ဖိုး ၁၀၀၀လျော့နည်းသွားပြီး.. အိမ်ရှင်သည် ဗီလိန်တန်ဖိုး ၁၀၀၀ ရရှိပါသည်】
"ဆရာသခင်..." ယဲ့ချန်းသည် ဒေါသနှင့် သောကများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။
သူသည် ရဲယွမ်ရှိရာဘက်သို့ ပြေးသွားရန် ကြိုးစားခဲ့သော်လည်း.. မျှော်လင့်မထားသော အခြားစွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြန်သဖြင့် နောက်သို့ လွင့်ထွက်သွားကာ နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားပြန်၏။
ယဲ့ချန်း၏ ခန္ဓာကိုယ်ကြီး ဖြည်းညင်းစွာ လျှောကျသွားခဲ့ပြီး ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။
သို့သော်လည်း သူ၏ ထံ၌ အသက်ရှူသံ ခပ်ဖျော့ဖျော့ ကျန်ရှိနေသေးဆဲ ဖြစ်ကာ မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ရုန်းကန်နေသေး၏။
ကုချန်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လေသံတွင် သရော်မှုများ ပြည့်နှက်နေသည်။
"ဇာတ်လိုက်ဆိုတာ တကယ့်ကို သတ်ရခက်တာပဲ"
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ကုဖုန်း သည် အဆုံးသတ်ချက်ကို သေချာ စေရန် ရှေ့သို့ အလျင်အမြန် ခြေလှမ်းလှမ်းလိုက်တော့၏။
သူသည် ယဲ့ချန်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်ပြီး သူ၏ အသက်စွမ်းအင်များကို လုံးဝ ဥဿုံ ချေမှုန်းပစ်လိုက်တော့သည်။
【 ဂန့်… ကမ္ဘာ့ဇာတ်လိုက် ယဲ့ချန်း သေဆုံးသွားကြောင်း ရှာဖွေတွေ့ရှိပါသည်..ကံတရားတန်ဖိုး သုညသို့ လျော့နည်းသွားပြီး.. အိမ်ရှင်သည် ဗီလိန်တန်ဖိုး ၁၀၀၀ ရရှိပါသည် 】
စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့် အခါမှသာ ကုချန်သည် လုံးဝ စိတ်အေးသွားတော့၏။
သူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ယဲ့ချန်းနှင့် ရဲယွမ်တို့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
"ရှင်းလင်းပစ်လိုက်"
ပြောပြီးနောက် သူသည် ဂိုဒေါင်အတွင်းမှ လှည့်ထွက်ခဲ့တော့ရာ.. သူ၏ ကျောပြင်ကြီးမှာ မတ်မတ်နှင့် အေးစက်တည်ငြိမ်လွန်းလှတော့သည်။