အခန်း (၁၈) စူးချင်းလန်၏ ဘက်လိုက်စကားဆိုမှုနှင့် စွမ်းရည်များကို လုယူခြင်း
ကုချန်သည် တိန့်ရှို့ကျဲကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
တိန့်ရှို့ကျဲက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ လေသံတွင် အထင်အမြင်သေးမှုများ ပါဝင်နေ၏။
"ထျန်ချန်နဲ့ လန်ဖုန်းတို့ဟာ မသင့်မြတ်ဘူးဆိုတဲ့ ကောလာဟလတွေ အမြဲရှိခဲ့တာပဲ…သူဌေး ကု... အခု မင်းပြောတဲ့ သဘောက..."
သို့သော်လည်း သူ စကားပင် ဆုံးအောင် မပြောရသေးမီမှာပင် ပြတ်သားပြီး ခိုင်မာသော အသံတစ်ခုက ကြားဖြတ်၍ ထွက်ပေါ်လာတော့သည်။
"လန်ဖုန်း အုပ်စုဟာ ထျန်ချန်နဲ့ အနက်ရှိုင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမှာ တကယ်ပဲ ဖြစ်ပါတယ်… အခုအချိန်ကစပြီး ထျန်ချန်ရဲ့ ရန်သူဟာ လန်ဖုန်းရဲ့ ရန်သူပဲ"
ထိုအသံမှာ ကြည်လင်သော စမ်းရေတွင်းတစ်ခုကဲ့သို့ အေးစက်လှသော်လည်း ငြင်းပယ်၍မရသော အရှိန်အဝါများ ပါဝင်နေ၏။
လူတိုင်းက အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြရာ စူးချင်းလန်သည် သူတို့ရှိရာဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရတော့သည်။
သူမသည် ဖျာဆင်းနေသော စကတ်ပါရှိသည့် နက်ပြာရောင် ပွဲတက်ဂါဝန်ကြီးကို ဆင်မြန်းထား၏။
သူမ၏ ရှည်လျားသော ဆံနွယ်များကို အထက်သို့ မြှင့်တင်၍ ထုံးဖွဲ့ထားသဖြင့် သွယ်လျသော လည်တိုင်လေးက ပေါ်လွင်နေပြီး.. သူမ၏ မိတ်ကပ်ပြင်ဆင်မှုမှာလည်း လက်ရာမြောက်လှသလို အေးစက်တည်ငြိမ်သောအသွင်ကို ဆောင်နေစေသည်။
စူးချင်းလန်သည် ကုချန်၏ ဘေးသို့ ချဉ်းကပ်လာခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် အရောင်အဝါတစ်ခု ဖျတ်ခနဲ ဖြစ်သွား၏။
သူမက ကုချန်ကို ခေါင်းလေးအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် တိန့်ရှို့ကျဲထံသို့ အကြည့်လွှဲကာ လေသံကို အနည်းငယ် အေးစက်စေလျက် ဆိုလိုက်သည်။
"သခင်လေး တိန့်... စကားပြောတဲ့အခါ သတိထားတာ အကောင်းဆုံးပဲနော်"
ကုချန်ကမူ စူးချင်းလန် ပေါ်ထွက်လာခြင်းအပေါ် အံ့အားသင့်ခြင်း မရှိခဲ့ချေ။
သူမ ရောက်ရှိလာခြင်းနှင့် သူမဘက်ကနေ ဦးဦးဖျားဖျား သူ့ကို ကာကွယ်ပြောဆိုပေးလာခြင်းတို့မှာ သူ့တွက်ချက်မှုအတွင်း၌သာ ရှိနေခဲ့သည်။
တိန့်ရှို့ကျဲ၏ မျက်နှာမှာမူ မိုးမှောင်ကျနေသည့်အလား တကယ့်ကို ပျက်ယွင်းနေခဲ့ပြီ ဖြစ်သည်။
သူသည် ကုချန်နှင့် စူးချင်းလန်တို့၏ ကြားဖြတ်ပြောဆိုခြင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ခံခဲ့ရရုံမျှမက လူပုံအလယ်၌ပင် အရှက်ခွဲခြင်း ခံလိုက်ရ၏။ သို့ဖြစ်ရာ သူ၏ သိက္ခာက ဘယ်နားသွားထားရတော့မည်နည်း။
ထို့အပြင် ယနေ့သည် တိန့်ရှို့ကျဲအနေဖြင့် ဟိုင်ချန်မြို့ရှိ အာဏာရှိ.. စည်းစိမ်ရှိ လူကုံထံများအားလုံးရှေ့တွင် မိမိ၏ အဆင့်အတန်းကို တရားဝင် ကြေညာရမည့် အရေးကြီးသော အချိန်အခါဖြစ်သင့်သော်လည်း.. နောက်ဆုံး၌ ကုချန်၏ ကပြဖျော်ဖြေပွဲတစ်ခုကဲ့သို့သာ ဖြစ်သွားခဲ့ရသည်။
သူ ဘယ်လိုလုပ်ပြီး မနာကျည်းဘဲ နေနိုင်ပါမည်နည်း။
ကုချန်သည် ဒေါသကြောင့် အံကြိတ်ထားမိသော တိန့်ရှို့ကျဲကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
သူက ဝိုင်ခွက်ကို ချလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။
"ကြည့်ရတာ သခင်လေး တိန့်က ငါတို့ကို သိပ်ပြီး ကြိုဆိုချင်တဲ့ပုံမပေါ်ဘူးပဲ.. ဒါကြောင့် ငါလည်း မင်းကို ဆက်ပြီး အဖော်မလုပ်တော့ပါဘူး"
ပြောပြီးနောက်တွင်မူ သူသည် ပိုင်၀မ်ရု.. ယန်ရွှမ်းတို့နှင့်အတူ လှည့်ထွက်ခဲ့တော့သည်။
ကုချန်သည် အစောပိုင်းကတည်းက ပိုင်၀မ်ရုကို မှာကြားထားခဲ့ဖူးသည်...ဘာပဲဖြစ်ဖြစ် စိတ်ပူမနေဘဲ မုန့်စားဖို့ကိုသာ အာရုံစိုက်ထားရန် ဖြစ်သည်။
တကယ်ပဲ ပိုင်၀မ်ရုသည် တစိုက်မတ်မတ် စားသောက်နေခဲ့ပြီး.. ဤအချိန်တွင် သူမ၏ ပါးပြင်နှစ်ဖက်မှာ မုန့်များကြောင့် အနည်းငယ် ဖောင်းကြွနေသဖြင့် အထူးပင် ချစ်စရာကောင်းနေရှာသည်။
ကုချန်က ထွက်ခွာရန် အချက်ပြလိုက်သည့် အခါမှသာ သူမ သဘောပေါက်သွားပြီး ပါးစပ်ထဲမှ သစ်သီးများကို အလျင်အမြန် မျိုချကာ သူ့နောက်သို့ လိုက်ပါလာခဲ့တော့၏။
ကုချန် ထွက်ခွာသွားသည်ကို မြင်သောအခါ စူးချင်းလန်သည်လည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ ခန်းမဆောင်ကြီးအတွင်းမှ လိုက်ပါထွက်ခွာလာခဲ့သည်။
သူမက ခြေလှမ်းအနည်းငယ် ခပ်သွက်သွက်လှမ်းကာ ကုချန် ကားပေါ်သို့ မတက်မီမှာပင် လှမ်း၍ တားလိုက်ပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လျက် ဆို၏။
"သူဌေး ကု... ကျွန်မတို့ စကားခဏလောက် ပြောလို့ရမလားဟင်"
"ငါ့မှာ လုပ်စရာ ကိစ္စရှိသေးလို့ နောက်မှပဲ ပြောကြတာပေါ့"
ကုချန်က ဘာမှထပ်မဆိုဘဲ ကားထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်ပြီး စူးချင်းလန်ကို စကားထပ်ပြောခွင့် လုံးဝ မပေးခဲ့ချေ။
စူးချင်းလန်သည် ထိုနေရာတွင် မတ်တတ်ရပ်ကျန်ခဲ့ရင်း ကုချန်၏ အေးစက်စိမ်းကားသော အမူအရာကို ကြည့်ကာ နှလုံးသားထဲတွင် စိတ်ပျက်မှုနှင့် နောင်တရမှုများ တိုးဝှေ့လာပြန်သည်။
အတိအကျပင် ထိုအချိန်၌ ပိုင်၀မ်ရုသည် စူးချင်းလန်၏ ဘေးမှ ဖြတ်သန်းသွားစဉ် ခဏမျှ တုံ့ဆိုင်းသွားခဲ့၏။
သူမက ခေါင်းလေးလှည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"သခင်လေး ဆိုလိုတာက... အစ်မနဲ့ ကျိဝေတို့ နောက်နောင်လည်း အိမ်ကို မကြာခဏ လာလည်လို့ ရတယ်လို့ ပြောတာပါ"
ပြောပြီးနောက် သူမသည် ကားထဲသို့ ဝင်ရောက်ကာ တံခါးပိတ်လိုက်တော့သည်။
ကားမောင်းမထွက်မီမှာပင် ပိုင်၀မ်ရုသည် ကားမှန်ပြတင်းပေါက်မှတစ်ဆင့် စူးချင်းလန်ကို ချိုမြိန်စွာ ပြုံးပြလိုက်သေး၏။
ပိုင်၀မ်ရု၏ စကားကို ကြားလိုက်ရသောအခါ စူးချင်းလန် မပြုံးဘဲ မနေနိုင်ခဲ့ချေ။
ကားလေး ဝေးရာသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူမ၏ စိတ်အခြေအနေမှာ ရုတ်ချည်းပင် ပေါ့ပါးသွားခဲ့ပြီး နှလုံးသားထဲမှ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချပစ်လိုက်နိုင်သည့်အလား ရှိနေတော့သည်။
......
"မင်း မပြောသင့်တဲ့ စကားကို ပြန်ပြောပြန်ပြီလား"
ကုချန်သည် သူ၏ဘေးတွင်ရှိသော ပိုင်၀မ်ရုကို လှည့်ကြည့်လိုက်ပြီး လေသံတွင် အပြစ်တင်လိုဟန် မပါဝင်ပေ။
"မဟုပ်ပါဘူးနော်…ကျွန်မက သခင်လေး လိုချင်တဲ့အတိုင်း လုပ်ပေးခဲ့တာ မဟုတ်ဘူးလား"
ပိုင်၀မ်ရုသည် မျက်တောင်လေး ခတ်လိုက်ပြီး နှုတ်ခမ်းထက်တွင် ချိုမြိန်သော အပြုံးတစ်ခုကို ဆင်မြန်းကာ လေသံလေးက တိုးညင်းပြီး အနည်းငယ် ကလူဆန်နေသည်။
"သခင်လေးက ကျိီဝေနဲ့ အစ်မချင်းလန်တို့ကို သိမ်းသွင်းချင်နေတာ မဟုတ်ဘူးလား"
သူမ၏ လေသံတွင် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေသည့်အလား စိတ်ကောက်စနိုးဟန်လေး ပါဝင်နေသော်လည်း မှန်ကန်ကြောင်း ယုံကြည်ချက်လည်း ရှိနေ၏။
ဤသည်ကို ကြားသောအခါ ကုချန် မရယ်ဘဲ မနေနိုင်ခဲ့ချေ။
"မင်းတို့တွေက ဘယ်တုန်းက ဒီလောက်တောင် ရင်းနှီးသွားကြတာလဲ မင်းက သူမကို 'အစ်မ' လို့တောင် ခေါ်နေပြီပဲ"
ပိုင်၀မ်ရု မျက်တောင်လေး ခတ်လိုက်ပြီး သူမ၏ လေသံတွင် အရေးကြီးဟန် ပါဝင်နေသည်။
"ဘာပဲဖြစ်ဖြစ် နောင်ကျရင် ကျွန်မတို့တွေက ညီအစ်မတွေ ဖြစ်လာကြမှာပဲလေ.. ဒါကြောင့် သခင်လေးအတွက် ဒုက္ခမဖြစ်စေဖို့ အစောပိုင်းကတည်းက ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားတာ ပိုကောင်းတာပေါ့"
ပိုင်၀မ်ရု၏ စကားကို ကြားလိုက်ရသည့်အခါ ကုချန်၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာတော့သည်။
"မင်းက အရာရာကို ကြိုတွေးထားတာပဲ"
ပြောပြီးနောက် သူက လက်ကို ဆန့်ထုတ်ကာ ပိုင်၀မ်ရု၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
ထို့နောက် သူသည် ထိုင်ခုံတွင် နောက်သို့ မှီချလျက် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အလွန်ပင် စိတ်အေးလက်အေး ရှိနေပုံရသည်။
ပိုင်၀မ်ရုကလည်း စကားထပ်မဆိုတော့ဘဲ ကုချန်၏ မျက်နှာကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိတော့၏။
ကုချန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ အသစ်ရရှိထားသော စွမ်းရည်အသစ်နှစ်ခုဖြစ်သည့်...အဆင့် ၆ ဆေးပညာစွမ်းရည် နှင့် အဆင့် ၄ စီးပွားရေးအမြင်စူးရှမှု ...တို့ကို အလေးအနက် စတင်ခံစားကြည့်လိုက်သည်။
အဆင့် ၅ ဆေးပညာစွမ်းရည်သည် သာမန်လူသားများ ရရှိနိုင်သော အထွတ်အထိပ်ကို ကိုယ်စားပြုပြီး.. အဆင့် ၆ ဆေးပညာစွမ်းရည်မှာမူ ထိုအဆင့်ကို ကျော်လွန်၍ ထပ်မံအောင်မြင်မှုကို ကိုယ်စားပြုခြင်း ဖြစ်သည်။
၎င်းသည် လူသားတို့ သိရှိထားသော ဆေးပညာဗဟုသုတအားလုံးကို လွှမ်းခြုံထားရုံမျှမက ပျောက်ဆုံးနေခဲ့သော ရှေးဟောင်းဆေးပညာ နည်းစနစ်များနှင့် လျှို့ဝှက်ဆေးညွှန်းများကိုပါ ပါဝင်စေသည်။
အဆင့် ၄ စီးပွားရေးအမြင်စူးရှမှုနှင့် ပတ်သက်၍မူ ကုချန်သည် လက်ရှိတွင် ကုမ္ပဏီကို စီမံခန့်ခွဲရန် စိတ်ဝင်စားမှု သိပ်မရှိလှပေ။
သို့သော် ဤစွမ်းရည်က သူ၏ အတွေးအခေါ်များကို ပိုမိုထက်မြက်လာစေပြီး အဓိက သတင်းအချက်အလက်များကို အလျင်အမြန် ဖမ်းဆုပ်နိုင်စွမ်း ရှိစေသည်။
တိန့်ရှို့ကျဲထံမှ သူ၏ တစ်ခုတည်းသော စွမ်းရည်ကို တိုက်ရိုက် လုယူလိုက်ခြင်းသည် တိန့်မိသားစုအတွင်း သူ၏ အခြေအနေကို ပိုမိုခက်ခဲသွားစေလိမ့်မည် ဖြစ်သည်။
ကုချန် တွေးတောနေစဉ်မှာပင် စနစ် ၏ အသံက သူ၏ စိတ်ထဲ၌ မြည်ဟည်းလာတော့၏။
【 တိန့်… ဇာတ်လိုက် ယဲ့ချန်းနှင့် တိန့်ရှို့ကျဲတို့အကြား ဆက်ဆံရေး ဆိုးရွားသွားကြောင်း ရှာဖွေတွေ့ရှိပါသည် ယဲ့ချန်း၏ ကံတရားတန်ဖိုး ၁၀၀၀ လျော့နည်းသွားပြီး.. အိမ်ရှင်သည် ဗီလိန်တန်ဖိုး ၁၀၀၀ ရရှိပါသည် 】
【 တိန့်… ဇာတ်လိုက် တိန့်ရှို့ကျဲသည် သူ၏ ပထမဆုံး ပွဲတက်ညစာစားပွဲတွင် သိက္ခာကျသွားကြောင်း ရှာဖွေတွေ့ရှိပါသည်။ တိန့်ရှို့ကျဲ၏ ကံတရားတန်ဖိုး ၁၀၀၀ လျော့နည်းသွားပြီး.. အိမ်ရှင်သည် ဗီလိန်တန်ဖိုး ၁၀၀၀ ရရှိပါသည်…မြောင်… 】
ကုချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူ မိမိဘာသာ တွေးလိုက်မိသည်။
'နောက်ဆုံးတော့ ထိရောက်သွားပြီပဲ'
စောနပါတီပွဲတွင်….
အမှန်စင်စစ်တွင်မူ ကုချန်သည် တိန့်မိသားစု ညစာစားပွဲ၌ ယဲ့ချန်းကို မြင်လိုက်ရကတည်းက သူ၏ စွမ်းရည်လုယူခြင်း ကို အသုံးပြုခဲ့ပြီး ဖြစ်ကာ.. တစ်ဖက်လူ၏ အဆင့် ၆ ဆေးပညာစွမ်းရည်ကို တိုက်ရိုက် လုယူခဲ့ခြင်း ဖြစ်သည်။
သူ၏ ရည်မှန်းချက်မှာ ယဲ့ချန်း၏ ဆေးပညာစွမ်းရည်များကို လေ့လာရန်ဖြစ်သဖြင့် သူသည် ငွေအပ်အသေးလေးတစ်စုံကို မိမိနှင့်အတူ မလာခင်တုန်းကတည်းက ရည်ရွယ်ချက်ရှိရှိ သယ်ဆောင်ထားခဲ့ခြင်း ဖြစ်၏။
အဆင့် ၆ ဆေးပညာစွမ်းရည်များ သူ၏ စိတ်ထဲသို့ တိုးဝင်လာသည့် အခိုက်အတန့်တွင် ကုချန်သည် မကြုံစဖူးသော သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။
မရေမတွက်နိုင်သော ဆေးပညာဗဟုသုတများ.. အပ်စိုက်ကုထုံးများနှင့် လျှို့ဝှက်ဆေးညွှန်းများမှာ ဒီရေလှိုင်းကဲ့သို့ သူ၏ မှတ်ဉာဏ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့၏။
ကုချန်သည် သူ၏ လက်နှစ်ဖက်တွင် တစ်စုံတစ်ရာသော မှော်ဆန်သည့် စွမ်းအားများ ရှိနေသကဲ့သို့ပင် ခံစားလိုက်ရပြီး.. လူ့ခန္ဓာကိုယ်၏ သိမ်မွေ့သော ပြောင်းလဲမှုတိုင်းကို တိကျစွာ အာရုံခံနိုင်စွမ်း ရှိလာစေသည်။
သူသည် သွေးကြောများ.. အပ်စိုက်အမှတ်များနှင့် အတွင်းအင်္ဂါများ၏ လည်ပတ်မှုများကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ကုချန်သည် သူ၏ ညာလက်ကို ဝတ်စုံအိတ်ကပ်ထဲသို့ တိတ်ဆိတ်စွာ ထည့်လိုက်ပြီး လက်ချောင်းထိပ်များကြားတွင် သေးငယ်လှသော ငွေအပ်လေးတစ်ချောင်းကို ညင်သာစွာ ညှပ်လိုက်၏။
ထိုငွေအပ်လေးမှာ အလွန်ပင် တိုတောင်းလှပြီး လက်သည်းခွံ နှစ်ခုစာထက် မပိုလှသဖြင့် သေချာစွာ မကြည့်လျှင် လုံးဝ သတိပြုမိနိုင်မည် မဟုတ်ပေ။
သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျှို့ဝှက်လှသည်။ သူ၏ ဝတ်စုံအကာအကွယ်အောက်တွင် သူသည် လက်ကောက်ဝတ်ကို အနည်းငယ် ဖျတ်ခနဲ လှုပ်ခါလိုက်ရာ.. ငွေအပ်လေးသည် အေးစက်သော အလင်းတန်းတစ်ခုကဲ့သို့ လွင့်ပျံသွားပြီး တိန့်ရှို့ကျဲ၏ အချို့သော အပ်စိုက်အမှတ် ဆီသို့ တိကျစွာ စိုက်ဝင်သွားတော့၏။
တစ်ခုလုံးသော ဖြစ်စဉ်မှာ အဆင်ပြေချောမွေ့လွန်းလှသဖြင့် မည်သူကမျှ သတိမပြုမိခဲ့ကြချေ။
ဤအရာအားလုံးကို ပြီးဆုံးစေပြီးနောက် ကုချန်သည် ဘာမှမဖြစ်ခဲ့သည့်အလား ဆက်လက် တည်ငြိမ်နေခဲ့သည်။
စူးချင်းလန် ပေါ်လာပြီး သူ့ကို ကာကွယ်ပြောဆိုပေးသည့်အခါ.. သူသည် "တိန့်မိသားစုက သူတို့ကို ကြိုဆိုခြင်းမရှိ" ဟူသော အကြောင်းပြချက်ကို အသုံးပြု၍ ပိုင်၀မ်ရု.. ယန်ရွှမ်းတို့နှင့်အတူ ညစာစားပွဲမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကုချန် ထွက်ခွာသွားပြီး မကြာမီမှာပင် ပြင်းထန်လှသော နာကျင်မှုတစ်ခုသည် တိန့်ရှို့ကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ရုတ်ချည်း ရိုက်ခတ်သွားတော့၏။
ထို့ကြောင့်ပဲ ဇာတ်လိုက်နှစ်ယောက် ကွဲပြဲ သွားရခြင်းဖြစ်သည်။