အခန်း (၁၆) တိန့်မိသားစု ညစာစားပွဲနှင့် ၀တ္ထုစာအုပ်သစ်၏ ဇာတ်ကွက်
ရှန်ကျီဝေ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ကုချန်၏ ဖုန်းက တုန်ခါလာခဲ့သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ ကုကျွမ်းရန် ခေါ်ဆိုနေခြင်းဖြစ်သည်ကို တွေ့ရသဖြင့် ချက်ချင်းပင် ဖုန်းလက်ခံလိုက်၏။
"အစ်မ ကျွမ်းရန်... ဘာကိစ္စရှိလို့လဲဟင်"
ဖုန်းအခြားတစ်ဖက်မှ ကုကျွမ်းရန်၏ အသံမှာ ပြတ်သားပြီး သွက်လက်ချက်ချာလှသည်။
"သခင်လေး... တိန့်မိသားစုက ညစာစားပွဲတစ်ခုအတွက် ဖိတ်စာတစ်စောင် ပေးပို့ထားပါတယ်.. အဲဒါ သခင်လေးရဲ့ ရုံးခန်းကို ရောက်နေပါပြီ… သခင်လေး တက်ရောက်ချင်ပါသလား"
တိန့်မိသားစုထံမှ ဖိတ်စာဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ကုချန် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။
တိန့်မိသားစုက ဘာလို့ ရုတ်တရက်ကြီး ညစာစားပွဲ ကျင်းပရတာလဲ။ သူ ခဏမျှ တွေးတောလိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်၏။
"ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့…အဲဒီဖိတ်စာကို ငါ့အတွက် ခဏ သိမ်းထားပေးပါ"
ကုကျွမ်းရန်က ပြန်ထူးလိုက်ပြီးနောက် ထပ်လောင်းပြောကြားသည်။
"ကောင်းပါပြီ…ဒါနဲ့ လန်ဖုန်း အုပ်စုကလည်း မနေ့ကနဲ့ ဒီနေ့မှာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေနဲ့ အမှာစာအများကြီးကို လာပို့ထားပါတယ်.. သူတို့က ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ပုံပဲ"
"ဒီကိစ္စတွေကို ကျွန်မ ကိုင်တွယ်နေပါတယ်.. ဒါပေမဲ့ သခင်လေးကိုလည်း အသိပေးထားချင်လို့ပါ"
"လန်ဖုန်း အုပ်စုဟုတ်လား"
ကုချန်က မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိပြီး သူ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
စူးချင်းလန်က သူမရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက် အတော်လေးကို ကြိုးပမ်းအားထုတ်နေပုံရတယ်ပဲ။
သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး လေသံက တည်ငြိမ်နေဆဲပင်။
"ကောင်းပြီ... ငါ သိပြီ"
စကားအနည်းငယ် ထပ်မံဖလှယ်ပြီးနောက် ကုချန် ဖုန်းချလိုက်သည်။
သို့သော်လည်း ဖုန်းချပြီး မကြာမီမှာပင် အခြားခေါ်ဆိုမှုတစ်ခု ထပ်မံဝင်ရောက်လာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ချင်ယုနင် ဖြစ်၏။
"မင်္ဂလာနံနက်ခင်းပါ သူဌေး ကု"
ချင်ယုနင်၏ အသံမှာ ညင်သာပြီး ရိုသေလေးစားမှု ရှိလှသည်။
"ဘာကိစ္စရှိလို့လဲ" ကုချန်က တိုက်ရိုက်ပင် မေးလိုက်၏။
"သူဌေး ကုအနေနဲ့ တိန့်မိသားစုရဲ့ ညစာစားပွဲအကြောင်း တစ်ခုခု သိထားမလားလို့ သိချင်မိပါတယ်"
"ခုတင်တင်ပဲ သိလိုက်ရတယ်"
ကုချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
၎င်းကို ကြားသောအခါ ချင်ယုနင်က ဆက်လက်ပြောပြသည်။
"ကျွန်မတို့ ချင်မိသားစုဆီ ရောက်လာတဲ့ သတင်းအချက်အလက်အရ တိန့်မိသားစုဟာ မွေးကင်းစကလေးချင်း မှားယွင်းလဲလှယ်ခံခဲ့ရဖူးလို့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေးဟာ အပြင်မှာ လေလွင့်နေခဲ့ရတာပါ"
"အခုတော့ သူ့ကို ပြန်ခေါ်လာနိုင်ခဲ့ပြီဆိုတော့ တိန့်မိသားစုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိန့်ဝေက ဒီညနေခင်းမှာ ဟိုင်ချန်မြို့ရဲ့ စီးပွားရေးလောက အထက်တန်းလွှာတွေ အားလုံးရှေ့မှာ သူ့ရဲ့ အဆင့်အတန်းကို တရားဝင် ကြေညာချင်နေတာ ဖြစ်ပါလိမ့်မယ်"
ချင်ယုနင်၏ စကားကို ကြားလိုက်ရသည့်အခါ ကုချန်၏ မျက်သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားတော့သည်။
'ဇာတ်လိုက်အစစ်နဲ့ ဇာတ်လိုက်အတု' ရဲ့ ဇာတ်ကွက်မျိုးလား.. သူ တွေးတောမိလိုက်သည်။
'ငါမှတ်မိသလောက်တော့ တိန့်မိသားစုရဲ့ ပင်မမျိုးနွယ်စုမှာ အမျိုးသမီး သုံးယောက်ပဲ ရှိတာမလား မွေးကင်းစအချိန်တုန်းက ယောင်္ကျားလေးနဲ့ မိန်းကလေး မှားယွင်းလဲလှယ်ခံခဲ့ရတာတဲ့.. ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ'
သို့သော်လည်း သူသည် ဤကဲ့သို့သော ဇာတ်ကွက်မျိုးနှင့် ရင်းနှီးပြီးသား ဖြစ်သည်။
ပုံမှန်ဇာတ်လမ်းလမ်းကြောင်းအရဆိုလျှင် ယခုတစ်ကြိမ် ပြန်လည်ရောက်ရှိလာသော သခင်လေးသည် ဇာတ်လိုက်မင်းသား ဖြစ်နိုင်ချေရှိပြီး.. သူက ယဲ့ချန်းနှင့်ပင် ပတ်သက်ဆက်နွှယ်သွားလိမ့်မည်။
ကုချန်ကမူ ဘေးထိုင် နံသာဖျန်း လုပ်နေမည့်သူ လုံးဝမဟုတ်ပေ။
သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လေသံက တည်ငြိမ်နေဆဲပင်။
"ကောင်းပြီ... ငါ သိပြီ"
ဖုန်းချပြီးနောက် ကုချန်သည် မီးဖိုချောင်ဘက်သို့ လှမ်း၍ ခေါ်လိုက်၏။
"ဝမ်ရု"
"ဘာဖြစ်လို့လဲ သခင်လေး"
ပိုင်၀မ်ရုသည် လက်ထဲတွင် အဝတ်စုတ်တစ်ခုကို ကိုင်လျက် ခေါင်းလေးပြူထွက်လာပြီး မျက်နှာထက်တွင် ဇဝေဇဝါဖြစ်ဟန် အရိပ်အယောင်များ ရှိနေသည်။
"မင်းမှာ ပွဲတက်ဂါဝန်အကောင်းစား မရှိသေးဘူးမလား… ကုန်တိုက်ကိုသွားပြီး တစ်စုံလောက် ဝယ်လိုက်ဦး.. ပြီးရင် ဒီည ငါနဲ့အတူ ညစာစားပွဲတစ်ခုကို လိုက်ခဲ့ပါ"
"တကယ်လားဟင်"
ပိုင်၀မ်ရု၏ မျက်ဝန်းများ ချက်ချင်းပင် အရောင်လက်သွားပြီး မျက်နှာထက်တွင် အံ့အားသင့်မှုနှင့် ဝမ်းသာကြည်နူးမှုများ ပြည့်နှက်သွားတော့သည်။
ကုချန်သည် သူမအတွက် ဂါဝန်တစ်ခါမျှ မဝယ်ပေးဖူးသလို မည်သည့်ပွဲလမ်းသဘင်ကိုမျှလည်း ခေါ်မသွားဖူးချေ။ သို့ဖြစ်ရာ သူမ မည်သို့လျှင် ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
ပိုင်၀မ်ရုသည် မီးဖိုချောင်ထဲသို့ ချက်ချင်းပြန်ဝင်ကာ အစားအစာ ပြင်ဆင်ခြင်းကို အလျင်အမြန် အဆုံးသတ်လိုက်ပြီးနောက် အပြင်သွားရန်အတွက် အပေါ်ထပ်သို့ ခပ်သွက်သွက်လေး ပြေးတက်သွားတော့သည်။
"အော်... ဒါနဲ့.. အစောင့်တစ်ယောက်ပါ ခေါ်သွားကြတာပေါ့… ယန်ရွှမ်း ဆိုရင် ရပြီ"
ကုချန်က စကားပြောရင်း ဖုန်းကို ထုတ်ကာ အခြားဗီလာတစ်ခုတွင်ရှိသော ယန်ရွှမ်းထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။
ညမှောင်ရီပျိုးစပြုလာသည်နှင့်အမျှ အမှောင်ထုက ပိုမိုနက်ရှိုင်းလာပြီး ကောင်းကင်ယံတွင် ကြယ်တာရာများ လင်းလက်တောက်ပလာကြသည်။
တိန့်မိသားစု၏ ညစာစားပွဲ ကျင်းပရာ ဗီလာအဝင်ဝတွင်မူ မီးရောင်စုံများ လင်းထိန်နေပြီး အဆင့်မြင့်ဇိမ်ခံကားများ တန်းစီကာ စုဝေးနေကြ၏။
အနက်ရောင် ကားတစ်စီးသည် ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာပြီး နောက်ဆုံးတွင် ဗီလာအရှေ့၌ ရပ်တန့်လိုက်သည်။
ရှေ့ခန်းတံခါး ပွင့်သွားပြီးနောက် အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားသည့် ယန်ရွှမ်း ကားပေါ်မှ ဆင်းလာခဲ့သည်။
သူမသည် အရပ်ရှည်ပြီး သွယ်လျကာ ရုပ်ရည်က ထူးထူးခြားခြား လှပမနေသော်လည်း သူမ၏ မျက်ခုံးများက ရဲရင့်ပြတ်သားသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူမ၏ အကြည့်များက အေးစက်နေပြီး ခြေလှမ်းများကလည်း တည်ငြိမ်လှသည်။
ယန်ရွှမ်းသည် နောက်ခန်းတံခါးဆီသို့ လျှောက်သွားပြီး ကုချန်အတွက် ကားတံခါးကို ကျွမ်းကျင်စွာ ဖွင့်ပေးလိုက်၏။
ကုချန်သည် ကားပေါ်မှ ဆင်းလာခဲ့ရာ.. သေသပ်လှပစွာ ချုပ်လုပ်ထားသော နက်ပြာရောင် ဝတ်စုံကြီးက သူ၏ အရပ်ရှည်ပြီး သွယ်လျသော ခန္ဓာကိုယ်ကို ပိုမိုပေါ်လွင်စေကာ အေးစက်တည်ငြိမ်သော အသွင်အပြင်ကို ဆောင်ကြဉ်းပေးထားသည်။
သူသည် လက်ရာမြောက်သော ငွေရောင်ရင်ထိုးတစ်ခုကို တပ်ဆင်ထားပြီး.. သူ၏ လက်ကောက်ဝတ်တွင်လည်း ရိုးရှင်းသော်လည်း တန်ဖိုးကြီးမားလှသော လက်ပတ်နာရီတစ်လုံးက အကျီင်္လက်စက နေတိုးထွက်ကာ ဖျတ်ခနဲ ပေါ်လွင်နေ၏။
ကုချန် ကားပေါ်မှဆင်းပြီးနောက် လှည့်လိုက်ပြီး ပိုင်၀မ်ရု၏ လက်ကို လှမ်းကိုင်ကာ သူမ ကားပေါ်မှ ဆင်းလာစေရန် ညင်သာစွာ ကူညီပေးလိုက်သည်။
ပိုင်၀မ်ရုသည် ပေါ့ပါးပျံလွင့်နေသော စကတ်ပါရှိသည့် အဖြူရောင် ပွဲတက်ဂါဝန်လေးကို ဝတ်ဆင်ထား၏။
ထိုဂါဝန်လေးမှာ ရိုးရှင်းသော်လည်း ကျော့ရှင်းလှပြီး သူမ၏ သွယ်လျသော ခါးသိမ်လေးနှင့် ကျန်းမာလှပသော ခန္ဓာကိုယ်အကောက်အကွေ့များကို အပြည့်အဝ ပေါ်လွင်စေသည်။
သူမ၏ ရှည်လျားသော ဆံနွယ်များကို အနည်းငယ် လှိုင်းတွန့်ကောက်ထားကာ ပုလဲဆံညှပ်လေးတစ်ခုကို နားရွက်နောက်တွင် ညှပ်ထားသဖြင့် သူမကို ကြည့်ရသည်မှာ လတ်ဆတ်သန့်စင်ပြီး ထူးခြားဆန်းသစ်နေစေသည်။
သူတို့သုံးဦး ကားပေါ်မှ ဆင်းပြီးနောက် ယာဉ်မောင်းက ကားပါကင်ဆီသို့ မောင်းနှင်ထွက်ခွာသွားတော့သည်။
ကုချန်က ဖိတ်စာကို ကမ်းပေးလိုက်ရာ တံခါးစောင့်က ရိုသေလေးစားစွာဖြင့် လက်ခံလိုက်၏။ ထို့နောက် သူက ဦးညွှတ်ကာ အထဲသို့ ဝင်ရောက်ရန် လမ်းညွှန်ပြသပေးသည်။
ကုချန်သည် ပိုင်၀မ်ရု၏ လက်ကို ဆုပ်ကိုင်လျက် ဗီလာအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
ယန်ရွှမ်းကမူ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး.. မည်သည့် မမျှော်လင့်ထားသော အခြေအနေကိုမဆို အချိန်မရွေး တုံ့ပြန်ရန် အဆင်သင့်ရှိနေသည့်အလား ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေ၏။
သူတို့သုံးဦး ပေါ်ထွက်လာခြင်းက ထိုနေရာတွင် ရှိနေကြသော အာဏာရှိ.. စည်းစိမ်ရှိ လူကုံထံအများအပြား၏ အာရုံစိုက်မှုကို ရုတ်ချည်း ဆွဲဆောင်လိုက်တော့သည်။
"အဲဒါ... ထျန်ချန်အုပ်စု ရဲ့ ဥက္ကဋ္ဌ ကု မဟုတ်လား"
"သူ့ဘေးက မိန်းကလေးက ဘယ်သူလဲ။ တစ်ခါမှ မမြင်ဖူးပါဘူး"
"ထျန်ချန်အုပ်စု ဟုတ်လား… သူတို့ရဲ့ ဥက္ကဋ္ဌက ပွဲလမ်းသဘင်တွေကို ခဲခဲယဉ်းယဉ်းပဲ တက်ရောက်တတ်တာ မဟုတ်ဘူးလား…သူ ဘာလို့ ဒီနေ့ ရောက်နေတာလဲ"
"......"
ပတ်ဝန်းကျင်မှ တိုးတိုးတိုးတိုး ပြောဆိုနေကြသံများကြားတွင် ကုချန်ကမူ ဘာကိုမျှ သတိမပြုမိသည့်အလား ပိုင်၀မ်ရု၏ လက်ကို ဆွဲကာ ခန်းမဆောင်ကြီးဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။
ခန်းမဆောင်ကြီးအတွင်း၌မူ ခရစ္စတယ်မီးဆိုင်းကြီးများက မျက်နှာကျက်ထက်တွင် မြင့်မားစွာ ဆွဲချိတ်ထား၏။
ပတ်ပတ်လည်တွင် စားပွဲအမြောက်အမြားကို ပြင်ဆင်ထားပြီး ၎င်းတို့ပေါ်တွင် မုန့်မျိုးစုံကို တင်ဆောင်ထားသည်။
ခန်းမအတွင်းရှိ ခရစ္စတယ်မီးဆိုင်းကြီးများဆီမှ တောက်ပသော အလင်းရောင်များက ထောင့်စွန်းတိုင်းသို့ ဖြာကျနေ၏။
လက်ရာမြောက်လှသော ဝိုင်းဝိုင်းစားပွဲများကို အနားသတ်များတစ်လျှောက်တွင် စီစဉ်ထားပြီး မုန့်မျိုးစုံနှင့် ဝိုင်များကို ခင်းကျင်းပြသထားရာ ၎င်းတို့၏ ရနံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။
စားပွဲထိုးများသည် လူအုပ်ကြီးကြားတွင် ကူးလူးသွားလာနေကြပြီး.. သူတို့၏ လင်ဗန်းများပေါ်တွင် အရသာရှိသော မုန့်များနှင့် အဖျော်ယမကာများကို တင်ဆောင်ထားလျက် မျက်နှာထက်တွင်လည်း ကျွမ်းကျင်မှုရှိသော အပြုံးများကို ဆင်မြန်းထားကြ၏။
ကုချန်သည် ပိုင်၀မ်ရုကို အချိုပွဲများ တင်ထားသည့် စားပွဲဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
သူက ငွေရောင်ခက်ရင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ကိတ်မုန့်အပိုင်းအစလေးတစ်ခုကို ထိုးဆွကာ အရသာခံရန်အတွက် ပါးစပ်ထဲသို့ ထည့်လိုက်၏။
ထို့နောက် သူက နောက်ထပ် အပိုင်းအစတစ်ခုကို ထပ်မံယူကာ ပိုင်၀မ်ရုထံသို့ ကမ်းပေးလိုက်သည်။
ပိုင်၀မ်ရု ခဏမျှ ကြောင်အမ်းသွားပြီးနောက် သူမ၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးများအသွင် ပြောင်းလဲသွားကာ မျက်နှာထက်တွင် ချိုမြိန်လှသော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
သူမသည် မိမိ၏ ပန်းရောင်နှုတ်ခမ်းလွှာလေးကို အနည်းငယ် ပွင့်ဟလိုက်ပြီး ကိတ်မုန့်ကို ညင်သာစွာ ကိုက်စားလိုက်ရှာသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ပုံရိပ်တစ်ခုသည် ခန်းမအတွင်းရှိ စင်မြင့်မြင့်ပေါ်သို့ ရုတ်တရက် ဖြတ်သန်းလျှောက်လှမ်းသွားပြီး လူတိုင်း၏ အမြင်အာရုံမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း စနစ် ၏ အကြောင်းကြားချက်တစ်ခုက ကုချန်၏ စိတ်အာရုံထဲတွင် ရုတ်ချည်း မြည်ဟည်းလာတော့၏။
【 ဒေါင်…မြောင်…ဇာတ်လိုက်မင်းသား အသစ် တစ်ဦးကို ရှာဖွေတွေ့ရှိပါသည်… စနစ်သည် ဇာတ်လမ်းရဲ့ လမ်းကြောင်းကို အိမ်ရှင် ထံသို့ လွှဲပြောင်းပေးလိုက်ပါပြီ 】
မှတ်ဉာဏ်အသစ်များ သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ ကုချန်သည် အမျိုးသားဇာတ်လိုက်၏ ဇာတ်လမ်းအကြောင်းကို ချက်ချင်းပင် သိရှိသွားတော့သည်။
သို့သော်လည်း တိန့်ရှို့ကျဲနှင့် ပတ်သက်သော ဇာတ် လမ်းကြောင်းမှာ နောင်တရခြင်းဆိုင်ရာ လမ်းကြောင်းမျိုး မဟုတ်ပေ။
တိန့်ရှို့ကျဲ တိန့်မိသားစုဆီသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူ၏ အချစ်ရဆုံး တတိယသမီးဖြစ်သူ တိန့်တောက်ယုသည် တိန့်မိသားစု၏ သွေးရင်းသမီးရင်း မဟုတ်သည့်အတွက်ကြောင့် တဖြည်းဖြည်း လျစ်လျူရှုခြင်းကို ခံခဲ့ရသည်။
သူမသည် အစေခံများ၏ လှောင်ပြောင်ခြင်းနှင့် ဝိုင်းပယ်ခြင်းကိုပင် ကြုံတွေ့ခဲ့ရ၏။
တိန့်ရှို့ကျဲ၏ နှစ်သက်မှုကို ပြန်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် တိန့်တောက်ယုသည် တိန့်ရှို့ကျဲကို နည်းလမ်းမျိုးစုံဖြင့် စတင်၍ မနာလိုထောင်ချောက်ဆင်ခဲ့သော်လည်း.. တစ်ကြိမ်စီတိုင်းတွင် တိန့်ရှို့ကျဲက အလွယ်တကူပင် ဖော်ထုတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် သူမသည် တိန့်မိသားစုမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။
မာရှောက်ချင်းသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမ၏ လောဘရမ္မက်ကြီးမားသော သဘာဝကြောင့် သူမသည် တိန့်တောက်ယု၏ ဘေးတွင် အမြဲကပ်နေခဲ့ပြီး နောက်ဆုံးတွင် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာခဲ့၏။
ပြီးတော့ သဘာဝကျကျပင် သူမရဲ့ ရည်မှန်းချက်က တိန့်တောက်ယုရဲ့ လက်ထဲမှာရှိတဲ့ ငွေကြေးတွေပဲ ဖြစ်သည်။
တိန့်တောက်ယု တိန့်မိသားစုမှ နှင်ထုတ်ခံရပြီးနောက် မာရှောက်ချင်းသည် သူမကို မဆိုင်းမတွဘဲ သစ္စာဖောက်ခဲ့သည်။
ပို၍ အဓိပ္ပာယ်မရှိသည်မှာ တိန့်တောက်ယုသည် တိန့်ရှို့ကျဲ မိသားစုအတွင်း အာဏာသိမ်းယူပြီးနောက်တွင်မှ သူ့ထံသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် တိန့်တောက်ယုသည် ဗီလိန်တစ်ယောက် မဟုတ်ဘဲ အမျိုးသမီးဇာတ်လိုက်များထဲမှ တစ်ဦးသာ ဖြစ်နေခဲ့သည်။
ကုချန်သည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ခန္ဓာကိုယ်ကို အနည်းငယ် နောက်သို့ မှီချလိုက်မိပြီး မျက်ခုံးအစုံကလည်း ညင်သာစွာ တွန့်ချိုးသွားတော့၏။
"ဒီ၀တ္ထုရဲ့ ဇာတ်ကွက်ကတော့ တကယ်ကိုပဲ... နည်းနည်း ထူးဆန်းနေတာပဲ"