အခန်း (၁၄) လူကောင်းဖြစ်လို့ရပေမဲ့ သူတော်စင်ကြီးတော့ မလုပ်နဲ့
ရှန်ကျီဝေ ဗီလာထဲသို့ ခြေချလာသည့် အချိန်မှစ၍ ကုချန်သည် သူမ ရောက်ရှိလာခြင်းကို သတိပြုမိခဲ့သည်။
သို့သော်လည်း လူခေါ်ခေါင်းလောင်းသံက တစ်ကြိမ်ပြီးတစ်ကြိမ် မြည်နေခဲ့သော်လည်း သူက လုံးဝ လျစ်လျူရှုထားခဲ့၏။
သူသည် သူ၏ဖုန်းမှ အကြောင်းကြားချက်အသံကိုပင် ပိတ်ထားလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီချလျက် ဖုန်းထုတ်ကာ ဂိမ်းဆော့နေခဲ့သည်မှာ ပြင်ပမှ အရာအားလုံးက သူနှင့် မသက်ဆိုင်သည့်အလားပင်။
အချိန်တို့က တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာတင် သုံးနာရီခန့် ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။
ဟိုင်ချန်မြို့သည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိသဖြင့် ရာသီဥတုက ခန့်မှန်းရခက်ခဲနေခြင်းမှာ အလွန်ပင် သဘာဝကျလှ၏။
တစ်ချိန်က ကြည်လင်နေခဲ့သော ကောင်းကင်ယံသည် ရုတ်တရက် ထူထပ်မှောင်မိုက်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
၎င်းနောက်တွင်မူ မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာပြီး ပြတင်းပေါက်မှန်ကို လာရောက်ရိုက်ခတ်ကာ တောက်တောက်ကနဲ အသံလေးများ ထွက်ပေါ်လာစေသည်။
မိုးက တဖြည်းဖြည်း သဲထန်လာပြီးနောက် မကြာမီမှာပင် မိုးသက်မုန်တိုင်းအသွင်သို့ ပြောင်းလဲသွားတော့၏။
ထိုသို့ဖြစ်နေသည့်တိုင် ရှန်ကျီဝေသည် ဗီလာအဝင်ဝတွင် မတ်တတ်ရပ်လျက်သာ ရှိနေပြီး ပြန်လှည့်ထွက်သွားရန် မရွေးချယ်ခဲ့ပေ။
သူမ၏ ပုံရိပ်လေးမှာ မိုးထဲရေထဲတွင် အထူးပင် နုနယ်လွန်းလှပြီး.. သူမ ဝတ်ဆင်ထားသည့် ပန်းရောင်ဂါဝန်လေးမှာလည်း မိုးရေများကြောင့် ရွှဲရွှဲစိုကာ ခန္ဓာကိုယ်တွင် ကပ်ညှိနေခဲ့ပြီ ဖြစ်သည်။
သူမ၏ ရှည်လျားပြီး စိုစွတ်နေသော ဆံနွယ်များက ပါးပြင်တွင် ကပ်နေကာ မိုးရေများက မေးစေ့မှတစ်ဆင့် စီးကျနေသဖြင့် သူမ၏ အသွင်အပြင်မှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေရှာသည်။
ကုချန်ကမူ ပြင်ပမှ လေမုန်တိုင်းများနှင့် မိုးထဲတွင် မတ်တတ်ရပ်နေသော အမျိုးသမီးတို့က သူနှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား တည်ငြိမ်စွာဖြင့် ဖုန်းဆက်ဆော့နေခဲ့သည်။
သူ၏ အမူအရာက အေးစက်တည်ငြိမ်နေပြီး.. သူ၏ အကြည့်များကလည်း မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှမရှိဘဲ ဖုန်းစခရင်ပေါ်တွင်သာ စိုက်ကျနေ၏။
ပိုင်၀မ်ရုသည် ပြင်သစ်စတိုင် ပြတင်းပေါက်ကြီးရှေ့တွင် ရပ်ကာ မိုးရေများကြောင့် ဝေဝါးနေသော မှန်သားမှတစ်ဆင့် ပြင်ပရှိ လေမုန်တိုင်းထဲတွင် ဇွတ်မှိတ်ရပ်နေသော ပုံရိပ်လေးကို လှမ်းကြည့်နေမိသည်။
သူမ၏ မျက်ဝန်းထဲတွင် စိတ်မကောင်းဖြစ်ရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး နှလုံးသားထဲတွင်လည်း သနားစိုးရိမ်စိတ်များ တိုးဝှေ့လာ၏။
သူမသည် သူမ၏ဘေးတွင် တည်ငြိမ်သော အမူအရာဖြင့် ရှိနေသည့် ကုချန်ကို လှည့်ကြည့်လိုက်ပြီး တစ်ခုခုကို ပြောချင်သကဲ့သို့ ပါးစပ်လေး အနည်းငယ် ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ မည်သည့်စကားမျှ မပြောဖြစ်ခဲ့ချေ။
ကုချန်သည် သူမ၏ လှုပ်ရှားမှုများကို သဘာဝကျကျပင် သတိပြုမိခဲ့သည်။
သူက ဖုန်းကို ချလိုက်ပြီး ပိုင်၀မ်ရုကို မော့ကြည့်ကာ တည်ငြိမ်သော်လည်း သတိပေးသည့် လေသံဖြင့် ဆိုလိုက်၏။
"ဝမ်ရု.. လူကောင်းဖြစ်လို့ရပေမဲ့ သူတော်စင်ကြီးတော့ မလုပ်နဲ့"
ဤစကားကို ကြားလိုက်ရသောအခါ ပိုင်၀မ်ရု အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ခေါင်းလေးငုံ့ကာ တောင်းပန်တိုးလျှိုးသည့် လေသံလေးဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် သခင်လေး... ကျွန်မ အပိုတွေ ဝင်စွက်ဖက်မိသွားပါတယ်"
ကုချန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူ၏ လေသံတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
"အဲဒီတုန်းက 'ငါ' က သူမရဲ့ စိတ်ကို ရဖို့ ကြိုးစားနေခဲ့ချိန်မှာ ငါအိမ်အပြန်မှာ မင်းအပေါ် ဘယ်လောက်တောင် ရက်စက်ခဲ့လဲဆိုတာ မင်းသိသင့်ပါတယ်"
"မင်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအတွက် ငါ့မှာ အဓိက တာဝန်ရှိတယ်လို့ ပြောလို့ရပေမဲ့.. သူတို့မှာလည်း တာဝန်အချို့ ရှိနေတာပဲ"
သူက စကားကို ခဏရပ်လိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်လွှဲကာ မိုးထဲရေထဲတွင် မပြန်ဘဲ ဇွတ်ရပ်နေဆဲဖြစ်သော ပုံရိပ်လေးကို ကြည့်ရင်း လေသံက တဖြည်းဖြည်း အေးစက်သွားတော့သည်။
"အခြားသူတွေကို လွယ်လွယ်ကူကူ ခွင့်လွှတ်ပေးလိုက်တာက မင်းရဲ့ အတိတ်က အနာဂတ်ကိုယ်ထည်ကိုပဲ ပြန်ပြီး နာကျင်စေလိမ့်မယ်… တစ်ခါတလေကျရင် လူဆိုးတစ်ယောက်လို ပြုမူတာက မိမိကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ"
ဤစကားကို ကြားပြီးနောက် ပိုင်၀မ်ရု၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောဟန် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီးမှ ခေါင်းလေးကို အသာအယာ ညိတ်ပြလိုက်သည်။
"ကျွန်မ နားလည်ပါပြီ သခင်လေး"
နောက်ထပ် နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့ရာ ရှန်ကျီဝေ တံခါးအပြင်ဘက်တွင် ရပ်နေခဲ့သည်မှာ အပြည့်အဝ ငါးနာရီပင် ရှိသွားခဲ့ပြီ ဖြစ်သည်။
ကုချန်သည် ဖုန်းကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
မိုးကတော့ ဆက်တိုက် ရွာသွန်းနေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိသေးပေ။
ရှန်ကျီဝေသည် မိုးထဲတွင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းထိုးလာခဲ့ပြီဖြစ်ရာ.. မိုးရေထဲတွင် အကြာကြီး စိုစွတ်နေခဲ့မှုကြောင့် နွမ်းလျပင်ပန်းနေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
ကုချန်က အချိန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အချိန်တန်ပြီဟု ခံစားရသဖြင့် ဘေးတွင်ရှိသော ပိုင်၀မ်ရုကို တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့ကို ထီးတစ်လက် ပေးစမ်း"
ဤသည်ကို ကြားသောအခါ ပိုင်၀မ်ရု၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ လက်ခနဲ ဖြစ်သွားပြီး သူမ ကိုင်ထားသည့် ထီးကို သူ့ထံသို့ အလျင်အမြန် ကမ်းပေးလိုက်သည်။
ကုချန်က ထီးကို လှမ်းယူကာ မတ်တတ်ရပ်လိုက်ပြီး ဗီလာအဝင်ဝဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
သူက ခလုတ်ကို နှိပ်လိုက်သည့်အခါ ပြင်ပရှိ မီးအလင်းရောင်များ ရုတ်ချည်း ပွင့်လာပြီး ဗီလာအဝင်ဝမှ သံတံခါးကြီးဆီသို့ ဦးတည်နေသော လမ်းကြောင်းကို လင်းထိန်သွားစေသည်။
ကုချန်သည် သူ၏ ထီးအနက်ကြီးကို ဖွင့်လိုက်ပြီးနောက် မိုးထဲရေထဲသို့ ခြေချလိုက်၏။
ရှန်ကျီဝေသည် ကုချန် နောက်ဆုံးတွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ ဖြူလျော်နေသော မျက်နှာထက်တွင် အားနည်းလှသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူမ၏ နှုတ်ခမ်းများမှာ အအေးဒဏ်ကြောင့် ညိုမည်းနေခဲ့ပြီ ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးလည်း ချမ်းတုန်နေရှာသည်။
သူမက ရှေ့သို့ ခြေတစ်လှမ်း တိုးရန် ကြိုးစားလိုက်သော်လည်း အကြာကြီး မတ်တတ်ရပ်နေခဲ့ရမှုကြောင့် ခြေထောက်များ အားပျော့ကာ ရှေ့သို့ လဲကျသွားတော့သည်။
ကုချန်ကမူ သူမအား လှမ်း၍ ဖေးမကူညီခြင်း မပြုခဲ့ဘဲ.. ငြိမ်သက်စွာ ရပ်ကြည့်လျက် သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို အေးစက်သော မျက်ဝန်းများဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
ရှန်ကျီဝေသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ဒူးခေါင်းက မာကျောသော မျက်နှာပြင်နှင့် ရိုက်မိသွားသဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော်လည်း သူမသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရသည့်အလား ရှိနေပြီး ခေါင်းကို ဇွတ်မော့ကာ ကုချန်ကို ပြုံးလျက် ကြည့်နေဆဲ ဖြစ်သည်။
ကုချန်၏ အမူအရာက နှင်းခဲကဲ့သို့ အေးစက်နေသည့်တိုင် သူမ၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေဆဲပင်။
သူမ၏ အသံက အက်ရှပြီး အားနည်းနေကာ စကားကိုလည်း တစ်လုံးချင်းစီ အားယူ၍ ပြောရှာသည်။
"ရှင်... နောက်ဆုံးတော့... ကျွန်မကို တွေ့ဖို့... သဘောတူလိုက်ပြီပဲ"
ပြောပြီးနောက်တွင်မူ သူမသည် မိမိတွင်ရှိသော အားအင်အားလုံး ကုန်ခမ်းသွားသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး သတိလစ်လဲကျတော့မည့် ပုံစံ ဖြစ်သွားတော့သည်။
ကုချန်က အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး.. ပိုင်၀မ်ရုကလည်း သူ့နောက်မှနေ၍ မိုးမစိုစေရန် ထီးကို ချက်ချင်း မိုးပေးလိုက်သည်။
ကုချန်က ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ရှန်ကျီဝေကို ပွေ့ချီလိုက်ရာ.. သူ၏ လှုပ်ရှားမှုများက ညင်သာသော်လည်း ငြင်းပယ်၍မရသော အရှိန်အဝါများ ပါဝင်နေသည်။
သူမ၏ ခန္ဓာကိုယ်လေးမှာ အေးစက်ကာ ရွှဲရွှဲစိုနေပြီး မိုးရေထဲတွင် စိမ်ထားသော အဝတ်စုတ်တစ်ခုကဲ့သို့ အချိန်မရွေး ကျိုးပဲ့သွားနိုင်လောက်အောင် နုနယ်လွန်းလှသည်။
သူမ၏ ရှည်လျားသော ဆံနွယ်များက စိုစွတ်လျက် ပါးပြင်တွင် ကပ်နေကာ ဆံဖျားများမှလည်း မိုးရေစက်များ တောက်တောက်ကနဲ ပေါက်နေ၏။
ရှန်ကျီဝေ၏ ခန္ဓာကိုယ်မှ မိုးရေစက်များကြောင့် ကုချန် သူမကို ပွေ့ချီလိုက်သည့်အခါ သူ၏ အဝတ်အစားများပေါ်သို့ မိုးရေများ ပေကျံသွားခြင်းမှာ ရှောင်လွှဲ၍မရခဲ့ပေ။
သို့သော်လည်း ကုချန်ကမူ ထိုအရာကို ဂရုမစိုက်ခဲ့ချေ။
သူသည် ရှန်ကျီဝေကို ရင်ခွင်ထဲ၌ ပွေ့ချီလျက် ဗီလာဆီသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
ပိုင်၀မ်ရုကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ထီးကို ကုချန်၏ ခေါင်းပေါ်တွင် တည်ငြိမ်စွာ မိုးပေးထား၏။
ဗီလာထဲသို့ ဝင်ရောက်ပြီးနောက် ကုချန်သည် ရှန်ကျီဝေကို ရေချိုးခန်းတံခါးဝသို့ ခေါ်ဆောင်သွားပြီးမှ ပိုင်၀မ်ရုထံသို့ လွှဲပြောင်းပေးကာ အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
"သူမကို ရေနွေးနွေးလေးနဲ့ ရေချိုးပေးလိုက်"
ပိုင်၀မ်ရုသည် ရေချိုးကန်ထဲတွင် ရေနွေးများကို ကြိုတင်ဖြည့်သွင်းထားပြီးသား ဖြစ်သဖြင့် ကုချန်၏ အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူမသည် ရှန်ကျီဝေကို ညင်သာပြီး ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် လှမ်းယူလိုက်တော့သည်။
ပိုင်ဝမ်ရုသည် ထိုကဲ့သို့သော ကြင်နာတတ်သည့် လူစားမျိုး ဖြစ်သော်လည်း.. သူမ၏ နှလုံးသားထဲတွင်မူ ကုချန်၏ အမိန့်အာဏာက အမြဲတမ်း ပထမဦးစားပေး ဖြစ်သည်။
တကယ်လို့ ကုချန်က သူမကို ကိုယ်ပိုင်သဘောနဲ့ လုပ်ဆောင်ခွင့် မပေးထားခဲ့ဘူးဆိုရင်.. သူမသည် ရှန်ကျီဝေကို ကူညီရန်အတွက် သူ၏ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်လိမ့်မည် မဟုတ်ပေ။
သူမ၏ ကြင်နာတတ်မှုများက အမြဲတမ်း ကုချန် လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။