အခန်း (၁၃) ဇာတ်လိုက်အသစ်.. သခင်လေးအစစ်အမှန် တိန်ရှို့ကျဲ
ယဲ့ချန်း၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားတော့သည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် လက်သည်းများက ဝါးပတ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသော်လည်း မည်သည့်နာကျင်မှုကိုမျှ မခံစားရချေ။
သူသည် တစ်ချိန်က အလွန်ပင် မျက်နှာပွင့်လန်းခဲ့ပြီး သွားလေရာရာ၌ အရိုအသေပေးခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ လမ်းဘေးမှ ကြွက်တစ်ကောင်ကဲ့သို့ စက်ဆုပ်ရွံရှာခြင်းကို ခံနေရပြီး.. တစ်ချိန်က သူ၏ ကျေးဇူးကို ခံယူခဲ့ဖူးသူများပင် သူ့ကို ကူးစက်ရောဂါပိုးမွှားတစ်ခုကဲ့သို့ ဝေးဝေးမှ ရှောင်ဖယ်နေကြသည်။
"ကောင်းတယ်.. အလွန်ကောင်းတယ်"
ယဲ့ချန်းက အဆုံးမဲ့ လှောင်ပြောင်မှုများ ပြည့်နှက်နေသော အသံဖြင့် ခါးသီးစွာ ရယ်မောလိုက်သည်။
"ရှဲ့သုန်း... ငါ ယဲ့ချန်းက ဒီအရှက်ကွဲမှုကို ရင်ထဲမှာ မှတ်ထားလိုက်မယ်"
ပြောပြီးနောက် သူက ရုတ်တရက် လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ဝတ်ရုံဦးထုပ်အောက်ရှိ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာခက်ထန်နေပြီး.. မျက်ဝန်းထဲတွင်လည်း အေးစက်သော လူသတ်ချင်စိတ်အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
သို့သော်လည်း သူ မီတာအနည်းငယ်မျှသာ လျှောက်လှမ်းရသေးမီ.. သူ့ရှေ့မှောက်ဆီမှ သရော်လှောင်ပြောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဟေး... ဒါ ဒေါက်တာယဲ့ မဟုတ်လား ဘာလို့ ဒီလောက်တောင် ဖရိုဖရဲ ဖြစ်နေရတာလဲ"
ယဲ့ချန်း ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ မနီးမဝေးတွင် ကုတ်အင်္ကျီအနက်ရှည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက်.. မျက်နှာတွင်မူ အပြုံးတစ်ခုကို ဆင်မြန်းကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်သွားပြီး ရှေ့တွင်ရှိသော လူငယ်ကို စွန်ရဲတစ်ကောင်ကဲ့သို့ ထက်မြက်သော အကြည့်ဖြင့် သေချာစွာ စူးစိုက်ကြည့်လိုက်သည်။
တစ်ဖက်လူ၏ ရုပ်သွင်က စိမ်းသက်နေသော်လည်း သူ၏ အမူအရာကမူ ငြင်းပယ်၍မရသော ထောင်လွှားမှုနှင့် ယုံကြည်ချက်များကို ထုတ်လွှတ်နေ၏။
ယဲ့ချန်းသည် မိမိ၏ မှတ်ဉာဏ်များကို အလျင်အမြန် ရှာဖွေကြည့်သော်လည်း ဤမျက်နှာနှင့် ကိုက်ညီသည့် မည်သည့်မှတ်ဉာဏ်ကိုမျှ ရှာမတွေ့ခဲ့ပေ။
ယဲ့ချန်း၏ သတိကြီးစွာ အကဲခတ်နေမှုကို မြင်သောအခါ ထိုလူငယ်က ခပ်မှိန်မှိန် ပြုံးလိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ တိုးလာသည်။ ယဲ့ချန်း၏ မျက်ဝန်းများ အေးစက်သွားပြီး လေသံကလည်း ပို၍ သတိကြီးသွားကာ မေးလိုက်၏။
"မင်းက ဘယ်သူလဲ"
လူငယ်က အသာအယာ ပြုံးလိုက်ပြီး သူ၏ အင်္ကျီကော်လံကို လက်ဖြင့် ဆန့်ထုတ်ကာ တည့်မတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက သပ်ရပ်ပြီး တည်ငြိမ်လှ၏။ သူ၏ အကြည့်များက ယဲ့ချန်းထံသို့ စိုက်ကျနေပြီး လေသံတွင် ယုံကြည်ချက်နှင့် ထောင်လွှားမှု အရိပ်အယောင်များ ပါဝင်နေသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က တိန့်ရှို့ကျဲပါ.. တိန့် မိသားစုရဲ့ သားကြီးပေါ့"
"တိန့် မိသားစု "
ယဲ့ချန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
တိန့် မိသားစု သည် ဟိုင်ချန်မြို့ရှိ ချင် မိသားစု နှင့် အဆင့်အတန်းချင်း တူညီသော အခြားသော ထိပ်တန်းမိသားစုကြီးတစ်ခု ဖြစ်ပြီး ကြီးမားသော အာဏာနှင့် နက်ရှိုင်းသော နောက်ခံအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
ယဲ့ချန်းသည် တိန့် မိသားစု အကြောင်းကို ရင်းနှီးပြီးသား ဖြစ်သော်လည်း တိန့်ရှို့ကျဲဟူသော နာမည်ကိုမူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
သူ၏ မှတ်ဉာဏ်ထဲတွင် တိန့် မိသားစု ၏ ပင်မမျိုးနွယ်စုတွင် သမီးမိန်းကလေး သုံးယောက်သာ ရှိပုံရပြီး မည်သည့် "သားကြီး" မျှ ရှိမနေခဲ့ဖူးပါ။
တိန့်ရှို့ကျဲသည် ယဲ့ချန်း၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားသည့်အလား ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ လေသံတွင် မိမိကိုယ်ကိုယ် လှောင်ပြောင်မှုနှင့် ရယ်မောချင်စိတ်များ ရောပြွမ်းနေသည်။
"ကျွန်တော် ပြောဖို့မေ့သွားတယ်.. တိန့် မိသားစု ရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့ တိန့်တောက်ယုက တိန့် မိသားစု ရဲ့ သမီးအရင်း မဟုတ်ဘူး"
"သူမနဲ့ ကျွန်တော်က မွေးကတည်းက ကလေးချင်းလဲခံခဲ့ရတာ"
"ဒါကြောင့် အခု အစစ်အမှန် သခင်လေးဖြစ်တဲ့ ကျွန်တော် ပြန်ရောက်လာပြီ.. သူမကတော့... မကြာခင်မှာ တိန့် မိသားစု ကနေ မောင်းထုတ်ခံရတော့မှာ"
ထိုစဉ်က တိန့် မိသားစု ၏ သခင်မကြီး ကိုယ်ဝန်ရှိစဥ်က လီမု (လီဆောင်း) သည် အစေခံအဖြစ် သခင်မကြီး၏ နေ့စဉ်လူမှုဘဝကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။
လီမုသည် သေချာစေ့စပ်သော အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် အိမ်သူအိမ်သား သခင်မကြီး၏ နက်ရှိုင်းသော ယုံကြည်မှုကို ရရှိခဲ့သည်။
သို့သော်လည်း သခင်မကြီး ကိုယ်ဝန်ရပြီး မကြာမီမှာပင် အိမ်ထောင်ကျပြီးသား ဖြစ်သော လီမုသည်လည်း သူမတွင် ကိုယ်ဝန်ရှိနေကြောင်း ထပ်တူ တွေ့ရှိခဲ့ရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ကိုယ်ဝန်ဆောင် စစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း လီဆောင်းသည် သခင်မကြီး၏ အစေခံဖြစ်သဖြင့် သဘာဝကျကျပင် စီစဉ်မှုအားလုံးကို တာဝန်ယူခဲ့သည်။
သူမသည် မိမိ၏ ရာထူးအာဏာကို အသုံးပြု၍ တင်သခင်မကြီးတွင် သားယောက်ျားလေး ရှိနေသည်ဟူသော အချက်အလက်များကို တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့ပြီး.. ပြင်ပကမ္ဘာသို့ သခင်မကြီးတွင် သမီးမိန်းကလေး ရှိနေသည်ဟုသာ ကြေညာခဲ့သည်။
သူမသည် တိန့် မိသားစု တွင် အကြာကြီး အလုပ်လုပ်ခဲ့ပြီး ၎င်းတို့၏ ယုံကြည်မှုကို ရရှိထားသဖြင့် သူမ၏ အစီအစဉ်များက စေ့စပ်သေချာပြီး လျှို့ဝှက်လွန်းလှရာ မည်သူမျှ သံသယမဝင်ခဲ့ကြပေ။
ပို၍ တိုက်ဆိုင်သည်မှာ နှစ်ယောက်စလုံးသည် အချိန်တစ်ခုတည်းမှာပင် ကလေးမွေးဖွားခဲ့ကြခြင်း ဖြစ်သည်။
အချိန်အကြာကြီး ချောင်းမြောင်းနေခဲ့သော လီမုသည် ကမောက်ကမ ဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူကာ ကလေးနှစ်ယောက်ကို တိတ်တဆိတ် လဲလှယ်ပစ်ခဲ့ပြီး သူမ၏ သမီးကို တိန့် မိသားစု ထံ အပ်နှံကာ တိန့် မိသားစု ၏ သားကိုမူ မိမိ၏ အိမ်သို့ ပြန်ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်တွင်မူ လီဆောင်းသည် အိမ်တွင် အရေးကြီးကိစ္စရှိသည်ဟု အကြောင်းပြကာ တိန့် မိသားစု ထံမှ အလျင်အမြန် နှုတ်ထွက်ခဲ့ပြီး သူမ၏ ကလေးနှင့်အတူ ဟိုင်ချန်မြို့မှ ထွက်ခွာသွားခဲ့တော့သည်။
နောက်ပိုင်းတွင်မူ တိန့်ရှို့ကျဲသည် ဟိုင်ချန်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိပြီးနောက် ဟိုင်ချန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မကြာသေးမီက ထိုအစေခံနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သည့် အချိန်အထိမှ ထိုအမှန်တရားက ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် တိန့်ရှို့ကျဲကို တိန့် မိသားစု ၏ လက်ရှိအိမ်ထောင်ဦးစီးဖြစ်ပြီး သူ၏ဖခင်လည်းဖြစ်သော တိန့်ဝေက အိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။
အရာအားလုံးကို နားထောင်ပြီးနောက် ယဲ့ချန်း နားလည်သွားသော်လည်း သူသည် သတိကြီးစွာ ရှိနေဆဲ ဖြစ်သည်။ သူက တိန့်ရှို့ကျဲကို စိုက်ကြည့်ရင်း အကဲခတ်သော လေသံဖြင့် မေးလိုက်၏။
"ဒါဆို... မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
တိန့်ရှို့ကျဲက ခပ်မှိန်မှိန် ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ထက်မြက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
"ဟိုင်ချန်မြို့တစ်ခွင်မှာ ချင် မိသားစု ကို ယှဉ်နိုင်တာဆိုလို့ ကျွန်တော်တို့ တိန့် မိသားစု ပဲ ရှိတယ်… ကျွန်တော်တို့က သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဘူး… ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းချင်လား"
ပြောနေစဉ်အတွင်း သူက လက်ဖဝါးကို အပေါ်သို့ လှန်ကာ လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ယဲ့ချန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည့်အလား ရှိနေသည်။
ယဲ့ချန်းသည် အနည်းငယ် ကြမ်းတမ်းနေသော ထိုလက်ကို ငုံ့ကြည့်လိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူသည် လက်ကို ဆန့်ထုတ်ကာ တိန့်ရှို့ကျဲ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။
"မင်းနဲ့ လက်တွဲခွင့်ရတာ ဝမ်းသာပါတယ်"
မွန်းလွဲ ၃ နာရီခန့်တွင် ကုချန်၏ ဗီလာအဝင်ဝသို့ ထပ်မံ ရောက်ရှိလာသည်။
ရှန်ကျီဝေသည် ဗီလာအဝင်ဝတွင် မတ်တတ်ရပ်နေခဲ့သည်မှာ တစ်နာရီခန့် ရှိနေပြီ ဖြစ်သည်။
အရင်ကနှင့်မတူဘဲ သူမသည် မိမိကိုယ်ကိုယ် လုံခြုံအောင် ဖုံးအုပ်ထားသည့် ကုတ်အင်္ကျီအရှည်နှင့် ဘောင်းဘီရှည်များကို ဝတ်ဆင်ထားခြင်း မဟုတ်တော့ဘဲ ပန်းရောင်နုရောင် ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထား၏။
သူမ၏ ဂါဝန်အနားသတ်လေးများက လေထဲတွင် အသာအယာ လွင့်ပျံနေပြီး သူမ၏ သွယ်လျသော ကိုယ်လုံးကိုယ်ထည်ကို ပေါ်လွင်စေသည်။
သူမ၏ မျက်နှာက နွမ်းလျနေဆဲ ဖြစ်သော်လည်း.. သူမ ငိုယိုပြီးနောက် ကျန်ရစ်ခဲ့သော မျက်ရည်ကွက်များကို ဖုံးကွယ်ရန်အတွက် မိတ်ကပ်ပါးပါးလေးကို ဂရုတစိုက် လိမ်းခြယ်ထားကြောင်း ထင်ရှားလှသည်။
ချင်ယုနင်သည် ကုချန်၏ အိမ်မှ ထွက်ခွာလာပြီးနောက် ရှန်ကျီဝေနှင့် စူးချင်းလန်တို့ထံ ချက်ချင်းသွားရောက်ကာ ကုချန်၏ သဘောထားကို ပြောပြခဲ့သည်။
တစ်ဖက်လူက မည်သည့်အရေးယူဆောင်ရွက်မှုမျှ ပြုလုပ်ပေးမည်မဟုတ်ကြောင်း ပြောခဲ့သည်။
သို့သော်လည်း ထိုအမျိုးသမီးနှစ်ဦးမှာမူ တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြပြီး ၎င်းတို့၏ မျက်ဝန်းထဲတွင် ခံစားချက် အရိပ်အယောင် အနည်းငယ်မျှသာ ရှိနေခဲ့သည်။
ချင်ယုနင် ထွက်ခွာသွားပြီးနောက် ရှန်ကျီဝေသည် ဖြည်းညင်းစွာ ထကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
သူမသည် မှန်တင်ခုံရှေ့တွင် ရပ်ကာ မိမိကိုယ်ကိုယ် ပြန်ကြည့်မိသည်...သူမ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး.. မျက်နှာက နွမ်းလျကာ.. မျက်ဝန်းများထဲတွင်လည်း မောပန်းမှုများနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေသည်။
တစ်ချိန်က သူမ ပိုင်ဆိုင်ခဲ့ဖူးသော ဂုဏ်ယူဝင့်ကြွားမှုများနှင့် ယုံကြည်ချက်ရှိသော အမျိုးသမီးတစ်ဦးနှင့် နှိုင်းယှဉ်လျှင် ယခုအခါ သူမသည် လုံးဝ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
ထို့နောက် ရေချိုးခန်းထဲသို့ ဝင်ကာ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး ရေနွေးနွေးလေးများကို ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းစေကာ သူမ၏ မောပန်းမှု မှန်သမျှကို ဆေးကြောပစ်လိုက်တော့သည်။
ရေချိုးပြီးနောက် ရှန်ကျီဝေသည် ဗီရိုကို ဖွင့်ကာ မဝတ်ဆင်ဖြစ်သည်မှာ ကြာပြီဖြစ်သော ပန်းရောင်ဂါဝန်လေးကို ဆွဲထုတ်လိုက်သည်။
သူမသည် မလိမ်းဖြစ်သည်မှာ ကြာပြီဖြစ်သော မိတ်ကပ်ကိုလည်း ထပ်မံ၍ ပါးပါးလေး လိမ်းခြယ်လိုက်ပြီး မိမိကိုယ်ကိုယ် နွမ်းလျမှု နည်းပါးသွားအောင် ပြုလုပ်လိုက်သည်။
မွန်းတည့်စာ စားပြီးနောက် ရှန်ကျီဝေသည် ကုချန်၏ ဗီလာသို့ တိုက်ရိုက် လာခဲ့သည်။ သူမသည် တံခါးဝတွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်၏။
"တီတောင်..."
လူခေါ်ခေါင်းလောင်းသံက ဟာလာဟင်းလင်း ဖြစ်နေသော ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
ရှန်ကျီဝေသည် လက်မလျှော့ဘဲ အချိန်အပိုင်းအခြားတစ်ခု အကြာတိုင်းတွင် ခေါင်းလောင်းကို ထပ်မံ နှိပ်နေခဲ့သည်။
‘ရှင် အရင်က ကျွန်မနောက်ကို တစ်နှစ်နီးပါးလောက် မဆုတ်မနစ် လိုက်ခဲ့ဖူးတယ်မလား…အခုကတော့ ရှင် ကျွန်မကို ခွင့်လွှတ်တဲ့အထိ ရှင့်ဘက်ကို မျှော့တစ်ကောင်လို တွယ်ကပ်ရမယ့် အလှည့်ပဲ’