အခန်း (၁၁) ဇာတ်ရှိန်ကျသွားသော လူနှစ်ယောက်
ဟိုင်ချန်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အခန်းထဲ၌ မှောင်မည်းနေပြီး လိုက်ကာကြားမှ မှုန်ပျပျ အလင်းရောင်သာ ဖြတ်သန်းစီးဆင်းနေသဖြင့် တစ်ခန်းလုံး အမှောင်ထုနှင့်အတူ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အုံ့မှိုင်းနေသည်။
ရှန်ကျီဝေသည် မနေ့က ဝတ်ဆင်ထားသည့် အဝတ်အစားများကိုပင် မလဲရသေးဘဲ ကုတင်ပေါ်တွင် ကွေးကွေးလေး ရှိနေ၏။
သူမသည် ခြေထောက်များကို ကွေးကာ.. လက်နှစ်ဖက်ဖြင့် ဒူးကို တင်းကျပ်စွာ ပွေ့ဖက်ရင်း တစ်ကိုယ်လုံးကို လုံးထွေးနေအောင် ကွေးထားသဖြင့် အလွန်အမင်း နွမ်းလျပင်ပန်းနေပုံ ရသည်။
သူမ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး.. အသက်မဲ့နေသော မျက်ဝန်းများဖြင့် ဆံပင်ကြားထဲမှတစ်ဆင့် သူမ၏ ခြေထောက်များကို ငေးစိုက်ကြည့်နေသည်။
သူမ၏ ရှည်လျားသော ဆံနွယ်များက ရှုပ်ထွေးနေပြီး မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားသည်။
ဆံပင်ကွဲကြောင်းကြားမှတစ်ဆင့် သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် ခြေချောင်းလေးများကို ဘာမှမတွေးဘဲ ငေးကြည့်နေသည်ကို မြင်နိုင်၏။
မျက်ဝန်းထောင့်မှ မျက်ရည်ကြောင်းများက ခြောက်သွေ့သွားပြီ ဖြစ်သော်လည်း ဘောင်းဘီပေါ်တွင်မူ မျက်ရည်ကွက်များ အစွန်းအထင်း ဖြစ်နေဆဲဖြစ်ရာ သူမ မျက်ရည်ကျနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သက်သေပြနေသည်။
"ကျိီဝေ... ဒါက မင်းအတွက် ငါယူလာပေးတဲ့ ပန်းတွေ… မင်း လီလီပန်း ကြိုက်တယ်လို့ ငါကြားလို့"
"မင်းက ပညာရပ်ဆိုင်ရာ သုတေသနတွေ လုပ်ရတော့ အသားအရေ အလွယ်တကူ ခြောက်သွေ့တတ်တယ်လို့ ကြားလို့.. မင်းအတွက် အထူးသီးသန့် ဒီအသားအရေထိန်း ခရင်မ်ကို ငါဝယ်လာခဲ့တာ"
ကုချန်၏ ဂရုစိုက်မှု.. အသေးစိတ်ကျမှုလေးများက ဤအချိန်တွင် သူမ၏ စိတ်အာရုံထဲ၌ တစ်ခုပြီးတစ်ခု ပြန်လည်ဖြတ်သန်းလာသည်။
ထိုစဉ်က ကုချန်သည် အမြဲတမ်း နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး သူမ၏ ရှေ့တွင် မကြာခဏ ပေါ်လာတတ်ကာ လက်ဆောင်များ ပေးတတ်ခဲ့သည်။
သို့သော်လည်း ရှန်ကျီဝေသည် သူ့အပေါ် မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။ ထို့ပြင် သူမသည် လူတစ်ယောက်၏ ခံစားချက်ကို လှည့်စားကစားမည့် အချောင်သမား မိန်းမစားမျိုးလည်း မဟုတ်သဖြင့် သူ့စေတနာများကို ပြတ်ပြတ်သားသား အမြဲ ငြင်းပယ်ခဲ့သည်။
သို့ရာတွင် ကုချန်က ဘယ်တော့မှ လက်မလျှော့ခဲ့ဘဲ.. သူမ မည်မျှပင် အေးစက်ပါစေ သူ့ကို မောင်းထုတ်၍မရသကဲ့သို့ သူမရှေ့တွင် အမြဲ ရှီနေခဲ့သည်။
သို့သော် ရှန်ကျီဝေ၏ နှလုံးသားထဲတွင်မူ အခြားလူတစ်ယောက်က နေရာယူထားပြီးသား ဖြစ်သည်...သူမ သတိမေ့မြောမသွားမီ ဝေဝေဝါးဝါး မြင်တွေ့ခဲ့ရသည့် ထိုပုံရိပ်လေးပင် ဖြစ်သည်။
သူမသည် မိမိ၏ ကျေးဇူးရှင်ကို အကြာကြီး ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
ယဲ့ချန်းနှင့် တွေ့ဆုံရသည့် အချိန်အထိပင်။
အဘယ်ကြောင့်နည်းတော့မသိ.. သူမ၏ မျက်ဝန်းထဲရှိ ဝေဝါးနေသော ထိုပုံရိပ်သည် ရုတ်တရက် ရှင်းလင်းပြတ်သားလာပြီး ယဲ့ချန်း၏ ရုပ်သွင်နှင့် ထပ်တူကျသွားသလို ခံစားခဲ့ရသည်။
ယဲ့ချန်းကလည်း အရှက်မရှိဘဲ ကျေးဇူးတင်တာကို ဗြောင်ကျကျ လက်ခံခဲ့သည်။
ယဲ့ချန်းနှင့် ကုချန်တို့အကြား ပဋိပက္ခဖြစ်ပွားနေသည်ကို သိရှိပြီးနောက်.. ကုချန်က သူမအား ကုမ္ပဏီအစုရှယ်ယာများ ပေးအပ်ရန် ကမ်းလှမ်းလာစဉ်က ရှန်ကျီဝေသည် အစပိုင်းတွင် ငြင်းပယ်ရန် ရည်ရွယ်ခဲ့သော်လည်း.. အကြောင်းရင်းတစ်ခုခုကြောင့် နောက်ဆုံးတွင် သူမ လက်ခံမိခဲ့သည်။
ထိုမျှမက.. သူမသည် ထိုအစုရှယ်ယာများကို အသုံးပြု၍ ကုချန်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ကြံစည်ခဲ့သေးသည်။
ဇာတ်လိုက် အရှိန်အဝါ၏ လွှမ်းမိုးမှုကလည်း ဤနေရာတွင် အတိုင်းအတာတစ်ခုအထိ ပါဝင်နေသော်လည်း.. ရှန်ကျီဝေကမူ ၎င်းကို မသိပဲ အရာအားလုံးသည် သူမကိုယ်တိုင်၏ အမှားများကြောင့်သာ ဖြစ်သည်ဟု မှတ်ယူကာ မိမိကိုယ်ကိုယ် အပြစ်တင်နေခဲ့သည်။
သူမသည် မျက်စိကန်းပြီး ကျေးဇူးရှင်ကို မှားယွင်းစွာ မှတ်မိခဲ့မိသည့်အတွက် မိမိကိုယ်ကိုယ် အပြစ်တင်မိသည်။
ကျေးဇူးရှင်ကိုယ်တိုင် ပေးအပ်ခဲ့သော ဓားကို အသုံးပြု၍ ကျေးဇူးရှင်အား ပြန်လည်ထိုးနှက်မိခဲ့သည့်အတွက် ရိုးသားမှုမရှိ.. ရက်စက်တတ်သူဟူ၍ မိမိကိုယ်ကိုယ် နောင်တရနေမိသည်။
ယခုအချိန်တွင် ကုချန် သူမအား ကြည့်သည့် အကြည့်များကို တွေးတောမိတိုင်း.. ထိုအကြည့်များထဲတွင် နူးညံ့မှုများ လုံးဝမရှိတော့ဘဲ အဆုံးမဲ့ အေးစက်မှုများနှင့် လူသတ်ချင်စိတ်အရိပ်အယောင်များပင် စွန်းထင်နေသည်ကို သတိပြုမိသည်။
ရှန်ကျီဝေသည် မမြင်နိုင်သော လက်တစ်ဖက်က သူမ၏ နှလုံးသားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားရပြီး အသက်ရှူရခက်လောက်အောင် ပြင်းထန်စွာ နာကျင်နေရသည်။
သူမ၏ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ပြန်လည်စီးကျလာပြန်ပြီး.. ရှန်ကျီဝေသည် ဒူးနှစ်ဖက်ကြားထဲသို့ ခေါင်းကို ဝှက်ကာ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
တစ်ချိန်တည်းမှာပင်..
ဟိုင်ချန်မြို့ရှိ ဇိမ်ခံဗီလာတစ်ခု၏ အိပ်ခန်းထဲတွင်မူ စူးချင်းလန်သည် ကုတင်ကို မှီလျက် ကြမ်းပြင်ပေါ်တွင် စိတ်ပျက်အားလျော့စွာ ထိုင်နေသည်။
သူမ၏ ဘေးပတ်ပတ်လည်တွင် ဆေးလိပ်နှင့် ဝိုင်ပုလင်းခွံ အချို့ ပြန့်ကျဲနေပြီး လေထုထဲတွင် အရက်နံ့များ ထူထပ်စွာ လှိုင်နေ၏။
စူးချင်းလန်သည် မူလက ဘယ်သောအခါမှ အရက်မသောက်သလို အရက်သောက်ခြင်းကိုလည်း မနှစ်သက်သူ ဖြစ်သည်။
လန်ဖုန်းလုပ်ငန်းစု ၏ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် သူမသည် လူမှုရေးကိစ္စများအတွက် သော်လည်းကောင်း.. အခြားသူများကို ဖားရန်အတွက် သော်လည်းကောင်း အရက်ကို အားကိုးရန် မလိုအပ်ပေ။
သူမ၏ ရာထူးနှင့် အရှိန်အဝါသည် စီးပွားရေးလောကတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် လုံလောက်မှု ရှိပြီးသားဖြစ်သည်။
သို့သော်လည်း ယနေ့ကတော့ ခြွင်းချက် ဖြစ်နေခဲ့သည်။
လွန်ခဲ့သော နှစ်များစွာက သူမအား ထောက်ပံ့ကူညီပေးခဲ့သူမှာ မည်သူမည်ဝါဖြစ်ကြောင်း အမှန်တရားကို သိရှိလိုက်ရသည့်အခါ.. အပြစ်ရှိစိတ်နှင့် နောင်တတရားများက သူမ၏ စိတ်အာရုံကို လွှမ်းမိုးသွားပြီး အသက်ရှူပင် ကျပ်မတတ် ခံစားလိုက်ရသည်။
သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဝိုင်ပုလင်းကို ကောက်ကိုင်ကာ တစ်ခွက်ပြီးတစ်ခွက် မော့သောက်ရင်း.. အရက်ဖြင့် မိမိ၏ သည်းမခံနိုင်စရာကောင်းသော အပြစ်ရှိစိတ်များမှ ရုန်းထွက်ရန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း အရက်သည် သူမ အလိုရှိသော သက်သာရာကို ဆောင်ကြဉ်းမပေးနိုင်ခဲ့ပေ။
စူးချင်းလန်သည် ကုတင်ကို မှီကာ ပြင်သစ်စတိုင် မှန်ပြတင်းပေါက်မှတစ်ဆင့် ပြင်ပရှိ ညကောင်းကင်ယံကို ငေးကြည့်နေမိပြီး.. သူမ၏ မျက်ဝန်းများကမူ အရက်ရှိန်ကြောင့် ဝေဝါးနေသည်။
သူမ၏ စိတ်ထဲတွင် လွန်ခဲ့သောနှစ်များက ကုချန်၏ ပုံရိပ်များဖြင့် ပြည့်နှက်နေသည်...သူမ လျစ်လျူရှုခဲ့သော ဂရုစိုက်မှုများ.. သူမ မှားယွင်းစွာ နားလည်ခဲ့သော စေတနာများနှင့် သူမကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သော ဆက်ဆံရေးများ...
"ဟင်း......"
စူးချင်းလန်သည် မိမိကိုယ်ကိုယ် လှောင်ပြောင် သရော်သည့် အပြုံးမျိုးဖြင့် ခါးသီးစွာ ရယ်မောလိုက်ပြီး သူမ၏ အသံတွင် အဆုံးမဲ့ စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေသည်။
သူမ၏ လက်ချောင်းများက ဝိုင်ပုလင်းဝကို သတိမဲ့စွာ ပွတ်သပ်နေပြီး မျက်ဝန်းများက တဖြည်းဖြည်း အသက်မဲ့လာသည်။
သူမ ဝတ်ဆင်ထားသည့် စမတ်ကျလှသော စီးပွားရေးဝတ်စုံက ယခုအခါ လုံးဝ တွန့်ကြေနေပြီဖြစ်ပြီး ရှပ်အင်္ကျီ ကော်လံက အနည်းငယ် ပွင့်ဟနေကာ ကုတ်အင်္ကျီကိုမူ ဘေးသို့ ပေါ့ပေါ့ဆဆ ပစ်ချထားသည်။
ဟိုင်ချန်မြို့၏ တစ်ချိန်က တောက်ပထွန်းလင်းခဲ့သော စီးပွားရေးလောကမှ ဘုရင်မကြီးသည် ယခုအခါတွင်မူ အလွန်ပင် ဖရိုဖရဲ ဖြစ်နေရှာသည်။
စူးချင်းလန် မျက်လုံးကို မှိတ်လိုက်မိသည့်အခါ ကုချန်၏ အေးစက်လှသော မျက်နှာက သူမ၏ စိတ်အာရုံထဲတွင် ပြန်လည် ပေါ်လာပြန်သည်။
သူ့မျက်ဝန်းထဲတွင် နွေးထွေးမှု လုံးဝမရှိတော့ဘဲ သူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
ထိုကဲ့သို့သော စိမ်းကားမှုနှင့် အေးစက်မှုများက သူမအား မည်သည့် စကားလုံးမျိုးထက်မဆို ပိုမို၍ နာကျင်စေသည်။
မျက်ရည် မကျခဲ့သည်မှာ ကြာပြီဖြစ်သော စူးချင်းလန်၏ ပါးပြင်ပေါ်မှတစ်ဆင့် မျက်ရည်တစ်စက် စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ "တောက်" ကနဲ အသံဖြင့် အဆုံးသတ် သွားတော့သည်။
သို့သော်လည်း အခြားသော ဗီလာတစ်ခုအတွင်းရှိ လေထုကမူ အထက်ပါ အမျိုးသမီးနှစ်ဦး၏ အခြေအနေနှင့် လုံးဝ ခြားနားနေသည်။
ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းကို ပြီးမြောက်ပြီးနောက်.. ကုချန်သည် ကုတင်ခေါင်းရင်းကို မှီလျက် ဘေးတွင် အိပ်ပျော်နေသော ပိုင်၀မ်ရုကို ညာလက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း လက်ရှိ အခြေအနေကို တွေးတောနေသည်။
ယခုအခါ ယဲ့ချန်းကို ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယဲ့ချန်းနှင့် သူ၏ဆရာဖြစ်သူ ရဲယွမ်တို့သည် ဟိုင်ချန်မြို့တွင် ဆေးပညာဖြင့် အဆက်အသွယ်ကောင်းများစွာ တည်ဆောက်ထားခဲ့ကြသော်လည်း...
ချင်မိသားစု .. ထျန်ချန်လုပ်ငန်းစု နှင့် ကုမိသားစု တို့၏ တိတ်တဆိတ် ကြားဝင်စွက်ဖက်မှုအောက်တွင် ထိုအဆက်အသွယ်များမှာ သဲပေါ်ရေသွန်သကဲ့သို့ ဖြစ်သွားပြီး မည်သည့် အကူအညီမှ မပေးနိုင်တော့ပေ။
ကုချန်၏ မူဝါဒကတော့ ရိုးရှင်းပြီး ပြတ်သားသည်...မည်သူမဆို ယဲ့ချန်းကို ကူညီဝံ့ပါက သူက ကရုဏာမရှိဘဲ အမြစ်ပြတ် ချေမှုန်းပစ်မည်သာ ဖြစ်သည်။
သူသည် ထိုလူများနှင့် အချိန်ဖြုန်းရန် ပျင်းရိသလို.. ၎င်းတို့ကို ဂရုစိုက်ရန်လည်း စိတ်မဝင်စားပေ။
နောက်တစ်နေ့တွင် ချင်ယုနင်သည် ကုချန်၏ ဗီလာသို့ ထပ်မံ ရောက်ရှိလာသည်။
"သူဌေး ကု.. ရှင် ညွှန်ကြားထားတဲ့အတိုင်း ဟိုင်ချန်မြို့တစ်ခွင်မှာ ယဲ့ချန်းနဲ့ ပတ်သက်ပြီး ဆုငွေထုတ်ပြန်ချက် ထုတ်ပြန်ပြီးပါပြီ"
ချင်ယုနင်သည် ကုချန်၏ ရှေ့တွင် ရိုသေစွာ ရပ်နေရင်း အခြေအနေကို အစီရင်ခံနေသည်။
"ကျွန်မတို့ တခြားကုမ္ပဏီတွေနဲ့ မိသားစုတွေကိုလည်း သတိပေးထားပါတယ် တကယ်လို့ သူတို့ ယဲ့ချန်းကို ကူညီရင် ချင် မိသားစု နဲ့ ထျန်ချန်လုပ်ငန်းစုကို ရန်သူအဖြစ် သတ်မှတ်တာနဲ့ တူတူပဲဖြစ်ပြီး.. ကျွန်မတို့ဘက်က လိုအပ်တဲ့ အရေးယူပိတ်ဆို့မှု မှန်သမျှကို လုပ်ဆောင်သွားမှာပါလို့ ပြောထားပါတယ်"
ကုချန်သည် သူမ၏ အစီရင်ခံချက်ကို နားထောင်ပြီး အနည်းငယ် ခေါင်းညိတ်ပြကာ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူ၏ အကြည့်များက ချင်ယုနင်၏ စကားများပေါ်တွင်သာ အာရုံစိုက်နေခြင်း မဟုတ်ဘဲ.. သူမ၏ အမူအရာကို စဉ်းစားတွေးတောစွာဖြင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ချင်ယုနင်က စကားပြောပြီးနောက် နှုတ်ခမ်းကို အနည်းငယ် စေ့ထားပြီး တစ်ခုခုကို ပြောချင်သော်လည်း မည်သို့ စတင်ရမည်ကို မသိဖြစ်နေပုံ ရသည်။
ကုချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ချင်ယုနင်ကို တည့်တည့် စိုက်ကြည့်ကာ မျက်ဝန်းထဲတွင် လှောင်ပြောင်ချင်သော အရိပ်အယောင်များဖြင့် ဆိုလိုက်သည်။
"မင်း ဒီကိုလာတာ ဒီကိစ္စကို ပြောဖို့ သက်သက်ပဲ မဟုတ်ဘူးမလား"
ဤကဲ့သို့သော ကိစ္စရပ်များကို ဖုန်းဖြင့်သာ အစီရင်ခံနိုင်ပြီး လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ချေ။ တစ်ဖက်လူတွင် အခြားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေရမည်။
သူ၏ လေသံက တည်ငြိမ်သော်လည်း မမြင်နိုင်သော ဖိအားများကို ဆောင်ကြဉ်းပေးနေသည်။
ချင်ယုနင်သည် သူ့အကြည့်အောက်တွင် အနည်းငယ် နေရခက်သွားသဖြင့် ခေါင်းကို ငုံ့လိုက်ပြီး လက်ချောင်းလေးများကို မသိမသာ လိမ်ယှက်နေမိသည်။
"သူဌေး ကု... ကျွန်မ..." သူမ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် သတ္တိမွေးကာ ပြောလိုက်သည်။
"ရှင်... ရှန်ကျီဝေနဲ့ စူးချင်းလန်တို့ကို သွားကြည့်ပေးလို့ ရမလားဟင် သူတို့ ပြီးခဲ့တဲ့ အဖြစ်အပျက်ကြောင့် အစာမစားတာ နှစ်ရက်ရှိပြီ.. သူတို့ ခန္ဓာကိုယ်က ဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူးလို့ ကျွန်မ စိုးရိမ်မိလို့ပါ"
မနေ့ညက ရှန်ကျီဝေ၏ အခြေအနေကို သိရှိပြီးနောက် ချင်ယုနင်သည် သူမအား သွားရောက်ကြည့်ရှုခဲ့သည်။ ရှန်ကျီဝေ၏ အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
တစ်ချိန်က တည်ငြိမ်ရင့်ကျက်လှသော မိန်းကလေးသည် ယခုအခါ အလွန်အမင်း နွမ်းလျပိန်ချောင်နေပြီး အိပ်ရာပေါ်တွင် အသက်မဲ့သော မျက်ဝန်းများဖြင့် ကွေးကွေးလေး ရှိနေကာ ဇီဝိန်ချုပ်လုနီးပါး ဖြစ်နေပုံရသည်။
စူးချင်းလန်ကို တွေးမိပြန်တော့လည်း ချင်ယုနင်က သူမဆီကိုပါ အပြေးအလွှား သွားကြည့်ခဲ့ရာ သူမ၏ အခြေအနေကလည်း ထပ်တူပင် ဆိုးရွားနေသည်ကို တွေ့ရှိခဲ့ရသည်။
ချင်ယုနင်က စိတ်မကောင်းဖြစ်ရသဖြင့် ကုချန်အား ဝင်ရောက်စွက်ဖက်ပေးရန် တောင်းဆိုနိုင်မလားဟု တွေးမိခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကုချန်သည် ရှန်ကျီဝေနောက်သို့ အကြာကြီး လိုက်ခဲ့ဖူးသဖြင့် သူမအပေါ် စေတနာ အနည်းငယ်တော့ ကျန်ရှိနေဦးမည်ဟု သူမ မျှော်လင့်မိသည်။
ချင်ယုနင်၏ စကားကို ကြားလိုက်ရသောအခါ ကုချန်သည် အထင်သေးသလို နှာခေါင်းရှုံ့လိုက်ပြီး.. သူ့အကြည့်များက အေးစက်ကာ ဤကိစ္စနှင့် လုံးဝ မပတ်သက်သကဲ့သို့ တည်ငြိမ်စွာ ဆိုလိုက်သည်။
"သူတို့ရဲ့ ကိစ္စတွေက ငါနဲ့ ဘာဆိုင်လို့လဲ"