အခန်း (၁၀) - မင်းကို ပါးရိုက်ချင်ပေမဲ့... သာယာသွားမှာ စိုးလို့
ပိုင်ဝမ်ရုက အလိုက်သိစွာပဲ ပြန်လည်ထူးလိုက်ပြီး လက်ဆောင်သေတ္တာကို ပွေ့ကာ ဖွဖွခြေလှမ်းလေးတွေနဲ့ ဧည့်ခန်းထဲကနေ ထွက်ခွာသွားခဲ့သည်။
ကုချန်ရဲ့ အကြည့်က သူမ ထွက်ခွာသွားတဲ့အထိ နူးညံ့စွာ ငေးမောကြည့်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း သူ့ရဲ့ အကြည့်က ချင်ယုနင် ဆီ ပြန်ရောက်သွားတဲ့ အချိန်မှာတော့... မျက်နှာပေါ်က နူးညံ့မှုတွေက ချက်ချင်းပဲ အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက် အလွှာတစ်ခုနဲ့ အစားထိုးဝင်ရောက်လာခဲ့တော့သည်။
သူက စားပွဲပေါ်က ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက် စာချုပ်ကို ကောက်ကိုင်လိုက်ပြီး ပြတ်သားသွက်လက်တဲ့ ကလောင်ချက်နဲ့ သူ့ရဲ့ နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။
ထို့နောက် သူ ခေါင်းမော့ကာ ချင်ယုနင် ကို ကြည့်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ လှမ်းပြောလိုက်တယ် ...
"ချင်မိန်းကလေး... တခြားကိစ္စ ရှိသေးလား မရှိရင်တော့ ငါ အဝေးကြီးအထိ လိုက်မပို့တော့ဘူးနော်"
ချင်ယုနင်က သူ့ရှေ့မှာ မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး... သူမရဲ့ လှပတဲ့ မျက်နှာပြင်ထက်မှာ သနားစရာကောင်းတဲ့ အရိပ်အယောင်လေးတွေ စွန်းထင်နေခဲ့တယ်။ သို့သော်လည်း ကုချန်ရဲ့ အကြည့်က သူမရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းကြည့်နေသလိုမျိုး လုံးဝကို အေးစက်လှပြီး ဘာစိတ်ခံစားချက်မှ ပါမနေခဲ့ပါဘူး။
ချင်ယုနင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်...
"ဥက္ကဋ္ဌကု... အရင်တုန်းက ဖြစ်ခဲ့သမျှတွေက ယုနင်ရဲ့ အမှားတွေပါ ဥက္ကဋ္ဌကု အနေနဲ့ ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်"
ကုချန် ဘာမှ ပြန်မပြောဘဲ သူမကို တစ်ချက်ပဲ အသာဝေ့ကြည့်လိုက်ကာ အကြည့်တွေကို ပြတင်းပေါက်အပြင်ဘက်ဆီသို့ ပို့ထားလိုက်တော့သည်။
သူ့ရဲ့ မျက်နှာပေးက လုံးဝကို အေးစက်လွန်းလှတာကြောင့် သူ့ရှေ့မှာ ရှိနေတဲ့လူက သူ့ရဲ့ အာရုံစိုက်မှုကို ခံယူဖို့ တစ်စက်ကလေးမှ တန်ဖိုးမရှိသလိုမျိုး ဖြစ်နေခဲ့ရပြီ။
တကယ်တော့ ကုချန်က စနစ်ကို အသုံးပြုပြီး သူ့ရဲ့ စိတ်ထဲက အတွေးတွေကို အပြင်သို့ ထုတ်လွှင့်ပြသတဲ့စနစ် ကို ပိတ်ထားခိုင်းလိုက်တာကြောင့်...
အခုအချိန်မှာ ချင်ယုနင် အနေနဲ့ ကုချန်ရဲ့ စိတ်ထဲက အတွေးတွေကို လုံးဝ မကြားရတော့ပါဘူး။
သူ့ဘက်က ဘာမှ တုံ့ပြန်မှုမရှိတာကို မြင်တော့ ချင်ယုနင် ပိုပြီးတော့တောင် စိုးရိမ်ထိတ်လန့်လာခဲ့ရသည်။
သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံထဲမှာ တောင်းပန်တိုးလျှိုးတဲ့ အရိပ်အယောင်တွေနဲ့ ပြောလိုက်တယ် ...
"ဥက္ကဋ္ဌကု အနေနဲ့သာ ချင်မိသားစုကို ခွင့်လွှတ်ပေးပြီး သူတို့အပေါ် ဒေါသ မပုံချဘူးဆိုရင်... ယုနင်... ဘာပဲလုပ်ရလုပ် ရလုပ်ပါ့မယ် ရှင်"
ဒါကို ကြားလိုက်ရတော့ ကုချန်ရဲ့ မျက်ခုံးက အသာလေး ပင့်တက်သွားခဲ့ပြီး မျက်ဝန်းထဲမှာလည်း စနောက်ကျီစယ်လိုတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူ ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်ပြီး ချင်ယုနင်ရဲ့ ခန္ဓာကိုယ်ကို တစ်ချက်ဝေ့ကြည့်ကာ လှောင်ပြောင်တဲ့ လေသံနဲ့ မေးလိုက်တယ် ...
"ဘာပဲလုပ်ရလုပ်... အဆင်ပြေတယ်ပေါ့"
သူ့ရဲ့ အကြည့်ကြောင့် ချင်ယုနင်ရဲ့ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရင်သွားခဲ့ရပြီး... သူမ မသိစိတ်အရ ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ပူးကပ်လိုက်မိပေမဲ့... ဘာမှတော့ ပြန်မငြင်းဆန်ခဲ့ပါဘူး။
ကုချန် ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီး... အသံကို နှိမ့်ကာ အေးစက်စက် ပြောလိုက်တယ် ...
"ဒီကိုလာခဲ့... ပြီးရင် ဒူးထောက်လိုက်"
ချင်ယုနင်ရဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားခဲ့ရတယ်။ သူမဘေးက သက်တော်စောင့်ကတော့ မျက်နှာ ချက်ချင်း ပျက်သွားခဲ့ပြီး ဝင်ပြောဖို့ ပြင်လိုက်ပေမဲ့... ချင်ယုနင်က လက်ကာ ပြီးတားဆီးလိုက်တယ် ...
"နောက်ကို ဆုတ်နေလိုက်"
သူမရဲ့ အသံက တုန်ရင်နေခဲ့ပေမဲ့ ငြင်းဆန်ရခက်တဲ့ အရှိန်အဝါမျိုးတော့ ပါဝင်နေခဲ့တယ်။ သက်တော်စောင့်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ဆုံးတော့ ဆက်မကြည့်ရက်တာကြောင့် မျက်နှာလွှဲကာ အနောက်ကို ဆုတ်သွားခဲ့ပါတော့သည်။
ချင်ယုနင် ဖြည်းဖြည်းချင်း ရှေ့ကို လှမ်းလာခဲ့ပြီး... သူမရဲ့ ဒူးနှစ်ဖက်က ကွေးညွတ်သွားခဲ့ကာ ကုချန်ရဲ့ ရှေ့တည့်တည့်မှာ တိုက်ရိုက်ပဲ ဒူးထောက်ချလိုက်သည်။
သူမက ခေါင်းလေးကို ငုံ့ထားပြီး ဆံပင်ရှည်ကြီးတွေက ပုခုံးပေါ်မှာ ဝဲကျနေခဲ့တာကြောင့် တကယ့်ကို အားကိုးရာမဲ့ပြီး နုနယ်လှတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ရပြီ ဖြစ်သည်။
ကုချန်ကတော့ အထက်စီးကနေ သူမကို ငုံ့ကြည့်နေခဲ့ပြီး သူက လက်လှမ်းလိုက်ပြီး ချင်ယုနင်ရဲ့ ဆံပင်တွေကို ဆွဲကိုင်ကာ သူမရဲ့ မျက်ဝန်းတွေကို မိမိနဲ့ အတင်းအကျပ် ဆုံစေလိုက်တော့တယ်။
ချင်ယုနင်ရဲ့ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ဝဲကျနေခဲ့ပြီး မျက်နှာထက်မှာလည်း အရှက်ရမှုနဲ့ တောင်းပန်တိုးလျှိုးမှုတွေ ရောပြွမ်းနေခဲ့ရပြီ။
ချင်ယုနင်ရဲ့ အခုလို အကြည့်မျိုးက အရင်တုန်းက ရှိခဲ့တဲ့ မာနထောင်လွှားမှု... ခေါင်းမာမှုတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့တာ ဖြစ်ပြီး... အခုအချိန်မှာတော့ သူမက လုံးဝကို အညံ့ခံ နာခံနေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ရုံတင်မကဘဲ မျက်ဝန်းထဲမှာ ဖော်ပြရခက်တဲ့ ရှုပ်ထွေးလှတဲ့ စိတ်ခံစားချက်တချို့ပါ အရိပ်ထင်နေခဲ့တယ်။
သူမရဲ့ ဒီလိုပုံစံကို ကြည့်ပြီး ကုချန် စိတ်ပျက်သလိုမျိုး ခံစားလိုက်ရတယ် ...
"မင်း အရင်တုန်းကလိုမျိုး ရိုင်းစိုင်းပြီး မဟာဆန်နေတဲ့ ပုံစံကိုပဲ ငါ ပိုသဘောကျသေးတယ်"
ကုချန်က ပြောပြောဆိုဆိုနဲ့ပဲ သူ့လက်ထဲက ခွန်အားကို အနည်းငယ် ပိုစိုက်လိုက်တဲ့ အချိန်မှာတင်... မမျှော်လင့်ဘဲ စနစ်ရဲ့ သတိပေးသံက ထွက်ပေါ်လာခဲ့ပြန်တယ် ...
【 ချင်ယုနင်၏ နှစ်သက်မှု +၁၀ 】
မနေ့ကတင် ချင်ယုနင် က ချင်အဘိုးအိုရဲ့ ကိစ္စရပ်တွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းခဲ့တာကြောင့်... သူမရဲ့ ကုချန်အပေါ် နှစ်သက်မှုနှုန်းက ၅၀ အထိ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး... အခု ၁၀ မှတ် ထပ်တိုးလိုက်တဲ့အခါမှာတော့ ၆၀ တိတိ ဖြစ်သွားခဲ့ပြီ။
စောက်ကျိုးနည်းပဲ...
ကုချန် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိပြီး ချင်ယုနင်ရဲ့ ဆံပင်တွေကို ဆွဲကိုင်ထားတဲ့ လက်ကို ချက်ချင်းပဲ လွှတ်ပေးလိုက်တော့တယ်။
သူ လက်လွှတ်လိုက်တဲ့ မနက်ချင်းမှာတင် သူ့ရဲ့ အကြည့်က ချင်ယုနင်ရဲ့ မျက်နှာပေါ်ကို မတော်တဆ ဖြတ်ပြေးသွားခဲ့ရာ... သူမရဲ့ မျက်ဝန်းထဲမှာ မထင်မှတ်ဘဲ တပ်မက်စွဲလန်းမှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားတာကို တွေ့လိုက်ရလို့ပဲ ဖြစ်တယ်။
【 ငါ မင်းကို ပါးရိုက်ချင်ပေမဲ့... မင်း အဲဒီအပေါ်မှာ သာယာပြီး ကောင်းမွန်တဲ့ အရသာ ခံစားသွားမှာကို ငါ တကယ်ပဲ ကြောက်မိတယ်】
ကုချန် စိတ်ထဲကနေ သက်ပြင်းချလိုက်မိပြီး လေသံထဲမှာလည်း အားကိုးရာမဲ့မှုတွေ ပါဝင်နေခဲ့တယ်။
သူက စိတ်ကို ပြန်ထိန်းလိုက်ပြီး အပြင်ပန်း လေသံနဲ့ ပြောလိုက်တယ် ...
"ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေး... ဒါဆိုရင် အရင်က ဖြစ်ခဲ့တဲ့ ပြဿနာအားလုံးကို အတိတ်မှာပဲ ထားလိုက်တော့မယ်"
ဘာပဲဖြစ်ဖြစ် မင်းသမီး သုံးယောက်ထဲမှာ ချင်ယုနင် က ယဲ့ချန်းရဲ့ ကိစ္စထဲကို အနောက်ကျဆုံး ဝင်ပါခဲ့တဲ့လူ ဖြစ်တာကြောင့်... သူမက အဆူညံဆုံး ဖြစ်ခဲ့တယ် ဆိုပေမဲ့လည်း လက်တွေ့မှာ ကုချန်အပေါ်ကို ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
အဲဒါအပြင်... အခုအချိန်မှာ သူမကို ဆက်ပြီး အပြစ်ပေးနေရင်လည်း သူမအတွက်တော့ ပြစ်ဒဏ်ထက် ဆုလာဘ်တစ်ခုလိုမျိုး သာယာသွားမှာကို စိုးရိမ်ရသေးတယ်လေ။
နောက်မှပဲ သင့်တော်တဲ့ နေရာတစ်ခုရှာပြီး သူမကို သေသေချာချာ ပညာပေးရလိမ့်မယ်။
ဒါကို ကြားလိုက်ရတော့မှ ချင်ယုနင်ရဲ့ မျက်ဝန်းတွေက ချက်ချင်းပဲ အရောင်တောက်သွားခဲ့ရတယ်။ သူမ ခေါင်းမော့ကြည့်လာခဲ့ပြီး လေသံထဲမှာ မျှော်လင့်ချက် အရိပ်အယောင်တွေနဲ့ မေးလိုက်တော့တယ် ...
"ဥက္ကဋ္ဌကု အနေနဲ့ ယုနင် ကို ဘာကိစ္စမျိုး လုပ်ပေးစေချင်လို့ပါလဲ"
ကုချန်က သူ့အိတ်ကတ်ထဲကနေ ယူအက်စ်ဘီ (USB) တစ်ခုကို ထုတ်လိုက်ပြီး စားပွဲပေါ်ကို ပေါ့ပေါ့ပါးပါးပဲ ပစ်တင်ပေးလိုက်တယ် ...
"မင်းတို့ ချင်မိသားစုဆီမှာ ယဲ့ချန်း အဆိပ်ခတ်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပြီးသား ဖြစ်ရမယ် ဟုတ်တယ်မလား အကယ်၍ မရှိသေးရင်တောင်... တစ်ခုခုကို ဖန်တီးလိုက်ပေါ့"
"ဒီ ယူအက်စ်ဘီ ထဲမှာတော့ အရင်တုန်းက ယဲ့ချန်း ငါ့နောက်ကို တောက်လျှောက် လိုက်ချောင်းပြီး ငါ့အပေါ် ရန်မူဖို့ ကြိုးစားခဲ့တဲ့ အထောက်အထားတွေ ရှိတယ်…ချင်မိသားစုရဲ့ အင်အားနဲ့ဆိုရင် ယဲ့ချန်းကို ရဲစခန်းကနေတစ်ဆင့် ဝရမ်းထုတ်ပြီး ဖမ်းဝရမ်း ထုတ်ခိုင်းဖို့က ပြဿနာမရှိလောက်ပါဘူး"
"ငါ့အတွက် ယဲ့ချန်း ဘယ်မှာ ပုန်းနေလဲဆိုတဲ့ သတင်းကို ရှာဖွေပေး... ဒါဆိုရင် ငါတို့တွေကြားက ကိစ္စက ပြီးပြတ်သွားပြီ"
တကယ်တော့ ကုချန် က ဟိုနေ့က ယဲ့ချန်း ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့စဉ်ကတည်းက... မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ မဖြစ်လာအောင်လို့ နောက်ကွယ်ကနေ ပြင်ဆင်ထားခဲ့တာ ဖြစ်သည်။
သူ ယဲ့ချန်းကို ထောင်ချောက်ထဲ ဆွဲသွင်းနေတဲ့ အချိန်တုန်းက ဘေးနားက ‘စေတနာ့ဝန်ထမ်း ခရီးသွားအချို့’ ကို ယဲ့ချန်း မိမိနောက်ကို တိတ်တဆိတ် လိုက်ချောင်းနေတဲ့ ဗီဒီယိုတွေကို ‘တိုက်တိုက်ဆိုင်ဆိုင်’ ရိုက်ကူးခိုင်းထားခဲ့တာ ဖြစ်သည်။
အဲဒါအပြင် ‘စိတ်အားထက်သန်တဲ့ မြို့ခံလူထုတချို့’ ကလည်း ယဲ့ချန်း မိမိအပေါ်ကို စတင် တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ဗီဒီယိုတွေကို ‘တိုက်တိုက်ဆိုင်ဆိုင်’ ရိုက်ကူးမိထားခဲ့ကြပြီး... ယဲ့ချန်း လက်သီးပစ်သွင်းလိုက်တဲ့ အချိန်မှာတင် ထိုလူတွေရဲ့ ဖုန်းက ‘တိုက်တိုက်ဆိုင်ဆိုင်’ ဘက်ထရီ ကုန်သွားခဲ့ကြတာ ဖြစ်သည်။
ဒါကြောင့်မို့လို့ ဒီဗီဒီယိုတွေက လုံးဝကို ပြုပြင်မွမ်းမံထားခြင်း မရှိတဲ့ မူရင်းဗီဒီယို အစစ်အမှန်တွေ ဖြစ်ကြတာကြောင့်... ရဲတွေကလည်း အလွယ်တကူပဲ သက်သေအဖြစ် လက်ခံမှာ ဖြစ်တယ်။
ကုချန်ရဲ့ တကယ့် ရည်ရွယ်ချက်ကတော့ ချင်မိသားစုနဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားကို အသုံးချပြီး ယဲ့ချန်း ပုန်းကွယ်နေတဲ့ နေရာကို ရှာဖွေခိုင်းချင်တာဖြစ်ပြီး... ဒါက မိမိအတွက် အချိန်ကော လုပ်အားပါ သက်သာစေတယ်လေ။
ချင်ယုနင်က ယူအက်စ်ဘီ ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လေးနက်တဲ့ လေသံနဲ့ ခေါင်းညိတ်ပြလိုက်တယ် ...
"စိတ်ချပါ ဥက္ကဋ္ဌကု... ယုနင် ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်"
ကုချန် သူမကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စက်ပဲ ပြောလိုက်တယ် ...
"မျှော်လင့်ပါတယ်လေ…မင်း အခု ပြန်လို့ရပြီ"
ဒါကို ကြားတော့မှ ချင်ယုနင် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ရတယ်။ သူမက အကြာကြီး ဒူးထောက်ထားခဲ့ရတာ ဖြစ်တာကြောင့်... သူမရဲ့ ဖြူဝင်းလှတဲ့ ဒူးခေါင်းလေးနှစ်ဖက်က အနည်းငယ် နီမြန်းနေခဲ့ရပြီ။
သူမ ထရပ်လိုက်တဲ့ အချိန်မှာတင် ခြေလှမ်းတွေက အနည်းငယ် ယိုင်နဲ့သွားခဲ့ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ပေမဲ့... ကုချန်ကတော့ သူမကို တွဲထူပေးဖို့ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး။
ချင်ယုနင်ရဲ့ မျက်ဝန်းထဲမှာ အထီးကျန်မှု အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက်... သူမက သက်တော်စောင့်နဲ့အတူ ကုချန်ရဲ့ ဗီလာထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့ပါတော့သည်။