အခန်း ၆၁ - ထောင်ချောက်
ဗရုန်းဗရက် ဖြစ်နေသည့် ဆူညံသံများကြားမှ ပြင်းထန်သော ပွတ်တိုက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုကြောင့် သင်္ဘောနှစ်စင်းစလုံး တုန်ခါသွားခဲ့ရသည်။ ‘ဘဲလ် အန် မတ်ဂ်’ ၏ ချွန်ထက်လှသော သင်္ဘောဦးပိုင်းကို ထူးခြားဆန်းပြားသည့် ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ထိမိလိုက်သည်နှင့် စူးရှလှသော အဖြူရောင် အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး ပူပြင်းသော ဓားတစ်ချောင်းက ထောပတ်ခဲကို ပိုင်းဖြတ်လိုက်သကဲ့သို့ ကြီးမားလှသော ကုန်သည်သင်္ဘောကြီး၏ ကိုယ်ထည်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားတော့သည်။ အပေါ်စီးမှ လှမ်းမျှော်ကြည့်မည်ဆိုပါက ‘ဘဲလ် အန် မတ်ဂ်’ သည် အဆိပ်သင့်နေသော ချွန်ထက်သည့် သန်လျက်တစ်စင်းကဲ့သို့ ကုန်သည်သင်္ဘောကြီး၏ ဝမ်းဗိုက်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားသကဲ့သို့ပင် ဖြစ်နေခဲ့၏။
ဝပ်နေကြသော ပင်လယ်ဓားမြများမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြပြီး သူတို့ ကြိုတင်ပြင်ဆင်ထားသည့် ကျော့ကွင်းကြိုးများကို ဆက်တိုက်ဆိုသလို ပစ်လွှတ်ကာ သင်္ဘောနှစ်စင်းကို အတူတကွ တုတ်နှောင်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် ကူးသန်းရန် လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်ကြတော့သည်။ သူတို့၏ ဓားရှည်များနှင့် ရိုင်ဖယ်သေနတ်များကို ဆွဲထုတ်ကာ ရှေ့သို့ ချီတက်သွားကြ၏။ ဆန့်ကျင်ဘက် ကုန်သည်သင်္ဘောဘက်မှလည်း ပင်လယ်ဓားမြများကို ဆီးကြိုရန်အတွက် လူအင်အားကို လျင်မြန်စွာ စုစည်းကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသော်လည်း ကျဲပါးလှသော ကျည်ဆန်များက ပင်လယ်ဓားမြ ၅ ဦး သို့မဟုတ် ၆ ဦးခန့်ကိုသာ ထိမှန်ခဲ့သည်။ ၎င်းက သူတို့၏ သွေးဆာနေသော သဘာဝကို ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး မျက်လုံးတစ်ဖက်လပ် ကျူအာရွန်ပင်လျှင် သူ၏ ကြီးမားလှသော ခွန်အားများကို ထုတ်ဖော်ပြသရင်း မည်သည့်အတွက်ကြောင့် သင်္ဘောသားအရာရှိတစ်ဦး ဖြစ်လာခဲ့သည်ကို သက်သေပြနေခဲ့သည်။ သူသည် ပထမဆုံး တိုက်ခိုက်မှုလှိုင်းနှင့်အတူ ရှေ့သို့ ပြေးဝင်သွားခဲ့ပြီး တစ်ကိုယ်လုံးတွင် သွေးများ စွန်းထွက်လျက် သူ၏ ဓားရှည်ကို လွှဲယမ်းကာ ရန်သူ ၅ ဦး သို့မဟုတ် ၆ ဦးခန့်ကို ပိုင်းဖြတ်ပစ်လိုက်၏။ ၎င်းက ပင်လယ်ဓားမြများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး သူတို့သည် ရန်သူ့ကုန်းပတ်ကို ရှင်းလင်းရန်အတွက် ရဲရဲဝံ့ဝံ့ ရှေ့တိုးသွားကြတော့သည်။
ဘေးချင်းကပ် အနီးကပ် တိုက်ပွဲဆင်နွှဲရာတွင် ရန်သူ့သင်္ဘော၏ ကုန်းပတ်ကို သိမ်းပိုက်နိုင်ခြင်းက အသာစီးရစေမည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ ရန်သူ၏ ခုခံလိုသော စိတ်ဓာတ်က ဇွတ်အတင်း ပြင်းထန်နေမည်ဆိုပါက သူတို့သည် သီးခြားသင်္ဘောခန်းများကို တစ်ခန်းချင်းစီ လိုက်လံတိုက်ခိုက်ရမည့် ခက်ခဲလှသော တိုက်ပွဲကို ဖြတ်သန်းရပေလိမ့်မည်။ ထို့ပြင် ဤကုန်သည်သင်္ဘောကြီး၏ အလေးချိန်မှာ တန်တစ်ထောင်ထက်မက ရှိသဖြင့် ၎င်း၏ အတွင်းပိုင်းကို သုံးဆင့်ခန့် ခွဲခြားထားပေလိမ့်မည်။ အဆင့်တစ်ခုစီတွင် အခန်းပေါင်း ၂၀ ကျော်မှ ၃၀ ခန့်အထိ ရှိနေနိုင်ပြီး အကယ်၍ ရန်သူများက ပုန်းကွယ်ကာ ၎င်းတို့၏ လက်နက်များနှင့်အတူ စောင့်ဆိုင်းနေကြမည်ဆိုပါက ဤကဲ့သို့သော အခြေအနေမျိုးက လုပ်အား အလွန်အမင်း ကုန်ဆုံးစေလိမ့်မည် ဖြစ်သည်။ ၎င်းက ဝါးရခက်သော အရိုးမာကြီးတစ်ရက်ကဲ့သို့ပင် ဖြစ်၏။
ဤအချိန်တွင် အာမန်က ရှေ့သို့ ထွက်လာခဲ့ပြီး သူ၏ မျက်နှာက တည်တင်းနေသော်လည်း မျက်ဝန်းများထဲတွင်မူ သွေးဆာနေသည့် စိတ်လှုပ်ရှားမှုများ လှည်ပတ်နေခဲ့ကာ သူ၏ ကိုယ်ဟန်အနေအထားမှာ မတ်မတ်ရှိနေဆဲပင်။ သူ၏ ခါးဘေးရှိ ဓားရိုးကို ဖိနှိပ်ထားရင်း ကျော့ရှင်းလှသော ခြေလှမ်းများနှင့်အတူ သင်္ဘောဝမ်းအတွင်းသို့ ဆင်းသွားသည့် လှေကားထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ၏ ကိုယ်ခန္ဓာက အောက်ခြေသို့ ပျောက်ကွယ်သွားသည်နှင့်အမျှ ပင်လယ်ဓားမြများမှာ ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်ကြပြီး သူတို့၏ လက်နက်များကို မြှင့်တင်ကာ အတွင်းသို့ ပြေးဝင်သွားကြတော့သည်။
လှေကား၏ အောက်ခြေတွင်မူ ခုခံရန် ပြင်ဆင်ထားသည့် ရန်သူ ၁၀ ဦးခန့်က သူတို့ကို ဆီးကြိုခဲ့ကြ၏။ သင်္ဘောဝမ်းအတွင်းရှိ ကျဉ်းမြောင်းသော လမ်းကြောင်းကို အသုံးချကာ သူတို့၏ ရှေ့တန်းမှ သေနတ်သမား အနည်းငယ်က သူတို့၏ ရိုင်ဖယ်သေနတ်များဖြင့် ချိန်ရွယ်ထားရင်း မြေပြင်ပေါ်တွင် ဒူးထောက်ထားကြသည်။
“ဒိုင်း! ဒိုင်း!”
သူတို့က မောင်းဖြုတ်လိုက်ကြ၏။ အာမန်၏ ထင်ရှားလှသော ကိုယ်ခန္ဓာ တည်ဆောက်ပုံနှင့် အရှိန်အဝါက သူ့အား ပင်လယ်ဓားမြများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဖော်ပြနေခဲ့သဖြင့် ကျည်ဆန်အများစုမှာ သူ၏ ဦးတည်ချက်ဆီသို့သာ ပစ်ခတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း အာမန်၏ မျက်နှာပေါ်တွင် ရက်စက်လှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရေးကြုံလာချိန်တွင် သူ၏ ငွေရောင်ဓားရှည်ကို ဆွဲထုတ်လိုက်တော့သည်။ ဆွဲဆောင်မှုရှိပြီး စူးရှလှသော ပိုင်းဖြတ်မှု စည်းချက်နှင့်အတူ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်လောက်အောင် အပြတ်အသတ် သာလွန်လှသော အရှိန်အဟုန်ကြောင့် အာမန်၏ ပတ်ပတ်လည်တွင် ငွေရောင်အလင်းတန်းများ ဝန်းရံသွားခဲ့ရသည်။ ၎င်း၏နောက်တွင်မူ ဆိုက်ရောက်လာသော ကျည်ဆန်များမှာ ရုတ်တရက်ဆိုသလို လမ်းကြောင်းပြောင်းသွားခဲ့ပြီး ပတ်ပတ်လည်ရှိ သစ်သားနံရံများထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်သွားခဲ့ရတော့သည်။
အာမန်၏ ရှေ့တိုးလှမ်းမည့် ခြေလှမ်းများမှာ လျော့ကျမသွားခဲ့ဘဲ ဤသင်္ဘောသားအနည်းငယ်က နောက်ဆုံးမိနစ်တွင် အလောတကြီး တည်ဆောက်ထားသည့် ခံတပ်အသေးစားလေးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူနှင့် ရင်ဆိုင်ရချိန်တွင် ဤသင်္ဘောသားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မိမိတို့၏ နေရာတွင်ပင် ကျောက်ရုပ်ပမာ တောင့်တင်းသွားခဲ့ကြရ၏။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူတို့၏ လည်ပင်းများ၊ မျက်နှာများနှင့် ရင်ဘတ်များပေါ်တွင် သွေးများနှင့် ဒဏ်ရာများ ဗရပွ ဖြစ်သွားခဲ့ရပြီး ဒိုမီနိုတုံးများကဲ့သို့ပင် တစ်ဦးပြီးတစ်ဦး လဲပြိုသွားခဲ့ကြရတော့သည်။ သေဆုံးသွားပြီးသည့်တိုင်အောင် သူတို့သည် ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်း အိမ်ကြီးများနှင့်အတူ ဝေးကွာသွားခဲ့ပြီဖြစ်သော အာမန်၏ ကျော့ရှင်းခန့်ညားပြီး မတ်မတ်ရှိလှသော ကျောပြင်ကြီးကိုသာ စိုက်ကြည့်နေခဲ့ကြရရှာသည်။
အာမန်၏ နောက်သို့ လိုက်ပါလာကြသော ပင်လယ်ဓားမြအနည်းငယ်မှာမူ ဤကဲ့သို့သော ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်များအတွက် အံ့ဩမနေကြတော့ဘဲ မိမိတို့၏ ကပ္ပတိန်အပေါ် အားကျလေးစားမှု အပြည့်ရှိလှသော မျက်ဝန်းများနှင့်အတူ ရှေ့သို့ တိုးဝှေ့သွားကြသည်။ သူတို့သည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အလောင်းကောင်များကို ရက်ရက်စက်စက်ပင် ထပ်မံထိုးနှက်လိုက်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများကို လုယက်ကာ သေဆုံးသွားသူများ၏ အဝတ်အစားများကို အသုံးပြု၍ မိမိတို့၏ လက်ပေါ်ရှိ သွေးများကို သုတ်သင်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ဤလှုပ်ရှားမှုမရှိဘဲ ဗလာကျင်းနေသည့် အလောင်းကောင်များကို မတင်ကာ ပင်လယ်ထဲသို့ လွှတ်ပစ်လိုက်ကြ၏။ ရှီယန်သည် နောက်သို့ လိုက်ပါရန် ကြိုးပမ်းလိုသော်လည်း အာမန်၏ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲတစ်ကောင်ကဲ့သို့ စွမ်းဆောင်ရည်နှင့် ပင်လယ်ဓားမြများက သူ့နောက်မှ ရှင်းလင်းရေး ပြုလုပ်နေသည့် ပုံစံကို မြင်တွေ့လိုက်ရချိန်တွင် မိမိကိုယ်ကိုယ် သိရှိသဖြင့် သူ၏ ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် နောက်သို့ လိုက်ပါသွားခြင်းဖြင့် သူက အနည်းငယ်မျှ လုယက်နိုင်ဦးမည် ဖြစ်သော်လည်း ပင်လယ်ဓားမြများ၏ အထင်သေးခြင်းကို ခံရပေလိမ့်မည်။ လူတစ်ဦးအနေဖြင့် မိမိ၏ ရင်ဘတ်ပေါ်တွင် ဘေးထွက်မစ်ရှင်တစ်ခု ရှိနေသေးသည်ကို လုံးဝမေ့လျော့၍ မဖြစ်ချေ၊ သူသည် ပင်လယ်ဓားမြများအကြားတွင် မိမိ၏ ဂုဏ်သတင်းကို မြှင့်တင်ရမည် မဟုတ်ပါလား။ ဤကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်များမှာ သူ လုံးဝပါဝင်ပတ်သက်မည့် အရာမျိုး မဟုတ်ချေ။ သို့သော်လည်း လောဘကြီးပြီး လူမိုက်ဖြစ်သော ခရစ်မှာမူ ဤအကျိုးအမြတ်များလှသော အခွင့်အရေးကို မြင်တွေ့လိုက်ရချိန်တွင် အမြီးနန့်လျက် ရှေ့သို့ ပြေးဝင်သွားခဲ့သည်။
လူသတ်အော်ဟစ်သံများမှာ သင်္ဘော၏ နက်ရှိုင်းရာဆီသို့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီး ထင်ရှားလှသည်မှာ အာမန်ပင်လျှင် သူ၏ အံ့မခန်းစရာကောင်းလှသော တစ်ကိုယ်တော် လူတစ်ထောင်စာ စွမ်းဆောင်ရည်ကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ချေ။ သံသယဖြစ်စရာမလိုဘဲ သူ၏ ဦးဆောင်မှုအောက်ရှိ ဤပင်လယ်ဓားမြများသည် ၎င်းတို့၏ အမြင့်ဆုံး အလားအလာနှင့် ခွန်အားများကို ထုတ်ဖော်ပြသနေခဲ့ကြသည်။ သို့သော်လည်း ‘ဘဲလ် အန် မတ်ဂ်’ ၏ ကုန်းပတ်ပေါ်တွင် ကျန်ရှိနေခဲ့သော ရှီယန်မှာမူ သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း ပတ်ပတ်လည်ရှိ ပင်လယ်ဓားမြများထံမှ အထင်သေးလှသော မျက်ဝန်း မြောက်မြားစွာကို လက်ခံရရှိနေခဲ့သည်။ သူသည် ရှေ့တည့်တည့်သို့ အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး ကုန်သည်သင်္ဘော၏ ဘေးဘက်မှ နောက်ထပ် အနက်ရောင် အမြောက်တန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ ထူးဆန်းသော ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် တဖြည်းဖြည်း စုစည်းလာခဲ့ပြီး ၎င်းက ဤပင်လယ်ဓားမြများ၏ တိုက်ခိုက်မှုကြီးမှာ အလွန်အမင်း ချောမွေ့လွန်းနေသည်ဟူသော မကောင်းသည့် ခံစားချက်မျိုးပင် ဖြစ်၏။
လောလောဆယ်တွင် အရှိန်အဟုန် လိုအပ်ချက်ကြောင့် ပင်လယ်ဓားမြသင်္ဘော အုပ်စုကြီးမှာ ဆိုက်ရောက်မလာသေးဘဲ ရှိနေခဲ့ရာ ၎င်းက တိုက်ခိုက်ရေး အင်အားစု၏ သုံးပုံတစ်ပုံခန့်သာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ စပိန်ရေတပ်စုကြီးက အပြတ်အသတ် သာလွန်သော အားသာချက်ကို ပြသထားခဲ့၏။ အချို့သောအရာများက ကိုက်ညီမှုမရှိဘဲ ဖြစ်နေခဲ့သည်၊ အကယ်၍ ပါရေဂွန် ရေတပ်စုကြီးက ဤမျှအထိ အလွယ်တကူ ရင်ဆိုင်နိုင်သော အရာမျိုးဆိုလျှင် ဗြိတိသျှ တော်ဝင်ရေတပ်က မည်သည့်အတွက်ကြောင့် ပင်လယ်ဓားမြများထံမှ အကူအညီ တောင်းခံရပါမည်နည်း။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ ဤအရာက စပိန်ကုန်သည် ဖာနန်ဒက်စ် ကြိုတင်ပြင်ဆင်ထားခဲ့သည့် လျှို့ဝှက်ဖဲချပ်ကြီး တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
ရှီယန်သည် သင်္ဘောဦးတွင် ရပ်နေရင်း ဝေးလံလှသော နေရာသို့ လှမ်းမျှော်ကြည့်ရှုလိုက်ရာ လောလောဆယ်တွင် ‘ဘဲလ် ပုလဲ’ နှင့် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည့် ပါရေဂွန် ရေတပ်စု၏ သင်္ဘောတစ်စင်းမှာ ရုတ်တရက်ဆိုသလို လမ်းကြောင်းပြောင်းသွားခဲ့သည်ကို သတိပြုမိလိုက်၏။ ၎င်းက ‘ဘဲလ် ပုလဲ’ ကို ပြင်းထန်စွာ ဗုံးကြဲပစ်ခတ်လိုက်သဖြင့် နောက်သို့ ဆုတ်ခွာသွားစေခဲ့ပြီး ၎င်း၏နောက်တွင်မူ ထိုသင်္ဘောပေါ်မှ ကယ်ဆယ်ရေးလှေ ၃ စင်းကို အောက်သို့ ချလိုက်သည်ကို သူ မြင်တွေ့လိုက်ရတော့သည်။
မဟာရေကြောင်းခေတ်ကြီး တည်ထောင်ခဲ့သည်မှာ ရာစုနှစ်တစ်ခုခန့် ရှိပြီဖြစ်ရာ သင်္ဘောတည်ဆောက်ရေး နည်းပညာရပ်များမှာ အတော်လေးကို လက်ရာမြောက်လှပြီး လုပ်ငန်းခွင် ခွဲဝေမှုမှာလည်း အတော်လေး ရှင်းလင်းလှပေသည်။ ပင်လယ်ထဲသို့ ချလိုက်သော လှေ ၃ စင်းမှာ ကယ်ဆယ်ရေးလှေငယ်များသာ ဖြစ်ကြသော်လည်း ၎င်းတို့၏ ဆံ့ငြိမ်စွမ်းအားမှာ တန်တစ်ရာနီးပါး ရှိနေခဲ့ပြီး ၎င်းတို့၏ ရွက်လွှင့်တည်ဆောက်ပုံမှာလည်း အတော်လေး စွမ်းဆောင်ရည် ရှိလှပေသည်။ လှေများ၏ အထက်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စပိန်ရေတပ် စစ်သည်တော်များကို အထင်အရှား မြင်တွေ့နေရပြီး သူတို့သည် လေနှင့် လှိုင်းတံပိုးများကို အံတုလျက် ‘ဘဲလ် အန် မတ်ဂ်’ ဆီသို့ မြှားတစ်စင်းကဲ့သို့ပင် အားမာန်ပါပါ ခရီးနှင်လာခဲ့ကြတော့သည်။
သာမန်အခြေအနေမျိုးတွင်မူ ဤလှေ ၃ စင်းကို ‘သေမင်းထံသို့ သွားနေကြသူများ’ ဟု ဖော်ပြနိုင်ပေသည်။ ‘ဘဲလ် အန် မတ်ဂ်’ ၏ မြင့်မားလှသော အရှိန်အဟုန်ကို အခြေခံ၍ ၎င်းက သူတို့ကို အလွယ်တကူပင် လမ်းခွဲသွားနိုင်ပြီး အမြောက်များဖြင့် ကြေမွအောင် ခြေမှုန်းပစ်နိုင်သည် မဟုတ်ပါလား။သို့သော်လည်း လောလောဆယ်တွင်မူ ‘ဘဲလ် အန် မတ်ဂ်’ မှာ ကုန်သည်သင်္ဘောကြီးအတွင်းသို့ ထိုးစိုက်မိနေခဲ့ပြီး တိုက်ခိုက်နေကြသော ပင်လယ်ဓားမြများ၏ တုတ်နှောင်ထားမှုကြောင့် လှုပ်ရှားနိုင်စွမ်းအားလုံး ဆုံးရှုံးနေခဲ့ရပြီ ဖြစ်သည်။
ကြီးမားလှသော ပြဿနာတစ်ခုမှာ ဤအချိန်တွင် ကပ္ပတိန် အာမန်သည် သူ၏ သင်္ဘောသားအရာရှိ ကျူအာရွန်နှင့်အတူ ပင်လယ်ဓားမြ အုပ်စုကြီးကို ဦးဆောင်ကာ ကုန်သည်သင်္ဘောကို တိုက်ခိုက်ရန် သွားရောက်နေခြင်းပင် ဖြစ်သည်။ ထို့ပြင် အရာရှိချုပ် မျက်နှာအမာရွတ်နှင့် ဟာရီမှာလည်း ဒဏ်ရာရရှိကာ သတိလစ်မေ့မြောနေခဲ့ရ၏။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ကျန်ရှိနေခဲ့သောသူများမှာ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် မိမိတို့၏ ဒဏ်ရာများကို ကုသနေကြရသူများသာ ဖြစ်ကြသည်။ ဤလူများကိုသာ အားကိုးခြင်းဖြင့် သူတို့က ဤစပိန် ပါရေဂွန် ရေတပ်စုကြီး၏ ရက်စက်လှသော ဝံပုလွေများနှင့် ကြောက်မက်ဖွယ်ကောင်းလှသော ခြင်္သေ့ကြီးများကို မည်ကဲ့သို့ အံတုရင်ဆိုင်နိုင်ကြပါမည်နည်း။
ဤအချိန်တွင် ချန်လှပ်ထားခြင်းခံခဲ့ရသော ပင်လယ်ဓားမြများမှာ အားလုံး စိတ်ဓာတ်ကျဆင်းနေခဲ့ကြရပြီး သူတို့၏ တစ်ခုတည်းသော အတွေးမှာ ကပ္ပတိန်၊ မြန်မြန် ပြန်လာပေးပါတော့ ဟူ၍သာ ဖြစ်၏။
အာမန်အတွက်မူ ၎င်းက သူ၏ ပင်လယ်ဓားမြ ဘဝသက်တမ်းတစ်လျှောက်တွင် တစ်ခါမျှ မကြုံဖူးသေးသည့် မကြုံစဖူး ကပ်ဆိုးကြီးတစ်ခုပင် ဖြစ်ပေတော့သည် ။
သူ၏ အဖွဲ့သားများကို ကုန်သည်သင်္ဘောအတွင်းသို့ ဦးဆောင်ခေါ်ယူသွားပြီးနောက်တွင် သူသည် အခန်းများနှင့် နေရာများကို တစ်ခုချင်းစီ လိုက်လံရှင်းလင်းကာ ရန်သူများကို ခြေမှုန်းနေခဲ့သည်။ အာမန်သည် အလွန်အမင်း စေ့စပ်သေချာလှသူ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယခင်က သူ၏ ဖခင်ဖြစ်သူသည် တိုက်ခိုက်မှုတစ်ခုအတွင်း မေ့လျော့မှုကြောင့် ရန်သူအဖွဲ့ဝင်တစ်ဦးကို ချန်လှပ်ထားခဲ့မိဖူး၍ ဖြစ်သည်။ သန်းခေါင်ယံ အောင်ပွဲခံပါတီ ကျင်းပနေချိန်တွင် ဤရန်သူက တိတ်တဆိတ် တွားသွားထွက်လာခဲ့ပြီး ပင်လယ်ဓားမြများ အရက်မူးလွန်နေကြစဉ်အတွင်း ပင်လယ်ဓားမြသင်္ဘောတစ်စင်းလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူ၏ ဖခင်ဖြစ်သူ အနှစ် ၂၀ လုံးလုံး တည်ဆောက်ခဲ့ရသမျှ အဖွဲ့သားများမှာ တစ်ညတာအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရပြီး မီးလောင်သေဆုံးခဲ့ကြရရှာသည်။ ထိုနှစ်က ကံကောင်းထောက်မစွာဖြင့် အာမန်က သင်္ဘောပေါ်သို့ လိုက်ပါမသွားခဲ့သဖြင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက သူလည်း လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။
သို့သော်လည်း ဤကဲ့သို့သော စေ့စပ်သေချာလှသည့် ရှာဖွေမှုမျိုးတွင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေခဲ့သည်။ အာမန်က ရန်သူ၏ ခွန်အားများကို တဖြည်းဖြည်းနှင့် ပိုင်းဖြတ်ပစ်လိုက်ပြီး သူတို့၏ ခုခံနိုင်စွမ်းများမှာ မျှော်လင့်ထားသည့်အတိုင်း အားနည်းသွားခဲ့ပြီဟု ခံစားလိုက်ရချိန်တွင် သူတို့၏ နောက်ကွယ်၌ ပြန့်ကျဲနေသော ရွှေဒင်္ဂါးပြား လမ်းကြောင်းကြီးတစ်ခုကို ချန်ထားခဲ့မိပြီး ဖြစ်သည်။ ဤပင်လယ်ဓားမြများသည် စည်းကမ်းမဲ့သော အမူအရာများတွင် ကျင့်သားရနေကြသူများဖြစ်ရာ တိုက်ပွဲအတွင်းတွင် ရဲရင့်ထက်မြက်ကြသည်ဆိုသော်ငြားလည်း သူတို့၏ စည်းကမ်းပိုင်းမှာမူ လုံးဝကို ဖရိုဖရဲ ဖြစ်နေခဲ့ရ၏။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ထားကြသဖြင့် မိမိတို့ဘက်မှ အသာစီးရနေပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်နှင့် သူတို့သည် ရူးသွပ်စွာဖြင့် လုယက်တိုက်ခိုက်ခြင်း အနုပညာကို ချက်ချင်းပင် စတင်လိုက်ကြတော့သည်။ အချို့ကမူ မိမိတို့၏ လုယက်ရာပါ ပစ္စည်းများကို ခွဲဝေရန်အတွက် တစ်ဦးကိုတစ်ဦး ဆဲဆို အော်ဟစ်နေကြ၏။ အကယ်၍ အာမန်၏ ခြိမ်းခြောက်နိုင်စွမ်းရှိသော သူသာ မရှိပါက သူတို့သည် တစ်ဦး၏လည်ပင်းကို တစ်ဦးက ပြန်လည်ပိုင်းဖြတ်ရန်ပင် စတင်နေကြလောက်ပြီ ဖြစ်သည်။
ဤလောဘကြီးပြီး ဖရိုဖရဲဖြစ်နေသော ပင်လယ်ဓားမြများသည် ရွှေဒင်္ဂါးပြား လမ်းကြောင်းနောက်သို့ လိုက်ပါရင်း ခမ်းနားထည်ဝါစွာ အလှဆင်ထားသည့် ထမင်းစားဆောင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။ မျက်လုံးတစ်ဖက်လပ် ကျူအာရွန်သည် တိုက်ပွဲအတွင်း၌ ဦးဆောင်ခဲ့သူဖြစ်သော်လည်း လုယက်တိုက်ခိုက်ချိန်တွင်လည်း အလားတူ နေရာမျိုးကိုပင် ထိန်းသိမ်းထားခဲ့ရာ သူက တစ်ချက်ကြည့်ရုံမျှဖြင့် ဘယ်ဘက်လမ်းကြောင်းတွင် အက်စကူဒို ရွှေဒင်္ဂါးပြား (စပိန်ငွေကြေး) အိတ်တစ်အိတ် ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်ဝန်းများ တောက်ပသွားခဲ့ကာ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်သွားတော့သည်။ သို့သော်လည်း ဤအချိန်တွင် အာမန်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့ရ၏၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဦးတည်ချက်ဆီမှနေ၍ ရှင်းပြ၍မရနိုင်လောက်အောင် ဆိုးရွားလှသော အနံ့ဆိုးတစ်ခု ထွက်ပေါ်လာသည်ကို သူ နမ်းရှိုက်မိလိုက်သောကြောင့် ဖြစ်သည်။
“ဂျွတ်!”
ကြေမွသွားသော သစ်သားပျဉ်ပြားများမှာ အရပ်ရပ်သို့ လွင့်စင်သွားခဲ့ရတော့သည်။အနက်ရောင်နှင့် လေးလံလှသော ကြီးမားလှသည့် ပုဆိန်နှစ်လက်မှာ သင်္ဘောဝမ်း၏ သစ်သားအကန့်ပေါ်သို့ ပိုင်းဖြတ်လိုက်ခြင်းပင် ဖြစ်၏။ ပုဆိန်၏ ဦးခေါင်းပိုင်းမှာ ကျယ်ပြန့်ပြီး လေးလံလှကာ အနည်းဆုံး ဝိုင်းတော်စာစားပွဲတစ်ခု၏ အရွယ်အစားခန့် ရှိနေခဲ့သည်။ အကယ်၍ လူတစ်ဦးက ၎င်း၏ အလေးချိန်ကို သေသေချာချာ တွက်ချက်မည်ဆိုပါက ၎င်းက အနည်းဆုံး ကီလိုဂရမ် ၂၀၀ ခန့် ရှိပေလိမ့်မည်။ ကျူအာရွန်၏ မျက်လုံးနှစ်လုံးကြားမှ သွေးများ စီးကျလာခဲ့ရပြီး သူသည် တိုက်ခိုက်မှုကို ခုခံရန်အတွက် မိမိ၏ ဘယ်ဘက်လက်မောင်းဖြင့် ဓားရှည်ကို အားမာန်ပါပါ မြှင့်တင်လိုက်ရသည်။ ဓားရှည်မှာ လွင့်စင်သွားခဲ့ရပြီး ဤအလျားလိုက် ကြီးမားလှသော ပုဆိန်ကြီးက သူ့အား ၅ မီတာ သို့မဟုတ် ၆ မီတာခန့်အကွာသို့ လွင့်စင်သွားစေခဲ့ရာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး တိုင်လုံးကို မတိုက်မိမီအထိ အကြိမ်အနည်းငယ်မျှ လိမ့်ဆင်းသွားခဲ့ရရှာသည်။ သူသည် သွေးတစ်လုပ်ကို အော့အန်လိုက်ရပြီး သူ၏ အခြေအနေကို ကြည့်ရသရွေ့ သူ၏ အရိုးအချို့မှာ ကျိုးပဲ့သွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။