အခန်း ၅၈ - မစ်ရှင် အောင်မြင်ပြီ။
ရှီယန်သည် ဆိုင်အတွင်းရှိ ပစ္စည်းများကို အဘိုးအိုက လိုက်လံမိတ်ဆက်ပေးနေသည်ကို ယဉ်ကျေးပျူငှာစွာ ပြုံးရင်း နားထောင်နေခဲ့သည်။ သို့သော် သူက ဤပါးနပ်လှည့်ဖြားတတ်သော အဘိုးကြီး၏ စကားများကို အမှိုက်ကဲ့သို့သာ သဘောထားပြီး ဘယ်နားကဝင်ပြီး ညာနားကထုတ် လုပ်နေလိုက်၏။ ထို့နောက် သူက လမ်းမဘက်သို့ လှည့်ကာ ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
ဒေးဗစ်၊ ဒီဘက်ကို လာပါဦး၊ ငါ့ကို ၂ ပေါင်လောက် ချေးစမ်းပါဦး။
နေဦး ၊ မိုးလ် ဝေါ်လာက ရုတ်တရက် လှမ်းခေါ်လိုက်ပြီး ပျက်ယွင်းသွားသော မျက်နှာထားဖြင့် ဆို၏။ ကောင်းပြီ၊ ငါ ဒီရွှေဒင်္ဂါးပြားကို ဝယ်မယ်၊ မင်းရဲ့ ဈေးနှုန်းကို ပြော။
ရှီယန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
၁၂ ပေါင်ဗျာ၊ ခင်ဗျားရဲ့ သန့်ရှင်းတဲ့ သစ်ကိုင်းခြောက်ကိုပါ ဝယ်မှာမို့လို့ ကျွန်တော့်ကို ၁၀ ပေါင်ပဲ ပြန်အမ်းရင် ရပြီ။
ရှီယန်သည် မိမိအနေဖြင့် ခရစ်၏ ဂျင်းထည့်ခြင်းကို ခံလိုက်ရကြောင်း ရိပ်မိသွားခဲ့သည်။ ထိုကောင်လေးက သူ့အား မစ်ရှင်၏ အစီအစဉ်များကိုသာ ပြောပြခဲ့ပြီး မိုးလ် ဝေါ်လာနှင့် ရင်းနှီးခင်မင်သော ဆက်ဆံရေးမျိုး ရရှိရန်အတွက် ဆိုင်မှ ပစ္စည်းတစ်ခုခုကို ဝယ်ယူရမည်ဟူသောအချက်ကိုမူ တမင်ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ အသေအချာပင် ညှို့ဓာတ်အမှတ် မြင့်မားသော လူတစ်ဦးသာဆိုလျှင် ဤမစ်ရှင်ကို ချက်ချင်း စတင်နိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ခရစ်ဟူသော ထိုပုပ်စော်နံသည့် လောက်ကောင်၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပါသည်။သူက ရှီယန်အား ဤမစ်ရှင်တွင် အကျပ်အတည်းတစ်ခုနှင့် တိုးစေပြီး မိမိထံသို့ အကူအညီတောင်းရန် ပြန်လာခိုင်းခြင်းဖြစ်ကာ ထိုဖြစ်စဉ်မှတစ်ဆင့် အကျိုးအမြတ်အချို့ကို ညှစ်ထုတ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ အိပ်မက်ဆိုးနယ်ပယ် တွင်မူ အမြဲတမ်း ကိုယ်ကျိုးစီးပွားကသာ ပထမဖြစ်ပြီး အခြေအနေ အများစုတွင် လူတစ်ဦး၏ လှုပ်ရှားမှုများက ရရှိမည့် အကျိုးအမြတ်များအပေါ်၌သာ အခြေခံ၍ မောင်းနှင်နေခြင်း ဖြစ်သည်။
ရှီယန်သည် မိမိတွင် ကိုယ်ပိုင်ညှို့ဓာတ်အမှတ် မမြင့်မားလှသဖြင့် ရွှေဒင်္ဂါးပြားကို ဒီအတိုင်း လက်ဆောင်ပေးရုံမျှဖြင့် မရဘဲ မိုးလ် ဝေါ်လာနှင့် စျေးစကား ပြောဆိုရမည်ကို သိရှိထားသည်။ ဤအဘိုးကြီးမှာ အထင်အရှားပင် လောဘရူးပြီး မရိုးသားသည့် လောဘဇော်တိုက်နေသော ငါးမန်းအိုကြီးတစ်ကောင် ဖြစ်သည်။ ဤကဲ့သို့သော ငါးမန်းများ၏ သဘာဝမှာ အကျိုးအမြတ်မရှိသော စီးပွားရေးမျိုးကို ဘယ်တော့မှ မလုပ်ဆောင်ခြင်း ဖြစ်ရာ အကယ်၍ သူက ထိုရွှေဒင်္ဂါးပြားကို ဒီအတိုင်းသာ လက်ဆောင်ပေးခဲ့ပါက မစ်ရှင်၏ သတ်မှတ်ချက်ကို ပြည့်မီနိုင်ဦးမည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူသည် နောက်ဆုံးတွင် အကျပ်အတည်းနှင့် ဆက်လက်ကြုံတွေ့ရမည်ဖြစ်ပြီး ခရစ်ထံသို့ ပြန်သွားကာ အကူအညီတောင်း၍ အသနားခံရပေလိမ့်မည်။
၁၀ ပေါင် ဟူသော စကားကို ကြားလိုက်ရချိန်တွင် ဤအဘိုးကြီးမှာ ရူးသွပ်နေသော ခွေးရူးတစ်ကောင်ကဲ့သို့ ဝုန်းခနဲ ခုန်ထလာပြီး တံတွေးများ ပန်းထွက်လျက် အော်ဟစ်တော့သည်။
မဖြစ်နိုင်တာ၊ အများဆုံး ၆ ပေါင်ပဲ။
သူက မိမိ၏ ဒေါသတကြီး အော်ဟစ်မှုက ဘာမှ ထိရောက်မှုမရှိကြောင်း နားလည်သွားပုံရသဖြင့် မိုးလ် ဝေါ်လာသည် လူမိုက်ဆန်ဆန် ပြုမူကာ ရွှေဒင်္ဂါးပြားကို ပြန်မပေးဘဲ နေတော့သည်။ ရှီယန်က အပျော့ဆွဲ၊ အတင်းအကျပ် နည်းလမ်းမျိုးစုံ သုံးကြည့်ခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဘေးထွက်မစ်ရှင်၏ စတင်ရာအချက်မှာ ဤလူလိမ်ကြီး၏ ဦးနှောက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက မလိုလားအပ်ဘဲ ထိုသဘောတူညီချက်ကို ပြီးဆုံးအောင် လုပ်ဆောင်လိုက်ရ၏။ ယခုအချိန်တွင် သူက လေဒီ တာတာရှာ၏ အကြောင်းကို တစ်ဖန် ပြန်လည် စကားစပ်ကြည့်လိုက်ရာ ဤအဘိုးအိုက နောက်ဆုံးတွင် ပါးစပ်ဟလာခဲ့တော့သည်။
တာတာရှာ ၊ အဲဒီကောင်မလေးက အခုထိ ငါ့ကို မှတ်မိနေသေးတာပဲ။
ရှီယန်၏ နားများမှာ အစွမ်းကုန် စွင့်အသွားခဲ့သော်လည်း။ ထိုစကားပြီးနောက်တွင်မူ ဘာမှ ထပ်ထွက်မလာတော့ပေ။ ဤလူလိမ်အိုကြီးက အဓိပ္ပာယ်မရှိသော အမှိုက်စကားများကိုသာ ဆက်၍ လျှောက်ပြောနေတော့သည်။
ဟူး… ငါ ဒီလောက်အထိ လူတစ်ယောက်နဲ့ စကားအများကြီး မပြောဖြစ်တာ ကြာပြီ။ အာခေါင်တွေလည်း ခြောက်လှန်းနေတာပဲ၊ မျက်နှာချင်းဆိုင်က အိုင်းရွန်းဟုခ် ဘားဆိုင်မှာ သူတို့ရဲ့ ရွှေရောင်ရမ်အရက်တွေ ပြန်ရောက်ပြီလား မသိဘူး။
ရှီယန်က မိမိ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး မျက်နှာချင်းဆိုင်က ဘားဆိုင်သို့ သွားရောက် စုံစမ်းမေးမြန်းပေးလိုက်လျှင် ကိစ္စပြီးသွားမည် ဖြစ်ကြောင်း တွေးလိုက်သည်။ သို့သော် ထိုအရက်က ခွက်ကြမ်းဘီယာ အရွယ်အစားခန့်ရှိသော သစ်သားပုံးအသေးလေး တစ်ပုံးလျှင် ၁ ပေါင်အထိ ကျသင့်နေခဲ့သည်။ နည်းလမ်းမရှိတော့သဖြင့် သူသည် ဤအဘိုးအိုကို စိတ်ကျေနပ်စေရန် မိမိ၏ ပိုက်ဆံကိုသာ သုံးစွဲလိုက်ရတော့သည်။ မွှေးကြိုင်လှသော ရမ်အရက်ကို မြည်းစမ်းပြီးနောက် မိုးလ် ဝေါ်လာသည် စိတ်ကျေနပ်သွားခဲ့ပြီး နောက်ဆုံးတွင် အကြောင်းအရာ အားလုံးကို ဖွင့်ဟပြောကြားခဲ့တော့သည်။
ဤအဘိုးအိုသည် အမှန်စင်စစ်တွင် အိန္ဒိယမှ အခြေပျက်သွားသော မျိုးရိုးမြင့်အနွယ်ဝင်တစ်ဦး ဖြစ်ပြီး သူငယ်စဉ်အခါက မပတ်သက်သင့်သော လူတစ်ဦးနှင့် ပတ်သက်မိခဲ့သဖြင့် သင်္ဘောသားတစ်ဦး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် သူက ထိုစဉ်က အရှေ့အိန္ဒိယကုမ္ပဏီ၏ သင်္ဘောကို လိုက်ပါစီးနင်းရင်း ဥရောပသို့ ရောက်ရှိလာခဲ့သည်။ သူ၏ စိတ်ပျက်အားလျော့ပြီး ဆင်းရဲမွဲတေနေသော ဘဝအခြေအနေတွင် သူသည် ဂျစ်ပစီတပ်ဖွဲ့တစ်ခုနှင့် ဆုံတွေ့ခဲ့ရသည်။ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် သူက လုယက်တိုက်ခိုက်မှုဘက်သို့ ခြေဦးလှည့်ခဲ့ရာ ဂျစ်ပစီတစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရသဖြင့် သူက အမှားအယွင်း တွက်ချက်မိကာ ထိုလူကို သတ်ပစ်လိုက်မိသည်။
ဂျစ်ပစီဆိုသည်မှာ မြက်ခင်းပြင်က လှည့်လည်သွားလာနေထိုင်သူများကဲ့သို့ပင် အတည်တကျ နေရပ်လိပ်စာမရှိသော မျိုးနွယ်စုများ ဖြစ်ကြသည်။ မြက်ခင်းပြင်က လှည့်လည်သွားလာသူများက ရေနှင့် မြက်ခင်းပြင်များကို ရှာဖွေကာ ရွှေ့ပြောင်းနေထိုင်ကြသော်လည်း သူကမူ ရွက်လှေငယ်တစ်စင်းပေါ်တွင် ရွက်လွှင့်ရင်း မြို့တစ်မြို့မှ တစ်မြို့သို့ အဖန်ဖန် ကူးသန်းသွားလာနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အဆင့်အတန်းမှာ နိမ့်ပါးလှပြီး ဥပဒေကလည်း သူတို့ကို လျစ်လျူရှုထားခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသတ်သမား ဖြစ်သွားခဲ့သော မိုးလ် ဝေါ်လာသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရတော့သည်။ ထိုအချိန်မှစ၍ သူသည် နေ့တိုင်း အိပ်မက်ဆိုးများ မက်ခဲ့ရပြီး သူ၏ အိပ်မက်ဆိုးများမှာ ထိုဂျစ်ပစီကို မိမိကိုယ်တိုင် သတ်ဖြတ်နေခဲ့သည့် အကြောင်းအရာများပင် ဖြစ်သည်။
ဤအခြေအနေက တစ်လခန့်အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး စိတ်ကျန်းမာရေး ထိခိုက်ပျက်ပြားလုနီးပါး ဖြစ်နေသော မိုးလ် ဝေါ်လာသည် ဂျစ်ပစီအုပ်စုထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင်မှ မိမိအပေါ်သို့ တစ်စုံတစ်ယောက်က ကျိန်စာတိုက်ထားကြောင်း သူ သိရှိသွားခဲ့ရပြီး ၎င်းမှာ သူသတ်ခဲ့သော သားကောင်၏ စေ့စပ်ထားသူ လေဒီ တာတာရှာ ပင် ဖြစ်သည်။ တာတာရှာ၏ မင်္ဂလာပွဲမှာ လူကြီးချင်း စီစဉ်ထားသော ပွဲတစ်ခု ဖြစ်သောကြောင့် သူမသည် ဝေါ်လာအပေါ်တွင် ကြီးမားသော နာကျည်းမှုကို ရင်ဝယ်မပိုက်ထားဘဲ ၃ နှစ်မျှသာ ကြာမြင့်မည့် ကျိန်စာကို တိုက်ခဲ့ပြီးနောက် သူ့ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်ရမ်အရက်ကို တစ်ငုံ သောက်လိုက်ပြီးနောက် ဝေါ်လာက သက်ပြင်းချရင်း ပြောလိုက်၏။
ပြောစမ်းပါဦး၊ သူမက ဘာသတင်းစကား ပါးလိုက်တာလဲ။
ရှီယန်က မိုးလ် ဝေါ်လာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း ဤလျှို့ဝှက်မစ်ရှင်၏ သော့ချက်စကားလုံးကို ပြောလိုက်တော့သည်။
သက်ရှိတွေက သေဆုံးသူတွေကို ပြုစုပျိုးထောင်ပေးတယ်၊ ပြီးတော့ အထီးကျန်မှုက နွေးထွေးမှုကို သတ်ပစ်တတ်တယ်၊ ရိုင်းစိုင်းတဲ့ ကျားတစ်ကောင်ရဲ့ အပေါ်မှာ တောဘဲရိုင်း ကိုးကောင် ပျံသန်းနေကြတယ်။
ဤထူးဆန်းသော စကားလုံးများကို ကြားပြီးနောက် ဝေါ်လာ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။ သူက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းခါပြရင်း အခန်းထဲသို့ လမ်းလျှောက်ဝင်သွားကာ တောက်ပပြီး ကြည်လင်နေသော အပိုင်းအစတစ်ခုကို ထုတ်ယူ၍ ရှီယန်ထံသို့ ကမ်းပေးလိုက်သည်။ ရှီယန်သည် ချက်ချင်းပင် အကြောင်းကြားစာတစ်ခုကို ရရှိလိုက်၏။
သင်သည် မစ်ရှင်ပစ္စည်းတစ်ခုကို ရရှိသွားပါပြီ - ဂျစ်ပစီတစ်ဦး၏ ပရောဖက်ပြုချက် ဖန်လုံးအက်ကွဲစ။
အသုံးပြုပုံ - ၎င်းသည် သင်၏ အနာဂတ်လမ်းကြောင်းပေါ်သို့ အလင်းရောင် ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး သင့်အား ဘဝ၏ မှန်ကန်သော လမ်းဆုံလမ်းခွပေါ်သို့ လျှောက်လှမ်းနိုင်စေလိမ့်မည်။
မစ်ရှင်က ဤအဆင့်သို့ ရောက်ရှိသွားပြီဖြစ်၍ ၎င်းသည် အဘိုးအို ဝေါ်လာနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။ ရှီယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကမ်းခြေသို့ လမ်းလျှောက်သွားကာ ထိုဖန်လုံးအက်ကွဲစကို ပင်လယ်ရေထဲသို့ ပစ်ထည့်လိုက်သည်။ ဖန်လုံးအက်ကွဲစသည် အက်ကွဲနေသော တောက်ပမှုအဖြစ် အရည်ပျော်သွားပြီးနောက် တစ်ခုနှင့်တစ်ခု ပြန်လည် ပေါင်းစပ်သွားခဲ့တော့သည်။ ရောင်ခြည်တန်းများက တဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်နှင့်အမျှ ထိုတောက်ပမှုများက စာကြောင်းတစ်ကြောင်းအဖြစ် ပုံပေါ်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
သန်းခေါင်ယံ ခေါင်းလောင်းသံ မြည်လာတဲ့အခါ၊ ကွယ်လွန်သူ ဝိညာဉ်တွေရဲ့ ညည်းတွားသံတွေက အမှန်တရားအဖြစ် ပြန်လည် နိုးထလာလိမ့်မယ်၊ သမိုင်းရဲ့ ဖုန်မှုန့်တွေကို သုတ်သင်ဖယ်ရှင်းလိုက်တဲ့အခါ အမှန်တရားက နောက်ဆုံးမှာ ပေါ်ထွက်လာလိမ့်မယ်။
ရှီယန်က မတ်တတ်ရပ်လိုက်ပြီး ကျေနပ် အားရစွာဖြင့် အသက်ရှူလိုက်သည်။ မစ်ရှင်က ဤနေရာအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ နောက်ဆုံးခြေလှမ်းတစ်ခုသာ ကျန်ရှိတော့သည်။သန်းခေါင်ယံအချိန် ရောက်ရှိလာဖို့ပင်။ ခရစ်သည် ပါးနပ်သော ကောင်လေးတစ်ယောက် ဖြစ်သော်လည်း သူက သေးငယ်သော အစီအစဉ်အချို့ကိုသာ ကစားရဲခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက အလွန်အမင်း ကျူးလွန်မိပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ပါက အင်အားနည်းသော မိမိကသာ အကြီးအကျယ် အထိနာလိမ့်မည်ကို ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
ရှီယန်သည် သတင်းအချက်အလက်များ ထပ်မံစုဆောင်းရန်အတွက် ဆိပ်ကမ်းဘက်သို့ နောက်ထပ်တစ်ခေါက် သွားရောက်ရန် ပြင်ဆင်လိုက်သည်။ ထို့ပြင် သူသည် လောလောဆယ်တွင် ငွေသားအတော်များများ သယ်ဆောင်ထားသဖြင့် မိမိ၏ ‘အရက်သမား’ မစ်ရှင် အောင်မြင်မှုနှုန်း တိုးတက်လာစေရန်အတွက် ရမ်အရက် အနည်းငယ် သွားရောက်သောက်သုံးချင်နေသေးသည်။ သို့သော် သူ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် သူ၏ ‘အရက်သမား’ မစ်ရှင် အောင်မြင်မှုနှုန်းမှာ ယခင်က ၇၂/၁၀၀ အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်! မစ်ရှင်ရမှတ်က မမျှော်လင့်ဘဲ အမှတ် ၅၀ ခန့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ သေသေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ သူသည် မိုးလ် ဝေါ်လာနှင့်အတူ လိုက်ပါရင်း ရွှေရောင်ရမ်အရက် အနည်းငယ် သောက်ခဲ့မိသည်ကို ချက်ချင်း သတိရသွားခဲ့သည်။ ရွှေရောင်ရမ်အရက် တစ်ငုံက သာမန်ရမ်အရက် ခွက်ကြီး ၁၀ ခွက်စာနှင့် ညီမျှနေ၍များလား။
ဤအတွေးနှင့်အတူ ရှီယန်သည် အိုင်းရွန်းဟုခ် ဘားဆိုင်သို့ အလျင်အမြန် သွားရောက်ကာ ရွှေရောင်ရမ်အရက် နောက်ထပ် နှစ်ပုံး ထပ်မံမှာယူလိုက်တော့သည်။ သို့သော် ကုန်ပစ္စည်း ပြတ်လပ်သွားပြီဖြစ်ကြောင်းနှင့် မည်မျှပင် ပိုက်ဆံပေးပါစေ အသုံးမဝင်တော့ကြောင်း သူ့အား ရက်ရက်စက်စက် အကြောင်းကြားလာခဲ့သည်။ နည်းလမ်းမရှိတော့သဖြင့် သူသည် မိုးလ် ဝေါ်လာကို ရှာဖွေရန် ပြန်လာခဲ့သော်လည်း အဝေးမှ လှမ်းကြည့်လိုက်ကတည်းက ထိုအဘိုးကြီးမှာ မူးယစ်ရီဝေနေပြီဖြစ်ကာ အရောင်းကောင်တာပေါ်တွင် ဟောက်သံအကျယ်ကြီးဖြင့် အိပ်ပျော်နေသည်ကို မည်သူက သိနိုင်မည်နည်း။ သစ်သားပုံးအသေးလေး နှစ်ပုံးမှာ ဘေးတစ်ဖက်တွင် လွင့်စင်နေခဲ့ပြီး ၎င်း၏ အတွင်း၌ ကျန်ရှိနေသော အရာကို ဖော်ပြရန်အတွက် ‘အရည်စက်လေးများ’ ဟူသော စကားလုံးတစ်လုံးတည်းသာ ရှိတော့သည်။ သူက စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လည် ထွက်ခွာခဲ့ရတော့၏။
ခွက်ကြီး ၂၈ ခွက် ခက်ခဲနေသေးသည့် ဤမစ်ရှင်ကို ကြည့်ရင်း ရှီယန်က တွက်ချက်ကြည့်လိုက်ရာ ၎င်းမှာ ပမာဏအားဖြင့် ဘီယာပုလင်း ၆ ပုလင်းမှ ၇ ပုလင်းခန့်သာ ရှိပေသည်။ သူ့အတွက်မူ ၎င်းက ခက်ခဲသော မစ်ရှင်တစ်ခု မဟုတ်သဖြင့် သူက ထိုင်လိုက်ပြီး စတင်သောက်သုံးတော့သည်။ ဘားဆိုင်သို့ လာရောက်ကြကြသူ အများစုမှာ အချိန်ဖြုန်းရန်အတွက်သာ လာကြခြင်းဖြစ်ပြီး အရက်ခံနိုင်ရည် ကောင်းမွန်သော လူများပင်လျှင် အေးအေးဆေးဆေးသာ သောက်သုံးလေ့ရှိကြသည်။ ဘားဆိုင်အတွင်းရှိ လူအုပ်ကြီးမှာ ရှီယန်က ရမ်အရက်ခွက်များကို တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် မော့ချနေသည့် အပြုအမူကို ကြည့်ကာ ဆွံ့အသွားကြရတော့သည်။ သူက ရမ်အရက်ကို ရေကဲ့သို့ပင် သဘောထားပြီး သောက်နေခဲ့ခြင်း ဖြစ်သည်။
ရှီယန်သည် လောလောဆယ်တွင် တစ်ကိုယ်တော် ဖြစ်နေပြီး အသက်ရှူတစ်ချက်အတွင်းမှာပင် ၂၈ ခွက်စလုံးကို အကုန် သောက်ချပစ်လိုက်သည်။ စိတ်ထဲတွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်လာချိန်မှာပင် သူသည် ဆက်တိုက် အကြောင်းကြားစာများကို ရရှိလိုက်တော့၏။
သင်သည် ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် သင်၏ ပထမဆုံး မစ်ရှင်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။
သင်၏ အောင်မြင်မှုရမှတ်မှာ ၁ မှတ် ဖြစ်သည်။ သင်၏ အောင်မြင်မှုရမှတ်များ တိုးတက်လာစေရန်အတွက် မစ်ရှင် ၁၀ ခုကို ပြီးမြောက်အောင်မြင်ရပါမည်။
သင်သည် ဘွဲ့ထူးတစ်ခုကို ရရှိသွားပါပြီ - အရက်သမား။
အရက်သမား - သင် အယ်လ်ကိုဟော ပါဝင်သော အဖျော်ယမကာကို သောက်သုံးလိုက်သည်နှင့် သင့်၏ သွေးပမာဏ က ၃ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်ပြီး တိုက်ခိုက်မှု ထိခိုက်မှုနှုန်းက ၄ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်ကာ ကြာမြင့်ချိန်မှာ မိနစ် ၆၀ ဖြစ်သည်။
တစ်ကြိမ်လျှင် ဘွဲ့ထူးတစ်ခုသာ အာနိသင် သက်ရောက်နိုင်မည် ဖြစ်သည်၊ သင်သည် ဤဘွဲ့ထူး ကို ဝတ်ဆင်လိုပါသလား။”
အဆင့်မြင့်မစ်ရှင်ကို စတင်နေပါပြီ - အရက်သမား
အရက်သမား မစ်ရှင် ပြီးမြောက်မှု သတ်မှတ်ချက်များ - ရမ်အရက် အမျိုးအစားအားလုံးကို သောက်သုံးရန်၊ အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်။”
မူလာတာ - ဆန်တာဖေး ၊ ဗီလာ ကလာရာ ပြည်နယ် ၊ ရမ်အရက်ကုမ္ပဏီမှ ထုတ်လုပ်သည်။
ရွန်ရီကို - ပွာတိုရီကို မှ ထုတ်လုပ်သော ရမ်အရက်။
လန်းဘ်စ် အာလူးရမ်အရက် -ဗြိတိသျှရေတပ်သုံး ရမ်အရက်။
ကော့ခ်စပန် - အနောက်အိန္ဒိယကျွန်းစု ပေါင်းခံစက်ရုံများ မဟာမိတ်ကုမ္ပဏီမှ ထုတ်လုပ်သည်။
လီမွန်ဟတ် ရမ်အရက် - သကြားညိုနှင့် ရမ်အရက် ကူးသန်းရောင်းဝယ်ရေး ဟာတို ကုမ္ပဏီမှ ထုတ်လုပ်သည်။
ရှီယန်သည် ဤ ‘အရက်သမား’ ဘွဲ့ထူး မစ်ရှင်အပေါ် အတော်လေး ကျေနပ်အားရမိသည်။ အဘယ်ကြောင့်ဆိုသော် အနီးကပ် တိုက်ခိုက်ရေးကို အဓိကထားရသော လူတစ်ဦးအနေဖြင့် သူသည် အဝေးပစ်တိုက်ခိုက်သူများကဲ့သို့ သေးငယ်သော ချိန်ရွယ်မှု အမှားအယွင်းတစ်ခုကြောင့်ပင် အကြီးအကျယ် လွဲချော်သွားနိုင်သည့် တိကျသော ကျွမ်းကျင်မှုမျိုး ရှိနေရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သွေးပမာဏ ၃ ရာခိုင်နှုန်း လျော့နည်းသွားခြင်းက မပြင်းထန်လှသော်လည်း ထိုအပိုဆောင်း ၄ ရာခိုင်နှုန်းသော တိုက်ခိုက်မှု ထိခိုက်မှုမှာမူ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူ၏ သွေးပမာဏ ၃ ရာခိုင်နှုန်းကို အသုံးပြု၍ တိုက်ခိုက်မှု ၄ ရာခိုင်နှုန်းနှင့် လဲလှယ်ရမည်ဆိုလျှင်ပင် သူက ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မိမည်မှာ သေချာသည်။
ပို၍ အရေးကြီးသည်မှာ လက်ရှိကမ္ဘာတွင် ရှီယန်၏ လက်ရှိအခြေအနေကို လျစ်လျူရှုထား၍ မရခြင်းပင် ဖြစ်သည်။ သူသည် အစိုးရဘက်မှ ခြိမ်းခြောက်မှုများနှင့်ရော မြေအောက်လောကမှ ခြိမ်းခြောက်မှုများနှင့်ပါ ရင်ဆိုင်နေရသည် မဟုတ်လား! သူသည် မည်မျှပင် စိတ်ကူးယဉ်၍မရလောက်အောင် အင်အားကြီးမားသော ဝတ်ဆင်စရာပစ္စည်းများကို ရရှိထားပါစေ၊ ၎င်းတို့ကို လက်ရှိကမ္ဘာထဲသို့ သယ်ဆောင်သွားနိုင်မည်မဟုတ်ရာ သူ၏ လက်ရှိအခြေအနေအတွက် ဘာမှ အထောက်အကူ ဖြစ်လာမည် မဟုတ်ပေ။ သို့သော် ဘွဲ့ထူးတစ်ခုဆိုသည်မှာ ကိုယ်ပိုင်အရည်အသွေးတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ၎င်းကို စိတ်ကူးယဉ်ဆန်သော ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသဖြင့် ကန့်သတ်ခြင်း ခံရမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ၎င်းက သူ၏ လက်ရှိကမ္ဘာက ကိုယ်ပိုင်ပုံရိပ်အတွက် တစ်စုံတစ်ရာသော ပံ့ပိုးကူညီမှုကို ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။
လောလောဆယ်တွင် ရှီယန်၏ စိတ်ထဲ၌ လမ်းကြောင်းလွဲနေသော အတွေးတစ်ခု ပုံပေါ်လာခဲ့သည်။သမိုင်းတစ်လျှောက်က ထိုနာမည်ကျော်ကြားလှသော အမူးသမားသိုင်းဆရာကြီးများသည်လည်း သူနှင့်ဆင်တူစွာပင် ဤအရက်သမား မစ်ရှင်ကို ပြီးမြောက်အောင်မြင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ ဖြစ်နေခဲ့ကြ၍များလား။ ထို့ကြောင့်သာ သူတို့သည် အရက်မသောက်ရလျှင် ဘွဲ့ထူး၏ အာနိသင်ကို အသက်မသွင်းနိုင်ကြဘဲ သူတို့၏ စွမ်းအားများကလည်း အလိုအလျောက် အများကြီး ကျဆင်းသွားရခြင်း ဖြစ်ပေလိမ့်မည်။