အခန်း ၄၅ - ဂန္ထဝင် စစ်သင်္ဘောကြီး သုံးစင်း
ရှီယန် အတန်ကြာ စဉ်းစားပြီးနောက် အိပ်မက်ဆိုး တံဆိပ်ခတ်နှိပ်မှုကို အသုံးပြု၍ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းကြည့်လိုက်ရာ အောက်ပါ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည် ။
သင်၌ အောင်မြင်မှုမှတ် ၁ မှတ် ရှိသည်။
သင် သွားရောက်ရမည့် နောက်ထပ်ကမ္ဘာနှင့် ပတ်သက်သော ရိုးရှင်းသည့် သတင်းအချက်အလက်ကို ထိုကမ္ဘာသို့ မဝင်ရောက်မီ ငါးမိနစ်အလိုတွင်မှသာ လက်ခံရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် သင်သည် ကမ္ဘာတစ်ခုအတွင်းသို့မဝင်ရောက်မီ စွန့်စားရွေးချယ်မှု အဖြစ် ဝင်ရောက်ရန်လည်း ရွေးချယ်နိုင်သည်။
စွန့်စားရွေးချယ်မှုအဖြစ် ဝင်ရောက်ခြင်းသည် သင့်ကို ရုပ်ရှင်ကမ္ဘာတစ်ခုအတွင်းသို့ ကျပန်းရောက်ရှိသွားစေမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် နောက်ထပ်ကမ္ဘာအတွက် မည်သည့်ကြိုတင်ပြင်ဆင်မှုကိုမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။
စွန့်စားရွေးချယ်မှုအဖြစ် ဝင်ရောက်ခြင်းက သင့်ကို ‘အကဲခတ်ခြင်း’ ဟူသော စွမ်းရည်တစ်ခု ရရှိစေမည်ဖြစ်သည်။ ယင်းက သင့်လက်ရှိ ရည်မှန်းချက်ပစ်မှတ်နှင့် ပတ်သက်သော အခြေခံသတင်းအချက်အလက်များကို ရရှိစေမည်ဖြစ်ပြီး၊ ပစ်မှတ် ပိုမိုသန်မာလေလေ ရရှိမည့် သတင်းအချက်အလက် ပိုမိုနည်းပါးလေလေ ဖြစ်လိမ့်မည်။ သင့်အခြေခံ အရည်အချင်းမှတ်ဖြစ်သော အလိုလိုအသိစိတ်နှင့် သင့်ပစ်မှတ်ကြားရှိ အကွာအဝေးသည် အကဲခတ်ခြင်းစွမ်းရည်၏ အောင်မြင်မှုနှုန်းအပေါ် သက်ရောက်မှုရှိလိမ့်မည်။
စွန့်စားရွေးချယ်မှုဖြင့် ကမ္ဘာတစ်ခုသို့ ဝင်ရောက်ပြီးနောက် အိပ်မက်ဆိုး နယ်ပယ်၏ အချို့သော သက်ဆိုင်ရာ စွမ်းရည်များသည် အသက်ဝင်တော့မည် မဟုတ်ချေ။
စွန့်စားရွေးချယ်မှုဖြင့် ကမ္ဘာတစ်ခုသို့ ဝင်ရောက်ပြီး စမ်းသပ်မှုကို အောင်မြင်စွာ ပြီးဆုံးသည့်အခါ ကဏ္ဍအသီးသီးတွင် အပိုဆောင်းဆုလာဘ် ၂၀ ရာခိုင်နှုန်းကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ဤအကျိုးသက်ရောက်မှုသည် အလားတူ အခြားအကျိုးသက်ရောက်မှုများနှင့် ထပ်တူထပ်မျှ ခံစားခွင့်ရှိမည် မဟုတ်ချေ။ ဆိုလိုသည်မှာ မူလက မစ်ရှင်တစ်ခုကို ပြီးမြောက်ပါက အသုံးဝင်မှုမှတ် ၁၀၀ ရရှိမည် ဖြစ်သော်လည်း၊ စွန့်စားရွေးချယ်မှုဖြင့် ဝင်ရောက်သူများသည် ၁၂၀ မှတ် ရရှိမည်ဖြစ်သည်။
လက်ရှိတွင် ရှီယန်သည် ဆင်းရဲမွဲတေနေသော အခြေအနေ၌ ရှိနေသဖြင့် နောက်ထပ်ကမ္ဘာ၏ အကြောင်းအရာနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ရရှိနိုင်သည့်တိုင်အောင် သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ စိတ်ထဲတွင်သာ ကြိုတင်ပြင်ဆင်ထားရန် ဖြစ်သည်။ သူ့တွင် ပြင်ဆင်ရန်အတွက် မည်သည့် အသုံးအဆောင်ပစ္စည်းနှင့် အရာဝတ္ထုကိုမျှ ဝယ်ယူနိုင်စွမ်း မရှိချေ။ ထို့ကြောင့် စွန့်စားရွေးချယ်မှုဖြင့် ဝင်ရောက်ရန် ဆုံးဖြတ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်ဖြစ်ရာ အနည်းဆုံးတော့ သူ အကျိုးကျေးဇူးနှစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။ ရှီယန်သည် အခန်းတွင်း၌ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ပြီး ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် ၄ မိနစ်ခန့် ကျန်ရှိနေသေးချိန်တွင် အကြောင်းကြားစာတစ်ခု ထပ်မံရရှိခဲ့သည် ။
သင့်အောင်မြင်မှုမှတ်မှာ ၁ မှတ် ဖြစ်သည်။
သင်သည် သင်၏နောက်ထပ် ရုပ်ရှင်ကမ္ဘာနှင့် ပတ်သက်သော သတင်းအချက်အလက်တစ်ခုကို ရယူရန် ရွေးချယ်နိုင်သည်။
သင်သည် ရုပ်ရှင်ကမ္ဘာတစ်ခုအတွင်းသို့ စွန့်စားရွေးချယ်မှုဖြင့် ဝင်ရောက်ရန် ရွေးချယ်နိုင်သည်။
အတည်ပြု ဆုံးဖြတ်ပြီးဖြစ်သဖြင့် ရှီယန်သည် စွန့်စားရွေးချယ်မှုကို ရွေးချယ်လိုက်သည်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အိပ်မက်ဆိုး နယ်ပယ်အတွင်း၌ အလင်းရောင်များ တောက်ပနေသော ဘဲဥပုံစံ အလင်းတံခါးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူများက စတင်ဝင်ရောက်သွားကြရာ ၎င်းတို့ ဝင်ရောက်သွားသည့်အခါ ရေလှိုင်းငယ်လေးများကဲ့သို့ ဂယက်ထသွားခဲ့သည်။ ရှီယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုတံခါးအတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်တော့သည်။
အိပ်မက်ဆိုးကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်။
ကိန်းဂဏန်းအချက်အလက်များ ဖန်တီးရန် ပြင်ဆင်နေသည်။
ကမ္ဘာကို ကျပန်းသတ်မှတ်ရန် ပြင်ဆင်နေသည် ။
ကမ္ဘာကို အတည်ပြုပြီးပါပြီ။
ဇာတ်ကောင်နှင့် ကမ္ဘာကြီး ဟန်ချက်ညီစေရန် ပြင်ဆင်နေသည်။
ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်။
ဤကမ္ဘာသည် ယဉ်ကျေးမှုနှင့် အရိုင်းအစိုင်းတို့ ရောနှောနေသော ကမ္ဘာတစ်ခု ဖြစ်သည်။
ဤကမ္ဘာသည် ယွန်းရူးမန္တန်နှင့် မှော်ပညာရပ်များ မှေးမှိန်လာပြီး ယမ်းမှုန့်စွမ်းအားများ တိုးတက်ပြန့်ပွားလာသော ကမ္ဘာတစ်ခု ဖြစ်သည်။
ဤကမ္ဘာသည် သိမ်မွေ့မှုကြားမှ ကြမ်းတမ်းမှု၊ ဆင်ခြင်တုံတရားကြားမှ ရူးသွပ်မှုများ ပြည့်နှက်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။
ဤကမ္ဘာသည် သေနတ်ယမ်းခိုးများ၊ လူဦးခေါင်းခွံများ၊ အမြောက်များနှင့် ရမ်အရက်များ ပြည့်နှက်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။
ရှီယန်သည် တည်ငြိမ်စွာဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
ယင်းမှာ လူတစ်ယောက် နေ့စဉ်မနက်ခင်း နိုးထလာချိန်တွင် ခံစားရလေ့ရှိသော တည်ငြိမ်မှုမျိုး ဖြစ်ပြီး၊ သူ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ စွန်းထင်းပြီး မှိုတက်နေသော စုတ်ပြတ်နေသည့် မျက်နှာကျက်တစ်ခု ဖြစ်သည်။ ထို့နောက် သူသည် စုတ်ပြတ်ဟောင်းနွမ်းနေသော တဲအိမ်တစ်ခုကဲ့သို့ နိမ့်ပါးပြီး ရိုးရှင်းစုတ်ပြတ်လှသော အခန်းငယ်တစ်ခုအတွင်း ရှိနေကြောင်း သဘောပေါက်လိုက်သည်။ ဤကဲ့သို့သော မြင်ကွင်းက သူ့ကို စီချောင်မြို့ရှိ တဲအိမ်ငယ်လေးအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားရစေသည်။
လေထုထဲတွင် စိုစွတ်သော ဗက်တီးရီးယား အနံ့အသက်များ ရရှိနေပြီး၊ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စောင်မှာ ထူထဲလေးလံလှကာ ယင်းကို လျှော်လျှော်ပင်(ဓနိပင်ကဲသို့)များဖြင့် ပြုလုပ်ထားပုံရသည်။ သူ၏မျက်လုံးထောင့်မှနေ၍ စောင်းလျက်သား ဖြစ်နေသော စားပွဲတစ်လုံးကို အထင်အရှား မြင်တွေ့နေရပြီး ယင်းမှာ ပြင်းထန်သော ဖိအားတစ်ခုခုအောက်တွင် ပြိုလဲပျက်စီးသွားခဲ့ပုံရသည်။ ရှီယန်သည် ခန္ဓာကိုယ်ကို လှည့်လိုက်ရာ ကုတင်ထံမှနေ၍ ကျယ်လောင်သော ကျွီကျွီမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ပြင်ပလူတစ်ဦးသာ ဖြတ်သန်းသွားပါက အခန်းတွင်း၌ ပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ လှုပ်ရှားမှုတစ်ခုခု ဖြစ်ပွားနေသည်ဟု အထင်မှားသွားနိုင်ပေသည်။
ရှီယန်သည် ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ဤနေရာသို့ ဝင်ရောက်ပြီးနောက် သူ၏ အမြင့်ဆုံး ခွန်အားများကို ပြန်လည်ရရှိထားပြီး ဖြစ်သော်လည်း သူသည် မိမိ၏ခန္ဓာကိုယ်ကို သတိကြီးစွာဖြင့် လှုပ်ရှားနေဆဲ ဖြစ်သည်။ သူ၏ခြေထောက်အောက်ခြေမှနေ၍ ထိခိုက်လွယ်သော ခံစားချက်တစ်ခု ပေးပို့လာခဲ့ပြီး၊ စိုစွတ်သော လေထုကြောင့် သစ်သားကြမ်းပြင်များမှာ ဆွေးမြည့်နေခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ နံရံများကို ရှေးဟောင်း သစ်သားပျဉ်ပြားများဖြင့် ရှုပ်ပွပြီး စနစ်တကျမရှိဘဲ စုစည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းက ထူထဲပြီး စိုစွတ်သော ခံစားချက်ကို ပေးစွမ်းနေကာ အနည်းငယ်မျှ ဖိချလိုက်ရုံဖြင့် အပေါက်တစ်ခု ဖြစ်သွားမည့်အလား ထင်မှတ်ရပေသည်။
ဤနေရာတွင် ရှိနေသော တစ်ခုတည်းသော ပရိဘောဂမှာ ဝိုင်းဝန်းသော စားပွဲငယ်လေးတစ်လုံး ဖြစ်သည်။ ဤစားပွဲပေါ်တွင် ရှုပ်ပွနေသော ရှေးဟောင်းအမာရွတ်များ လွှမ်းခြုံနေခဲ့ပြီး၊ ယခင်က လူတစ်ယောက်က ၎င်း၏အပေါ်တွင် ဓားဖြင့် ရူးသွပ်စွာ ခုတ်ထစ်ခဲ့ဖူးသည့်အလား ထင်မှတ်ရပေသည်။ စားပွဲ၏အပေါ်တွင် အနည်းငယ် ဝါကျင့်ကျင့်နိုင်သော ဗလာကျင်းနေသည့် သားရေချပ်တစ်ခုနှင့် စွန်းထင်းမှုကင်းစင်သော ငှက်မွှေးကလောင်တံတစ်ချောင်း ရှိနေခဲ့သည်။ ဤငှက်မွှေးမှာ ရှီယန်၏ အာရုံစိုက်မှုကို ခံစားမိလိုက်သည့်အလား ချက်ချင်းပင် ထောင်မတ်လာခဲ့ပြီး မမြင်ရသော လက်တစ်ချောင်းက ထိန်းချုပ်ထားသည့်အလား သားရေချပ်ပေါ်တွင် လျင်မြန်စွာ စတင်စာရေးသားလေတော့သည် ။
ပြိုင်ပွဲဝင် နံပါတ် ၁၀၁၈၊ အိပ်မက်ဆိုး နယ်ပယ်မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။
ဤအရာသည် သင်၏ ဒုတိယမြောက် အိပ်မက်ဆိုး ကမ္ဘာ အတွေ့အကြုံ ဖြစ်သည်။
သင်သည် မူလမစ်ရှင်ကို ၂၄ နာရီအတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက မစ်ရှင် ကျရှုံးလိမ့်မည်။
မူလမစ်ရှင် - အလုပ်များနေသော လူသား။
မစ်ရှင်အကျဉ်းချုပ် - သင်သည် တော်ကျူဂါ ဆိပ်ကမ်းအတွင်း၌ ၂၄ နာရီအတွင်း အလုပ်တစ်ခု ရှာဖွေရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ရုပ်ဆိုးလှသော မင်းကဲ့သို့ ကောင်လေးသည် လည်လှီးခံရပြီး ပင်လယ်အတွင်းသို့ ပစ်ချခြင်း ခံရလိမ့်မည်၊ သို့မဟုတ်ပါက မင်းလာရာနေရာသို့သာ ပြန်လှည့်ပြေးပေတော့ ။
မစ်ရှင်လမ်းညွှန် - လက်ရှိတွင် တော်ကျူဂါဆိပ်ကမ်း၌ ရမ်အရက်ပွဲတော်ကို ကျင်းပနေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းမှာ တစ်နှစ်တာအတွင်း အစည်ကားဆုံး အချိန်ဖြစ်သဖြင့် အလုပ်တစ်ခု ရှာဖွေရန်မှာ အသေအချာပင် ခဲယဉ်းလိမ့်မည် မဟုတ်ချေ။
လမ်းညွှန် - သင်သည် ဤကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် စွန့်စားရွေးချယ်မှုကို အသုံးပြုခဲ့သဖြင့် အကဲခတ်ခြင်း စွမ်းရည်ကို ရရှိထားသည်။ သင့်ပစ်မှတ်အပေါ် အခြေခံသတင်းအချက်အလက်များ ရယူရန် ဤစွမ်းရည်ကို အသုံးပြုပါ၊ ပစ်မှတ် ပိုမိုသန်မာလေလေ ရရှိမည့် သတင်းအချက်အလက် ပိုမိုနည်းပါးလေလေ ဖြစ်လိမ့်မည်။ အကဲခတ်ခြင်း၏ ပြန်လည်အသုံးပြုနိုင်ချိန် သည်လည်း ပိုမိုရှည်လျားလာလိမ့်မည်။ အတိုဆုံးမှာ ၅ မိနစ်ထက် မနည်းဘဲ၊ အရှည်ဆုံးမှာ ၁ နာရီထက် မပိုချေ။
လမ်းညွှန် - အကဲခတ်ခြင်းစွမ်းရည်ကို ပြိုင်ပွဲဝင်အချင်းချင်းအပေါ် အသုံးပြုနိုင်ခြင်း မရှိချေ။
လမ်းညွှန် - အကဲခတ်ခြင်းစွမ်းရည်မှာ ယာယီစွမ်းရည်တစ်ခုဖြစ်ပြီး ဤကမ္ဘာမှ ထွက်ခွာပြီးနောက် ပျောက်ကွယ်သွားလိမ့်မည်။ ဤစွမ်းရည်ကို အသက်သွင်းရန်အတွက် သင်သည် အသုံးဝင်မှုမှတ်များကို အသုံးပြုရမည်။ ဤကမ္ဘာတွင် သင် အကဲခတ်ခြင်းစွမ်းရည်ကို အသုံးပြုသည့် အကြိမ်တိုင်းအတွက် အသုံးဝင်မှုမှတ် ၁၀၀ ကုန်ကျမည်ဖြစ်သည်။ သင်သည် ဤကမ္ဘာကို ပြီးမြောက်ပြီးနောက် အကဲခတ်ခြင်းစွမ်းရည်ကို အသုံးပြုခြင်းကြောင့် ပေးဆပ်ရန်ရှိသော စုစုပေါင်း အသုံးဝင်မှုမှတ်များကို ပေးချေရန် ရွေးချယ်နိုင်သည်။
သတိပေးချက် - အကယ်၍ သင် ဤကမ္ဘာမှ ထွက်ခွာချိန်တွင် ပေးဆပ်ရန်ရှိသော အသုံးဝင်မှုမှတ်များ အလုံအလောက် မရှိပါက သင်၏ အသုံးအဆောင်ပစ္စည်းများကို ပေါင်နှံမှုအဖြစ် အသုံးပြုလိမ့်မည်။ အကယ်၍ အသုံးအဆောင်ပစ္စည်းများကပါ ပေးဆပ်ရန် ငွေပမာဏနှင့် မကိုက်ညီပါက ကျန်ရှိသော ငွေပမာဏအတွက် သင့်အသက်ကို အစားထိုး အသုံးပြုလိမ့်မည်။
လမ်းညွှန် - သင်သည် ဤကမ္ဘာအတွင်း၌ အောက်ပါ မစ်ရှင်များကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သည်။ ဤကမ္ဘာနှင့် အခြားကမ္ဘာများ အပါအဝင်။
မျက်စိလျင် လက်မြန် - ကျပန်း ဗူဒူးရုပ် တစ်ရုပ်ကို ရယူပါ။
မကြောက်မရွံ့ခြင်း - တိုက်ဆိုင်သော ဆုံတွေ့မှုတစ်ခုတွင် သင်သည် ကျပန်း ဂန္ထဝင်သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ရမည်။ မှတ်ချက် - သတ္တဝါအပေါ် သင်ပေးပို့လိုက်သော ထိခိုက်မှုဒဏ်မှာ ၎င်း၏ စုစုပေါင်း သွေးပမာဏ၏ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ရမည်။
အရက်သမား - သင်သည် ရမ်အရက် ခွက်ပေါင်း တစ်ရာကို သောက်သုံးရမည်။ မှတ်ချက် - တစ်ခွက်ချင်းစီ၏ စျေးနှုန်းမှာ ၄ သျှီလင်ထက် နိမ့်ကျရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ထိုရမ်အရက်ခွက်ကို စာရင်းအင်းအချက်အလက်များအတွင်း ထည့်သွင်းတွက်ချက်မည် မဟုတ်ချေ။
မဟာ ရေကြောင်းခရီးသွား - သင်သည် ကမ္ဘာသစ်ကို ဖြတ်သန်း၍ အသွားအပြန် ခရီးစဉ်တစ်ခုကို အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့သည်။
သင့်အောင်မြင်မှုမှတ် အလုံအလောက်မရှိသဖြင့် အခြားသော မစ်ရှင်များကို စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိချေ။
ဤအကြောင်းကြားစာများကို မြင်တွေ့ရပြီးနောက် ရှီယန်သည် သူ၏မျက်ခုံးများကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။ ဤသတင်းအချက်အလက် အပိုင်းအစများမှတစ်ဆင့် သူသည် မိမိ မည်သည့်ရုပ်ရှင်ကမ္ဘာအတွင်း ရောက်ရှိနေကြောင်းကို အကြမ်းဖျင်းအားဖြင့် သိရှိသွားခဲ့ပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက ရေလုပ်သားတစ်ဦး ဖြစ်ခဲ့သဖြင့် ဤကမ္ဘာနှင့် အသားကျရန်မှာ ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ပင် အလွန်တရာ လွယ်ကူလှပေသည်။
ငါလာပြီ၊ ကာရစ်ဘီယံပင်လယ်။
ရှီယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တံခါးကို ဖွင့်ကာ ဝုန်းခနဲ တွန်းဖွင့်လိုက်တော့သည်။
ရင်းနှီးပြီး လတ်ဆတ်လှသော ပင်လယ်လေပြေက သူ့ကို ဆီးကြိုလိုက်ပြီး၊ သူသည် လက်ရှိတွင် တောင်ကုန်းတစ်ခုပေါ်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် သိပ်သည်းစွာ တည်ဆောက်ထားသော တဲအိမ်များ ရှိနေခဲ့ပြီး အောက်ခြေတွင်မူ မီးခိုးရောင် သစ်သားအိမ်များဖြင့် ဖွဲ့စည်းထားသော မြို့ငယ်လေးတစ်ခု ရှိနေသည်။ မြို့အတွင်းရှိ အဆောက်အအုံများကို စနစ်တကျမရှိဘဲ တစ်ခုနှင့်တစ်ခု ရှုပ်ပွစွာ ချိတ်ဆက်တည်ဆောက်ထားသဖြင့် မှောင်မိုက်ပြီး ရှေးဟောင်းဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။ အဝေးမှနေ၍ အနီရောင်၊ မီးခိုးဖြူရောင်နှင့် အမည်းရောင် ခေါင်းစည်းပဝါများကို ပတ်ထားကြသော စုတ်ပြတ်ဟောင်းနွမ်းသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသည့် လူအမြောက်အမြားမှာ ပုရွက်ဆိတ်များကဲ့သို့ မြို့အတွင်း၌ လှုပ်ရှားနေကြသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။ ၁ ကီလိုမီတာခန့် အကွာအဝေးတွင်မူ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး ရှိနေခဲ့သည်။
အဝေးမှနေ၍ ဇင်ယော်ငှက်များ၏ အော်ဟစ်သံများကို ကြားရုံမျှမက၊ ပလွေမှုတ်သံများ၏ သာယာသော တေးသွားများကိုပါ ကြားရပေသည်။ ထိုအသံများသည် ပင်လယ်လေပြေနှင့်အတူ မျောပါလာသည့်အခါ လူကို ဆွေးမြည့်မှုနှင့် ဗလာကျင်းမှုတို့ ဖြစ်ပေါ်စေသော ခံစားချက်ကို ပေးစွမ်းနေသည်။ ၅-၆ ကီလိုမီတာခန့် အကွာအဝေးတွင်မူ ပင်လယ်ပြင်အတွင်းမှနေ၍ ထွက်ပေါ်နေသော ၁ ကီလိုမီတာခန့် ကျယ်ဝန်းသည့် မြင့်မားမတ်စောက်လှသော ကျောက်ဆောင်ကြီးတစ်ခု ရှိနေခဲ့ပြီး၊ ယင်းမှာ မြို့ငယ်လေးကို ဝန်းရံထားသော ကြီးမားပြီး အစွမ်းထက်လှသော လက်မောင်းကြီးတစ်ခုကဲ့သို့ပင် ပင်လယ်ကွေ့တစ်ခုကို ဖန်တီးပေးထားသည်။ ယင်းက ဝင်ရောက်လာသော လေပြင်းများနှင့် လှိုင်းတံပိုးများကို တားဆီးပေးထားပြီး ဖန်ဆင်းရှင်၏ လက်ရာတစ်ခုကဲ့သို့ပင် ထူးခြားထင်ရှားလှသော ရေနက်ဆိပ်ကမ်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ရှီယန်သည် အတွင်းဘက် ပင်လယ်ကွေ့ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏နှလုံးသားမှာ မမြင်ရသော လက်တစ်ချောင်း၏ ပြင်းထန်စွာ ဆွဲကိုင်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ယင်းမှာ သူ အသက်ရှူထုတ်လိုက်သည့် အကြိမ်တိုင်းတွင် သူ၏အတွင်းစိတ်ထဲမှ လှိုက်လှဲနေသော စိတ်လှုပ်ရှားမှုများကို ထုတ်ဖော်ရန် ကြိုးပမ်းနေသည့်အလား ထင်မှတ်ရပေသည်။
ဆိပ်ကမ်းတွင်မူ ကျယ်ပြောလှပြီး တစ်စင်းနှင့်တစ်စင်း မတူညီဘဲ ခန့်ညားထည်ဝါလှသော စစ်သင်္ဘောကြီး သုံးစင်း ဆောက်လုပ်ကျောက်ချရပ်နားထားသည်ကို မြင်တွေ့လိုက်ရသည်။ ဤစစ်သင်္ဘောကြီး သုံးစင်း၏ ဆန်းပြားမှုနှင့် ခန့်ညားမှုတို့နှင့် နှိုင်းယှဉ်လိုက်ပါက ပတ်ဝန်းကျင်ရှိ လှေငယ်များမှာ မှေးမှိန်သွားခဲ့ရသည်။
ရှီယန်၏ အတွေ့အကြုံအရ ဤစစ်သင်္ဘောကြီး သုံးစင်းမှာ အလတ်တန်းစားမျှသာ ဖြစ်သည်။ ဤသေမင်းတမန် သတ္တဝါကြီးများကို ထောင်ပေါင်းများစွာသော သံမဏိများနှင့် သတ္တုများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ထိုစစ်သင်္ဘောကြီး သုံးစင်းစလုံးမှာ မိမိတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်များကို ပိုင်ဆိုင်ထားကြသည့်အလား ခံစားရစေသည်။
လက်ရှိတွင် ၎င်းတို့သည် ရေနက်ပိုင်း၌ တည်ငြိမ်စွာ ကျောက်ချရပ်နားထားကြပြီး လှိုင်းတံပိုးများ၏ လှုပ်ရှားမှုအတိုင်း ခန့်ညားထည်ဝါစွာ လှုပ်ခါနေကြကာ၊ လူကို သေရေးရှင်ရေးကို ဖန်တီးနိုင်သော အရှင်သခင်များနှင့် ပင်လယ်ပြင်ခုနစ်စင်၏ အုပ်ချုပ်သူများကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။ ယင်းမှာ အဆုံးမရှိဘဲ ရက်စက်ကြမ်းကြုတ်လှသော ပင်လယ်ပြင်ကြီးသည်ပင်လျှင် ဤစစ်သင်္ဘောကြီးများ၏ ရှေ့မှောက်၌ ယဉ်ပါးသွားခဲ့ရပြီး ဦးညွှတ်နေရသည့်အလား ထင်မှတ်ရပေသည်။
ဤနေရာမှာ ၂-၃ ကီလိုမီတာခန့် ကွာဝေးနေသည့်တိုင်အောင် ၎င်းတို့၏ ထူးခြားမှုနှင့် ထင်ရှားလှသော အရည်အသွေးများကြောင့် ရှီယန်သည် ထိုစစ်သင်္ဘောကြီး သုံးစင်း၏ အမည်များကို အလိုလို သိရှိစွာဖြင့် ရွတ်ဆိုလိုက်မိတော့သည် ။
ကွင်း အန်းစ် ရီဗင်းဂျ်
ဘလက် ပုလဲ
ဖလိုင်းယင်း ဒတ်ချ်မန်း