အခန်း (၁၃) - နိုက်ကလပ်နှင့် မှောင်ခိုဈေးကွက်
ဒယ်လ်တာ အထူး အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့၏ ပေါ်ထွက်လာမှုက ရှီယန် ကို အချက်တစ်ခု သင်ကြားပေးလိုက်သည်၊ ယင်းမှာ ဤကမ္ဘာတွင် ရုပ်ရှင်ထဲ၌ ပေါ်မလာခဲ့သော၊ လူမသိသူမသိ ဖုံးကွယ်နေသည့် မရေမတွက်နိုင်သော ‘ဇာတ်ကောင်’ များစွာ ရှိနေသည်ဟူသော အချက်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်အချို့က မိမိအတွက် အကျိုးရှိနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အချို့ကမူ ရန်လိုမုန်းတီးကြပေလိမ့်မည်။ ထို့အတူပင် အကယ်၍ သူသာ ရုပ်ရှင်ကိုပဲ အခြေခံပြီး တာမီနေတာ ၏ စွမ်းအားကို ဆုံးဖြတ်မိမည်ဆိုပါက ယင်းက သေစေနိုင်လောက်သည့် အမှားတစ်ခု ဖြစ်လာလိမ့်မည်ကိုလည်း သူ အတည်ပြုနိုင်ခဲ့သည်။ အကြောင်းမှာ ရုပ်ရှင်ထဲတွင် အမျိုးသမီးဇာတ်ဆောင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းက ကံတရားအပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
အကယ်၍ တာမီနေတာ ပထမဆုံးအကြိမ် လာရောက်တိုက်ခိုက်စဉ်က ဆာရာ ကွန်နာ သာ အိမ်မှာ ရှိနေခဲ့ရင်၊ တာမီနေတာ ပစ်ခတ်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကျည်ဆန်တွေထဲက တစ်ချက်ကသာ သူမကို ထိမှန်သွားခဲ့ရင်၊ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ ချစ်တင်းနှီးနှောခဲ့တဲ့ ရုံးခန်းအပြင်ဘက်က ခွေးသာ မဟောင်ခဲ့ဘဲ ၎င်းတို့ကို သတိမပေးမိခဲ့ရင်၊ တာမီနေတာ က သူတို့ကို တိုက်သတ်ဖို့ ဆီတင်သင်္ဘောကြီးကိုပဲ အတင်းအဓမ္မ အသုံးပြုဖို့ ရုတ်တရက် မလုပ်ခဲ့ရင်၊ ကိုယ်ထည်တစ်ဝက် ပျက်စီးနေပြီဖြစ်တဲ့ တာမီနေတာ သာ လှေကားတွေကို နည်းနည်းလောက် ပိုမြန်မြန် တက်နိုင်ခဲ့ရင်၊ အကယ်၍သာ၊
ရှီယန် အဖို့တော့ သူသည် ရုပ်ရှင်ထဲက ဇာတ်လိုက်များကဲ့သို့ ကံကောင်းလိမ့်မည်မဟုတ်ဟု ခံစားရပြီး စွန့်စားရသည့်အခါတွင်လည်း ဤကဲ့သို့သော အံ့ဖွယ်အမှုများစွာ ပေါ်ပေါက်လာရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် သူသည် ပိုမို သတိကြီးစွာ ထားရပေမည်။ ထို့အပြင် သူ ဖုန်းစာအုပ်ကို မွှေနှောက်ရှာဖွေရခြင်း၏ ရည်ရွယ်ချက်မှာ ဆာရာ ကွန်နာ ကို ရှာဖွေရန်သာမက ကံဆိုးမိုးမှောင်ကျခဲ့ရသည့် အခြားသော ‘ဆာရာ’ နှစ်ဦး၏ တည်နေရာများကို မှတ်သားထားရန်လည်း ဖြစ်သည်။
သူ၏ ရည်မှန်းချက်က အလွန် ရိုးရှင်းပါသည် ။ ဤအမျိုးသမီးနှစ်ဦး၏ နေရပ်လိပ်စာသည် တာမီနေတာ မလွဲမသွေ ပေါ်လာမည့်နေရာများ ဖြစ်သည်။ အကယ်၍ သူသာ ထိုနေရာသို့ ကြိုတင်ရောက်ရှိကာ စူးစမ်းလေ့လာပြီး ပြင်ဆင်ထားနိုင်မည်ဆိုလျှင်၊ တာမီနေတာ ပေါ်လာသည့်အခါ ဤကမ္ဘာ၏ အဓိက စက်ရုပ် အမဲလိုက်သမား ဖြစ်သော (T-800) ကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။ အကယ်၍ သူသာ တာမီနေတာ ၏ စွမ်းဆောင်ရည် သို့မဟုတ် လုပ်ဆောင်ချက်များကို ဆုပ်ကိုင်ထားနိုင်မည်ဆိုပါက သူသည် သဘာဝအတိုင်း အသာစီး ရရှိနိုင်ပေလိမ့်မည်။
သူ၏ အစီအစဉ်များကို အတည်ပြုပြီးနောက် ရှီယန် သည် အသုံးအဆောင်များနှင့် လက်နက်များ ရယူမည့် ပြဿနာကို စတင် ဖြေရှင်းတော့သည်။ အမေရိကန်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ဥပဒေအရ ခွင့်ပြုထားပြီး သေနတ်အရောင်းဆိုင်များပင် ရှိသော်လည်း မဝယ်ယူမီ ရဲတပ်ဖွဲ့၏ နောက်ခံသမိုင်းကြောင်း စစ်ဆေးခြင်းကဲ့သို့သော လုပ်ထုံးလုပ်နည်းများစွာ ရှိနေသည်။ ထို့အပြင် ရောင်းချသူအများစုသည် ကုန်ကျစရိတ် သက်သာစေရန် သေနတ်၏ အရည်အသွေးကို ကျင့်ဝတ်မဲ့စွာ လျှော့ချထားလေ့ရှိသဖြင့် သေနတ်၏ စွမ်းဆောင်ရည်များကို များစွာ ကျဆင်းသွားစေသည်။ ပစ်ခတ်မှုပြင်းအား လျော့ကျခြင်း၊ တိကျမှု လျော့နည်းခြင်း၊ အလိုအလျောက်ပစ်စနစ် လုပ်ဆောင်ချက်များကို ဖြုတ်ပစ်ခြင်း စသည်ဖြင့် မှန်မှန်ကန်ကန် ပြောရလျှင် ဤဆိုင်များမှ ထုတ်ကုန်များကို အသုံးပြု၍ မိမိကိုယ်ကိုယ် ကာကွယ်ခြင်းက လက်တွေ့တွင် မိမိအသက်ကို နောက်ပြောင်ကျီစယ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရှီယန် သည် ဤဆိုင်များကို အားပေးရန် အစီအစဉ်မရှိဘဲ သူ၏ ရည်မှန်းချက်က မှောင်ခိုဈေးကွက် ဖြစ်သည်။ ထိုနေရာတွင်သာ လူတစ်ယောက်၌ လုံလောက်သော ငွေသားရှိမည်ဆိုပါက အရည်အသွေးမြင့် ထုတ်ကုန်များကို ရရှိနိုင်မည် ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ရှီယန် အနေဖြင့် ပဋိပက္ခတစ်ခုခု ဖြစ်ပွားခဲ့လျှင်ပင် ဤမှောင်ခိုဈေးကွက် အရောင်းသမားများသည် ရဲတပ်ဖွဲ့ထံ တိုင်ကြားလိမ့်မည်မဟုတ်ဟု ခံစားမိခြင်း ဖြစ်သည်။ ယင်းက မရေမတွက်နိုင်သော စိတ်အနှောင့်အယှက်များကို ဖယ်ရှားပေးနိုင်မည်ဖြစ်ပြီး ယခု လိုအပ်နေသည်မှာ သူ့ကို မှောင်ခိုဈေးကွက်သို့ လမ်းပြပေးနိုင်မည့် ဒေသခံ လူမိုက် သို့မဟုတ် ဂိုဏ်းစတားတစ်ဦးသာ ဖြစ်သည်။
ရှီယန် သည် အငှားကားတစ်စီးကို ငှားရမ်းလိုက်ပြီး ဒေါ်လာ ၂၀ ထုတ်ပေးကာ မြို့ထဲ၌ အကြီးဆုံး နိုက်ကလပ်သို့ ပို့ဆောင်ပေးရန် ခိုင်းစေလိုက်သည်။ ကားဆရာက ရမက်ဂုဏ်ပုဒ်ဖြင့် ကောက်ကျစ်စွာ ပြုံးလိုက်ရင်း လီဗာကို နင်းလိုက်တော့သည်။ ၁၀ မိနစ်ခန့်အကြာတွင် သူသည် ကယ်ရိုဆယ် ဟု အမည်ရသော ဤနိုက်ကလပ်၏ ကခုန်သည့်နေရာတွင် မတ်တပ်ရပ်နေခဲ့ပြီ ဖြစ်သည်။
ဤကခုန်သည့်နေရာသည် စတုရန်းမီတာ တစ်ထောင်ကျော်ခန့် ကျယ်ဝန်းပြီး ပြင်းထန်လှသော ဒစ္စကိုတေးဂီတသံများ ဆူညံနေကာ လေထုထဲတွင် အရက်နံ့များနှင့် ချွေးနံ့များ ဖုံးလွှမ်းနေသည်။ စင်မြင့်ထက်တွင်မူ အဝတ်မပါလုနီးပါး ဖြစ်နေသော အမျိုးသမီးတစ်ဦးက တိုင်ကို အမှီပြု၍ ဆွဲဆောင်မှုရှိစွာ ကပြနေပြီး အမျိုးသားတစ်စုက သူမကို ဝိုင်းရံထားကြသည်။ ရှီယန် ၏ အပေါ်တည့်တည့်တွင် ဖန်သားဖြင့် ပြုလုပ်ထားသော ဒစ္စကိုမီးလုံးကြီးတစ်ခု ရှိနေပြီး ထိုမီးလုံးကြီးက ကခုန်သည့်နေရာ၏ ထောင့်စုံဆီသို့ ရောင်စုံမီးလင်းလှိုင်းများကို ရောင်ပြန်ဟပ်ပေးနေသည်။
ရှီယန် သည် ထောင့်စွန်းတစ်ခုရှိ ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်လိုက်ပြီး ဘယ်ဘက်လက်တွင် ဘီယာခွက်ကို ကိုင်ဆောင်ကာ မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ရာ သူသည် အဖော်ပြုမည့် အမျိုးသမီးတစ်ဦးကို ရှာဖွေနေသကဲ့သို့ ပုံပေါ်နေသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် ဆေးခြောက်ရောင်းချသူများ သို့မဟုတ် ပြည့်တန်ဆာပွဲစားများ ရှိနေတတ်ပြီး ထိုလူများသည် သတင်းအချက်အလက်များကို ကောင်းစွာ သိရှိကြသည့်အပြင် ငွေကြေးကို အမြဲတစေ ဆာလောင်နေကြသူများ ဖြစ်သည်။ ရှီယန် သည် ဤအချက်ကို အခြေခံ၍ မိမိကိုယ်ကိုယ် အစာအဖြစ် အသုံးချကာ မျှားခေါ်နေခြင်း ဖြစ်သည်။
အလွန် လျင်မြန်စွာပင် အမျိုးသမီးတစ်ဦးက ရှီယန် ၏ ဘေးတွင် အေးအေးလူလူ ဝင်ထိုင်လိုက်သည်။ ထိုအမျိုးသမီးတွင် ပွယောင်းနေသော ရွှေဝါရောင် ဆံပင်များ ရှိပြီး သူမ၏ ချက်ပေါ်တွင် ထိုးနှံထားသော အပြာရောင် နှင်းဆီပန်းတက်တူးကို ပေါ်လွင်စေသည့် အပေါ်အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားကာ၊ သူမ၏ ရှည်လျားသွယ်လျသော ခြေတံများကို ပေါ်လွင်စေသည့် စကတ်တိုအနက်ရောင်ကိုလည်း ဝတ်ဆင်ထားပြီး ရေမွှေးနံ့များ တထောင်ထောင် ထွက်နေသည်။ သူမက ရှီယန် ကို စိုက်ကြည့်ရင်း ပြောလိုက်သည် ။
မင်း ဒီကို ပထမဆုံးအကြိမ် လာတာလား၊ တစ်ခါမှ မမြင်ဖူးပါဘူး။
ရှီယန် အနေဖြင့် ယခုအချိန်တွင် မည်သို့လုပ်၍ ပိုးပန်းချင်စိတ် ရှိပါမည်နည်း။ သူက လက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်ရင်း သူ၏ ဘီယာခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး စီကရက်တစ်လိပ်ကို စတင် မီးညှိလိုက်သည်။ ဤအပြုအမူက မဖော်မရွေဘဲ ဟန်ဆောင်နေသည့် သဘောမျိုး သက်ရောက်နေသော်လည်း ဤအမျိုးသမီးကမူ ထိုကဲ့သို့ အရေးမစိုက်ဘဲ လျစ်လျူရှုခြင်းကို နားမလည်ပုံရကာ နှာခေါင်းတစ်ချက် ရှုံ့ရင်း မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။
သူမ ဤမျှ သိသာစွာ ထွက်ခွာသွားခြင်းက ရှီယန် ၏ တွက်ချက်မှုအပြင်ဘက် ရောက်သွားခဲ့ပြီး သူသည် စီကရက်ကို တစ်ချက် ရှိုက်ဖွာလိုက်ရင်း ကပြနေကြသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးများ၏ ခန္ဓာကိုယ်အလှအပများကို ဆက်လက် ကြည့်ရှုနေလိုက်သည်။ ဤပတ်ဝန်းကျင်တွင် သူသည် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ အလွန် သက်သောင့်သက်သာ ရှိလှပြီး မီတာ ၂၀ ကျော်အကွာရှိ စင်မြင့်ထက်တွင် ကတ်ပြားပေါ်မှ အမှုန့်ဖြူများကို အပြင်းအထန် ရှူသွင်းနေကြသော လူအချို့ကိုလည်း လျင်မြန်စွာ သတိပြုမိလိုက်သည်။ သူ၏ နှလုံးသားက စိတ်လှုပ်ရှားစွာဖြင့် ခုန်လှုပ်သွားခဲ့ပြီး ထိုအရပ်မျက်နှာဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ထိုလူများသည် မူးယစ်ဆေးဝါး သုံးစွဲနေကြသော်လည်း ၎င်းတို့ထဲမှ နှစ်ဦးမှာ သတိမူမိနေဆဲ ဖြစ်သည်။ ၎င်းတို့က မိမိတို့ဆီသို့ လျှောက်လှမ်းလာသော ရှီယန် ကို မြင်တွေ့လိုက်ရသောအခါ လက်ပိုက်လိုက်ကြပြီး ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည် ။
ဟေ့ကောင် လမ်းမှားနေပြီ၊ သန့်စင်ခန်းက ဟိုဘက်မှာ။
ရှီယန် ခေတ္တ ရပ်တန့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဒေါ်လာပိုက်ဆံအုပ်ကြီးကို ထုတ်ပြလိုက်သည် ။
အစ်ကိုတို့ရာ ကျွန်တော် အခုတင်ပဲ ရည်းစားနဲ့ လမ်းခွဲလာလို့ပါ၊ ဒီပစ္စည်းလေး နည်းနည်းလောက် မျှဝေပေးပါလား။
ဤကေအမှုန့် စွဲနေသူများသည် မူးယစ်ဆေးပွဲစားများ မဟုတ်ကြဘဲ ၎င်းတို့သည် တစ်ညတာ အပျော်ပါးလွန်ရန်အတွက်သာ မူးယစ်ဆေးဝါးများကို လုံလောက်ရုံ ပြင်ဆင်လာကြခြင်း ဖြစ်သည်။ ၎င်းတို့က ရှီယန် ထံသို့ အဘယ်ကြောင့် ရောင်းချပါမည်နည်း။ ဤကဲ့သို့ အနှောင့်အယှက် ခံလိုက်ရသဖြင့် ထိုလူများက မကျေမနပ်ဖြင့် လက်များကို ဆန့်ထုတ်ကာ ပြောလိုက်သည် ။
ထွက်သွားစမ်း၊ အပြင်ထွက်ပြီး လစ်လိုက်တော့။
ရှီယန် သည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူအချို့က သူ့ကို စိုက်ကြည့်နေကြသည်ကို ရုတ်တရက် သတိပြုမိလိုက်သည် ။ ယင်းက ထိုဒေါ်လာပိုက်ဆံအုပ်ကြီးကြောင့် ဖြစ်သည်မှာ ပြောနေရန်ပင် မလိုချေ။ သူ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး မိမိထိုင်ခဲ့သည့် ထောင့်စွန်းဆီသို့ ပြန်လည် ထိုင်လိုက်သည်။ မကြာမီမှာပင် ကြောက်မတ်ဖွယ် ပုံစံရှိသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာပြီး အေးစက်စွာ ပြောလိုက်သည် ။
မိတ်ဆွေ၊ ဒီနေရာက ဟာရီအိုကြီး ရဲ့ နယ်မြေကွ၊ မင်းက လူယုံတော်ပဲဖြစ်ဖြစ်၊ သူလျှိုပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ မင်းကိုယ်မင်း သတိထားပြီး နေတာ ပိုကောင်းလိမ့်မယ်။
လူတိုင်းက လူယုံတော် (လျှို့ဝှက်ရဲ) ဆိုသည်မှာ မည်သည့်အရာလဲဆိုသည်ကို နားလည်ကြပြီး၊ သူလျှိုဆိုသည်မှာမူ အခြားဂိုဏ်းတစ်ခုမှ ရန်သူ့ဂိုဏ်းကို စုံစမ်းရန် စေလွှတ်ထားသူ ဖြစ်သည်။ ကြည့်ရသည်မှာ ဤ ကယ်ရိုဆယ် နိုက်ကလပ်က အလွန် ရေပန်းစားသော နေရာတစ်ခု ဖြစ်ပုံရပြီး ဂိုဏ်းတိုင်းက ယင်း၏ အကျိုးအမြတ်ကို ရယူလိုကြသည်။
ရှီယန် သူ၏ စီကရက်ကို ရှိုက်ဖွာလိုက်ပြီး ထူထဲသော မီးခိုးငွေ့ မီးခိုးရောင်ကြီးကို မှုတ်ထုတ်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။
လူယုံတော်တွေ၊ သူလျှိုတွေ ဘာလဲကွ? ငါက ဒက်ထရွိုက် ကနေ အခုတင်ပဲ လာခဲ့တာ၊ ဒီနေရာက မဆိုးဘူးလို့ ကြားရလို့ လာကြည့်တာလေ၊ ကယ်ရိုဆယ် နိုက်ကလပ်က ဖောက်သည်တွေကို များသောအားဖြင့် ဒီလိုပဲ ဆက်ဆံတာလား?”
ထိုလူ၏ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားခဲ့ပြီး ရှီယန် နှင့် တိုတောင်းလှသော မျက်လုံးချင်းဆုံမှုကို ပြုလုပ်လိုက်ကာ၊ သူ၏ ဘေးနားရှိ စကားပြောစက်ကို ကောက်ယူ၍ တိုးညင်းသော ညွှန်ကြားချက်အချို့ကို ပေးလိုက်သည်။ အထက်လူကြီးထံမှ ခွင့်ပြုချက် ရရှိသွားသည့်အလား သူက ရှီယန် ကို စိုက်ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။ ထိုလူ ထွက်ခွာသွားပြီးနောက် အရိုးခေါင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ထိပ်ပြောင်ဆံပင်ပုံစံ နှင့် လူငယ်တစ်ဦးက စကားစမြည်ပြောရန် ရောက်ရှိလာခဲ့သည် ။
မင်း ပစ္စည်းဝယ်ချင်တယ်လို့ ကြားတယ်။
ရှီယန် ပြန်လည်၍ တိုးညင်းစွာ ပြောလိုက်သည် ။
မင်းဆီမှာ ခရက် ကိုကင်း ရှိလား၊
ဟိုက်ဒရိုကလိုရစ်အက်ဆစ် ကို ကိုကင်း၊ ရေ၊ ဆိုဒီယမ်ဘိုင်ကာဗိုနိတ် တို့နှင့် ရောစပ်ပြီးနောက် နောက်ဆုံးတွင် အပူပေးကာ အညစ်အကြေးများ၊ ကလိုရင်းနှင့် သံဓာတ်များကို ဖယ်ရှားလိုက်ခြင်းက ဤ “ခရက် ကိုကင်း” ပင် ဖြစ်သည်။ ၎င်းကို ဤကဲ့သို့ အမည်ပေးရခြင်းမှာ ရှူရှိုက်သည့်အခါ သေးငယ်သော တဖျတ်ဖျတ်အသံများ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ ဤမူးယစ်ဆေး၏ အာနိသင်က လျင်မြန်ပြီး စွဲလမ်းမှု အလွန် မြင့်မားကာ အလွန်အမင်းလည်း ဈေးကြီးလှသည်။ ၎င်းမှ ရရှိသော အကျိုးအမြတ်က ကြီးမားလှသော်လည်း အကယ်၍ ၎င်းနှင့်အတူ ဖမ်းဆီးရမိပါက အပြစ်ဒဏ်ကလည်း အလွန် ပြင်းထန်လှသည်။
ထိုဆံပင်စုတ်နှင့်လူငယ်မှာ ယင်းကို ကြားပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်၊ သူ၏ သာမန်အရောင်းသမား အမြင်အရဆိုလျှင် သူသည် ဆေးခြောက်၊ အိုက်စ် နှင့် အခြားသော အခြေခံ မူးယစ်ဆေးအချို့ကိုသာ ရောင်းချဝံ့ခြင်း ဖြစ်သည်။ ခရက် ကိုကင်း ဆိုသည်မှာ သူ မပတ်သက်ဝံ့သောအရာ ဖြစ်သဖြင့် ရှီယန် ၏ စကားကို ကြားပြီးနောက် သူ နောက်ဆုတ်ချင်သွားခဲ့သည်။ သို့သော်လည်း သူ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ရှီယန် က စားပွဲပေါ်သို့ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ပစ်တင်လိုက်သည် ။
ငါက ဒက်ထရွိုက်မှာ ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ အလိုရှိခံနေရတာ၊ အခု ပြန်လည် ရုန်းထွက်ဖို့အတွက် ကူညီပေးမယ့်သူ အချို့ကို အရေးတကြီး ရှာဖွေနေတာ။ အကယ်၍ မင်းက ငါ့ကို အရည်အသွေးမြင့် ပစ္စည်းတွေ ရနိုင်မယ့် ဈေးကွက် ဆီကို ခေါ်ဆောင်သွားပေးနိုင်ရင် ဒီဒေါ်လာ ၁၀၀ က မင်းအပိုင်ပဲ။ ဒါ့အပြင် နောက်ပိုင်း အရောင်းအဝယ်ဖြစ်မြောက်ရင်လည်း မင်းကို ကော်မရှင် ၁၀ ရာခိုင်နှုန်း ထပ်ပေးဦးမှာ။
ထိုဆံပင်စုတ်နှင့်လူငယ်သည် ဒေါ်လာ ၁၀၀ ကို လောဘတကြီး စိုက်ကြည့်လိုက်ပြီး တံတွေးကို မျိုချရင်း ပြောလိုက်သည် ။
စည်းကမ်းအတိုင်းပဲ မင်း ငါ့ကို မင်းရဲ့ ငွေအင်အား ပြဖို့ လိုအပ်တယ်၊ အဲဒီကျမှ ငါ မင်းကို ခေါ်သွားနိုင်မှာ။
ရှီယန် စိတ်မရှည်စွာဖြင့် ဆိုဖာပေါ်သို့ သူ၏ လက်များကို ရိုက်ချလိုက်ပြီး၊ ဒေါသတကြီးဖြင့် စိမ်းစိုနေသော ပိုက်ဆံအုပ်ကြီးကို ထုတ်ပြလိုက်သည်။ ထိုလူငယ်အတွက်မူ ယင်းက သောင်းဂဏန်းခန့် ရှိနေပုံရသဖြင့် သူ ချက်ချင်းပင် စိတ်အေးသွားခဲ့ပြီး ခေါင်းညိတ်ကာ အနည်းငယ် ပြုံးပြလိုက်သည်။ သူသည် ရှီယန် ၏ လက်ထဲတွင် ဒေါ်လာ ၂၀၀၀ သာ ရှိနေပြီး အချို့သော ပိုက်ဆံများကသာ အစစ်ဖြစ်ကာ ကျန်ရှိသောအရာများမှာ အတုများ ဖြစ်သည်ကို မသိရှိခဲ့ချေ။ သို့သော်လည်း ဤနေရာက မှောင်မှောင်မည်းမည်း ဖြစ်နေသဖြင့် ဤကဲ့သို့ အမြင်အာရုံ အားနည်းသော ပတ်ဝန်းကျင်အောက်တွင် ထိုလူငယ်မှာ အလွယ်တကူပင် လှည့်စားခြင်းကို ခံလိုက်ရသည်။
ထိုလူငယ်၏ လမ်းပြမှုအောက်တွင် ရှီယန် သည် ဒုတိယထပ်သို့ ရောက်ရှိခဲ့ပြီး ထောင့်အချို့ကို ကွေ့ဝိုက်ကာ၊ စင်္ကြံလမ်းအချို့ကို ဖြတ်သန်းပြီးနောက် လှေကားများကို ထပ်မံ တက်ရောက်ခဲ့ရာ နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိခဲ့တော့သည်။ ဤနေရာတွင် လုံခြုံရေး အလွန် ထူထပ်လှပြီး လမ်းတစ်လျှောက်တွင် စင်္ကြံကို ဖြတ်၍ ကြီးမားထွားကျိုင်းလှသော အစောင့်အချို့ကို ဖြတ်သန်းခဲ့ရကာ၊ ဤနေရာသို့ ရောက်ရှိသည့်အခါ နံရံဘေးတွင် မတ်တပ်ရပ်နေသော နောက်ထပ် သက်တော်စောင့် ၃ ဦး ရှိနေပြန်သည်။ လက်ပိုက်ထားကြသော ၎င်းတို့၏ မျက်နှာများတွင် မဖော်မရွေသော အမူအရာများ ရှိနေကြသည်။
ရိုးရှင်းပြီး ကျွမ်းကျင်လှသော ကိုယ်ခန္ဓာ ရှာဖွေစစ်ဆေးမှုအပြီးတွင် ၎င်းတို့၏ ကိုယ်ပေါ်၌ မည်သည့်လက်နက်မျှ မရှိကြောင်း သေချာစေခဲ့ပြီးနောက်၊ အပြင်လူတစ်ဦးအဖို့ သေနတ်ပြပွဲတစ်ခုအလား မှားယွင်းသွားစေနိုင်သော နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ ဤနေရာတွင် သေနတ်မျိုးစုံ ပြည့်နှက်နေပြီး လက်နက်ငယ် အမျိုးမျိုး၊ အလိုအလျောက်ပစ် ရိုင်ဖယ်များနှင့် တစ်ချက်ပစ် ရိုင်ဖယ်များကို ပြသထားသည်။ သို့သော်လည်း ရှီယန် အလိုရှိသော ပြောင်းတိုသေနတ် နှစ်လက်သာ ရှိနေသည်။
ရုပ်ရှင်ထဲတွင် တာမီနေတာ ၏ ကိုယ်ခန္ဓာတွင် ကာကွယ်ရေး အလွှာတစ်ခု ရှိနေပြီး ယင်းက အသုံးဝင်မှုနှစ်ခု ရှိသည်။ တစ်ခုမှာ လူစုလူဝေးကြားတွင် မိမိကိုယ်ကိုယ် ဖုံးကွယ်ရန်ဖြစ်ပြီး၊ နှစ်ခုမှာ အချိန်ခရီးသွားနိုင်ရန် ဖြစ်သည် ။ သာမန် ထုတ်ကုန်များနှင့် သတ္တုများသည် အချိန်ခရီးသွား စက်ပစ္စည်းကို ဖြတ်သန်းနိုင်ခြင်း မရှိချေ။
ထို့ကြောင့်ပင် တာမီနေတာ နှင့် တိုက်ပွဲဖြစ်ပွားရာတွင် သာမန်လူသားများကို သေစေနိုင်လောက်သော ဒဏ်ရာများ ဖြစ်ပေါ်စေသည့် သာမန် လက်နက်ငယ်များမှာ တာမီနေတာ ၏ သတ္တုအရိုးစုအပေါ်တွင် သက်ရောက်မှု မရှိသလောက်ပင် နည်းပါးလှသည်။ ယင်းက အခြေခံအားဖြင့် ပျက်စီးစေနိုင်သော စွမ်းဆောင်ရည် မရှိချေ။ သို့သော်လည်း သာမန်လူတစ်ဦးကို အနီးကပ်တွင်သာ ခြိမ်းခြောက်နိုင်သော ပြောင်းတိုသေနတ်မှာမူ တာမီနေတာ ကို ခုခံရန်နှင့် တာမီနေတာ ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေရန်အတွက် လုံလောက်သော ပစ်ခတ်မှုပြင်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။