အခန်း (၁၁) - ထိတ်လန့်ဖွယ်ရာ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်း
ဤဘားဆိုင်ထဲသို့ မဝင်ခင်ကတည်းက ရှီယန် သည် ဤကဲ့သို့ ဖြစ်လာနိုင်ချေကို တွက်ဆထားပြီးသား ဖြစ်သည်။ သူသည် စိတ်အေးလက်အေးဖြင့် မျက်လုံးများကို အနည်းငယ် မှေးစင်းကာ အေးစက်စွာ ရယ်မောလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ချေ။
သွေးစွန်းသော ဂျက်ခ် ကမူ ထိုအပြုအမူကို ကြောက်ရွံ့နေသည်ဟု အထင်မှားသွားပြီး အကျယ်ကြီး ရယ်မောလိုက်တော့သည်။
မင်း မရဲဘူးဆိုရင်လည်း မင်းဆီမှာပါတဲ့ ငွေသားအားလုံးကို ဒီမှာ ထားခဲ့လိုက်။
ထို့နောက် သွေးစွန်းသော ဂျက်ခ် သည် ချောင်းဆိုးလိုက်ပြီး ဘေးနားရှိ အရက်ခွက်ထဲသို့ တံတွေး ထွေးချလိုက်သည်။ ၎င်းနောက် ထိုခွက်ကို လောင်းကစားစားပွဲတစ်လျှောက် ရှီယန် ၏ ရှေ့သို့ ပွတ်ဆွဲပေးလိုက်ရင်း အဓိပ္ပာယ်မရှိစွာ ရယ်မောကာ ပြောလိုက်သည် ။
ဒါနဲ့ မင်း အပြစ်ပေးတဲ့အနေနဲ့ ဒီအရက်ခွက်ကို သောက်ရမယ်၊ ပြီးရင်တော့ မင်း လစ်လို့ရပြီ။
မျက်နှာတွင် အေးစက်သော အပြုံးများဖြင့် သန်မာထွားကျိုင်းလှသည့် လူမိုက်နှစ်ဦးက ရှီယန် ၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်များဖြင့် ဖိချထားလိုက်ကြသည်။ ၎င်းတို့သည် ရှီယန် တစ်ယောက် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင်ပင် ရှီယန် သည် မျက်လုံးများကို ဝေ့ဝဲကာ ရယ်မောလိုက်ပြီး သူ၏ သွားကြားထဲမှ စကားလုံးများ တိုးထွက်လာတော့သည် ။
ကောင်စုတ် မင်း သေပြီသာမှတ်
စကား ဆုံးသည်နှင့်တစ်ပြိုင်နက် သူသည် သူ၏ ပခုံးနှစ်ဖက်ကို အရှိန်အဟုန်ဖြင့် တွန့်လိုက်ရင်း သူ၏ ကျောပြင်ဆီသို့ တံတောင်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဤလှုပ်ရှားမှုက အလွန် သဘာဝကျပြီး ရုတ်တရက် ဆန်လှရာ၊ သွေးစွန်းသော ဂျက်ခ် ၏ လူများအားလုံးက ရှီယန် ထွက်ပြေးရန် ကြိုးစားမှုကိုသာ အာရုံစိုက်ပြင်ဆင်ထားကြသဖြင့် သူက ဤကဲ့သို့ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု ဘယ်သောအခါမျှ မျှော်လင့်မထားကြချေ။
ရှီယန် သည် ခုံတန်းလျားငယ်တစ်ခုပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး သန်မာထွားကျိုင်းလှသည့် လူမိုက်နှစ်ဦးစလုံးကမူ သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သူ့ဘက်သို့ ကိုင်းညွတ်နေကြခြင်း ဖြစ်သည်။ ကျောဘက်သို့ ပြင်းထန်လှသော တံတောင်ဆောင့်ချက်ကြောင့် ခုံတန်းလျား၏ ကျောမှီအကာကို ရိုက်ခွဲသွားခဲ့ပြီး ထိုလူမိုက်နှစ်ဦး၏ ဆီးခုံတည့်တည့်သို့ အားပြင်းစွာ ကျရောက်သွားတော့သည်။
သွေးစွန်းသော ဂျက်ခ် သည် ဥပဒေမဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ သူ၏ ရှေ့မှောက်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုကို ကြည့်ရင်း သူ၏ နှလုံးသားထဲ၌ ဒေါသအဟုန်များ တောက်လောင်လာခဲ့သည်။ သူသည် စားပွဲပေါ်တွင် ဒေါင်လိုက် စိုက်နေသေးသည့် ဓားမြှောင်ဆီသို့ ချက်ချင်း လက်လှမ်းလိုက်သည်။ ရှီယန် သည် ခုံပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ ရှောင်တိမ်းရန် နေရာကျဉ်းမြောင်းလှသဖြင့် သူက ရှေ့သို့ လှမ်းဝင်လိုက်ကာ သွေးစွန်းသော ဂျက်ခ် ၏ လက်ကောက်ဝတ်ကို ဦးတည်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သွေးစွန်းသော ဂျက်ခ် က သူ၏ ဓားဖြင့် ထိုးနှက်လိုက်ရာ သူ ခန့်မှန်းချက် လွဲချော်သွားခဲ့ပြီး ဓားသွားကို လက်ဖြင့် ဆုပ်ကိုင်မိသကဲ့သို့ ဖြစ်သွားခဲ့သည်။
ရှီယန် ၏ နှလုံးသား တုန်ရင်သွားသည်၊ သူသည် သူ၏ လက်ဆုပ်လက်ကိုင်စွမ်းအားအပေါ် အလွန် အပြည့်အဝ ယုံကြည်ချက် ရှိသော်လည်း သူ၏ လက်ကို မဆန့်ထုတ်မီ အရာတစ်ခုကို ရုတ်တရက် သတိရလိုက်မိသည်။ ဤကမ္ဘာတွင် ပြိုင်ပွဲဝင်များ၏ ခွန်အားက ၅၀ ရာခိုင်နှုန်း မြင့်တက်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် သူ၏ လက်အရှိန်ကို မှားယွင်းစွာ ခန့်မှန်းမိခဲ့ပြီး ဤကဲ့သို့ သေစေနိုင်သော အမှားမျိုးကို ကျူးလွန်မိခြင်း ဖြစ်သည်။ ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ သွေးစွန်းသော ဂျက်ခ် သည် ယုတ်မာစွာ ရယ်မောလိုက်ပြီး ရှီယန် ၏ လက်ထဲမှ ဓားကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ ဓားသွားက ပြိုင်ဘက်၏ လက်ချောင်းများကို ဖြတ်တောက်ရန် အားထုတ်လျက် အစင်းရာ ထင်ကျန်ရစ်စေသည်။
တဖျတ်ဖျတ် တောက်ပနေသော ဓားမြှောင်သွားက အနီရောင်အဖြစ် ပြောင်းလဲသွားသော်လည်း ရှီယန် သည် သူ၏ လက်များတွင် အနည်းငယ်မျှသော နာကျင်မှုကိုသာ ခံစားလိုက်ရသည်။ ဘာမှ ဆက်မတွေးတော့ဘဲ သူသည် ရှေ့သို့ အရှိန်ပြင်းစွာ ခုန်ဝင်လိုက်ပြီး သွေးစွန်းသော ဂျက်ခ် ၏ အနက်ရောင် ဆံပင်များကို ဆွဲကိုင်ကာ အောက်သို့ ဆောင့်ချလိုက်တော့သည်။
ဝုန်း
ထိခိုက်မိသည့် အရှိန်ကြောင့် လောင်းကစားစားပွဲကြီး ယိုင်နဲ့သွားခဲ့ပြီး အရက်ခွက်များနှင့် လောင်းကစားဒင်္ဂါးပြားများ လေထဲသို့ လွင့်ပျံသွားခဲ့ကြသည်။ သွေးစွန်းသော ဂျက်ခ် ၏ မျက်နှာတွင် သွေးရဲရဲနီနေပြီး သူ ဒေါသတကြီး မော့ကြည့်လိုက်သော်လည်း ပြင်းထန်လှသော လက်သီးချက်တစ်ခုကြောင့် ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။ သူ၏ လေးလံသော ကိုယ်ခန္ဓာက နောက်ပြန် နှစ်ပတ်ခန့် ဂျွမ်းပစ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကာ လမ်းတစ်လျှောက်ရှိ စားပွဲအချို့ကိုပါ တိုက်သွားခဲ့သည်။
သွေးစွန်းသော ဂျက်ခ် အတွက်မူ အလွန်အမင်း လေးလံလှသော အရာဝတ္ထုကြီးတစ်ခုက သူ့အပေါ်သို့ အကြိမ်ကြိမ် ဆောင့်ချနေသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းက အလွန် လျင်မြန်လွန်းလှသဖြင့် သူ၏ ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားချိန်အထိ နာကျင်မှုကိုပင် မခံစားရသေးချေ၊ သူ စကားပြောရန် ပါးစပ်ကို ဟလိုက်သော်လည်း ပါးစပ်အပြည့် ထွက်ပေါ်လာသော သွေးများကြောင့် စကားလုံးများ ဆို့နင့်သွားခဲ့ရသည်။
ရှီယန် ၏ ခွန်အားက အလွန် ထူးကဲလှသော်လည်း သူ၏ သွက်လက်မှုနှင့် ရှောင်တိမ်းနိုင်စွမ်းကမူ မြင့်မားသည်ဟု မသတ်မှတ်နိုင်ချေ။ သူ၏ နောက်ဆုံး လက်သီးချက်အပြီးတွင် သွေးစွန်းသော ဂျက်ခ် ၏ ဒေါသထွက်နေသော လက်အောက်ငယ်သားများက စတင် တိုက်ခိုက်လာကြသဖြင့် အရပ်မျက်နှာအားလုံးမှ ဒေါသတကြီး ကျိန်ဆဲသံများနှင့်အတူ သေစေနိုင်သော လေလှိုင်းတစ်ခုကို သူ ခံစားလိုက်ရပြီ ဖြစ်သည်။
"ဘုန်း ခွပ်" လက်သီးသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ဘီယာပုလင်း နှစ်ပုလင်းက ရှီယန် ၏ ဦးခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့်ကျ ရောက်လာခဲ့ပြီ ဖြစ်သည်။ ဖန်ကွဲစများ လွင့်စင်သွားခဲ့ပြီး အခြား ခုံတန်းလျားတစ်ခုကလည်း ရှီယန် ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ ရှီယန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သေစေနိုင်လောက်သော ထိတ်လန့်ဖွယ် မျက်နှာအမူအရာဖြင့် လှည့်ပတ်ကာ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ရှေ့သို့ အားကုန် ဝင်ရောက်တိုက်ခိုက်တော့သည်။
နှစ်မိနစ်အကြာတွင် သွေးစွန်းသော ဂျက်ခ် ၏ ဘက်မှ မည်သူမျှ မတ်တပ်မရပ်နိုင်တော့ဘဲ အားလုံး ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ နာကျင်စွာဖြင့် ညည်းတွား နေကြရသည်။ ရှီယန် သည် ဤကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် အတွေ့အကြုံရှိပြီးသား ဖြစ်သည့်အပြင် သူ၏ ခွန်အားကလည်း မကြာသေးမီကမှ ၁၂ မှတ်အထိ များစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် သန်မာသော အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးထက် နှစ်ဆခန့် ပိုမို သန်မာနေသည်မှာ သေချာလှရာ သူ ထိုးနှက်လိုက်သည့် နေရာတိုင်းတွင် ပြင်းထန်သော ဒဏ်ရာများကို ဖြစ်ပေါ်စေသည်။ သူ၏ တိုက်ခိုက်မှုများက ထိခိုက်မိသည့် အရှိန်ကြောင့် အရိုးကျိုးခြင်းနှင့် အတွင်းသွေးယိုစီးခြင်းတို့ကိုပင် ဖြစ်ပေါ်စေလောက်အောင် ပြင်းထန်လှသည်။
ဤဘားဆိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းက ရိုးရိုးပုံမှန် အခြေအနေတစ်ခု ဖြစ်ရာ ဖြတ်သန်းသွားလာသူများက ဘေးတစ်ဖက်သို့ အေးအေးလူလူ ဖယ်ရှားပေးကြပြီး ပွဲကြည့်ပရိသတ်အဖြစ် ဆက်လက် ကြည့်ရှုနေကြသည်။ သို့သော်လည်း အဆုံးသတ်ကမူ လူတိုင်းကို ဆွံ့အသွားစေလောက်အောင် တုန်လှုပ်သွားစေခဲ့သည်။ ဤလူသစ်ကောင်လေးက အချိန်တိုလေးအတွင်း လူမိုက်ကြီး ၆ ယောက်ကို အမှန်တကယ် ဖြိုလှဲနိုင်ခဲ့ခြင်း ဖြစ်ပြီး သူ၏ ပုံစံက တိုက်ခိုက်နိုင်စွမ်းရှိသော လူမိုက်အမျိုးအစားနှင့်လည်း မတူချေ။ သူ၏ ကိုယ်ခန္ဓာပေါ်တွင် ရှင်းလင်းစွာ မြင်တွေ့နေရသော ဒဏ်ရာအချို့ ရှိနေသော်လည်း သူ၏ အခြေအနေကို ကြည့်ရသည်မှာ နောက်ထပ် လူ ၆ ယောက်ကိုပင် ထပ်မံ စိန်ခေါ်ပြီး အနိုင်ယူနိုင်စွမ်း ရှိနေသေးသကဲ့သို့ ခံစားရစေသည်။
ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ဖြစ်နေသော သူ၏ ပြိုင်ဘက်များကို ကြည့်ရင်း ရှီယန် က အထင်သေးစွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ ကုတ်အင်္ကျီကို သပ်ရပ်အောင် ပြုလုပ်ကာ ဘရန်ဒီပုလင်းတစ်ပုလင်းကို ပေါ့ပေါ့ပါးပါး ကောက်ယူ၍ ဒဏ်ရာရနေသော သူ၏ လက်ပေါ်သို့ လောင်းချလိုက်သည်။ ထိတ်လန့်စရာ ကောင်းသည်မှာ သူ၏ ဒဏ်ရာက သူ ထင်မှတ်ထားသလောက် မနက်ရှိုင်းလှဘဲ ဒဏ်ရာဝ အလိုအလျောက် ပိတ်သွားသည့် လက္ခဏာများကိုပင် ပြသနေခြင်း ဖြစ်သည်။
"ဒါ... ဒါက ဘာလဲ..." ရှီယန် အနည်းငယ် အံ့ဩသွားမိသည်၊ သူသည် ထက်မြက်လှသော ဓားသွားကို လက်ဖြင့် ပြင်းထန်စွာ ဖမ်းဆုပ်ခဲ့ခြင်း ဖြစ်ရာ သူ၏ ဒဏ်ရာက မပေါ့ပါးသင့်ချေ။ သူ၏ ဦးခေါင်းကို စမ်းသပ်ရန် လက်လှမ်းလိုက်ရာ ဘီယာပုလင်းများဖြင့် ရိုက်ခံရသည့် နေရာတွင် အနည်းငယ်မျှသော ကျဉ်စိမ့်စိမ့် နာကျင်မှုကိုသာ ခံစားရပြီး သွေးပင် မထွက်ခဲ့ချေ။ သံသယစိတ်များဖြင့် သူသည် သူ၏ အိပ်မက်ဆိုး အမှတ်အသားကို အသက်သွင်းလိုက်ပြီး အချက်အလက်အချို့ကို စုဆောင်းလိုက်သည် ။
မင်းရဲ့ အာရုံခံစားမှုကြောင့် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဆိုင်ရာ စာရင်းအင်းတွေကို မင်း ရရှိထားပါတယ်။
တိုက်ပွဲ ဖြစ်စဉ်ကို ပြန်လည် ပြသနေပါသည်။
မင်းရဲ့ တံတောင်ဆောင့်ချက်က သွေးစွန်းသော ဂျက်ခ် ရဲ့ လက်အောက်ငယ်သားကို စုစုပေါင်း ဒဏ်ရာအမှတ် ၄၈ မှတ် ပေးစွမ်းခဲ့ပါတယ်။ အရေးပါတဲ့ အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားခဲ့ပါတယ် ၊ သူ့ကို မူးဝေသွားစေပြီး တိုက်ပွဲကို ဆက်လက် မဆင်နွှဲနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
မင်းရဲ့ တံတောင်ဆောင့်ချက်က သွေးစွန်းသော ဂျက်ခ် ရဲ့ လက်အောက်ငယ်သားကို စုစုပေါင်း ဒဏ်ရာအမှတ် ၄၃ မှတ် ပေးစွမ်းခဲ့ပါတယ် ။ အရေးပါတဲ့ အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားခဲ့ပါတယ် ၊ သူ့ကို မူးဝေသွားစေပြီး တိုက်ပွဲကို ဆက်လက် မဆင်နွှဲနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
သွေးစွန်းသော ဂျက်ခ် ရဲ့ ဖန်ပုလင်း ရိုက်ချက်က ဒဏ်ရာအမှတ် ၃၁ မှတ် ပေးစွမ်းခဲ့ပြီး မင်းရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ကြံ့ခိုင်မှု စွမ်းရည် အသက်ဝင်လာခဲ့လို့ ဒဏ်ရာအမှတ် ၂၅ မှတ် လျော့နည်းသွားကာ စုစုပေါင်း ရရှိတဲ့ ဒဏ်ရာက ၆ မှတ်သာ ဖြစ်ပါတယ်။
သွေးစွန်းသော ဂျက်ခ် ရဲ့ လက်အောက်ငယ်သားရဲ့ ဘီယာပုလင်း ရိုက်ချက်က ဒဏ်ရာအမှတ် ၂၇ မှတ် ပေးစွမ်းခဲ့ပြီး မင်းရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ‘ကြံ့ခိုင်မှု စွမ်းရည် အသက်ဝင်လာခဲ့လို့ ဒဏ်ရာအမှတ် ၂၅ မှတ် လျော့နည်းသွားကာ စုစုပေါင်း ရရှိတဲ့ ဒဏ်ရာက ၂ မှတ်သာ ဖြစ်ပါတယ်။
သွေးစွန်းသော ဂျက်ခ် ရဲ့ လက်အောက်ငယ်သားရဲ့ ခုံတန်းလျား ရိုက်ချက်က မင်းရဲ့ ကျောပြင်ပေါ်ကို ဒဏ်ရာအမှတ် ၈ မှတ် ပေးစွမ်းခဲ့ပြီး မင်းရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ကြံ့ခိုင်မှု စွမ်းရည် အသက်ဝင်လာခဲ့လို့ ဒဏ်ရာအမှတ် ၂၅ မှတ် လျော့နည်းသွားကာ စုစုပေါင်း ရရှိတဲ့ ဒဏ်ရာက ၁ မှတ်သာ ဖြစ်ပါတယ်။
ဤစာရင်းအင်းများအားလုံးကို ကြည့်ရင်း ရှီယန် က အေးစက်စွာ ရယ်မောလိုက်သည် ။
ငါ့ရဲ့ မွေးရာပါ စွမ်းရည်က တကယ်ကို အသုံးဝင်တာပဲ။
ဆက်နေရန် အကြောင်းပြချက် မရှိတော့သဖြင့် မိမိအတွက် လုံလောက်သော ငွေသားများကို သိမ်းဆည်းကာ ဘားဆိုင်ထဲမှ လှမ်းထွက်ခဲ့တော့သည်။ ဘားဆိုင်၏ အဝင်ဝတွင် ရပ်တန့်လိုက်ပြီး သူသည် ညည်းတွားနေသော သွေးစွန်းသော ဂျက်ခ် ၏ ထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ ထိုင်ချလိုက်ပြီး သူ၏ မျက်နှာကို လက်ဖြင့် အသာအယာ ပုတ်ကာ တိုးညင်းစွာ ပြောလိုက်သည် ။
မင်း စောစောက လက်ချောင်း နှစ်ချောင်း ပေါင်နှံချင်တယ် ဆိုတာ မဟုတ်လား။
သွေးစွန်းသော ဂျက်ခ် ချက်ချင်း နောက်သို့ ဆုတ်သွားခဲ့ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်တကြား အမူအရာများ ထွက်ပေါ်လာသည်။ သူ စကားပြောရန် ပြင်ဆင်လိုက်စဉ်မှာပင် ရှီယန် က သူ၏ ဘေးနားရှိ တဖျတ်ဖျတ် တောက်ပနေသော ဓားမြှောင်ကို ကောက်ယူပြီးသား ဖြစ်ကာ အသာအယာ လှီးဖြတ်လိုက်တော့သည်။ စူးရှလှသော အော်ဟစ်အသံနှင့်အတူ ပြတ်တောက်သွားသော လက်ချောင်း နှစ်ချောင်း လေထဲသို့ လွင့်ပျံသွားခဲ့ပြီး တစ်ချောင်းက ဘေးနားရှိ လူမိုက်၏ ခြေထောက်ပေါ်သို့ ကျရောက်သွားကာ အခြားတစ်ချောင်းကမူ အရက်ခွက်ထဲသို့ ကျရောက်သွားပြီး အရက်များကို နီရဲသွားစေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းက စောစောက သွေးစွန်းသော ဂျက်ခ် တံတွေးထွေးချခဲ့သော အရက်ခွက် ဖြစ်နေသည်။
ကဲအခုဆိုရင် ငါတို့ ကျေသွားပြီ။ ရှီယန် တိုးညင်းစွာ ပြောလိုက်သည်။ ထို့နောက် သူသည် လောင်းကစားစားပွဲပေါ်ရှိ ပိုက်ဆံအားလုံးကို သပ်ရပ်စွာ သိမ်းဆည်းလိုက်ပြီး နောက်ပြန်မလှည့်ဘဲ ထွက်ခွာသွားခဲ့တော့သည်။
ရှီယန် ရုတ်တရက် အကြံတစ်ခု ရရှိလိုက်သည် ။ ပြိုင်ပွဲဝင်တစ်ယောက်အတွက်မူ အိပ်မက်ဆိုး နယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ကိုယ်ခန္ဓာက ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲခြင်းကို ခံစားရမည် ဖြစ်သော်လည်း ၎င်းက ခန္ဓာကိုယ်ကို သန်မာလာစေသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်မှာ ထင်ရှားလှသည်။
ရိုးရှင်းသော ဥပမာတစ်ခုကို ကိုးကားရမည်ဆိုလျှင် လုရှန် ၏ အကောင်းဆုံး ရလဒ်က ၁၂.၉၁ စက္ကန့် ဖြစ်သော်လည်း သူသည် ဤကဲ့သို့သော ရလဒ်မျိုးကို အကြိမ်တိုင်းတွင် ထပ်ခါတလဲလဲ ပြုလုပ်နိုင်စွမ်း မရှိချေ။ သို့သော်လည်း ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်း ပြီးနောက်တွင်မူ သူသည် ပြိုင်ပွဲ ၁၀ ပွဲတွင်ပင် ဤကဲ့သို့သော တူညီသည့် ရလဒ်များကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။
မှတ်ချက် - လုရှန် သည် တရုတ်နိုင်ငံမှ မီတာ ၁၁၀ ပြေးခုန်ပစ် ပြေးသမားတစ်ဦး ဖြစ်သည်။ လုရှန် သည် အိုလံပစ် ရွှေတံဆိပ်ဆုရှင်နှင့် ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်သည်။ သူ၏ ၂၀၀၄ ခုနှစ် အိုလံပစ် ရွှေတံဆိပ်ဆုသည် တရုတ်နိုင်ငံအတွက် အမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။
ဤအကြောင်းပြချက်ကြောင့်ပင် ရှီယန် သည် သူ၏ အရည်အချင်းများက ပြိုင်ဘက်များထက် အဆမတန် သာလွန်နေခြင်း မရှိသော်လည်း တူညီသော ပြင်းအားဖြင့် ပြိုင်ဘက်တစ်ဦးချင်းစီကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သူ၏ လှုပ်ရှားမှုတိုင်းသည် တိုက်ခိုက်ခြင်း၊ကာကွယ်ခြင်း၊ရှောင်တိမ်းခြင်း မည်သည့်အရာပဲဖြစ်ဖြစ် သူ၏ အရည်အချင်းအမှတ်များနှင့်အညီ အမြင့်မားဆုံး စွမ်းဆောင်ရည်ဖြင့် လည်ပတ်နေသောကြောင့် ဖြစ်သည်။ ကောင်းမွန်လှသော တိုက်ပွဲဆိုင်ရာ နည်းဗျူဟာများနှင့် အတွေ့အကြုံများ ပေါင်းစပ်လိုက်သောအခါ သူသည် အောင်ပွဲကို အလွယ်တကူ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
လမ်းအချို့ကို ဖြတ်လျှောက်ပြီးနောက် ရှီယန် သည် အများသုံး တယ်လီဖုန်းတစ်လုံးကို စတင် ရှာဖွေခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် အများသုံးဖုန်းများကို လမ်းဘေးတွင် တပ်ဆင်ထားလေ့ရှိပြီး ဖုန်းများကို အများသုံးဖုန်းခန်း (Phone booths) အတွင်း၌ တွေ့ရှိနိုင်သည်။ ယင်းက အသုံးပြုသူကို မိုးဒဏ်မှ ကာကွယ်ပေးသည့်အပြင် အခြားသူများ ချောင်းမြောင်းနားထောင်ခြင်းမှလည်း တားဆီးပေးသည်။ အများသူံးဖုန်းခန်းအတွင်း၌ ထီးတစ်လက်၊ ဖုန်းစာအုပ်တစ်အုပ်နှင့် ပူပြင်းသောနေ့ရက်များတွင် အရေပြားအတွက် အသုံးပြုရန် အအေးပေး လိမ်းဆေးရည်တစ်ဘူးတို့လည်း ပါရှိသည်။