အခန်း (၉၈) ကာဗွန်-၁၄ စမ်းသပ်မှုရလဒ်များ ထွက်ပေါ်လာခြင်း
နောက်ပိုင်းတွင် လီကျန်းကော်သည် ချင်မင်းဆက် ခရီးသွားအဖွဲ့ ဂရုချတ်ကို ဖွင့်လိုက်၏။
ထို့နောက် သူ ချင်မင်းဆက်မှ ပြန်ဝတ်လာခဲ့သော အဝတ်အစားကို လူတစ်ယောက်က ယွမ် ၅ သိန်း ပေးပြီး ဝယ်ယူခဲ့ကြောင်း လီကျန်းကော်က ဂရုချတ်ထဲတွင် ပြောပြလိုက်လေသည်။
ထိုမက်ဆေ့ချ်ကို ပို့လိုက်သည်နှင့် တစ်ပြိုင်နက် ဂရုတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
[ကျန်းထောင်] - ဟာ... ၅ သိန်း... တကယ်ကြီးလား...
[ကျန်းထောင်] - @အစ်ကို လီကျန်းကော်... ဝယ်တဲ့သူရဲ့ အဆက်အသွယ်လေး ပေးလို့ရမလား။ ကျွန်တော်လည်း ရောင်းချင်လို့...
[ကန်ချန်] - နေပါဦး... ဒီဈေးနှုန်းက တစ်ခုခုတော့ မှားနေပြီ....
[ကန်ချန်] - သမိုင်းဆိုင်ရာ အနည်ထိုင်မှုဖြစ်စဉ် မရှိဘဲနဲ့ စစ်မှန်တဲ့ ရှေးဟောင်းပစ္စည်း ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ဦးလေးကျန်း ပြောခဲ့တယ် မဟုတ်လား။
[ဝူကျဲ့] - ဒါပေမဲ့ တကယ်လို့ စစ်မှန်တဲ့ ရှေးဟောင်းပစ္စည်း ဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ။ အချိန်ခရီးသွားတာတောင် ဖြစ်နိုင်သေးတာပဲ...
[ဖန်းကောင်းချန်] - ဟုတ်တယ်.... အချိန်ခရီးသွားတာတောင် တကယ်ဖြစ်လာပြီပဲ.... ငါတို့ပစ္စည်းတွေက ဘာလို့ ရှေးဟောင်းပစ္စည်း မဖြစ်နိုင်ရမှာလဲ။
[ရှီရှောင်ယွီ] - @အားလုံးပဲ... ဂရုထဲမှာ ကာဗွန်-၁၄ စမ်းသပ်မှု လုပ်ဖူးတဲ့သူ မရှိဘူးလား။
[ရှီရှောင်ယွီ] - သက်တမ်းကို ဘာလို့ သွားမစစ်ဆေးကြတာလဲ။
[ချောင်ဝမ်ပေါ်] - ကျွန်တော့်အဖေက စမ်းသပ်ဖို့ ပို့ထားတယ်။
[ချောင်ဝမ်ပေါ်] - ဒါပေမဲ့ ရလဒ်တွေက မထွက်သေးဘူး... ဘယ်တော့ထွက်မလဲဆိုတာလည်း မသိရသေးဘူး။
[ချောင်ဝမ်ပေါ်] - ခဏစောင့်... ကျွန်တော် အောက်ထပ်ဆင်းပြီး အဖေ့ကို သွားမေးလိုက်ဦးမယ်။
ဂရုချတ်မှာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေသည်။
[ကျန်းထောင်] - ဒါက သူဌေးတွေရဲ့ ကမ္ဘာလား။ သူတို့က စမ်းသပ်ဖို့ နမူနာတွေကို အချိန်မရွေး လွယ်လွယ်လေး ပို့နိုင်တာပဲ။
[ကျန်းထောင်] - [သူဌေးကြီးကို လက်ဖက်ရည် ကပ်နေသည့်ပုံ အီမိုဂျီ....]
[လီလင်း] - အခု အခြေအနေက ဘယ်လိုလဲ။
[လီလင်း] - တကယ်လို့ အဲဒါက ရှေးဟောင်းပစ္စည်းဆိုရင်တော့ ဒီဈေးနှုန်းက အဓိပ္ပာယ်ရှိတယ်။
[လီလင်း] - မဟုတ်ရင် ဘာလို့ တစ်ယောက်ယောက်က ၅ သိန်း အကုန်ခံပြီး ဝယ်ချင်ရမှာလဲ။
[ကျိုးရှင်းဖူ] - @လီကျန်းကော်... တစ်ဖက်လူက ဘယ်သူလဲ။
[ကျိုးရှင်းဖူ] - ကိုယ်ပိုင် စုဆောင်းသူလား... ဒါမှမဟုတ် အဖွဲ့အစည်းကလား။
မက်ဆေ့ချ်တွေ အများကြီးကို ကြည့်ရင်း အစပိုင်းက အံ့သြမှုကြောင့် ဝေဝါးနေသော လီကျန်းကော်၏ စိတ်က ရုတ်တရက် ရှင်းလင်းသွားရသည်။
သူ့နဖူးကိုသူ ရိုက်လိုက်မိ၏။ သူက တစ်ဖက်လူကို အစအဆုံး ဘာတစ်ခုမှ မမေးခဲ့မိဘူး ဖြစ်နေပေသည်။
‘ဒါကို ဘယ်လိုလုပ် မေ့သွားနိုင်ရတာလဲ....’
သူ သေချာ ပြန်စဉ်းစားကြည့်ရာ တစ်ဖက်လူကလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်မသွားခဲ့ချေ။
ဂရုထဲရှိ လူများက သူ၏ ပြန်စာကို စောင့်နေကြဆဲ ဖြစ်ကြောင်း မြင်သောအခါ လီကျန်းကော်က မက်ဆေ့ချ်ကို အမြန် ပြန်ပို့လိုက်၏။
[လီကျန်းကော်] - ယွမ် ၅ သိန်းဆိုလို့ ကျွန်တော် အံ့သြသွားတာနဲ့ တစ်ဖက်လူရဲ့ အခြေအနေကို မမေးလိုက်ရဘူး။
[ကျောက်လဲ့] - ဦးလေးလီ... တစ်ဖက်လူရဲ့ အခြေအနေကို ဘာမှမသိဘူးလို့ ပြောချင်တာလား။
[လီကျန်းကော်] - ဟုတ်တယ်။
[ကျန်းဟွိုင်မင်] - စိတ်ဝင်စားစရာပဲ။
[ကျန်းဟွိုင်မင်] - @အားလုံးပဲ... ဘာမှမလုပ်ကြသေးဖို့ အကြံပြုချင်တယ်။
[ကျန်းဟွိုင်မင်] - ဝမ်ပေါ်ဆီက စမ်းသပ်မှုရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့။
ဂရုထဲရှိ ဆွေးနွေးမှုများက တဖြည်းဖြည်းနှင့် ခန့်မှန်းချက် အမျိုးမျိုးဆီသို့ ဦးတည်သွားလေသည်။
ချမ်းသာသော မျိုးဆက်သစ်များက ချင်မင်းဆက်မှ ယူဆောင်လာသော အမှတ်တရပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာနေခဲ့ကြသည်။ အကယ်၍ ၎င်းတို့က တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ တကယ်ဖြစ်လာပါက အမြတ်အစွန်း အများဆုံးရရှိရန် အရင်းအနှီးများကို မည်သို့ လည်ပတ်သင့်သနည်း။
ထိုအချိန်တွင် သာမန် ဂရုအဖွဲ့ဝင်များကမူ သူတို့၏ အမှတ်တရပစ္စည်းများ မည်မျှ တန်ဖိုးရှိနိုင်ကြောင်း တွက်ချက်နေခဲ့ကြသည်။
ဂရုတာဝန်ခံ အချို့ကလည်း သီးသန့် ဂရုချတ်တစ်ခုထဲတွင် ပိုမိုနက်နဲသော ပြဿနာများကို ခွဲခြမ်းစိတ်ဖြာနေကြလေသည်။
ဤကိစ္စတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။
ပထမတစ်ခုမှာ ပစ္စည်းများကို သက်တမ်းရင့် အသွင်အပြင် ရရှိစေသော လျှို့ဝှက်ဆန်းကြယ်သည့် အချိန်ခရီးသွားခြင်းပင်။
ဒုတိယတစ်ခုမှာ ထိုအရာများက သူတို့ မသိရှိသေးသော အခြားတန်ဖိုးများ ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ၎င်းက သူတို့အတွက် ကောင်းသောအရာပင်။
ယွင်ရှန် အိမ်ရာ - ချောင်မိသားစု....
မနက်ခင်း နေရောင်ခြည်က မျက်နှာကြက်အပြည့် ပြတင်းပေါက်များမှတစ်ဆင့် စာကြည့်ခန်းထဲသို့ ဖြာကျနေပြီး ချောင်ရန်ကျိသည် သူ၏ သစ်မာရောင် စားပွဲခုံတွင် ထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေလေသည်။
တံခါးခေါက်သံ ခပ်ဖွဖွ ထွက်ပေါ်လာပြီးနောက် ချောင်ဝမ်ပေါ်က တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး အနည်းငယ် စိုးရိမ်နေပုံရသည်။ “အဖေ... စမ်းသပ်ဖို့ ပို့ထားတဲ့ ကာဗွန်-၁၄ စမ်းသပ်မှုရလဒ်တွေ ထွက်ပြီလား”
ချောင်ရန်ကျိက ကလောင်တံကို ချလိုက်ပြီး သားဖြစ်သူကို မော့ကြည့်ကာ မေးလိုက်၏။ “ဘာလို့ ရုတ်တရက်ကြီး လာမေးနေတာလဲ...”
ချောင်ဝမ်ပေါ်က ဖုန်းကိုထုတ်ပြီး ချင်မင်းဆက် ခရီးသွားအဖွဲ့၏ ဂရုချတ်ကို ဖွင့်လိုက်လေသည်။
“ဂရုထဲက တစ်ယောက်က ချင်မင်းဆက်ကနေ ယူလာတဲ့ အဝတ်အစားကို ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ရလို့ အားလုံးက အဲဒီအကြောင်း ပြောနေကြတယ်” သူက ဖုန်းကို ဖခင်ဖြစ်သူထံ ကမ်းပေးလိုက်၏။ “ပထမ ခရီးသွားအဖွဲ့က လီကျန်းကော်က သူယူလာတဲ့ အဝတ်ကြမ်းအင်္ကျီကို ယွမ် ၅ သိန်းနဲ့ ရောင်းလိုက်ရတယ်တဲ့...”
ချောင်ရန်ကျိက ဂရုမစိုက်သလို တစ်ချက်သာ ကြည့်လိုက်၏။
ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းသာ ရှိနေပြီး အတွင်းရေးကို သိနေပြီးသားပုံ ပေါက်နေကြောင်း ချောင်ဝမ်ပေါ်က ထက်မြက်စွာ သတိပြုမိသွားလေသည်။
“အဖေ... ဒါက သံသယဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား” သူက မနေနိုင်ဘဲ မေးလိုက်၏။
ချောင်ရန်ကျိက လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ကျိုက် သောက်လိုက်လေသည်။ “ခုနကပဲ ငါတို့ဂရုထဲက တစ်ယောက်ရဲ့ ခရီးသွားအမှတ်တရပစ္စည်းတွေ အဝယ်ခံလိုက်ရတယ်”
ဖခင်ဖြစ်သူ ဘာကြောင့် ဤမျှ တည်ငြိမ်နေသနည်းဆိုသည်ကို ချောင်ဝမ်ပေါ် ရုတ်တရက် သဘောပေါက်သွားရသည်။
“ဟူး... ဘယ်ဘက်က စလှုပ်ရှားတာလဲ မသိဘူး” သူက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။
ချောင်ရန်ကျစ်က အနည်းငယ် အံ့သြသွားပုံရသည်။ “မင်းတို့လူတွေက ဝယ်တဲ့သူရဲ့ အခြေအနေကို မမေးလိုက်ကြဘူးလား”
“တစ်ဖက်လူက ဈေးပေးတာကို အရမ်းလန့်သွားလို့ မေးဖို့တောင် မေ့သွားတယ်တဲ့” ဖခင်ဖြစ်သူ၏ အမူအရာကို မြင်သောအခါ ချောင်ဝမ်ပေါ်တွင် ရုတ်တရက် အတွေးတစ်ခု ဝင်လာလေသည်။ “အဖေ.. အဖေ သိနေတာလား”
အဖိုးကြီးက လက်ညှိုးကို အပေါ်သို့ ညွှန်ပြလိုက်ပြီး စကားတစ်ခွန်းကို တည်ငြိမ်စွာ ပြောလိုက်၏။ “အထက်ကပဲ”
“ဟာ...” ချောင်ဝမ်ပေါ် ဗြုန်းစားကြီး အော်လိုက်မိသော်လည်း ပြန်စဉ်းစားကြည့်လိုက်ရာ လုံးဝ အဓိပ္ပာယ်ရှိနေကြောင်း သဘောပေါက်သွားလေသည်။
“အဖေ... ကာဗွန်-၁၄ စမ်းသပ်မှုရလဒ်တွေက ဘယ်တော့ ရမှာလဲ” ချောင်ဝမ်ပေါ်က ထပ်မေးလိုက်ပြန်သည်။
ချောင်ရန်ကျိက လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး သားဖြစ်သူကို မော့ကြည့်ကာ ပြောလိုက်လေသည်။ “နောက်တစ်ရက် နှစ်ရက်လောက်ဆို ရလောက်ပါပြီ။ ငါတို့ ပိုက်ဆံ လုံလုံလောက်လောက် ပေးထားပေမဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေက အချိန်ယူရသေးတယ်လေ...”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စာကြည့်ခန်းတံခါးကို ခပ်ဖွဖွ ခေါက်သံ ထွက်ပေါ်လာလေသည်။
“ဝင်ခဲ့ပါ” ချောင်ရန်ကျိက အသံဩဩဖြင့် ပြောလိုက်၏။
အတွင်းရေးမှူးက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး အမြန်ချောပို့ စာရွက်စာတမ်း အိတ်တစ်လုံးကို ကိုင်ထားခဲ့သည်။ “မစ္စတာချောင်... ဓာတ်ခွဲခန်းက အရေးပေါ် အစီရင်ခံစာ ရောက်လာပါပြီ...”
ချောင်ဝမ်ပေါ်၏ မျက်လုံးများ လင်းလက်သွားပြီး အလောတကြီး လှမ်းယူလိုက်၏။ “ကျွန်တော် ကြည့်လိုက်မယ်...”
ချောင်ရန်ကျိက အတွင်းရေးမှူးကို ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး တံခါး ပြန်ပိတ်သွားပြီးနောက်မှ ဖိုင်အိတ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
ရွှပ်.....
စမ်းသပ်မှု အစီရင်ခံစာကို ဆွဲထုတ်လိုက်ပြီး သားအဖနှစ်ယောက်၏ မျက်လုံးများက နောက်ဆုံးစာမျက်နှာရှိ ကောက်ချက်ချထားသော အပိုင်းသို့ တစ်ပြိုင်နက် ကျရောက်သွားခဲ့ကြသည်။
[အရှိန်မြှင့် ဒြပ်ထုရောင်စဉ်တိုင်းတာခြင်းနည်းပညာဖြင့် သက်တမ်းသတ်မှတ်ချက်အရ နမူနာပစ္စည်းသည် ဘီစီ ၂၂၃ မှ ဘီစီ ၃၀ ကြားတွင် ရှိကြောင်း တွေ့ရှိရပြီး ချင်မင်းဆက် ရှေးဟောင်းပစ္စည်းများ၏ ကာလအပိုင်းအခြား လက္ခဏာများနှင့် ကိုက်ညီမှုရှိပါသည်]
“ဟာ... ” ချောင်ဝမ်ပေါ်က အစီရင်ခံစာကို ဆွဲယူလိုက်၏။ “ဒါ တကယ်ပဲ ရှေးဟောင်းပစ္စည်းလား...”
ဒါက ဘာကို ဆိုလိုသည်နည်း။
ဆိုလိုသည်မှာ ချင်မင်းဆက်မှ သူတို့ ယူလာခဲ့သော ပစ္စည်းများက အမှန်တကယ်ပင် နှစ်ပေါင်း နှစ်ထောင်ကျော် ဖြတ်သန်းလာခဲ့ပြီး အစစ်အမှန် ရှေးဟောင်းပစ္စည်းများ ဖြစ်လာခဲ့ခြင်းပင်။
သို့သော်လည်း ချောင်ရန်ကျိကမူ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေပြီး သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ပို၍ နက်နဲသော အရာတစ်ခုကို ပြင်းပြင်းထန်ထန် တွေးတောနေခဲ့သည်။
“ဒါရိုက်တာကျန်းရဲ့ အချိန်ခရီးသွားတာက ငါတို့ ထင်ထားတာထက်တောင် ပိုပြီး အံ့သြဖို့ကောင်းနေသေးတယ်...”
‘ကျန်းယဲ့ရဲ့ စွမ်းဆောင်ရည်တွေကို ငါ လုံလုံလောက်လောက် အထင်ကြီးထားပြီးပြီလို့ ထင်ခဲ့တာ’
လူတွေကို အချိန်နဲ့ ဟင်းလင်းပြင်တွေကို ဖြတ်ကျော်ပြီး ခေါ်ဆောင်သွားနိုင်စွမ်းဆိုတာ သူတို့ရဲ့ စိတ်ထဲမှာ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအင်တစ်ခုလို မှတ်ယူထားခဲ့တာ ကြာချေပြီ။
သို့သော်လည်း သူတို့က အရမ်း ရိုးအလွန်းနေပုံရပေသည်။
ချောင်ရန်ကျီအနေဖြင့် ယခုအချိန်တွင် ကျန်းယဲ့၏ စွမ်းဆောင်ရည်များကို အမြင့်ဆုံးဖြစ်နိုင်သည်ဟု တွေးထားလျှင်ပင် သူ့ကို လျှော့တွက်ထားဆဲ ဖြစ်နေမည်ဟု ဘယ်တုန်းကမှ တွေးမိမည် မဟုတ်ချေ။
သူတို့၏ လက်ရှိ နားလည်မှုအဆင့်က ရှိသင့်သည့် အစစ်အမှန် အဆင့်နှင့် အလှမ်းကွာဝေးနေဆဲပင်။
ချောင်ဝမ်ပေါ်က ဖုန်းကို အလောတကြီး ကောက်ကိုင်လိုက်ပြီး ချင်မင်းဆက် ခရီးသွားအဖွဲ့ ဂရုချတ်ထဲတွင် အလျင်အမြန် စာရိုက်လိုက်၏။
[ချောင်ဝန်ပေါ်] - ညီအစ်ကိုတို့... သတင်းထူးပဲ!
[ချောင်ဝန်ပေါ်] - ဓာတ်ခွဲခန်း စမ်းသပ်မှု အစီရင်ခံစာ ထွက်လာပြီကွ။
[ချောင်ဝန်ပေါ်] - ငါတို့ ယူလာခဲ့တဲ့ ပစ္စည်းတွေက တကယ် ရှေးဟောင်းပစ္စည်းတွေပဲ.....
ထိုမက်ဆေ့ချ်က ဂရုချတ်တစ်ခုလုံးကို ချက်ချင်း ဆူညံပွက်လောရိုက် သွားစေခဲ့သည်။
[ကန်းချန်] - ဟာ....
[ကန်းချန်] - ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ငါတို့ကို ချီးမြှင့်ခဲ့တဲ့ ဆုလာဘ်တွေဆိုတော့... အဲဒါက...
ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်သည်ဟူသော စကားလုံးများက ကြီးမားလှသော အလေးချိန် ရှိကြောင်း... အထူးသဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်များထဲမှ တစ်ပါး၏ လက်တော်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်းကို လူတိုင်း သိကြပေသည်။
ထိုအရာပေါ်တွင် ဂုဏ်သတင်းကြီးမားလှသော တော်ဝင်နန်းတွင်း ကုန်ပစ္စည်းပေးသွင်းသူဟူသော တံဆိပ်ကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် ဤပေါင်းစပ် ဗျူဟာများက လက်တွေ့တွင် သွားလာလှုပ်ရှားနေသော ရွှေတွင်းကြီးတစ်ခု ဖြစ်နေပေမည်။
ဤပစ္စည်းများထဲမှ မည်သည့်ပစ္စည်းမဆို လေလံပွဲများတွင် သွေးချောင်းစီး တိုက်ပွဲများကို ဖြစ်ပေါ်စေနိုင်၏။
၎င်းတို့ အစစ်အမှန် ရှေးဟောင်းပစ္စည်းများ ဖြစ်လာသည်ဆိုသော အချက်မှာ ရုတ်တရက် ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။
လွန်ခဲ့သော အချိန်ကတည်းက ကြိုတင် အရိပ်အမြွက်ပြခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက တတိယမြောက် ချင်မင်းဆက် ခရီးသွားအဖွဲ့ ရှန်းယန်သို့ သွားရောက်လည်ပတ်စဉ်အတွင်း စီးပွားရေးခေါင်းဆောင်ခြောက်ဦးကြား ဆွေးနွေးခဲ့သည့် စကားဝိုင်းကို ပြန်လည်စစ်ဆေးကြည့်နိုင်ပေသည်။
ထိုနေရာတွင် ၎င်းတို့က ဤအချက်ကို သိမ်မွေ့စွာ အရိပ်အမြွက် ပြောခဲ့ကြသည်။
(NT- အဲ့အရင်အခန်းမှာပါတယ်နော် အရိပ်အမြွတ် .....)