အခန်း (၉၇) အမှတ်တရပစ္စည်းများ၏ တန်ဖိုး
“မစ္စတာ ချန်မော့လား...” သပ်ရပ်စွာ ဖီးသင်ထားသော ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားက တည်ငြိမ်ပြီး သြဇာပါသော အသံဖြင့် မေးလိုက်၏။
ချန်မော့ မျက်မှောင်ကြုတ်သွားပြီး တံခါးဘောင်ရှေ့သို့ မသိစိတ်ဖြင့် ပိတ်ရပ်လိုက်လေသည်။ “ခင်ဗျားတို့က ဘယ်သူတွေလဲ...”
“အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်” လူငယ်ဖြစ်သူက ပြောလေသည်။ “မစ္စတာ ချန်... စိတ်လှုပ်ရှားမနေပါနဲ့။ ဒီနေ့ ကျွန်တော်တို့ လာတာ ခင်ဗျားနဲ့ စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ...”
“စီးပွားရေးကိစ္စ ဆွေးနွေးမလို့ ဟုတ်လား...” ချန်မော့က တံခါးလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပို၍ သတိထားသွားချေသည်။ “ကျွန်တော်က အလွတ်တန်းအလုပ် လုပ်တဲ့သူပါ... ခင်ဗျားတို့နဲ့ ဆွေးနွေးစရာ ဘာစီးပွားရေးမှ မရှိဘူး။ လူမှားလာတယ်လို့ ထင်ပါတယ်...”
သူတို့နှစ်ဦးက အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူ၏ သတိထားနေမှုကို ဂရုစိုက်ပုံမပေါ်ချေ။
သပ်ရပ်စွာ ဖီးသင်ထားသော ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားက ပြုံးကာ ပြော၏။ “မစ္စတာ ချန်... ခင်ဗျား မနေ့က ခရီးသွားအမှတ်တရပစ္စည်း တချို့ ယူလာခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒါကပဲ ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ စီးပွားရေးကိစ္စပါပဲ”
ခရီးသွားအမှတ်တရပစ္စည်းဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ချန်မော့၏ မျက်လုံးသူငယ်အိမ်တို့ ရုတ်တရက် ကျုံ့သွားချေသည်။
သူတို့တွင် ခရီးသွားအမှတ်တရပစ္စည်းများ ရှိနေကြောင်း သိနိုင်သည့် တစ်ဦးတည်းသောသူမှာ ခရီးသွားအဖွဲ့ထဲမှ တစ်ယောက်ယောက်သာ ဖြစ်နိုင်ပေသည်။
ချန်မော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “ခင်ဗျားတို့ကို ဘယ်သူက ပြောတာလဲ”
“မစ္စတာလီပါ...”
မစ္စတာလီလား။
ချန်မော့၏ စိတ်ထဲတွင် လူနှစ်ယောက်ကို တွေးမိသွားလေသည်။
ပရော်ဖက်ဆာလီလီချန် နှင့် လီကျန်းကော်....
“ပရော်ဖက်ဆာလီလား။ ဒါမှမဟုတ် တပ်ရင်းမှူး လီ လား...” ချန်မော့က တိုးညင်းသောအသံဖြင့် မေးလိုက်၏။
လူလတ်ပိုင်းအမျိုးသားက ချက်ချင်းမဖြေချေ။ ယင်းအစား သူက လူရှုပ်နေသော စင်္ကြံလမ်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားခဲ့သည်။ “မစ္စတာချန်... ဒီနေရာမှာပဲ ဆက်ဆွေးနွေးဖို့ သေချာရဲ့လား...”
ထိုအခါမှ ချန်မော့လည်း အခြေအနေကို နားလည်သွားပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် လမ်းဖယ်ပေးလိုက်ကာ ပြောလိုက်၏။ “အထဲဝင်ပါ...”
သူတို့နှစ်ဦးသည် ကျဉ်းမြောင်းသော အငှားအခန်းလေးထဲသို့ ဝင်လာကြပြီး အက်ကွဲနေသော ကြမ်းပြင်ပေါ်တွင် သူတို့၏ တန်ဖိုးကြီး သားရေဖိနပ်များက တကျွိကျွိ မြည်သွားစေခဲ့သည်။
သပ်ရပ်သော ဆံပင်နှင့် အမျိုးသားက အခန်းကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခုတင်ခေါင်းရင်းရှိ အဝတ်ကြမ်းထုတ်လေးပေါ်သို့ အကြည့်ရောက်သွား၏။
“ထိုင်ကြပါဦး...”
ချန်မော့က အခန်းထဲရှိ တစ်ခုတည်းသော ပလတ်စတစ်ခုံ နှစ်ခုံကို အနည်းငယ် အနေခက်စွာဖြင့် ညွှန်ပြလိုက်ရသည်။
သူတို့နှစ်ဦးသည် တည်ငြိမ်အေးဆေးစွာဖြင့် ဝင်ထိုင်လိုက်ကြလေသည်။
ချန်မော့က ခုတင်စွန်းတွင် ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ထားလိုက်၏။ “အခု ပြောလို့ရပြီလား... ဘယ် မစ္စတာလီလဲဆိုတာ”
လူလတ်ပိုင်းအမျိုးသားက တိုက်ရိုက်ပင် ဖြေလိုက်သည်။ “တပ်ရင်းမှူး လီကျန်းကော်ပါ”
ဤအဖြေက ချန်မော့ကို အံ့သြသွားစေခဲ့သည်။
သူက ပရော်ဖက်ဆာလီဟု ထင်ထားခဲ့သော်လည်း နောက်တစ်ယောက် ဖြစ်နေခဲ့ချေသည်။
လူငယ်ဖြစ်သူက ၎င်းကိုမြင်သောအခါ ရယ်မောလိုက်၏။ “မစ္စတာချန်အနေနဲ့ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ အခု နားလည်လောက်ပြီ ထင်ပါတယ်”
ချန်မော့က အတွေ့အကြုံမရှိသူ တစ်ယောက်တော့ သေချာပေါက် မဟုတ်ချေ။ အမှန်တရားကို သူ သိနေပြီးဖြစ်၏။
သူက ရှေ့မှ လူနှစ်ဦးကို သိမ်မွေ့စွာ အကဲခတ်လိုက်ရာ ရင်ထဲတွင် မသက်မသာ ဖြစ်မှုများ ပြည့်နှံ့သွားရသည်။
“ခင်ဗျားတို့နှစ်ယောက်က ဘယ်သူ့ကို ရှာနေတာလဲတော့ မသိဘူး...”
“ခုနက စီးပွားရေးကိစ္စ ဆွေးနွေးမလို့လို့ ပြောထားတယ် မဟုတ်လား...” လူလတ်ပိုင်းအမျိုးသား၏ အကြည့်က ခုတင်ဘေး စားပွဲပေါ်ရှိ အထုပ်လေးဆီသို့ ကျရောက်သွားလေသည်။
လူငယ်ဖြစ်သူက ချန်မော့၏ တင်းမာနေမှုကို သတိပြုမိသွားပြီး သူ၏အသံကို လျှော့ချလိုက်သည်။ “မစ္စတာချန်... ဖိအားဝင်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဈေးနှုန်းကို လာစုံစမ်းရုံသက်သက်ပါ။ ရောင်းချဖို့ဆိုတာကတော့ ခင်ဗျားရဲ့ သဘောဆန္ဒအပေါ်မှာပဲ အပြည့်အဝ မူတည်ပါတယ်”
သူက ရိုးသားစွာ ဆက်ပြော၏။ “ကျွန်တော်တို့က ဒီမူဝါဒကို လုံးဝလိုက်နာမှာပါ”
လူလတ်ပိုင်းအမျိုးသားက အချိန်ကိုက် ဝင်ပြောလေသည်။ “ဈေးနှုန်းနဲ့ ပတ်သက်လို့ကတော့ ခင်ဗျား ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”
ထို့နောက် သူက လက်ဆွဲအိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ယူကာ ချန်မော့ထံ ကမ်းပေးရင်း ပြောလေသည်။ “ဒါက ကျွန်တော်တို့ အဆိုပြုထားတဲ့ ဝယ်ယူမယ့် စာရင်းနဲ့ ဈေးနှုန်းတွေပါ။ မစ္စတာချန် တစ်ချက် ကြည့်ကြည့်လို့ ရပါတယ်...”
ချန်မော့က ဖိုင်တွဲကို လှမ်းယူလိုက်၏။ ထို့နောက် တစ်ပြားလျှင် ယွမ် ၅ သောင်းတန်ဖိုး သတ်မှတ်ထားသော တာလီယွမ်ပေါင်း ကြေးဒင်္ဂါးဆိုသည့် စာသားပေါ်သို့ အကြည့်ရောက်သွားချိန်တွင် သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားရတော့သည်။
ဒီတစ်ခေါက် သူ ယူလာခဲ့သော တာလီယွမ်ပေါင်း ကြေးဒင်္ဂါးတွဲတွင် ဒင်္ဂါးပြား ငါးဆယ် ပါဝင်ပေသည်။
စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်လိုက်ပြီးနောက် သူ၏ ခေါင်းထဲတွင် ကိန်းဂဏန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
နှစ်သန်းခွဲ....
ချန်မော့၏ အသက်ရှူသံများ ရုတ်တရက် ပြင်းထန်လာ၏။
ကိန်းဂဏန်းက အလွန် တုန်လှုပ်ဖွယ် ကောင်းလွန်းသဖြင့် သုညတစ်လုံး ပိုထည့်မိသွားသလားဟု သူ အကြိမ်ကြိမ် ပြန်စစ်ဆေးနေမိသည်။
နှစ်သန်းခွဲ... ထိုကိန်းဂဏန်းက သူ၏ စိတ်ထဲတွင် ဆက်တိုက် လည်ပတ်နေချေသည်။
အရင်က သူ ယူထားခဲ့သော ဟွာပေး နှင့် ကျဲ့ပေး ချေးငွေများအားလုံးကို မျက်တောင်တစ်ခတ်အတွင်း ဆပ်နိုင်မည်ဖြစ်ပြီး မြို့တွင် အခြေချရန်အတွက် လုံလောက်သော ငွေပမာဏတစ်ခုလည်း ကျန်ရှိနေဦးမည် ဖြစ်သည်။
မနေ့ကတင် သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွား၍ အုတ်သယ်ရန် စီစဉ်နေခဲ့ပြီး ကန်ထရိုက်တာတစ်ဦးကို သိသော ရွာခံတစ်ယောက်ထံ ဆက်သွယ်ရန်ပင် တွေးခဲ့သေးပေသည်။ သို့သော် အခုတော့...
အကယ်၍သာ ပိုက်ဆံမရှိ၍ ထိုအချိန်က ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့မည်ဆိုလျှင် အခုလို အခြေအနေမျိုး ရောက်လာမည်မဟုတ်သလို ဤ ၂.၅ သန်းကိုလည်း ရလာမည် မဟုတ်ချေ။
‘ဒါက ဒဏ္ဍာရီထဲကလို လူကောင်းတွေ ကောင်းကျိုးခံစားရတယ်ဆိုတာမျိုးလား... ’
ချန်မော့မှာ သူ၏ ကိုယ်ပိုင် တွေးတောမှုများကြောင့်ပင် စိတ်လှုပ်ရှားသွားရလေသည်။
ထို့နောက်တွင်မှ လိမ်လည်သူများကို တားဆီးရန်နှင့် သူ့ကို ယုံကြည်သူများ အလိမ်မခံရစေရန်အတွက် မဟုတ်လျှင် သူ အလုအယက် သွားဖြစ်မည် မဟုတ်ကြောင်းကို ပြန်လည် သတိရသွားမိသည်။
ဒီလိုတွေးကြည့်လိုက်ပြန်တော့လည်း ချန်မော့မှာ သူ၏ ကိုယ်ပိုင် လုပ်ရပ်များအတွက် ကြည်နူးသွားရပြန်ပေသည်။
‘ဟားးဟားး ... ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ တကယ်ပဲကိုး...’
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ချန်မော့ ဆက်ဖတ်လိုက်၏။
ပါရှား ငွေဒင်္ဂါး - ဈေးနှုန်း ယွမ် ၁ သိန်း ၂ သောင်း (အခြေအနေကောင်းမွန်သော ဒင်္ဂါးများအတွက် ၂၀ ရာခိုင်နှုန်း ပိုပေးမည်)။
ခူချာ မြေအိုးပန်းကန်လုံး - တစ်လုံးလျှင် ယွမ် ၈ သောင်း (အလှဆင်ဒီဇိုင်း အပြည့်အစုံပါသော ပန်းကန်များအတွက် ၁၅ ရာခိုင်နှုန်း ပိုပေးမည်)။
သူ၏ မျက်လုံးများက ဈေးနှုန်းစာရင်းကို အစအဆုံး အခေါက်ခေါက်အခါခါ ဖတ်နေမိပြီး သူ၏ နှလုံးခုန်နှုန်းမှာ ပို၍ပို၍ မြန်ဆန်လာရသည်။
ခူချာရှိ ကုန်သည်တစ်ဦးထံမှ ရရှိခဲ့သော ပါရှားငွေဒင်္ဂါးမှာ ရှင်းလင်းသော ပုံစံများရှိပြီး အခြေအနေ အလွန်ကောင်းမွန်ပေသည်။
မြေအိုးပန်းကန်လုံး နှစ်လုံးမှာ ကြမ်းတမ်းသော်လည်း ၎င်းတို့ထဲမှ တစ်လုံးမှာ အတွင်းဘက် နံရံတွင် အနောက်တိုင်းဒေသ ပုံစံများ အပြည့်အစုံ ရေးထွင်းထားခဲ့သည်။
အမြန် တွက်ချက်ပြီးနောက် ချန်မော့က ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ “ကြေးဒင်္ဂါး လေးဆယ်၊ ငွေဒင်္ဂါး တစ်ပြား နဲ့ ဒီဇိုင်းပုံစံပါတဲ့ မြေအိုးပန်းကန်လုံး တစ်လုံး”
လူငယ်ဖြစ်သူ၏ မျက်လုံးများ လင်းလက်သွားရသည်။ “ပညာရှိတဲ့ ရွေးချယ်မှုပါပဲ”
သူက ဖုန်းကို ချက်ချင်း ထုတ်လိုက်၏။ “ကျွန်တော်တို့ အခုပဲ ပိုက်ဆံလွှဲပေးလို့ ရပါပြီ...”
လူလတ်ပိုင်းအမျိုးသားက ချန်မော့ ထုတ်ပေးလာသော ရှေးဟောင်းပစ္စည်း တစ်ခုချင်းစီကို ဂရုတစိုက် ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်လိုက်လေသည်။ သူ၏ လှုပ်ရှားမှုများက ပြတိုက် သုတေသနပညာရှင် တစ်ဦးကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်လှ၏။
“ဒင်....”
နောက်ခဏ၌ ဖုန်း အသိပေးချက်အသံက ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။
“၈၈၁၃ ဖြင့် အဆုံးသတ်သော သင့် စုဆောင်းငွေကတ်ထဲသို့ ယွမ် ၂,၃၆၀,၀၀၀ ဝင်ရောက်လာပါသည်”
ချန်မော့က မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများကို စိုက်ကြည့်နေမိပြီး သူ၏ အသက်ရှူသံများ ခဏတာ ရပ်တန့်သွားရသည်။
နှစ်သန်း သုံးသိန်း ခြောက်သောင်း... ငါ့အကောင့်ထဲကို ဒီလိုပဲ ရောက်လာခဲ့ပြီ....
အရောင်းအဝယ် ပြီးစီးသွားပြီးနောက် ထိုနှစ်ဦးက ယဉ်ကျေးစွာ နှုတ်ဆက် ထွက်ခွာသွားကြသည်။
တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ချန်မော့သည် ထန်မင်းဆက် ခရီးသွားအဖွဲ့ ဝီချတ်ဂရုထဲသို့ ဝင်ရန် မစောင့်နိုင်တော့ချေ။
[ချန်မော့] - ညီအစ်ကိုတို့.. သတင်းကောင်းကြီးဗျို့...
[ချန်မော့] - ကျွန်တော် ယူလာခဲ့တဲ့ ကြေးဒင်္ဂါးနဲ့ ငွေဒင်္ဂါး တချို့ကို အခုလေးတင် ရောင်းလိုက်ရတယ်။
[ချန်မော့] - [ဘဏ်မက်ဆေ့ချ် စခရင်ရှော့]
[ချန်မော့] - အားလုံးပဲ ခင်ဗျားတို့ ယူလာခဲ့တာတွေကို မြန်မြန် ပြန်စစ်ကြည့်ကြ... အဲဒါတွေက တန်ဖိုးကြီးတယ်ဗျ...
မက်ဆေ့ချ်ပို့ပြီးနောက် ကျန်ရှိနေသော ကြေးဒင်္ဂါး ဆယ်ပြားနှင့် သာမန် မြေအိုးပန်းကန်လုံးဆီသို့ သူ လှည့်ကြည့်လိုက်၏။
ဒါတွေကိုတော့ သူ အမြဲတမ်း သိမ်းထားရန် ဆုံးဖြတ်လိုက်လေသည်။
ချန်မော့ မက်ဆေ့ချ် ပို့ပြီးနောက် ဆယ်စက္ကန့်ပင် မကြာမီတွင် ဂရုချတ်ထဲ၌ မက်ဆေ့ချ်များ ပေါက်ကွဲထွက်လာခဲ့ကြသည်။
[ချီခယ်ခယ်] - .......
[ချီခယ်ခယ်] - ချန်မော့... ငါတို့ကို ပျော်အောင်လို့ ဒီပုံကို ဖိုတိုရှော့ လုပ်ထားတာလား....
[ချီခယ်ခယ်] - [အံ့သြနေသော ကြောင်ခေါင်း အီမိုဂျီ]
[ကျိုးမေ့ရှား] - နေပါဦး... ဒါက မဟုတ်သေးဘူး။
[ကျိုးမေ့ရှား] - ငါတို့ ယူလာခဲ့တဲ့ ပစ္စည်းတွေက သမိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို မဖြတ်သန်းခဲ့ရဘူးဆိုတော့ သီအိုရီအရ စစ်မှန်တဲ့ ရှေးဟောင်းပစ္စည်းလို့ မသတ်မှတ်နိုင်ဘူး မဟုတ်လား...
[လျိုဟောင်] - ရှေးဟောင်းသုတေသန ရှုထောင့်ကနေ ကြည့်ရင်တော့ တကယ်ကို အဓိပ္ပာယ်မရှိပါဘူး။
[ကောရွှိုက်] - မင်း ရောင်းလိုက်ရတဲ့ ဈေးနှုန်းကို ကြည့်ရတာ တစ်ဖက်လူက ရှေးဟောင်းပစ္စည်း ဈေးနဲ့ ဝယ်သွားတာပဲ။
[စုရှောင်ရှောင်] - @ချန်မော့... ဘယ်သူက ဝယ်သွားတာလဲ...
[ချောင်ရန်ကျစ်] - ဝယ်တဲ့သူက ဘယ်သူလဲ....
ချန်မော့က ဂရုထဲရှိ မက်ဆေ့ချ်များကို ကြည့်ပြီး အမြန် ပြန်စာပို့လိုက်၏။
[ချန်မော့] - တပ်ရင်းမှူးလီရဲ့ လူတွေထဲက တစ်ယောက်ပါ။
ဤစကားများ ပြောပြီးသွားသောအခါ ဂရုထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားချေသည်။
စုရှောင်ရှောင်၊ ကောရွှိုက် နှင့် ချောင်ရန်ကျစ်တို့ကဲ့သို့ ဉာဏ်ကောင်းသူများက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသွားကြ၏။
အစိုးရ အရာရှိများအနေဖြင့် အကြောင်းပြချက်မရှိဘဲ ဤအရာများကို လိုက်လံစုဆောင်းမည် မဟုတ်သလို အထူးသဖြင့် ဈေးကြီးပေး၍ ဝယ်မည် မဟုတ်ချေ။