အခန်း (၉၆) ဝယ်ယူခြင်း
[ချင်လုံ] - အေးလေ... အရင်က အဲဒီဂရုမှာ တချို့လူတွေက ဒါကို တကယ်ယုံကြတယ်ဆိုတာ ငါ မယုံနိုင်ဘူး... ငါပဲ အရမ်း အလေးအနက်ထားလွန်းနေတာလားလို့တောင် တွေးမိတယ်...
(NT- မူရင်းမှာကလေ ငိုနေတဲ့ Emj အဲ့လိုလေးတွေပါတယ် ဒါပေမဲ့ ကျွန်တော်က မထည့်တော့ဘူးနော် ရှုပ်နေမှာဆိုးလို့)
[ချင်လုံ] - ငါ့အကဲဖြတ်မှုက မှန်နေတာပဲ....
[D တက္ကသိုလ်] - ဒီအကြောင်းအရာကို ငါ ရင်းနှီးပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တိုရင်မှာ ဆက်စပ်ဗီဒီယိုတစ်ခု တွေ့လိုက်သေးတယ်... e-sports အသိုင်းအဝိုင်းဆီ ဒီလောက်မြန်မြန် ပြန့်လာမယ်လို့ မထင်ထားဘူး....
ထိုအချိန်မှာပင်။
[ကောရွှိုက် (ပရော်ဖက်ရှင်နယ် အိုင်ဒီ - ဂေါ့ဒ်ကော)] - တကယ်ပဲ....
ရိုးရှင်းသော စကားလုံးနှစ်လုံးက ဂရုတစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။
[အဖွဲ့ဝင် က] - ဟာ ကောရှန်...
[အဖွဲ့ဝင် ခ] - ဒါ ကောရွှိုက် ကိုယ်တိုင်လား....
[အဖွဲ့ဝင် ဂ] - နေပါဦး... ကောရှန်က တကယ်ပဲလို့ ပြောတာ ဘာသဘောလဲ...
ချင်လုံ ကြက်သေ သေသွားလေသည်။
နှစ်ပေါင်းများစွာ အရိပ်ထဲတွင် ပုန်းကွယ်နေခဲ့သော e-sports အသိုင်းအဝိုင်းမှ ဤဂန္ထဝင်ပုဂ္ဂိုလ်ကြီးက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားသလို တစ်ဖက်လူက ချန်မော့ဘက်မှ ဝင်ပြောပေးလိမ့်မည်ဟုလည်း သူ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
ကောရွှိုက်သည် e-sports အသိုင်းအဝိုင်းတွင် ထူးခြားသော နေရာတစ်ခုရှိကြောင်း သိထားရန် အရေးကြီးပေသည်။
လောင်ယင်းနှင့် Dတို့ နှစ်ဦးစလုံးက နာမည်ကြီး ကစားသမားများ ဖြစ်ကြသော်လည်း ကောရွှိုက်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ကောရွှိုက်က ချမ်းသာသော မိသားစုမှ ဆင်းသက်လာပြီး ထူးခြားသည့် ရုပ်ရည်သွင်ပြင် ရှိရုံသာမက ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ဤများပြားလှသော ဂုဏ်ပုဒ်များက သူ့ကို ထိပ်တန်းကစားသမားများ စုဝေးရာ အသိုင်းအဝိုင်းတွင် ပိရမစ်၏ ထိပ်ဆုံး၌ ရပ်တည်နေစေလေသည်။
[ချင်လုံ] - ကောရှန်... ခင်ဗျား နောက်နေတာ ဖြစ်ရမယ်...
[ကောရွှိုက် (ပရော်ဖက်ရှင်နယ် အိုင်ဒီ - ဂေါ့ဒ်ကော)] - ငါ နောက်နေတာ မဟုတ်ဘူး....
ဂရုချတ်မှာ ချက်ချင်း တိတ်ဆိတ်သွားချေသည်။
စက္ကန့်အနည်းငယ်အကြာတွင် မက်ဆေ့ချ်များက မျက်နှာပြင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။
[အဖွဲ့ဝင် ဂ] - ကောရှန် ကိုယ်တိုင် ပြောလာမှတော့ ဘယ်လိုလုပ် အတုဖြစ်နိုင်တော့မှာလဲ....
[အဖွဲ့ဝင် ဃ] - ကောရှန်... ခင်ဗျားရော ပါဝင်ခဲ့တာလား...
[အဖွဲ့ဝင် စ] - တကယ်ကြီးလား... ကောရှန်၊ ခင်ဗျား တကယ်ရော ပါဝင်ခဲ့တာလား...
ချင်လုံ လုံးဝ ဆွံ့အသွားရသည်။
သူ မူလက ပြဿနာရှာရန်နှင့် ချန်မော့ကို အရှက်ခွဲရန် ရည်ရွယ်ခဲ့ပြီး သူ၏ဒေါသကို ဖြေဖျောက်ရန်အတွက် ဟီးရိုးများ၏ တိုက်ပွဲဂရုတွင် စခရင်ရှော့များကို တင်ခဲ့ခြင်းဖြစ်၏။ သို့သော် မထင်မှတ်ဘဲ ၎င်းက ချန်မော့၏ စကားများကို ပို၍ ယုံကြည်နိုင်ဖွယ် ဖြစ်သွားစေလေသည်။
မက်ဆေ့ချ်များကို ပြန်စာပို့ပြီးနောက် ကောရွှိုက်က သူတို့၏ မေးခွန်းများကို လုံးဝ မဖြေတော့ဘဲ အော့ဖ်လိုင်းသို့ ချက်ချင်း ထွက်သွားလိုက်သည်။
ကောရွှိုက်နှင့် အဆက်အသွယ်ရှိသော လုပ်ငန်းတွင်းရှိ လူများစွာက ဂရုထဲမှ မက်ဆေ့ချ်ကို မြင်ပြီးနောက် အခြေအနေကို မေးမြန်းရန် သီးသန့်စာများ ပို့လာကြ၏။
ကောရွှိုက်က သူနှင့် ရင်းနှီးသူအချို့၏ မက်ဆေ့ချ်များကိုသာ ရွေးချယ်ပြီး ပြန်စာပို့လိုက်ရာ ပါဝင်သော အကြောင်းအရာမှာ အားလုံး တူညီနေပေသည်။
[အတည်ပြောနေတာ... မင်းဘာသာ စမ်းကြည့်လိုက်... ပြီးရင် သိလာလိမ့်မယ်။]
ကောရွှိုက်၏ ပြန်စာကို မြင်လိုက်ရသော e-sports ပရိုကစားသမားများအားလုံး ကြက်သေ သေသွားကြရသည်။
ဟန်ကျိုးရှိ မြို့ပြရွာများမှ အငှားအိမ်ရာ.....
မိုးလင်းလာသည်နှင့်အမျှ ကျဉ်းမြောင်းသော အငှားအခန်းလေးထဲတွင် တရုတ်တိုင်းရင်းဆေး၏ ခါးသက်သက် အနံ့များ ပြည့်နှံ့နေချေသည်။
လီကျန်းကော်သည် ခုတင်ပေါ်ရှိ သူ၏ မိခင်အိုကြီးကို နောက်ဆုံး ဆန်ပြုတ်တစ်လုပ် ဂရုတစိုက် ခွံ့ကျွေးလိုက်ပြီး သူ၏ဇနီးဖြစ်သူ ဝမ်ရှို့ဖန်ကမူ မရပ်မနား ချောင်းဆိုးနေသော သူတို့၏ သားလေးကို စောင်ခြုံပေးလိုက်သည်။
“ဆေးသောက်ပြီးပြီလား....” လီကျန်းကော်က တိုးညင်းသောအသံဖြင့် မေးလိုက်၏။
“သောက်ပြီးပြီ” ဝမ်ရှို့ဖန် သက်ပြင်းချလိုက်လေသည်။ “ဒီလအတွက် ဆေးဖိုးက လာပြန်ပြီ...”
သူမ စကားမဆုံးမီ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လင်မယားနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြ၏။
'ဒီအချိန်ကြီး ဘယ်သူများ လာပါလိမ့်...'
ဝမ်ရှို့ဖန်က လက်ကိုသုတ်လိုက်ပြီး ဆေးလွင့်နေသော သစ်သားတံခါးကို ဖွင့်လိုက်လေသည်။
သပ်ရပ်သော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေပြီး သူတို့တစ်ဦးစီတွင် လက်ဆွဲအိတ် တစ်လုံးစီ ပါကြသည်။
“တောင်းပန်ပါတယ်... ခင်ဗျားတို့က လီကျန်းမိသားစုကလား” ဦးဆောင်လာသော အမျိုးသားက ယဉ်ကျေးစွာ မေးလိုက်၏။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်” ဝမ်ရှို့ဖန်က သူမ၏ အရောင်ကျနေသော အင်္ကျီစွန်းကို အနေခက်စွာ ဆုပ်ကိုင်လိုက်လေသည်။
အိမ်ထဲသို့ ဝင်လာပြီးနောက် ထိုအမျိုးသားနှစ်ဦးက သူတို့၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလေသည်။ “မစ္စတာလီ... ခင်ဗျား ပြီးခဲ့တဲ့ခရီးစဉ်ကနေ ယူလာခဲ့တဲ့ အမှတ်တရပစ္စည်းကို ကျွန်တော်တို့ ဝယ်ချင်လို့ပါ...”
လီကျန်းကော် ကြောင်အမ်းသွားရသည်။ “ဘာ အမှတ်တရပစ္စည်းလဲ...”
“အဲဒါက...” အမျိုးသားက အသံကို နှိမ့်လိုက်၏။ “ချင်မင်းဆက်ကနေ ခင်ဗျား ယူလာခဲ့တဲ့ အဝတ်အစားပါ...”
လီကျန်းကော်၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားပြီး နံရံထောင့်ဆီသို့ မသိစိတ်ဖြင့် ကြည့်လိုက်မိ၏။
ထို ညစ်ထေးထေး မီးခိုးရောင် အဝတ်ကြမ်းအင်္ကျီက ဗီရိုဟောင်းပေါ်တွင် တွန့်ကြေစွာ တင်ထားလျက်ရှိပေသည်။
သူ ပြန်ရောက်လာပြီးနောက် ၎င်းကို ထိုနေရာတွင် ပေါ့ပေါ့ပါးပါးပင် တင်ထားခဲ့ခြင်း ဖြစ်၏။ သူ၏ဇနီးပင်လျှင် အလွန်ဟောင်းနွမ်းနေပြီဟု ထင်ကာ လျှော်ဖွပ်ရန် မယူခဲ့ချေ။
ချင်မင်းဆက်မှ ယူလာခဲ့ခြင်း ဖြစ်သောကြောင့်သာ လီကျန်းကော်က ၎င်းကို မလွှင့်ပစ်ဘဲ သိမ်းထားခဲ့ခြင်း ဖြစ်သည်။
“ခင်ဗျား...” လီကျန်းကော်၏ လည်စေ့က လှုပ်ရှားသွားရသည်။ “ခင်ဗျား ဘယ်လိုသိတာလဲ”
အမျိုးသားက အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏မေးခွန်းကို မဖြေချေ။ ယင်းအစား သူ၏ လက်ဆွဲအိတ်ထဲမှ ချက်လက်မှတ်တစ်ခုကို ထုတ်ယူလိုက်၏။ “ငါးသိန်းပါ... ငွေသားနဲ့ ပေးချေလည်း ရပါတယ်”
ဝမ်ရှို့ဖန်၏ လက်ထဲမှ အဝတ်စုတ်က ဘုတ်ကနဲ မြေကြီးပေါ်သို့ ကျသွားရသည်။
ခုတင်ပေါ်ရှိ ကလေးလေးမှာ လန့်နိုးသွားပြီး အားနည်းစွာဖြင့် နှစ်ခါခန့် ချောင်းဆိုးလိုက်၏။
လီကျန်းကော်သည် နာမကျန်းဖြစ်နေသော သူ၏သားနှင့် မိခင်အိုကြီးကို နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ညစ်ပတ်စုတ်ပြတ်နေသော ချင်မင်းဆက်မှ အဝတ်အစားကို ကြည့်လိုက်ရာ ကမ္ဘာကြီးက ရယ်စရာကောင်းလောက်အောင် အဓိပ္ပာယ်မဲ့နေသည်ဟု ရုတ်တရက် ခံစားလိုက်ရပေသည်။
“မစ္စတာလီ... ရောင်းဖို့ ဆန္ဒရှိလား” အမျိုးသားက စိတ်ရှည်စွာ မေးလိုက်၏။
“ရောင်းမယ်... သေချာပေါက် ရောင်းမှာပေါ့” လီကျန်းကော်သည် ကြောင်အမ်းနေရာမှ သတိဝင်လာပြီး တစ်ဖက်လူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။
ဝမ်ရှို့ဖန်ကလည်း အလျင်အမြန် ဝင်ပြောလေသည်။ “ဟုတ်ကဲ့.. ဟုတ်ကဲ့.. ကျွန်မတို့ ရောင်းပါမယ်”
ဝတ်စုံပြည့်နှင့် အမျိုးသားက အနည်းငယ် ပြုံးလိုက်ပြီး ချက်လက်မှတ်ကို ကမ်းပေးမည် ပြုစဉ် လီကျန်းကော်က ခဏတာ တုံ့ဆိုင်းသွားလေသည်။ “ပိုက်ဆံကို တိုက်ရိုက် လွှဲပေးလို့... လွှဲပေးလို့ ရမလား။ အလီပေးကနေလည်း ရပါတယ်”
တစ်ဖက်လူမှာ ကြိုတင်ပြင်ဆင်ထားပြီးပုံရကာ ဖုန်းကို အသင့်ထုတ်လိုက်ပြီး ပြောလေသည်။ “ပြဿနာ မရှိပါဘူး..”
စက္ကန့်အနည်းငယ်အကြာတွင် ဒင်ဟူသော အသံ ထွက်ပေါ်လာခဲ့သည်။
[အလီပေးမှတစ်ဆင့် ယွမ် ၅ သိန်း လက်ခံရရှိပါသည်]
စက်ရုပ်ဆန်ဆန် အမျိုးသမီးအသံက ကျဉ်းမြောင်းသော အငှားအခန်းလေးထဲတွင် ပဲ့တင်ထပ်သွားပြီး လင်မယားနှစ်ယောက်ကို ကြက်သေ သေသွားစေချေသည်။
ထိုအမျိုးသားနှစ်ဦး စုတ်ပြတ်နေသော အဝတ်အစားကို ယူ၍ ထွက်သွားပြီးနောက် တံခါးပိတ်ထားသည်မှာ အတော်ကြာသည့်တိုင်အောင် ဝမ်ရှို့ဖန်သည် မလှုပ်မယှက် ရပ်နေဆဲပင်။
“ဖြန်း...”
သူမ ရုတ်တရက် လက်ကိုမြှောက်ပြီး ကိုယ့်ပါးကိုယ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
“ဟ... မင်း ဘာလုပ်တာလဲ..” လီကျန်းကော် လန့်သွားရသည်။
“နာတယ်... တကယ် နာတယ်” ဝမ်ရှို့ဖန်က သူမ၏မျက်နှာကို အုပ်လိုက်ပြီး မျက်ရည်များ စီးကျလာခဲ့သည်။ “ဒါ အိပ်မက်မဟုတ်ဘူး... တကယ် အိပ်မက် မဟုတ်ဘူး”
သူမက သားဖြစ်သူဆီ ပြေးသွားပြီး သူ၏ သေးသွယ်ပိန်လှီနေသော ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ ဖက်ထားကာ ငိုလိုက် ရယ်လိုက်ဖြင့် ပြောလေသည်။ “မျှော်လင့်ချက် ရှိလာပြီ.... ငါ့သားလေး ကယ်တင်ခံရပြီ... သူ ဆေးရုံကြီးကို သွားလို့ရပြီ”
လီကျန်းကော်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်ဝလာပြီး သူ၏ ဇနီးနှင့် ကလေးကို သွားရောက် ပွေ့ဖက်ထားလိုက်ချေသည်။
ဝမ်ရှို့ဖန်က ရှိုက်ငိုရင်း မော့ကြည့်လိုက်ပြီး သူမ၏ အသံက ဆို့နင့်နေခဲ့သည်။ “ကျန်းကော်... ကျွန်မကို ခွင့်လွှတ်ပါ။ အရင်က ကျွန်မ မညည်းညူခဲ့သင့်ဘူး... ငွေဖြုန်းတယ်လို့ မပြောခဲ့သင့်ဘူး”
သူမ၏ ခင်ပွန်း ထိုချင်မင်းဆက် ခရီးစဉ်မှ ပြန်ရောက်လာကတည်းက ကတိပေးထားသော ယွမ်တစ်သိန်းကို မရှာနိုင်ခဲ့သည့်အပြင် ယွမ်တစ်ထောင်ပါ ဆုံးရှုံးခဲ့ရသည်။
ဤယွမ် တစ်ထောင်က သူတို့မိသားစု၏ တစ်လစာ နေထိုင်စရိတ်ထက်ပင် ပိုများပေသည်။
သူမ တွေးလေလေ ပို၍ ဝမ်းနည်းလေလေ ဖြစ်ရ၏။ ဈေးကို ဖြတ်သွားတိုင်း သူမ ဝယ်ဖို့ မတတ်နိုင်သော ငါးနှင့် အသားများကို မြင်ရသည့်အခါ ထိုငွေစက္ကူ အထပ်လိုက်ကြီး လွင့်ပျံသွားသည့် မြင်ကွင်းက သူမ၏ မျက်စိရှေ့တွင် ပေါ်လာပြီး ရင်ကွဲမတတ် ခံစားရပေသည်။
လီကျန်းကော်က ခေါင်းခါလိုက်ပြီး သူ၏ ကြမ်းတမ်းသော လက်များက ဇနီးဖြစ်သူ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်လေသည်။ “ရပါတယ်... အခု အရာအားလုံး ပြီးသွားပါပြီလေ မိန်းမရဲ့...”
ပြတင်းပေါက် အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်သည်။
ပါးလွှာသော လိုက်ကာများကြားမှ နေရောင်ခြည်က ဖြာကျလာပြီး လူနာကုတင်ပေါ်ရှိ ကလေး၏ မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။
ကောင်လေး၏ ဖြူရော်နေသော ပါးပြင်ပေါ်တွင် သွေးရောင်လေးများ လွှမ်းလာသကဲ့သို့ ရှိပေသည်။
ငါးသိန်း....
စုတ်ပြတ်နေသော အဝတ်အစားတစ်ထည်ကို ယွမ် ၅ သိန်းဖြင့် လဲလှယ်လိုက်ခြင်းဖြစ်ပြီး ၎င်းက သူတို့ မိသားစု ခြောက်ယောက်၏ မျှော်လင့်ချက်များ၊ အထူးသဖြင့် သူတို့ သားလေး၏ မျှော်လင့်ချက်များကို ကိုယ်စားပြုပေသည်။
လီကျန်းကော် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ အချိန်အတော်ကြာ ဆက်သွယ်ခြင်း မပြုခဲ့သော နံပါတ်တစ်ခုကို ရှာလိုက်၏။
[ဒါရိုက်တာကျန်း... ကျေးဇူးတင်ပါတယ်]
ဖုန်ချန် မြို့ပြရွာ....
ဒေါက် ဒေါက် ဒေါက် ဒေါက်....
အလောတကြီး တံခါးခေါက်သံက ချန်မော့ကို အိပ်ရာမှ နိုးသွားစေခဲ့သည်။
သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ရာ အပြင်ဘက်တွင် လင်းနေပြီဖြစ်၏။ ကုတင်ဘေး စားပွဲပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ရာ ၁၀း၂၃ နာရီ။
ညဉ့်နက်သည်အထိ နေလေ့ရှိသူများအတွက် ၁၀း၃၀ နာရီဆိုသည်မှာ အလွန်စောနေသေးချေသည်။
“မနက်အစောကြီး ဘယ်သူပါလိမ့်” သူက ရေရွတ်လိုက်ပြီး တီရှပ်တစ်ထည်ကို ကောက်စွပ်ကာ ဖိနပ်စီး၍ တံခါးဖွင့်ရန် သွားလိုက်လေသည်။
တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ချန်မော့ ချက်ချင်း အိပ်ချင်စိတ်များ ပျောက်သွားရသည်။
သပ်ရပ်သော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ တစ်ဦးမှာ အသက် လေးဆယ်ခန့်ရှိပြီး သပ်ရပ်စွာ ဖီးသင်ထားသော ဆံပင်ပုံစံရှိကာ လက်ကောက်ဝတ်တွင် မသိမသာ ဇိမ်ခံနာရီတစ်လုံးကို ပတ်ထားလေသည်။
အခြားတစ်ဦးမှာ အသက်ပိုငယ်ပြီး ဆန်းပြားသော လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားကာ မျက်မှန်နောက်ကွယ်မှ သူ၏ အကြည့်များက စူးရှပြီး တည်ငြိမ်နေခဲ့သည်။