အခန်း (၉၅) ခုခေတ်လူလိမ်တွေက ညီကိုချင်းတောင် လိမ်နေကြပြီလား...
ကျန်းယဲ့တွင် ဖောက်သည်ရှာရန် နှစ်ရက် အချိန်ရသေးသဖြင့် အွန်လိုင်းတွင် လူစိတ်ဝင်စားမှု ရအောင်လုပ်ရန် မလောချေ။
ထို့အပြင် မင်မင်းဆက်နှင့် ပတ်သက်သော ဗီဒီယို အထောက်အထားများ မရှိသော်လည်း ကြိုတင် ကြော်ငြာရန် မလိုအပ်တော့ပေ။
သို့သော်လည်း စနစ်က အွန်လိုင်းအရောင်းလမ်းကြောင်းများကို ဖွင့်ပေးလိုက်ကတည်းက ကြီးမားသည့် အစီအစဉ်တစ်ခု ရှိနေမည်ဟု ကျန်းယဲ့ အမြဲတမ်း ခံစားနေရ၏။
'အကိုစနစ်... မင်း ဘာတွေ ကြံစည်နေတာလဲ....'
ကျန်းယဲ့က အချိန်ကို တစ်ချက်ကြည့်လိုက်၏။
၁၀း၄၀ နာရီ...
အချိန်လင့်နေပြီဖြစ်၍ မျက်နှာသစ်၊ သွားတိုက်ပြီး အိပ်ရာဝင်ရန် အချိန်ရောက်ချေပြီ။
'ငါ့ရဲ့ အသက်ရှင်သန်မှုက ပိုအရေးကြီးတယ်....'
ဖုန်ချန် အငှားအိမ်ရာ....
ချန်မော့ဟာ ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး ဟီးရိုးများ၏တိုက်ပွဲဂိမ်းအုပ်စု၏ ချတ်ဝင်းဒိုးက တောက်လျှောက် လင်းလက်နေခဲ့သည်။
[ဂရုအက်ဒမင်] အိုကေ - ကျစ်.... တစ်စောင်မှ မရလိုက်ဘူး..... ထန်မင်းဆက်အဖွဲ့ လက်မှတ် ရလိုက်တဲ့သူ ရှိလား....
[အက်ဒမင်] ဘစ်ဘတ် - ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး ထင်နေတာ... ဒါပေမယ့် စက္ကန့်ပိုင်းအတွင်း ရောင်းကုန်သွားတယ်.... ဒီလိုမျိုးကို ယုံတဲ့ အရူးတွေက ဘယ်သူတွေလဲကွ.....
[အဖွဲ့ဝင်] ဘရားသားလင်း - တခြားလူတွေလည်း ငါတို့လိုပဲ အပျော်သဘော ဝင်လုကြတာများလား.....
[အဖွဲ့ဝင်] အာဖေး - @ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း.... အစ်ကိုမော့... ခင်ဗျား အောင်မြင်သွားလား.....
ချန်မော့က လက်ထဲရှိ ကြေးပြားအကြွေစေ့ကို ချလိုက်ပြီး စာတစ်ကြောင်း ရိုက်လိုက်၏။
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - ငါ ရလိုက်တယ်.....
ဂရုချတ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားခေသည်။
[ဂရုအက်ဒမင်] အိုကေ - ဟာ.... လက်မြန်တာ လျှပ်စီးပဲ....
[အက်ဒမင်] ဘစ်ဘတ် - မိုက်တယ်.... လိမ်ခံရမယ့်သူ တစ်ယောက် လျော့သွားတာပေါ့....
[အဖွဲ့ဝင်] အာဖေး - အစ်ကိုမော့က ကုသိုလ်တွေ အများကြီး လုပ်လိုက်တာပဲ....
[အဖွဲ့ဝင်] ဘရားသားလင်း - အစ်ကိုမော့ နောက်ထပ် ကုသိုလ်တစ်ခု လုပ်လိုက်ပြန်ပြီဗျာ.....
သူ့ကို အားပေးနေသည်များကို ကြည့်ရင်း ချန်မော့ ရင်ထဲ ဆို့နင့်သွားရလေသည်။
သူက ဂရုထဲတွင် စာသုံးကြောင်းကို လျင်မြန်စွာ ပို့လိုက်၏။
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - ငါ အားလုံးကို ရှင်းပြချင်တာတစ်ခု ရှိတယ်....
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - ရီယဲ့ ခရီးသွားအေဂျင်စီက လိမ်လည်တာ မဟုတ်ဘူး... ကျန်းယဲ့ကလည်း လိမ်လည်သူ မဟုတ်ဘူး။
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - အချိန်ခရီးသွားတာ တကယ်ပဲ.... အန်းရှီးတပ်မတော်ကလည်း တကယ်ပဲ... ပြီးတော့ အရာအားလုံးကလည်း တကယ်အစစ်မှန်ပဲ....
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - ငါ အရင်က အမြင်ကျဉ်းပြီး ဗဟုသုတ နည်းခဲ့တယ်... တစ်ဖက်လူကို အထင်လွဲခဲ့မိတယ်။ မင်းတို့ ငါ့ကို ယုံရင် ရီယဲ့ ခရီးသွားအေဂျင်စီရဲ့ အကောင့်အောက်မှာ ကံစမ်းကြည့်လို့ရတယ်... ပြီးရင် ငါပြောတာတွေက အမှန်ဆိုတာ မင်းတို့ သိလာလိမ့်မယ်။
ဂရုချတ်မှာ ရုတ်တရက် တိတ်ဆိတ်သွားချေသည်။
စာကြောင်း လေးကြောင်းက ချတ်ဝင်းဒိုးတွင် ရုတ်တရက် ပေါ်လာပြီး လူတိုင်း၏ ပါးစပ်ကို ပိတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် ချန်မော့က ဂရုချတ်ကို ပိတ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ကျန်းယဲ့၏ ဖုန်းနံပါတ်ကို ရှာလိုက်၏။
သူ စာရိုက်လိုက်၊ ပြန်ဖျက်လိုက် လုပ်နေပြီး နောက်ဆုံးတွင် ရိုးရှင်းသော စာတစ်ကြောင်းကိုသာ ပို့လိုက်ပေသည်။
[ဒါရိုက်တာကျန်း... ကျွန်တော် တောင်းပန်ပါတယ်....]
ကျန်းယဲ့ အိပ်ရာဝင်ရန် ပြင်နေစဉ် ချန်မော့ထံမှ တောင်းပန်စာ ရုတ်တရက် ဝင်လာသဖြင့် လုံးဝ ကြောင်အမ်းသွားရသည်။
'ဒီကောင်က ဘာတွေလုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် လုပ်ခဲ့လို့လဲ... '
ကျန်းယဲ့က မေးခွန်းထုတ်သည့် သင်္ကေတတစ်ခုကို ပြန်ပို့လိုက်၏။
ချန်မော့က မိနစ်အနည်းငယ် အကြာတွင် စာပြန်ပို့လိုက်သည်။
ကျန်းယဲ့က ရှည်လျားသော စာကြောင်းများကို ဖတ်ပြီးနောက် ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်း နားလည်သွားရသည်။
သူက ဂရုမစိုက်စွာဖြင့် ချန်မော့ကို အရေးမစိုက်သည့် အီမိုဂျီတစ်ခု ပြန်ပို့ကာ နှုတ်ဆက်ပြီး အိပ်ရာဝင်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ကိုယ့်အသက်ကို ကယ်တင်ခြင်းက အရေးကြီးဆုံးပဲလေ။
ကျန်းယဲ့၏ ပြန်စာကို ဖတ်ပြီးနောက် ချန်မော့ အနည်းငယ် သက်ပြင်းချလိုက်နိုင်လေသည်။
ထို့နောက် သူက ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ဆယ်မိနစ်အကြာတွင် ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီး စိုနေသော ဆံပင်ကို သုတ်နေစဉ် ဖုန်းက ခုတင်ဘေးစားပွဲပေါ်တွင် တုန်ခါနေဆဲဖြစ်သည်။
ချန်မော့က ဖုန်းကို ကောက်ကိုင်လိုက်ရာ မျက်နှာပြင်တွင် မဖတ်ရသေးသော မက်ဆေ့ချ် ၉၉ ကျော် စုပုံနေပြီး အားလုံးမှာ ဟီးရိုးများ၏ တိုက်ပွဲ ဂရုမှပင်။
[ဂရုအက်ဒမင်] အိုကေ - @ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း အစ်ကို... အတည်ပြောနေတာလား....
[အက်ဒမင်] ဘစ်ဘတ် - ဟာ... အစ်ကိုမော့ အကောင့် အဟက်ခံရတာလား....
[အဖွဲ့ဝင်] အာဖေး - ဟားဟားဟား.... ဒီနောက်ပြောင်မှုက နည်းနည်း လွန်သွားပြီနော်......
သူ ရှင်းပြရန် စာရိုက်မည် ပြင်နေစဉ်မှာပင် မျက်စိကျိန်းလောက်သော စာသားများ ဆက်တိုက် ပေါ်လာလေသည်။
[ချင်လုံ] - အိုး... ငါတို့ရဲ့ လက်မြန်ဘုရင် ပြန်ရောက်လာပြီလား.....
[ချင်လုံ] - @ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း၊ မင်းနဲ့ ကျန်းယဲ့ ပူးပေါင်းပြီး ညီအစ်ကိုတွေကို ထောင်ချောက်ဆင်ဖို့ လုပ်နေတာလား.... မင်းမှာ လိပ်ပြာလုံစိတ် လုံးဝမရှိတော့ဘူးလားကွ....
[ရှောင်လုံမန်] - ဟုတ်တယ်... ဘာတဲ့... အချိန်ခရီးသွားတယ်ဆိုတဲ့ ဇာတ်လမ်းက ဘာလဲ.... ငါတို့ကို သုံးနှစ်သား ကလေးတွေလို့ ထင်နေတာလားဟ...
[ချင်လုံ] - အားလုံးပဲ ကြည့်ကြပါ.... ဒါက ငါတို့ ဂရုရဲ့ အဖွဲ့ဝင်ဟောင်း တစ်ယောက်ပါ။ သူက ကော်မရှင်လေး နည်းနည်းအတွက်နဲ့ ဘာမဆိုလုပ်ရဲလောက်အောင် အရှက်မရှိတဲ့ကောင်ပဲ.....
ချင်လုံကို မြင်သည်နှင့် ချန်မော့ မျက်မှောင်ကြုတ်သွားရသည်။
အရွယ်ရောက်ခါစ ကောင်မလေးတစ်ယောက်ကို လိမ်လည်ရာတွင် ကူညီရန် ငြင်းဆန်ခဲ့သဖြင့် သူတို့နှစ်ယောက် အဆင်မပြေ ဖြစ်ခဲ့ကြသည်။
'ဟက်.... အခု ငါ့ကို အခွင့်အရေးရရင် ကိုက်တော့မယ်ပေါ့လေ...'
ချန်မော့က သူ့ကို အလိုမလိုက်တော့ဘဲ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - @ချင်လုံ၊ မင်းကို ထောင်ချောက်ဆင်ရအောင် မင်းဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလို့လဲ။ မင်းကို ငါက ထောင်ချောက်ဆင်ရမယ်ပေါ့ ထွီး...
[ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း] - ဒါက ယုံနိုင်စရာမရှိဘူးဆိုတာ ငါသိတယ်... ပြီးတော့ မင်းတို့ထဲက အများစုကလည်း အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြမှာပဲ... ရတယ်... ရွှေစစ်ရင် မီးကို မကြောက်ဘူးလေ.... အချိန်က စကားပြောသွားလိမ့်မယ်။ အသင်းဖော်ဟောင်း တစ်ယောက်အနေနဲ့ ငါ့ရဲ့ အကျင့်စရိုက်ကို မင်းတို့ ယုံကြည်တယ်ဆိုရင် ဘာလို့ တစ်ခါလောက် မစမ်းကြည့်တာလဲ....
ရီယဲ့ ခရီးသွားအေဂျင်စီသည် ယခုမှ စတင်နေခြင်းသာဖြစ်ပြီး နာမည်ကြီးလာသည်နှင့် ဤကဲ့သို့ အခွင့်အရေးမျိုး ထပ်ရရန် မဖြစ်နိုင်တော့ကြောင်း ချန်မော့ ကောင်းစွာ သိပေသည်။
သူတို့အားလုံးက သူနှင့်အတူ ဂိမ်းဆော့ဖော်ဆော့ဖက် သူငယ်ချင်းကောင်းများ ဖြစ်သောကြောင့် သူက စေတနာဖြင့် သတိပေးခြင်းသာ။
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူတို့၏ ကံတရားအပေါ်တွင်သာ မူတည်ချေသည်။
မည်သို့ပင်ဆိုစေ အတင်းအကျပ် ခူးဆွတ်သော အသီးသည် မချိုမြိန်သကဲ့သို့ နွားကို ရေအတင်းတိုက်၍လည်း မရချေ။
ဤစာကို ပို့ပြီးနောက် သူက ဂရုချတ်မှ ထွက်လိုက်ပြီး ဖုန်းကို ခုတင်ပေါ်သို့ ပစ်တင်လိုက်၏။
အရင်ကဆိုလျှင် ချန်မော့သည် ချင်လုံနှင့် အပြိုင်အဆိုင် ဖြစ်ရန် သေချာပေါက် အားထုတ်ပေလိမ့်မည်။
သို့သော် ယနေ့တွင် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ စိတ်ဝင်စားမှုကို အနည်းငယ်မျှပင် မရှာဖွေနိုင်တော့။
၎င်းက လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က အနောက်တိုင်းဒေသသို့ ခရီးစဉ်တစ်ခုမျှသာ ဖြစ်ပြီး နားထင်၌ ဆံပင်ဖြူနေသော စစ်သည်တစ်စုနှင့် တွေ့ဆုံခြင်းမျှသာ ဖြစ်သော်လည်း သူ၏ ရင်ထဲမှ အချို့သော စွဲလမ်းမှုများက ရုတ်တရက် မှေးမှိန်သွားခဲ့ရသည်။
ချန်မော့ တိတ်ဆိတ်သွားသော်လည်း ချင်လုံကမူ သူ့ကို အလွတ်မပေးသေးဘဲ ဂရုချတ်ထဲတွင် မက်ဆေ့ချ်များ ဆက်တိုက် ပို့နေဆဲပင်။
[ချင်လုံ] - @ဆိုင်းလန့်စ်အစ်စ်ဂိုးဒင်း၊ သေချင်ယောင် ဆောင်နေတာလား...
[ချင်လုံ] - အပြစ်ရှိသလို ခံစားနေရပြီလား.... မင်းမှာ အဲဒီလောက် စွမ်းဆောင်ရည်ရှိရင် အဲဒီ လိမ်လည်တဲ့ ခရီးသွားလမ်းညွှန်ကို မျက်နှာချင်းဆိုင် ရှင်းဖို့ ခေါ်လာခဲ့လေ....
...
မက်ဆေ့ချ်များ ဆက်တိုက် ပေါ်လာသော်လည်း ဂရုချတ်ထဲတွင် လက်အောက်ငယ်သား အနည်းငယ်သာ တုံ့ပြန်ကြပြီး ကျန်သူများမှာ တိတ်ဆိတ်နေကြလေသည်။
မည်သို့ပင်ဖြစ်စေ ချင်လုံသည် ဤနယ်ပယ်တွင် နာမည်ပျက်ရှိသူ ဖြစ်၏။ သူက ပြဿနာရှာရန်နှင့် ဇာတ်လမ်းဖန်တီးရန် နှစ်သက်ပြီး မည်သူကမျှ သူ့အတွက် အသုံးချခံ လက်နက် မဖြစ်ချင်ကြချေ။
ချင်လုံ၏ ဖုန်းက တုန်ခါသွားခဲ့သည်။ သူ၏ လက်အောက်ငယ်သား တစ်ယောက်က သူ့ထံ သီးသန့်စာ ပို့လာခြင်းပင်။
[အစ်ကိုလုံ... ထားလိုက်ပါတော့.... ဂရုထဲမှာ ဘယ်သူမှတောင် ပြန်မပြောကြတော့ဘူး...]
ချင်လုံက မျက်နှာပြင်ကို စိုက်ကြည့်လိုက်ရာ သူ၏မျက်နှာက ဖြူလျော့သွားပြီးနောက် နီရဲလာကာ နောက်ဆုံးတွင် ဖုန်းကို ဆိုဖာပေါ်သို့ ဆောင့်ချလိုက်လေသည်။
ချင်လုံသည် တွေးလေလေ ဒေါသထွက်လေလေဖြစ်ပြီး သူ၏ဒေါသကို မျိုမချနိုင်တော့ချေ။
ဒီဂရုမှာ အဆင်မပြေရင် တခြားဂရုတွေမှာ လုပ်လို့မရဘူးလို့ ဆိုလိုတာလား။
ချင်လုံက သုံးပြည်ထောင် ဟီးရိုးများဂရု၏ ချတ်အင်တာဖေ့စ်ကို စခရင်ရှော့ ရိုက်ယူလိုက်ပြီးနောက် ၎င်းတို့ကို တခြား ဂိမ်းဂရုများသို့ ပေးပို့လိုက်၏။
[ချင်လုံ] - ညီအစ်ကိုတို့ကို ရယ်စရာတစ်ခု ပြောပြချင်လို့။ စခရင်ရှော့ကို ကြည့်လိုက်— [ချတ်မှတ်တမ်း စခရင်ရှော့]
[ချင်လုံ] - ဟားဟား.... တကယ်ပဲ အချိန်ခရီးသွားတာကို ယုံတဲ့သူ ရှိနေသေးတာလား..... ဒီအရူးက သူ့ညီအစ်ကိုတွေကို လှည့်စားဖို့ ဇာတ်လမ်းတစ်ခု ဖန်တီးခဲ့တာ.... တကယ်ကို ယုတ်မာလွန်းတယ်။
[ရှောင်လုံမန်] - ဟုတ်တယ်.... ဒီခေတ်မှာ လိမ်လည်သူတွေက အရမ်း ကောက်ကျစ်တယ်..... သူတို့ ညီအစ်ကိုအရင်းတွေကိုတောင် လိမ်သေးတယ်ကွာ...
[အဖွဲ့ဝင် က] - ဟားဟားဟား.... ဒီခေတ်မှာ ဒီလိုဟာမျိုးကို ယုံတဲ့သူတွေ ရှိသေးတာလား....
[အဖွဲ့ဝင် ခ] - ဒီလူက ဂိမ်းဆော့တာကို စွဲလမ်းနေတာလား.....
ဂိမ်းအုပ်စု အမျိုးမျိုးတွင် မက်ဆေ့ချ်များ ဆက်တိုက် ပြန့်နှံ့သွားချေသည်။
တုံ့ပြန်သူများ ရှိလာသည်ကို မြင်သောအခါ ချင်လုံဟာ ပို၍ပင် မောက်မာလာပြီး ချန်မော့နှင့် ကျန်းယဲ့တို့ ပူးပေါင်းကာ ငွေလိမ်လည်နေကြောင်း ကောလာဟလများပင် စတင် ဖြန့်ဝေလာခဲ့သည်။
သို့သော်လည်း လူအများစုမှာ ပွဲကြည့်ရန်အတွက်သာ ဝင်ကြည့်နေကြခြင်း ဖြစ်သည်။
ဤလူများ၏ သဘောတူညီမှုက ချင်လုံကို ယုံကြည်မှု ပေးလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချတ်မှတ်တမ်း စခရင်ရှော့ကို အထွတ်အထိပ်ဘုရင်များ ဖလှယ်ရေးဂရုဟုခေါ်သော အဆင့်မြင့် e-sports ဂရုတစ်ခုသို့ ထပ်တင်လိုက်ပြန်သည်။
ဤဂရုတွင် ပရော်ဖက်ရှင်နယ် ကစားသမားများနှင့် နာမည်ကြီး စထရင်းမားများ အပြည့်အနှက် ရှိပေသည်။ သူတို့က အဆင့်မြင့် ပြိုင်ပွဲများနှင့် နည်းဗျူဟာပိုင်း ခွဲခြမ်းစိတ်ဖြာမှုများကိုသာ အဓိက ဆွေးနွေးလေ့ရှိပြီး သာမန် စကားစမြည် ပြောဆိုခြင်းမျိုး အလွန်နည်းပါးလှသည်။
ချင်လုံသည် ပရော်ဖက်ရှင်နယ် လူငယ်သင်တန်းသားအဖြစ် နှစ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး စီနီယာတစ်ဦး၏ မိတ်ဆက်ပေးမှုကြောင့်သာ ဤဂရုသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ မသိနားမလည်မှုများ ပေါ်လွင်သွားမည်ကို စိုးရိမ်သဖြင့် ဂရုထဲတွင် စကားပြောသည့်အခါ သူသည် အမြဲတမ်း အလွန်သတိထားလေ့ရှိလေသည်။
မက်ဆေ့ချ်ပို့ပြီးနောက် မသင့်လျော်ကြောင်း သူ ရုတ်တရက် သတိပြုမိသွားပြီး ပြန်ဖျက်ရန် ပြင်နေစဉ်မှာပင် ပြန်စာတစ်ခု ပေါ်လာခဲ့သည်။
[လင်းယုန်] - ဟားဟားဟား... ဒီခေတ် လိမ်လည်သူတွေက ဒီလောက်တောင် ခေတ်မီနေပြီလား....
ထိုပြန်စာကြောင့် ချင်လုံ ချက်ချင်း တက်ကြွသွားရသည်။
တခြား ဂရုများတွင် မောက်မာပြီး ဗိုလ်ကျတတ်သော်လည်း ဤနေရာတွင်မူ သူက အထူးတလည် နှိမ့်ချနေလေ့ရှိပေသည်။