အခန်း (၉၄) နောက်ဆုံးရမစ်ရှင်
ချောင်ကတော်သည် သူမ၏ ခင်ပွန်းဘေးသို့ လျှောက်သွားပြီး သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ “ဘာဖြစ်လို့လဲဟင်...”
ချောင်ရန်ကျိက အသက်ပြင်းပြင်း ရှူလိုက်ရာ စစ်မြေပြင်ဆီသို့ ပြေးသွားကြသော ထိုဆံပင်ဖြူ ဝါရင့်စစ်သည်ကြီးများ၏ ပုံရိပ်က သူ၏မျက်စိရှေ့တွင် ပြန်လည်ပေါ်လာသကဲ့သို့ ရှိလေသည်။
မီးရောင်အောက်တွင် သူတို့က သံချပ်ကာများ ဝတ်ဆင်ထားပြီး စစ်မြေပြင်ဆီသို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဦးတည်သွားခဲ့ကြသည်။
“ခူချာ ရှေးဟောင်းမြို့တော်ဆီ ငါ သွားလည်ချင်တယ်” သူက နောက်ဆုံးတွင် ဩရှသောအသံဖြင့် ပြောလိုက်၏။ “ခေတ်သစ် ခူချာမြို့ဟောင်း အပျက်အစီးတွေဆီပေါ့”
ချောင်ကတော်က ခဏရပ်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ... ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့ပါ့မယ်...”
ချောင်ဝမ်ပေါ်နှင့် ချောင်ခယ်ရှင်းတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် နားလည်သွားကြရသည်။
ဖခင်ဖြစ်သူ ယူဆောင်လာခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်ထောင်က အမှတ်တရပစ္စည်းသက်သက် မဟုတ်ဘဲ နက်ရှိုင်းစွာ မေ့မရနိုင်သော မှတ်ဉာဏ်တစ်ခုလည်း ဖြစ်နေချေသည်။
ချောင်ရန်ကျိက ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အဝေးမှ ညကောင်းကင်ယံကို ကြည့်လိုက်၏။
လွန်ခဲ့သော နှစ်မိနစ်က သူသည် ရှေးဟောင်း ခူချာမြို့တော်တွင် ရှိနေပြီး မိုးခြိမ်းသံကဲ့သို့ စစ်ဗုံသံများကို နားထောင်နေခဲ့ရသည်။ ယခုမူကား သမိုင်း၏ အပိုင်းအစများကို လက်ထဲတွင် ဆုပ်ကိုင်လျက် သူ၏ ခေတ်သစ်နေအိမ်တွင် ရပ်နေပေသည်။
ထိုစစ်သည်များ၏ နောက်ဆုံးပုံရိပ်များက သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ဘယ်သောအခါမှ မေ့ဖျောက်၍မရနိုင်သော မြင်ကွင်းတစ်ခုအဖြစ် ကိန်းအောင်းသွားခဲ့ပြီဖြစ်၏။
.........
စစ်ဒေသ ဆက်သွယ်ရေးဌာန....
တပ်ရင်းမှူးဝမ်ထျဲ့သည် ကျောက်ရှောင်ဟူ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားမှုအကြောင်း သူ၏အထက်လူကြီးများထံသို့ ဖုန်းဖြင့် သတင်းပို့နေခဲ့သည်။
ရုတ်တရက် သူ၏အနောက်ရှိ ထိုင်ခုံမှ မျက်စိကျိန်းလောက်သော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
ဝမ်ထျဲ့ သတင်းပို့ပြီးနောက် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး အဖြူရောင် အလင်းတန်းထဲမှ တဖြည်းဖြည်း ပေါ်လာသော ပုံရိပ်ကို စိုက်ကြည့်လိုက်၏။
ကျောက်ရှောင်ဟူသည် သူ၏မူလနေရာ၌ပင် အထိအခိုက်မရှိ ရှိနေပြီး အနောက်တိုင်းဒေသ၏ လေနှင့် သဲရနံ့များ ပါလာဆဲဖြစ်သည်။
“တပ်ရင်းမှူး....” ကျောက်ရှောင်ဟူ စကားစပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် ဝမ်ထျဲ့က သူ၏ပခုံးကို ဆွဲကိုင်လိုက်၏။
“မင်း ကောင်လေး....” ဝမ်ထျဲ့၏ အသံက တင်းမာလေသွားသည်။ “မင်း ဘယ်တွေ သွားနေတာလဲ”
“ကျွန်တော် ထန်မင်းဆက်ကို ရောက်သွားတာပါ....”
ထိုစဉ် ဘေးခန်းရှိ ဆက်သွယ်ရေးအခန်းထဲတွင်။
စတုတ္ထတပ်ရင်းမှ တပ်ခွဲမှူး ကျန်းတာပင်းသည် လီကျန့်ကော် ပျောက်ဆုံးသွားမှုအကြောင်း သတင်းပို့ရန် ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် နောက်သို့လှည့်ကြည့်လိုက်ရာ တပ်ရင်းမှူး၏ ကုလားထိုင်မှ အဖြူရောင် အလင်းတန်း လင်းလက်နေသည်ကို မြင်လိုက်ရသည်။
ကျန်းတာပင်း နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိ၏။
နောက်ခဏ၌ လီကျန့်ကော်၏ ပုံရိပ်က အဖြူရောင် အလင်းတန်းထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော တပ်ရင်းမှူးသည် ယခုအခါ လက်ထဲတွင် စက္ကူဖာသေတ္တာ တစ်လုံးကို ကိုင်ထားချေသည်။
“တပ်ရင်းမှူးလား...” ကျန်းတာပင်း၏ အသံက ပြောင်းလဲသွားလေသည်။
လီကျန့်ကော်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။ “ငါ ပြန်ရောက်ပြီလို့ ချက်ချင်း သတင်းပို့လိုက်...”
...........
ဟောင်ကောင်ကျွန်း.... စုမိသားစု စံအိမ်....
စုရှောင်ရှောင် မျက်လုံးဖွင့်လိုက်ချိန်တွင် သူမက စတုရန်းမီတာ ၁၀၀ အပြည့်ရှိသော သူမ၏ အဝတ်လဲခန်း အလယ်တွင် ရပ်နေလေသည်။
ပတ်ပတ်လည်တွင် မှန်ဗီရိုများရှိပြီး ထိုအထဲတွင် လီမိတက်အက်ဒီရှင် ဟားမက်စ်အိတ်များနှင့် ကာတီယာအဆင့်မြင့် လက်ဝတ်ရတနာများအပြင် မဖွင့်ရသေးသော ဇိမ်ခံဖိနပ်ဘူးများ အစီအရီကို ပြသထားခဲ့သည်။
သူမ၏ အကြည့်များက အောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားရာ သူမ၏ ခြေရင်းရှိ အဝတ်ကြမ်းအိတ်က တင်သွင်းလာသော အီတလီ ကက်ရှ်မီးယား ကော်ဇောနှင့် သိသိသာသာ ကွဲလွဲဆန့်ကျင်နေချေသည်။
စုရှောင်ရှောင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အဝတ်အိတ်၏ ကြမ်းတမ်းသော မျက်နှာပြင်ကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။
ကြိုးများကို ဖြေလိုက်ချိန်တွင် အနောက်တိုင်းဒေသမှ သဲမှုန်အချို့က တရှဲရှဲ အသံလေးဖြင့် ကျဆင်းလာခဲ့သည်။
အဝတ်အိတ်ထဲတွင် သွန်းလုပ်ထားသည့် အမှတ်အသားများပါသော တာလီယွမ်ပေါက် ကြေးပြားအကြွေစေ့တွဲများ၊ နွေးထွေးသော ကျောက်စိမ်းပြား အချို့၊ အရောင်အသွေးစုံလင်သော အနောက်တိုင်းဒေသ အထည်များ၊ သေသပ်လှပသော ဟူပုံစံ ဆံထိုးများနှင့် အန်းရှီးတပ်မတော်မှ တေးဂီတပညာရှင်အိုကြီးက လက်ဆောင်ပေးလိုက်သော မြွေရေခွံ အာဟုတယောတို့ ပါဝင်သည်။
သူမက ကြေးပြားအကြွေစေ့ကို ကောက်ကိုင်လိုက်ပြီး ၎င်း၏ မညီညာသော မျက်နှာပြင်တစ်လျှောက် လက်ချောင်းထိပ်များဖြင့် ပွတ်ဆွဲကြည့်လိုက်လေသည်။
ရုတ်တရက် မျက်လုံးတစ်ဖက်ကန်း စစ်သည်အိုကြီးက သူမ၏ အဝတ်အိတ်ကို သစ်ခေါက်ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်ပေးခဲ့သည့်ပုံကို သူမ သတိရသွားရသည်။
စုရှောင်ရှောင် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အထင်ရှားဆုံးသော လက်ဝတ်ရတနာ ပြကွက်ဆီသို့ လျှောက်သွား၏။ ထို့နောက် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ သွယ်လျသော လက်ချောင်းများက ယွမ်သန်းချီတန်သော ဗန်ကလစ်စ်၊ အာပယ် မြစိမ်းရောင်လက်ဝတ်ရတနာအစုံကို ဖြုတ်ယူလိုက်ကာ ဘေးရှိ ကတ္တီပါစပေါ်သို့ ပေါ့ပေါ့ပါးပါးပင် တင်ထားလိုက်သည်။
ထို့နောက် ခူချာမှ ရလာသော အဝတ်ကြမ်းစကို ကတ္တီပါစင်ပေါ်တွင် ခင်းလိုက်ပြီး ကြေးပြားအကြွေစေ့များနှင့် ကျောက်စိမ်းပြားများကို ဂရုတစိုက် စီစဉ်ထားကာ အာဟုတယောကိုတော့ ဗီရို၏ ထောင့်တစ်နေရာတွင် မှီထားလိုက်၏။ တူရိယာပေါ်ရှိ ခူချာလက်မှုပညာရှင်များ ပြုပြင်ထားသော အရာများက ရှင်းလင်းစွာ မြင်နေရလေသည်။
အဝတ်လဲခန်းထဲရှိ လှုပ်ရှားမှုအာရုံခံ မီးလုံးများ အလိုအလျောက် ပွင့်လာပြီး နွေးထွေးသော အလင်းရောင်အောက်တွင် ဤ ဟောင်းနွမ်းနေသောပစ္စည်းများက ဇိမ်ခံပစ္စည်းများကြားတွင် နေရာမကျသကဲ့သို့ ဖြစ်နေသော်လည်း တစ်မျိုးတစ်ဖာသာ လိုက်ဖက်ညီနေချေသည်။
စုရှောင်ရှောင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ထိုအထူးမှန်ဗီရိုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။
မှန်ထဲတွင် ထင်ဟပ်နေမှုအရ သူမ၏ မျက်လုံးထောင့်များတွင် မခြောက်သေးသော မျက်ရည်စများကို မြင်နေရသည်။
နောက်ခဏ၌ သူမ၏ ဖုန်းက ရုတ်တရက် တုန်ခါသွားခဲ့သည်။ အိမ်တော်ထိန်းထံမှ စာတိုပင်- [သခင်မလေး... နောက်အပတ် ကျောက်စိမ်း လေလံပွဲကို တက်ရောက်ချင်သလားလို့ လေလံရုံက မေးနေပါတယ်]
သူမက ပြန်စာရိုက်လိုက်၏။ - [လေလံပွဲတွေ အားလုံးကို ဖျက်သိမ်းလိုက်ပါ။ အကောင်းဆုံး အနုပညာပစ္စည်း ပြုပြင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ဆက်သွယ်ပေးပါ...]
..............
ဟိုင်ရှီ ယိဖင်ကျွီအိမ်ရာ
ကောရွှိုက် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ စက်သုံးကီးဘုတ်၏ ရင်းနှီးနေသော အထိအတွေ့က သူ့ကို ခဏတာ တွေဝေသွားစေခဲ့သည်။
သူ ငုံ့ကြည့်လိုက်ရာ စစ်သူကြီး ကောရှင်း ကိုယ်တိုင်ရေးဆွဲထားသော မယိမ်းယိုင်သော စိတ်ဓာတ်ဟု အမည်ရသည့် လက်ရေးလှနှင့် ပန်းချီကားကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရ၏။
“အချိန်ခရီးသွားတာ... အန်းရှီးတပ်မတော်...” သူ တိုးညင်းစွာ ရေရွတ်လိုက်လေသည်။
ကွန်ပျူတာ မျက်နှာပြင်က ဂိမ်းအင်တာဖေ့စ်ဖြင့် လင်းနေဆဲပင်။
ထို့နောက် ကောရွှိုက်သည် ပူးကပ်ခံထားရသကဲ့သို့ ရှာဖွေရေးအင်ဂျင်ကို ဖွင့်လိုက်ပြီး စကားလုံး သုံးလုံးကို ရိုက်ထည့်လိုက်၏။
အန်းရှီးတပ်မတော်....
စာမျက်နှာ ရီဖရက်ရှ်ဖြစ်သွားပြီး အေးစက်သော သမိုင်းဆိုင်ရာ စာသားများက မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
[ခရစ်နှစ် ၇၉၀ ဆောင်းရာသီတွင် ပေထင် အစောင့်အရှောက်ခံနယ်မြေ ကျဆုံးခဲ့ပြီး အန်းရှီး တပ်စခန်းလေးခုက အနောက်တိုင်းဒေသတွင် အထီးကျန်နယ်မြေများ ဖြစ်လာကာ ချန်အန်းနှင့် ဆက်သွယ်ရေးအားလုံး ပြတ်တောက်သွားခဲ့သည်။]
ခရစ်နှစ် ၈၀၈ တွင် တိဗက်အင်ပါယာက ခူချာမြို့ကို သိမ်းပိုက်ခဲ့သည်။
[အန်းရှီးတပ်မတော်သည် အနောက်တိုင်းဒေသတွင် ၄၂ နှစ်တိုင်တိုင် အထီးကျန်စွာ ခုခံကာကွယ်ခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံတော်အတွက် အသက်စတေးသွားခဲ့ကြသည်။]
ကောရွှိုက်၏ အသက်ရှူသံက ရုတ်တရက် ရပ်တန့်သွားရသည်။
မျက်လုံးတစ်ဖက်ကန်း စစ်သည်အိုကြီး ပြောခဲ့သည့်စကားကို သူ ပြန်သတိရသွား၏။ “ချန်အန်းက လူတွေ ဒီမှာ ထန်တပ်မတော် ရှိနေသေးတယ်ဆိုတာကို မေ့သွားတဲ့အထိ ငါတို့ ကာကွယ်ပေးခဲ့တယ်”
ကောရွှိုက်သည် မျက်နှာကြက်မှ ကြမ်းပြင်ထိရှိသော ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်ရာ အဝေးမှ စီးပွားရေးရပ်ကွက်၏ နီယွန်မီးရောင်များက ညဘက်မြူနှင်းများကြားတွင် မှုန်ဝါးနေပြီး ခူချာမြို့ရိုးပေါ်ရှိ မီးရှူးတိုင်များနှင့် ထပ်တူကျနေသကဲ့သို့ ရှိပေသည်။
ကွန်ပျူတာ မျက်နှာပြင်က လင်းနေဆဲဖြစ်ပြီး ဤအချိန်ပြမျဉ်းပေါ်ရှိ အန်းရှီးတပ်မတော်၏ ကံကြမ္မာကို ပြသနေခဲ့သည်။
သို့သော်လည်း သူတို့ သွားရောက်လည်ပတ်ခဲ့သော ခူချာမြို့တော်က အရင်လို မဟုတ်တော့ကြောင်း ကောရွှိုက် ယုံကြည်နေခဲ့သည်။
“ငါတို့ သမိုင်းကို ပြောင်းလဲလို့မရဘူး” ကောရွှိုက်က မှန်ထဲရှိ သူ၏ပုံရိပ်ကို တိုးညင်းစွာ ပြောလိုက်၏။ “ဒါပေမယ့် ငါတို့က သူတို့ရဲ့ သမိုင်းကိုတော့ တကယ်ပဲ ပြောင်းလဲပေးနိုင်ခဲ့တယ်...”
.........
တွန်းဟွမ် အကယ်ဒမီအဆောင်
လျိုဟောက် မျက်လုံးဖွင့်လိုက်ရာ သူဟာ စားပွဲတွင် ထိုင်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရပြီး ကွန်ပျူတာမျက်နှာပြင်က လင်းနေဆဲဖြစ်ကာ ကျမ်းစာကို တစ်ဝက်သာ ရေးရသေးပေသည်။
သူက သူ၏ရင်ခွင်ထဲရှိ စက္ကူဖာသေတ္တာကို ငုံ့ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပြည့်နှံ့သွားခဲ့ရသည်။ ဤပျောက်ဆုံးနေသော စာရွက်စာတမ်းများက နောက်ဆုံးတွင် နေရောင်အောက်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
သို့သော် ဤပျော်ရွှင်မှုက ခဏတာသာ ကြာရှည်ခံပြီး နှလုံးသား နက်ရှိုင်းရာမှ ခါးသီးမှုလှိုင်းလုံးတစ်ခုက တက်လာခဲ့ပြန်သည်။
..........
ဆေးရုံ အဝတ်လဲခန်း.....
ကျိုးမေ့ရှားသည် မှန်ရှေ့တွင် ရပ်နေပြီး အနောက်တိုင်းဒေသမှ ဖုန်မှုန့်အချို့က သူမ၏ ဂျူတီကုတ် အဖြူရောင်ပေါ်တွင် ကပ်နေဆဲဖြစ်၏။
သူမက ၎င်းကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး သပ်ရပ်စွာ ခေါက်လိုက်ချိန်တွင် အင်္ကျီလက်ဖျားရှိ သွေးစွန်းနေသည့် နေရာတစ်ခုကို သတိထားမိလိုက်လေသည်။
၎င်းမှာ ဒဏ်ရာရ စစ်သည်များကို သူတို့ ပတ်တီးစည်းပေးခဲ့စဉ်က ရခဲ့ခြင်းပင်။
သူမက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ရန် လက်ကိုမြှောက်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
...
ရီယဲ့ ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်...
ကျန်းယဲ့သည် ဆိုဖာပေါ်တွင် မှီချလိုက်ပြီး အချိန်ခရီးသွားရာမှ ပြန်ရောက်လာသည့် ပင်ပန်းနွမ်းနယ်မှုများက ဒီရေဆုတ်သွားသကဲ့သို့ လျော့ကျသွားကြောင်း ခံစားလိုက်ရ၏။
နောက်ခဏ၌ စနစ်၏ အသိပေးသံက စိတ်ထဲတွင် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာချေသည်။
[ဒင်... ဤအတိုင်းအတာတစ်ခုအတွင်း ခရီးသွားခြင်း ပြီးဆုံးသွားပါပြီ]
[အခြေခံ ဆုလာဘ် - သက်တမ်း +၁၅ ရက်၊ အပိုဆုကြေး ယွမ် ၂ သိန်း (၅၈၅၈ ဖြင့် အဆုံးသတ်သော အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ)]
[ခရီးသွားမစ်ရှင် ဆုလာဘ် - အလယ်အလတ်အဆင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှု (လဲလှယ်နိုင်သည်)]
“လဲလှယ်မယ်...”
နောက်ခဏ၌ နွေးထွေးသော စီးဆင်းမှုတစ်ခုက ကျောရိုးမှ ဦးခေါင်းနောက်ဘက်အထိ ရုတ်တရက် ဆောင့်တက်သွားပြီး မရေမတွက်နိုင်သော တိုက်ခိုက်ရေး နည်းစနစ်များက ကြွက်သားမှတ်ဉာဏ်ထဲသို့ ရိုက်သွင်းခံလိုက်ရလေသည်။
ကျန်းယဲ့က ကာကွယ်ရန် သူ၏လက်ကို မသိစိတ်ဖြင့် မြှောက်လိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ တကယ့်တိုက်ပွဲပေါင်း ရာချီ ဖြတ်သန်းခဲ့ရသကဲ့သို့ သွက်လက်ချောမွေ့နေခဲ့သည်။
"ဒွီး ဒွီး....."
ဘဏ်မှ လာသော စာတိုအရ အကောင့်ထဲသို့ ယွမ် ၂ သိန်း ဝင်လာကြောင်း ပြသနေပြီး လက်ကျန်ငွေမှာ ရုတ်တရက် များပြားလာချေသည်။
သို့သော် သူ့ကို ပို၍ ဝမ်းသာစေသည်မှာ သက်တမ်းတိုးပြီးနောက် သူ၏ ခန္ဓာကိုယ် ပြောင်းလဲမှုပင်။ ခြောက်လကြာ ဖြစ်ပေါ်နေခဲ့သော ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူမဝခြင်းတို့ ပျောက်ကွယ်သွား၏။
“သက်တမ်းတိုးတဲ့ ဆုလာဘ်က နောက်ဆုံးတော့ အကျိုးသက်ရောက်မှု ပြလာပြီပဲ....”
ရှည်လျားသော သက်တမ်းအတွက် ကျန်းယဲ့ အံ့သြဝမ်းသာဖြစ်နေစဉ်မှာပင် စနစ်၏ အသံက သူ၏နားထဲတွင် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
[ဒင်... မစ်ရှင်အသစ် ထုတ်ပြန်လိုက်သည် - အေဒီ ၁၆၃၀ခုနှစ် မြို့တော်တွင် ခရီးသည် ဆယ်ဦးကို နှစ်ရက်တာ ခရီးစဉ် (၄၈ နာရီ) ပို့ဆောင်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၄၀၀၀။ ရယူရမည့်နည်းလမ်း - အွန်လိုင်း ဘွတ်ကင် (ရီယဲ့ ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ရယူရမည့်ကာလ - ၄၈ နာရီ။ ၄၈ နာရီအကြာတွင် ဘွတ်ကင် ဖွင့်ပါမည်။]
[မစ်ရှင် ဆုလာဘ် - သက်တမ်း ၃၀ ရက်၊ ယွမ် ၄ သိန်း]
“ဝိုး....”
ကျန်းယဲ့ အံ့အားသင့်စွာ ကြည့်နေမိလေသည်။
အဆင့်မြှင့်တင်ထားသော ဤစနစ်၏ ပြောင်းလဲမှုများက မျှော်လင့်မထားလောက်အောင်ပင်။
နောက်တစ်ကြိမ်တွင် ထန်မင်းဆက်သို့ ထပ်သွားရမည်ဟု သူ မူလက ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ အခြေအနေများ ပြောင်းလဲသွားကာ မင်မင်းဆက်သို့ သွားရမည်ဖြစ်၏။
အထူးသဖြင့် ချုံးကျန် ဧကရာဇ် နန်းသက်နောက်ဆုံးပိုင်းက မတည်ငြိမ်သော ကာလဆီသို့ပင်။