အခန်း (၉၃) ပြန်လည်ရောက်ရှိခြင်း
နောက်ဆုံးခရီးသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားချိန်တွင် ကားခန်းအတွင်း၌ သေမင်းတမန်တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားခဲ့သည်။
ကျန်းယဲ့သည် လေကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းများက လက်ထဲရှိ တာလီယွမ်ပေါက် ကြေးပြားကို မသိမသာ ပွတ်သပ်နေမိသည်။
"အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ" သူက တိုးတိုးလေး ရေရွတ်လိုက်၏။
နောက်ခဏ၌ ရွှေရောင်အလင်းတန်းများက သူ၏ခြေအောက်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပူနွေးသော ရေလှိုင်းတစ်ခုက ဆေးကြောပေးလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။
လုံးဝ မပျောက်ကွယ်သွားမီ ကျန်းယဲ့က နောက်ကြည့်မှန်ကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်၏။ မှန်ထဲတွင် ထင်ဟပ်နေသည်မှာ ဗလာဖြစ်နေသော ကားခန်းမဟုတ်ဘဲ ခူချာမြို့တော်အထက် လေထဲတွင် လွင့်ပျံနေသော ထန်မင်းဆက် အလံများနှင့် ဆံပင်များဖြူနေသော်လည်း မတ်မတ်ရပ်နေဆဲဖြစ်သော ထိုပုံရိပ်များပင်။
ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး လက်တွေ့ကမ္ဘာ၏ နောက်ဆုံးခြေရာများကို ဝါးမြိုသွားခဲ့သည်။
အလင်းရောင်များ မှေးမှိန်သွားချိန်တွင် အနောက်တိုင်းဒေသမှ သဲမှုန်အချို့သာ ကားခန်းအတွင်း ကျန်ရစ်ခဲ့ပြီး ဒက်ရှ်ဘုတ်ပေါ်တွင် ညင်သာစွာ လွင့်ဝဲနေလေသည်။
ဖုန်ချန် အငှားအိမ်ရာ......
ချန်မော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ၏ အငှားအခန်းထဲသို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရပြီး ခေါက်ဆွဲခြောက်ထုပ်မှာလည်း အငွေ့ထနေဆဲပင်။
"နှစ်မိနစ်တည်းလား..." သူက ကွန်ပျူတာ မျက်နှာပြင် ညာဘက်အောက်ထောင့်ရှိ အချိန်ကို စိုက်ကြည့်လိုက်၏။
၁၀း၃၂ နာရီ....
သူ နေရာရပြီးကတည်းက နှစ်မိနစ်သာ အချိန်ကုန်ဆုံးသွားခြင်း ဖြစ်၏။
"အိပ်မက်တစ်ခုလား..." သူတိုးတိုးရေရွတ်လိုက်ပြီး ခေါက်ဆွဲခြောက်ပန်းကန်ကို ယူရန် လှမ်းလိုက်သော်လည်း မာကျောသော အရာတစ်ခုကို ကန်မိသွားလေသည်။
အောက်သို့ ငုံ့ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ရှိနေသော အဝတ်ကြမ်းအိတ် တစ်လုံးကို တွေ့လိုက်ရ၏။
ချန်မော့ တုန်ယင်စွာဖြင့် အဝတ်အိတ်ကို ဖြေလိုက်လေသည်။ အထဲတွင် တာလီယွမ်ပေါက် ကြေးပြားအကြွေစေ့ တစ်တွဲ၊ ပါရှား ငွေဒင်္ဂါးတစ်ပြားနှင့် မြေအိုးပန်းကန်လုံး နှစ်လုံးတို့ ရှိနေခဲ့သည်။
အပေါ်ဆုံးတွင်တော့ ခြောက်သွေ့နေသော ပေါ့ပလာ သစ်ရွက်တစ်ရွက်ပင် ရှိနေပေသည်။
ချန်မော့သည် ကြမ်းပြင်ပေါ်တွင် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး သူ၏နဖူးကို အေးစက်နေသော ကြမ်းပြင်နှင့် ဖိကပ်ထားလိုက်၏။
အငှားအခန်းအပြင်ဘက်တွင် ညမိုးက ဆက်လက် ရွာသွန်းနေပြီး သူ၏မျက်ရည်များက လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ မှ ရောက်ရှိလာသော ထိုသစ်ရွက်ကို စိုစွတ်သွားစေချေသည်။
"ဒါက အိပ်မက်မဟုတ်ဘူး..." သူက ဖုန်းကို ထုတ်လိုက်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။ အလီပေးမှ ငွေပြန်ဆပ်ရန် သတိပေးချက်က သူ၏ရှေ့တွင် ရှိနေပြီး သူ၏ ဓာတ်ပုံအယ်လ်ဘမ်ထဲတွင်လည်း ဓာတ်ပုံများစွာ တိုးလာခဲ့လေသည်။
မီးပုံဘေးတွင် မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် စစ်ရေးအလေးပြုနေကြသည့် ဆံပင်ဖြူ ဝါရင့်စစ်သည်ကြီးများ...
.............
မြို့တော် .... လီလီချန်၏ စာကြည့်ခန်း...
လီလီချန်၏ မျက်လုံးရှေ့တွင် မှုန်ဝါးသွားပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏ စာကြည့်ခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် မှောင်မိုက်နေသော်လည်း စားပွဲတင်မီးအိမ်က လင်းနေဆဲဖြစ်ပြီး ဘောပင်က ဖွင့်ထားသော သင်ခန်းစာ အစီအစဉ်ပေါ်တွင် ရှိနေကာ မင်ပင် မခြောက်သေးချေ။
"တကယ်ပဲ... ပြန်ရောက်လာတာလား...." သူက သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ ခူချာမြို့တော်တွင် သူ ဂရုတစိုက် ထုပ်ပိုးခဲ့သော စက္ကူဖာသေတ္တာက သူ၏ လက်မောင်းကို လေးလံစွာ ဖိထားလျက်ရှိနေသည်။
ပရော်ဖက်ဆာလီသည် တုန်ယင်နေသော လက်များဖြင့် ထိုစက္ကူဖာသေတ္တာကို စားပွဲပေါ်တင်ကာ ဂရုတစိုက် ဖွင့်လိုက်၏။
အနောက်တိုင်းဒေသ အစောင့်အရှောက်ခံနယ်မြေ၏ မှတ်တမ်းအစစ်အမှန် အပိုင်းအစများကို မြင်လိုက်ရသောအခါ သူ၏ လက်ချောင်းများက ထိန်းမရအောင် တုန်ယင်သွားရသည်။ ဤအရာများက ထန်မင်းဆက်နှင့် အနောက်တိုင်းဒေသကို လေ့လာရန်အတွက် အလွန်အရေးကြီးသော သမိုင်းဝင် မှတ်တမ်းများပင်။
သူက ၎င်းကို စိတ်အားထက်သန်စွာ ဖြန့်ကြည့်လိုက်ရာ ခိုင်ယွမ်ခေတ်အတွင်းက အန်းရှီးတပ်မတော်၏ တပ်ဖြန့်ချထားမှု အသေးစိတ် အချက်အလက်များ ပါဝင်နေခဲ့သည်။
အန်းရှီးတပ်မတော် အကြောင်းကို တွေးမိတိုင်း စစ်မြေပြင်ဆီသို့ အပြေးအလွှား သွားနေကြသော သူတို့၏ ကျောပြင်များကို မမြင်ယောင်ဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
စာကြည့်ခန်းထဲရှိ လေထုက အေးခဲသွားသလိုပင်။
သူက မျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး မျက်မှန် မှန်ဘီလူးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်သော်လည်း သုတ်လေလေ ပို၍ မှုန်ဝါးလာလေလေ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
အဝါးရောင်သမ်းနေသော စာအုပ်စာမျက်နှာပေါ်သို့ မျက်ရည်တစ်ပေါက် ကျလာမှသာ သူ ငိုနေမိကြောင်း သတိထားမိလိုက်၏။
ထိုဆံပင်ဖြူနေသော မျက်နှာများ၊ သံချပ်ကာကို ဖာထေးနေကြသော ကြမ်းတမ်းသည့် လက်ချောင်းများ၊ ထိုညက မီးပုံအောက်မှ မျက်ရည်များဖြင့် ပြုလုပ်ခဲ့သော စစ်ရေးအလေးပြုမှု... နောက်ဆုံး နှုတ်ဆက်ချိန် မြို့ရိုးရှိရာ အရပ်မှ ထွက်ပေါ်လာသော တိုက်ပွဲဝင်သံများ။
စားပွဲပေါ်ရှိ ရှေးဟောင်းစာအုပ်များက ရုတ်တရက် အလွန်အမင်း လေးလံနေသလို ခံစားလိုက်ရ၏။
လီလီချန်သည် လက်တင်ကုလားထိုင်ပေါ်သို့ ခွေကျသွားပြီး စာရွက်စာတမ်းသေတ္တာပေါ်တွင် နဖူးကို အပ်ထားလိုက်ရာ ထိုအထီးကျန်မြို့တော်၏ နွေးထွေးမှုကို ထိုနည်းဖြင့် ခံစားနိုင်မည်ဟု ထင်မှတ်နေသကဲ့သို့ပင်။
.........
ရှီးလင်းမြို့ရှိ တိုက်ခန်းတစ်ခု....
ကျိုးမင်လီသည် ဖိနပ်လဲပြီးကာစ ချီခယ်ခယ်ကို သွားရှာရန် ပြင်နေဆဲ သူ၏အနောက်မှ တိုးညင်းသော ရှိုက်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ဆိုဖာပေါ်တွင် ကွေးကွေးလေး ထိုင်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ချီခယ်ခယ်သည် သူမ၏ ဒူးများကို ပိုက်ထားပြီး ပခုံးများ အနည်းငယ် တုန်ယင်နေကာ မျက်ရည်များက သူမ၏ မျက်နှာပေါ်မှ တိတ်ဆိတ်စွာ စီးကျနေခဲ့သည်။
"ခယ်ခယ်...." ကျိုးမင်လီက မျက်လုံးပြူးကာ အံ့အားသင့်စွာ စိုက်ကြည့်နေလေသည်။ "မင်း... ဘယ်တုန်းက ပြန်ရောက်လာတာလဲ...."
သူ ဖိနပ်စီးချိန်က ဧည့်ခန်းထဲတွင် မည်သူမျှ မရှိသည်ကို သူ ရှင်းလင်းစွာ မှတ်မိနေပေသည်။
ချီခယ်ခယ်က ပြန်မဖြေဘဲ ခေါင်းကိုသာ မော့လိုက်ရာ သူမ၏ မျက်လုံးများက နီရဲနေပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေချေသည်။
ကျိုးမင်လီ၏ ရင်ထဲ တင်းကျပ်သွားပြီး ရှေ့သို့ အလျင်အမြန် တိုးသွားကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ "ဘာဖြစ်လို့လဲ... လက်မှတ် မရလိုက်လို့လား။ မငိုပါနဲ့ မငိုပါနဲ့... နောက်တစ်ခါ ကြိုးစားကြည့်ကြတာပေါ့"
ခရီးစဉ်အတွက် နေရာမရလိုက်၍ သူမ ဝမ်းနည်းနေသည်ဟု သူ ထင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ချီခယ်ခယ်က သူ၏ ရင်ခွင်ထဲမှနေ၍ စကားတစ်ခွန်းကို အသံတိမ်တိမ်ဖြင့် ပြောလိုက်၏။
"အန်းရှီးတပ်မတော်..."
ဤစကားလုံးများက ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ ခံစားချက်အားလုံးကို ပေါက်ကွဲထုတ်ပစ်ချင်နေသလို သူမဟာ ရုတ်တရက် အသံထွက် ငိုကြွေးလိုက်လေသည်။
ကျိုးမင်လီ လုံးဝ ပြာယာခတ်သွားရသည်။ ချီခယ်ခယ် ဤမျှအထိ ပြိုလဲနေသည်ကို သူ တစ်ခါမှ မမြင်ဖူးချေ။ သူ လုပ်နိုင်သည်မှာ သူမကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးကာ "အဆင်ပြေသွားမှာပါ... အဆင်ပြေသွားမှာပါ" ဟု တိုးတိုးလေး နှစ်သိမ့်ပေးရန်သာ ရှိတော့လေသည်။
သူမ အနည်းငယ် ငြိမ်သက်သွားပြီးနောက် ချီခယ်ခယ်က ရှိုက်ကာ ပြောလိုက်၏။ "လက်မှတ် ရခဲ့တယ်..."
"ဟင်..." ကျိုးမင်လီ အံ့အားသင့်သွားရသည်။ "ဒါဆို ဘာလို့ ငိုနေတာလဲ"
"ငါ တကယ်ပဲ... အချိန်ခရီး သွားခဲ့ရတယ်..." သူမက မျက်ရည်များဖြင့် မှုန်ဝါးနေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်၏။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က အန်းရှီးတပ်မတော်နဲ့ တွေ့ခဲ့ရတယ်...."
ကျိုးမင်လီ ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်၏။ "ခယ်ခယ်... မင်း အိပ်မက်မက်နေတာလား..."
ချီခယ်ခယ်က ဘာမှမပြောဘဲ သူမ၏ ခြေရင်းရှိ အဝတ်ကြမ်းအိတ်ကို ဆွဲယူကာ ဂရုတစိုက် ဖွင့်လိုက်လေသည်။
အထဲတွင် အန်းရှီး အစောင့်အရှောက်ခံနယ်မြေ၏ သီးသန့်ဖြစ်သော တာလီယွမ်ပေါက် ကြေးပြားအကြွေစေ့တွဲများ၊ အနောက်တိုင်းဒေသဟန် ငွေရောင်အဆင်တန်ဆာတစ်ခု၊ ရှေးဟောင်း ခူချာမြို့တော်မှ မြေအိုးပန်းကန်နှစ်လုံးနှင့် အနောက်တိုင်းဒေသ ပုံစံများ ထိုးထားသော အဝတ်ကြမ်းများ ရှိနေချေသည်။
ကျိုးမင်လီ၏ အပြုံးက မျက်နှာပေါ်တွင် ခဲအေးသွားရသည်။
သူက ကြေးပြားအကြွေစေ့ကို လှမ်းယူလိုက်ပြီး ၎င်းပေါ်ရှိ တာလီဟူသော စာလုံးနှစ်လုံးကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားချေသည်။
ဤအရာများက သူ၏အိမ်တွင် မရှိခဲ့ကြောင်းကို သူ သေချာသိနေသော်လည်း ယခုအချိန်တွင် ထိုအရာများကို သူ၏ လက်ထဲ၌ ကိုင်ထားရလေသည်။
ဤအရာအားလုံးက မယုံနိုင်လောက်အောင်ပင် စိတ်ကူးယဉ်ဆန်လွန်းနေခဲ့သည်။
"ဒါက..."
ချီခယ်ခယ်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ အသံက အက်ကွဲနေ၏။ "အခု ငါ့ကို ယုံပြီလား"
ကျိုးမင်လီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
'ငါ ယုံပါတယ်...'
ယုံကြည်သွားပြီးနောက်တွင် အဆုံးမရှိသော နောင်တတရားများ ရောက်ရှိလာလေသည်။
လက်မှတ်ဝယ်ရန် မကြိုးစားခဲ့မိသည့်အတွက် သူ နောင်တရမိ၏။
ခိုင်ခံ့သော မြို့တော်ကို ထိန်းသိမ်းထားသည့် စစ်သည်များကို မမြင်တွေ့ခဲ့ရသည့်အတွက် နောင်တရမိ၏။
ထို့အပြင် တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည့်အတွက်လည်း နောင်တရမိ၏။
ချီခယ်ခယ်က သူ့ကို မှီကာ မျက်လုံးများကို မှိတ်ထားလိုက်ရာ ထိုညက မီးပုံဘေးမှ အန်းရှီးတပ်မတော်၏ လွမ်းဆွေးဖွယ် တိုက်ပွဲဝင်သီချင်းများကို ကြားနေရဆဲဖြစ်သလိုပင်။
.............
ယွင်ရှန်ရှယ် · ချောင်မိသားစု
ချောင်ဝမ်ပေါ် နှင့် သူ၏ ညီမ ချောင်ခယ်ရှင်းတို့ဟာ သူတို့၏ ဖခင် ဘာတွေမြင်တွေ့ခဲ့ရမည်ကို ဆွေးနွေးနေကြစဉ် ရုတ်တရက် ဧည့်ခန်းအလယ်တွင် အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်လာလေသည်။
"အဖေ..." ချောင်ခယ်ရှင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
ချောင်ရန်ကျိ၏ ပုံရိပ်က အဖြူရောင် အလင်းတန်းထဲတွင် တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ သူက သူ၏ လက်ထဲတွင် စက္ကူဖာသေတ္တာတစ်လုံးကို ကိုင်ထားပြီး ထိုနေရာ၌ပင် ကြောင်တောင်တောင် မျက်နှာထားဖြင့် ထိုင်နေချေသည်။
"အဖိုးကြီးချောင်..." ချောင်ကတော်က အံ့အားသင့်စွာ ပြောလိုက်၏။ "နှစ်မိနစ်တည်းလား။ ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ..."
ချောင်ဝမ်ပေါ်က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။ "အဖေ... ဘယ်လိုခံစားရလဲ။ အန်းရှီးတပ်မတော်ကို တွေ့ခဲ့ရလား။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ခူချာမြို့က ဘယ်လိုမျိုးလဲ..."
ချောင်ခယ်ရှင်း ၏ အကြည့်များက ဖခင်ဖြစ်သူ၏ လက်ထဲရှိ စက္ကူဖာသေတ္တာဆီသို့ ရောက်သွားခဲ့သည်။ "အဖေ... ဒါတွေက အဖေ ယူလာခဲ့တဲ့ ဒေသထွက်ကုန်တွေလား..."
သူမက စက္ကူဖာသေတ္တာကို စိတ်အားထက်သန်စွာ ယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်ချိန်တွင် အသက်ရှူမှားသွားရသည်။
သေတ္တာထဲတွင် ရိုးရှင်းသော ကျောက်စိမ်းပြား တစ်ခု၊ လိပ်ထားသော လက်ရေးလှနှင့် ပန်းချီကားများ၊ အရောင်ဝါနေသော စာရွက်စာတမ်းများနှင့် တာ့လီယွမ်ပေါက် ကြေးပြားအကြွေစေ့ တစ်ထပ်အပြည့် ပါဝင်လေသည်။
အပေါ်ဆုံးတွင်တော့ အရောင်အသွေးစုံလင်သော အနောက်တိုင်းဒေသ ပိုးထည်တစ်စက ထင်ရှားစွာ ရှိနေခဲ့သည်။
ချောင်ကတော်က သူမ၏ ခင်ပွန်း စိတ်မကောင်းဖြစ်နေကြောင်းကို လျင်မြန်စွာ ရိပ်မိလိုက်ပြီး တိုးညင်းစွာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ...."
ချောင်ဝမ်ပေါ် နှင့် ချောင်ခယ်ရှင်းတို့လည်း ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာကို သတိထားမိသွားကြသည်။
သူ၏ မျက်လုံးများတွင် မျှော်လင့်ထားသည့် စိတ်လှုပ်ရှားမှုများ မရှိဘဲ ဖော်ပြ၍မရနိုင်သော လေးလံမှုတစ်ခုသာ ပါရှိနေချေသည်။