အခန်း (၉၂) တိတ်ဆိတ်သော နှုတ်ဆက်ခြင်း
သီချင်းထဲတွင် နစ်မြောနေခဲ့သော အန်းရှီးစစ်သည်များသည် ချက်ချင်းပင် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားကြသည်။
ဝိုင်ခွက်များကို အလောတကြီး ချလိုက်ကြပြီး တေးဂီတတူရိယာများကို ဘေးသို့ လွှင့်ပစ်လိုက်ကာ သံချပ်ကာဝတ်စုံများ ချွင်ချွင်မြည်သံက အခန်းထဲတွင် ပဲ့တင်ထပ်သွားခဲ့ကြသည်။
ထိုဆံပင်ဖြူနေသော ဝါရင့်စစ်သည်ကြီးများက လူငယ်များထက်ပင် ပို၍ မြန်ဆန်စွာ လှုပ်ရှားနေကြချေသည်။
"တိဗက်တွေက နယ်စပ်ကို ထပ်ပြီး ကျူးကျော်လာတာလား.." တပ်ရင်းမှူးလီက အသံဩဩဖြင့် မေးလိုက်၏။
ဒုစစ်သူကြီး ကျန်းချန်က သူ၏ သံချပ်ကာဝတ်စုံကို အလျင်အမြန် တပ်ဆင်ရင်း မြန်ဆန်စွာ ပြောလိုက်လေသည်။ "ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကျေးဇူးပြုပြီး အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ နေပေးကြပါ။ ဘယ်လိုဆူညံသံကိုပဲ ကြားကြား အပြင်ကို မထွက်ကြပါနဲ့..."
သူက ထွက်သွားရန် လှည့်လိုက်ပြီးမှ နောက်သို့ ပြန်ကြည့်ကာ လူတိုင်းကို လေးနက်စွာ ကြည့်လိုက်ကာ "အဲဒီသီချင်းအတွက်... ကျေးဇူးတင်ပါတယ်..."
မီးပုံကြီးမှာ လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း မည်သူမျှ သီချင်းဆိုရန် သို့မဟုတ် ကခုန်ရန် စိတ်ကူးမရှိကြတော့ချေ။
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ထိုနေရာတွင် ရပ်ကာ စစ်မြေပြင်သို့ ထွက်ခွာသွားသော ဝါရင့်စစ်သည်ကြီးများ၏ ကျောပြင်များကို စိုက်ကြည့်နေခဲ့ကြသည်။
စစ်သူကြီး ကောရှင်း၏ ဆံပင်ဖြူများက စစ်ပွဲ၏ မီးတောက်များကြားတွင် အထူး ပေါ်လွင်နေခဲ့သည်။ မြင်းပေါ်သို့ တက်လိုက်သော သူ၏ လှုပ်ရှားမှုများက သွက်လက်နေဆဲ ဖြစ်သော်လည်း သူ၏ သံချပ်ကာအောက်ရှိ ကိုင်းညွတ်နေသော ကျောပြင်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။
ညာဘက်လက်မောင်း ပြတ်နေသော စစ်သည်အိုကြီးသည် သူ၏ ဓားကို တပ်ဆင်ရန် သွားများနှင့် ဘယ်ဘက်လက်ကို အသုံးပြုကာ တပ်ဖွဲ့များနှင့်အတူ အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။
မြင်းခွာသံများ၊ ခြေသံများနှင့် သံချပ်ကာများ ချွင်ချွင်မြည်သံများက အဝေးသို့ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် မြို့ရိုးရှိရာ အရပ်ဆီသို့ ပျောက်ကွယ်သွားခဲ့ကြသည်။
ညလေညင်းက စစ်ဗုံသံများနှင့်အတူ နိမ့်ချည်မြင့်ချည် ဖိနှိပ်ထားသော ခရာမှုတ်သံ တစ်မျိုးကို သယ်ဆောင်လာချေသည်။
ဒါက ထန်တပ်မတော်ရဲ့ ဟန်ပန် မဟုတ်ဘူး။
"သူတို့..." ချီခယ်ခယ်၏ အသံက မျက်ရည်များဖြင့် တုန်ယင်နေ၏။ "သူတို့ အားလုံးက အရမ်း အသက်ကြီးနေကြပြီ..."
ချန်မော့က သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားရာ သူ၏ လက်သည်းများက လက်ဝါးထဲသို့ စူးဝင်နေချေသည်။
သူ တစ်ခုခု ပြောချင်သော်လည်း သူ၏ လည်ချောင်းများ နာကျင်ကာ ဆို့နင့်နေကြောင်း ခံစားလိုက်ရ၏။
ကျန်းယဲ့က မြို့ရိုးရှိရာသို့ လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေလေသည်။ "သူတို့ အဆင်ပြေမှာပါ။ အခုဆို ကျွန်တော်တို့ဆီမှာ စက်ကိရိယာ အသစ်တွေ ရှိနေပြီလေ..."
သို့သော်လည်း သူတို့က ထိုစက်ကိရိယာများကို ရထားသည်မှာ တစ်ရက်ပင် မပြည့်သေးဘဲ လုံလောက်အောင်လည်း ကျွမ်းကျင်မှု မရှိသေးကြောင်းကို သူတို့ ပို၍ပင် သိနေခဲ့ကြသည်။ ပို၍ အရေးကြီးသည်မှာ...
ထိုစဉ် အဝေးမှ ပထမဆုံး မီးကျည်တစ်ခုက ညကောင်းကင်ယံကို ထိုးခွဲသွားပြီး ခူချာမြို့ရိုးပေါ်သို့ သွေးစက်တစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။
"ကျွန်တော်တို့ ဒီအတိုင်း ရပ်ကြည့်နေလို့ မဖြစ်ဘူး" ချန်မော့က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး စားပွဲကို လက်သီးဖြင့် ထုလိုက်ရာ ခွက်များနှင့် ပန်းကန်ပြားများ မြည်သွားလေသည်။ "မြားတွေ သယ်ပေးဖို့ သူတို့ကို သွားကူညီမယ်..."
ကောရွှိုက်က သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်ထားပြီးဖြစ်၏။ "ကျွန်တော်လည်း သွားမယ်"
"ရပ်စမ်း" တပ်ရင်းမှူးလီက စူးရှစွာ အော်ဟစ်လိုက်ရာ သူ၏ စစ်ရေးအာဏာက လူငယ်နှစ်ဦးကို ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့သည်။
သူက ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့တိုးလာပြီး သူတို့၏ လမ်းကို ပိတ်ရပ်လိုက်၏။ "စစ်ပွဲက ကလေးကစားစရာလို့ ထင်နေတာလား။ အအေးလက်နက်တွေ သုံးတဲ့ စစ်မြေပြင်က နောက်စရာ မဟုတ်ဘူး။ မင်းတို့သွားရင် စစ်သည်တွေက မင်းတို့ကို ကာကွယ်ဖို့ အာရုံလွှဲရလိမ့်မယ်။ ဒါက ကူညီတာ မဟုတ်ဘူး... ဒုက္ခပေးတာပဲကွ"
"ဒါပေမယ့်... ဒါပေမယ့်..." ချီခယ်ခယ်၏ မျက်လုံးများက နီရဲနေပြီး သူမ၏ အသံက တုန်ယင်နေခဲ့သည်။ "ကျွန်မတို့ ဒီလိုပဲ စောင့်နေရမှာလား။ ဘာမှ မလုပ်ဘဲနဲ့လေ..."
ညလေညင်းက အဝေးမှ တိုက်ပွဲဝင်သံများကို သယ်ဆောင်လာပြီး မီးပုံမှ မီးခဲများကို မသေချာ မရေရာစွာ တဖျပ်ဖျပ် လောင်ကျွမ်းနေစေသည်။
ပရော်ဖက်ဆာ လီလီချန်က သူ၏ မျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး မျက်မှန်မှန်ဘီလူးများကို အင်္ကျီလက်ဖြင့် ညင်သာစွာ သုတ်လိုက်၏။ "တချို့အချိန်တွေမှာ ဘာမှမလုပ်ခြင်းက အကြီးမားဆုံး လုပ်ရပ်ပဲ... "
သူ၏ အသံက တိုးညင်းသော်လည်း လူတိုင်းကို တိတ်ဆိတ်သွားစေလေသည်။
မီးတောက်များ လွှမ်းခြုံနေသော မြို့ရိုးများကို သူက ကြည့်လိုက်၏။ "ဒီစစ်သည်တွေ... သူတို့လျှောက်ရမယ့် ကိုယ်ပိုင်လမ်း သူတို့မှာ ရှိတယ်"
ပုံမှန်အားဖြင့် အထက်တန်းကျသော အမျိုးသမီးငယ်လေး စုရှောင်ရှောင်မှာ ယခုအခါ ပြင်းထန်စွာ အသက်ရှူနေပြီး သူမ၏ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေရသည်။ "ဒါဆို ကျွန်မတို့က သူတို့ သေမယ့်နေရာကို သွားနေတာကို ထိုင်ကြည့်နေရုံပဲလား..."
"ဒါက သေဖို့သွားတာ မဟုတ်ဘူး" ချောင်ရန်ကျိက အသံဩဩဖြင့် ပြောလိုက်၏။ "ဒါက သစ္စာစောင့်သိမှု၊ ကာကွယ်စောင့်ရှောက်မှု နဲ့ ယုံကြည်ချက်တွေ အကြောင်းပဲ..."
ညလေပြင်းက မြို့ရိုးရှိရာ အရပ်မှ တိုက်ပွဲဝင် အော်ဟစ်သံများကို သယ်ဆောင်လာကာ ခြံဝင်းအတွင်း လွင့်ပျံနေစေခဲ့သည်။
"ဒါရိုက်တာကျန်း" ကောရွှိုက်က ကျန်းယဲ့၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများတွင် နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်များ ပြည့်နှံ့နေချေသည်။ "ခင်ဗျားမှာ နည်းလမ်း ရှိတယ်မလား.."
မျက်လုံးများအားလုံး သူတို့ဆီသို့ ရောက်လာပြီး ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော လီလီချန်ပင် အလိုအလျောက် အသက်အောင့်ထားမိပေသည်။
ကျန်းယဲ့က မျက်လွှာချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းကာ ဩရှရှအသံဖြင့် ပြောလိုက်၏။ "ကျွန်တော်တို့က အချိန်ခရီးသွားတွေ သက်သက်ပါ... "
တကယ်တော့ ကျန်းယဲ့က စနစ်ကို ချက်ချင်း မေးမြန်းခဲ့ပြီးဖြစ်၏။
စနစ်၏ အေးစက်စက် စက်ရုပ်အသိပေးသံက နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
[ဤစနစ်သည် အတိုင်းအတာတစ်ခုအတွင်း ခရီးသွားလာရေးစနစ်ဖြစ်ပါသည်။ လုပ်ဆောင်ချက်အားလုံးမှာ လည်ပတ်ကြည့်ရှုရန်အတွက် အဓိကဖြစ်ပြီး စစ်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ မရှိပါ။]
မီးပုံမှ မီးခဲများက တဖြည်းဖြည်း မှေးမှိန်သွားပြီး လူတိုင်း၏ ရှည်လျားသော အရိပ်များကို နံရံပေါ်တွင် ထင်ဟပ်နေစေခဲ့သည်။
ချီခယ်ခယ်က ထောင့်တစ်နေရာတွင် ဒူးလေးပိုက်ကာ ကွေးကွေးလေး ထိုင်နေပြီး ချန်မော့ကတော့ စိတ်အိုက်စွာဖြင့် ဟိုဘက်ဒီဘက် လမ်းလျှောက်နေခဲ့သည်။ စုရှောင်ရှောင်က သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားရာ လက်ဆစ်များပင် ဖြူရော်နေ၏။
ဖိနှိပ်မှုများကြားတွင် အချိန်က ဖြည်းညှင်းစွာ ကုန်ဆုံးသွားချေသည်။
အဝေးမှ မြို့ရိုးပေါ်ရှိ မီးရောင်များက သေခါနီး လူတစ်ယောက်၏ အသက်ရှူသံကဲ့သို့ လင်းလိုက် မှိတ်လိုက် ဖြစ်နေခဲ့သည်။
"သူတို့ တောင့်ခံထားနိုင်ပါတယ်" လီလီချန်က ရုတ်တရက် ခိုင်မာသော အသံဖြင့် ပြောလိုက်၏။ "သမိုင်းမှတ်တမ်းတွေအရ ခူချာမြို့က ယွမ်ဟယ်ခေတ် တတိယနှစ်ရောက်မှ ကျဆုံးခဲ့တာ။ အခုက ၇၈၉ ခုနှစ်ပဲ ရှိသေးတယ်"
ချောင်ရန်ကျိက အဝေးမှ မြို့ရိုးပေါ်တွင် အလုပ်ရှုပ်နေကြသော မှုန်ဝါးဝါး ပုံရိပ်များကို စိုက်ကြည့်နေလေသည်။ "စစ်သူကြီးကောက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဖြတ်သန်းခဲ့ရတဲ့ ဝါရင့်စစ်သည်ကြီးပဲ။ ပြီးတော့ အန်းရှီးတပ်မတော်က တစ်ယောက်ကို ဆယ်ယောက် ယှဉ်နိုင်တဲ့ အထူးတပ်ဖွဲ့လေ..."
ထိုစဉ် ကျန်းယဲ့၏ လက်ကောက်ဝတ်ရှိ နာရီက ရုတ်တရက် တိုးတိုးလေး မြည်လာခဲ့သည်။
"အချိန်ကျပြီ..." သူက တိုးညင်းစွာ ပြောလိုက်ပြီး ကော့စတာခရီးသည်တင်ကားကို လော့ခ်ဖွင့်လိုက်ရာ ကားက တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်တန့်သွားပြီး ခရီးသည်များကို စောင့်ဆိုင်းနေချေသည်။
ကားတံခါး ပွင့်သွားသော အသံက တိတ်ဆိတ်မှုကြားတွင် အထူးပင် ဆူညံနေခဲ့သည်။
မည်သူမျှ မလှုပ်ရှားကြချေ။
"နည်းနည်းလောက် ထပ်စောင့်ပါဦး..." ကောရွှိုက်က အနည်းငယ် ဩရှနေသော အသံဖြင့် ပြောလိုက်၏။
ကျန်းယဲ့က သူ့ကို အတင်းအကျပ် မတိုက်တွန်းဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကျွန်တော်တို့မှာ ငါးမိနစ်ပဲ အချိန်ရှိတော့တယ်"
ငါးမိနစ်အလိုတွင် လီလီချန်က ပထမဆုံး မတ်တတ်ရပ်လိုက်ပြီး သူ၏ ဝတ်ရုံရှည်မှ ဖုန်များကို ခါလိုက်သည်။
"သွားကြစို့" ပရော်ဖက်ဆာလီ၏ အသံက ဩရှနေချေသည်။ "ငါတို့... ငါတို့ ပြန်သင့်ပြီ"
ထိုအခါမှသာ လူတိုင်းက အိပ်မက်မှ နိုးလာသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထရပ်ကြကာ သူတို့၏ ပစ္စည်းများကို ယူ၍ ကားပေါ်သို့ တက်လိုက်ကြသည်။
ချောင်ရန်ကျိက မြို့ရိုးရှိရာ အရပ်သို့ နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ခေသည်။
မီးတောက်များက ကောင်းကင်ယံသို့ ထိုးတက်နေပြီး ညလေညင်းက လက်နက်များ ထိခိုက်သံများကို သယ်ဆောင်လာသော်လည်း ထန်တပ်မတော်၏ စည်းကမ်းတကျ အော်ဟစ်သံများနှင့် ယမ်းမှုန့် ပေါက်ကွဲသံများကိုပါ ကြားနိုင်နေခဲ့သည်။
ကော့စတာ၏ တံခါးများ ဖြည်းညှင်းစွာ ပိတ်သွားချိန်တွင် ကျိုးမေ့ရှားက သူမ၏ ပါးစပ်ကို အုပ်ကာ ဖိနှိပ်ထားသော ရှိုက်သံတစ်ခု ထွက်ပေါ်လာချေသည်။
အင်ဂျင်စက်နှိုးသံများကြားတွင် မည်သူမျှ စကားမပြောကြချေ။
ရင်းနှီးနေသော အဖြူရောင်အလင်းတန်းက ကားကို စတင်လွှမ်းခြုံလာချိန်တွင် ချီခယ်ခယ်က ကားပြတင်းပေါက်ဆီသို့ ရုတ်တရက် ပြေးသွားပြီး သူမ၏ မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်ထားကာ သွေးများ စွန်းထင်းနေပြီး အထီးကျန်ဆန်လှသော ဤမြို့တော်၏ နေရာလပ်မကျန် မှတ်သားထားချင်နေသကဲ့သို့ပင်။
နောက်ခဏ၌ တောက်ပသော အဖြူရောင်အလင်းတန်းက လင်းလက်သွားပြီး ခူချာမြို့တော်၏ ပုံရိပ်က တဖြည်းဖြည်း မှုန်ဝါးသွားပေသည်။
နောက်ဆုံး အခိုက်အတန့်တွင် သူတို့ဟာ ရှည်လျားစွာ ဆွဲဆန့်ထားသော ခရာမှုတ်သံတစ်ခုကို ကြားလိုက်ရသလိုပင်..... နှုတ်ဆက်သံတစ်ခုလို သို့မဟုတ်... အောင်ပွဲခံ ကြေညာသံတစ်ခုလို......
အမှောင်ထုဖုံးလွှမ်းနေသော အချိန်ဥမင်လိုဏ်ခေါင်းထဲရှိ ကော့စတာကားခန်းအတွင်းတွင် ဒက်ရှ်ဘုတ်မှ ထွက်ပေါ်နေသော အပြာရောင် အလင်းဖျော့ဖျော့လေးသာ ရှိတော့ပေသည်။
ကျန်းယဲ့သည် ယာဉ်မောင်းခုံဘေးတွင် ရပ်ကာ ခရီးသည်ဆယ်ဦး၏ တိတ်ဆိတ်နေသော ဘေးစောင်းမျက်နှာများကို ကြည့်နေပြီး သူတို့၏ မျက်နှာများမှာ အလင်းနှင့် အရိပ်များ ရောယှက်မှုကြောင့် မှုန်ဝါးနေခဲ့သည်။
ရုတ်တရက် ပထမဆုံး အဖြူရောင် အလင်းတန်းက ကားခန်းနောက်ဘက်မှ လင်းလက်လာလေသည်။
"ဂရုစိုက်ပါ" စာရွက်စာတမ်းသေတ္တာတစ်လုံးကို ကိုင်ထားသော ပရော်ဖက်ဆာ လီလီချန်က ကျန်းယဲ့ကို လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
အဖြူရောင် အလင်းတန်းထဲတွင် ပရော်ဖက်ဆာ၏ ဆံပင်ဖြူနေသော နားထင်များက အထူး ပေါ်လွင်နေသည်။
ထို့နောက် ဒုတိယ၊ တတိယ...
"နောက်ခရီးစဉ်က ဘယ်တော့လဲ" ကောရွှိုက်က စိုးရိမ်တကြီး မေးလိုက်သော်လည်း သူ၏စကား မဆုံးမီမှာပင် အဖြူရောင် အလင်းတန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။
စုရှောင်ရှောင်က သူမ၏ စကတ်ကို သပ်ရပ်အောင် လုပ်လိုက်ရာ သူမ၏ စိန်နားကပ်များက နေရောင်အောက်တွင် အေးစက်သော အလင်းရောင်ကို ထင်ဟပ်နေလေသည်။ သူမက တစ်ခုခု ပြောချင်သော်လည်း လေးလံသော အရာတစ်ခုက သူမ၏ လည်ချောင်းကို ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။
ချောင်ရန်ကျိက ဟန်မင်းဆက် ကျောက်စိမ်းပြားကို ပွတ်သပ်ကာ ကျန်းယဲ့ကို နွေးထွေးစွာ ပြုံးပြလိုက်၏။
ချန်မော့က တာလီယွမ်ပေါက် ကြေးပြားအကြွေစေ့များပါသော အဝတ်အိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ အခြားလက်တစ်ဖက်က မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ဖယ်နေခဲ့သည်။
ကျိုးမေ့ရှားက သူမ၏ မျက်လုံးများကို လက်တစ်ဖက်ဖြင့် အုပ်ထားရာ သူမ၏ လက်ချောင်းများကြားမှ မျက်ရည်များ တိတ်ဆိတ်စွာ စီးကျနေသည်။
ချီခယ်ခယ်က ကားပြတင်းပေါက်တွင် သူမ၏မျက်နှာကို အပ်ထားပြီး မျက်ရည်များက ပြတင်းပေါက်ပေါ်သို့ ကျဆင်းကာ အရာရှည်ကြီးတစ်ခု ထင်ကျန်ရစ်နေလေသည်။
တပ်ရင်းမှူးလီ နှင့် တပ်စိတ်မှူးကျောက်တို့သည် သူတို့၏ စစ်ရေးမတ်တတ်ရပ်ဟန်ကို ထိန်းသိမ်းထားပြီး ကျန်းယဲ့ကို စံသတ်မှတ်ချက်အတိုင်း စစ်ရေးအလေးပြုလိုက်ကြ၏။
ထို့နောက် အဖြူရောင် အလင်းတန်းဆယ်ခုက တစ်ခုပြီးတစ်ခု ပွင့်လန်းလာပြီးနောက် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြပေသည်။