အခန်း (၉၀) ခရီးသွားမစ်ရှင် စတင်ခြင်း
ချောင်ရန်ကျိက ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ... ယမ်းမှုန့်ဖော်စပ်ဖို့ ကုန်ကြမ်းတွေကိုတော့ ငါ တာဝန်ယူလိုက်မယ်..."
လီကျန့်ကော်က စာရင်းထဲသို့ ပစ္စည်းအချို့ ထပ်ထည့်လိုက်ပြန်သည်။ "အရင်က ဒါရိုက်တာကျန်းက ညကြည့်မှန်ပြောင်းတချို့ ပေးထားခဲ့ပေမယ့်... အခု ကျွန်တော်တို့ မျက်လုံးတစ်ဖက်တပ် မှန်ပြောင်း အခုနှစ်ဆယ် ထပ်ထည့်မယ်။ မြေပြင်ကင်းထောက်တာနဲ့ မီးပုံးပျံကနေ ထောက်လှမ်းတာကို ပေါင်းစပ်အသုံးပြုရင် ပိုပြီး ထိရောက်လိမ့်မယ်"
ကျောက်ရှောင်ဟူက ဖြည့်စွက်ပြောသည်။ "အကွာအဝေးတိုင်းတာနိုင်တဲ့ စကေးပါတဲ့ စစ်သုံးမော်ဒယ်ဆိုရင် အကောင်းဆုံးပဲ..."
သူတို့လေးဦးက အလျင်အမြန် သဘောတူညီမှု ရရှိသွားပြီး ဝယ်ယူမည့်စာရင်းထဲသို့ မီးပုံးပျံ အရန်ပစ္စည်း အစုံဆယ်စုံ ထပ်ပေါင်းထည့်လိုက်ကြပြန်သည်။
ကျန်းယဲ့သည် ဘေးမှနေ၍ တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏စိတ်ထဲတွင် သက်ပြင်းချကာ 'ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေအတွက်တော့ ကျွမ်းကျင်သူတွေကိုပဲ မေးရတာပါလား' ဟု တွေးလိုက်မိ၏။
သူသည် တပ်ရင်းမှူးလီလောက် စေ့စပ်သေချာမှု မရှိချေ။
ထို့နောက် သူတို့လေးဦးက လက်ရှိ အန်းရှီးတပ်မတော်သုံးနေသည့် ဒူးလေးများထက် သာလွန်ပြီး ပစ်ခတ်နိုင်သည့် အကွာအဝေးကို သုံးဆအထိ တိုးမြှင့်ပေးနိုင်သော ခေတ်မီ ပေါင်းစပ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အဆင့်မြှင့်တင်ထားသော ဒူးလေးများကို ဝယ်ယူခဲ့ကြပြန်သည်။
ထို့အပြင် အန်းရှီးတပ်မတော်နှင့် သင့်လျော်မည့် လက်နက်အမြောက်အများကိုလည်း ဝယ်ယူခဲ့ကြသည်။
သေချာပေါက် ဆေးဝါးကဏ္ဍကိုလည်း သူတို့ လျစ်လျူမရှုခဲ့ကြချေ။
သူတို့လေးဦးဟာ အသေးစိတ်ကျသော ဝယ်ယူရေးစာရင်း တစ်ခုပြီးတစ်ခုကို အလျင်အမြန် ပြုစုလိုက်ကြသည်။
ချောင်ရန်ကျိက စုစုပေါင်း ကုန်ကျငွေ သုံးဆယ့်ခုနစ်သန်းကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်မှောင်တစ်ချက်မျှ မကုတ်ခဲ့ချေ။
စုရှောင်ရှောင်က အခြား အမျိုးအစားတစ်ခုကို နှိပ်လိုက်၏။ "ဆောင်းတွင်းဝတ် အနွေးထည် အထည် ခြောက်ထောင် ထပ်လိုသေးတယ်။ အနောက်တိုင်းဒေသရဲ့ ဆောင်းရာသီတွေမှာ သံချပ်ကာသက်သက်နဲ့ဆိုရင် မလုံလောက်ဘူးလေ..."
ကျန်းယဲ့က စာရင်းကို အတည်ပြုပြီးနောက် ငွေပေးချေမည့် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။
ချောင်ရန်ကျိနှင့် စုရှောင်ရှောင်တို့က သဘောတူညီထားသည့်အတိုင်း သူတို့၏ သက်ဆိုင်ရာ ပမာဏများကို ပေးချေလိုက်ကြသည်။
ဘီ.... ဟူသော အသံနှင့်အတူ နှစ်တစ်ထောင်ကျော် ခြားနားနေသည့် ဤစစ်လက်နက် အရောင်းအဝယ်မှာ အောင်မြင်စွာ ပြီးမြောက်သွားချေပြီ။
လီကျန့်ကော်နှင့် ကျောက်ရှောင်ဟူတို့သည်လည်း သူတို့၏ တတ်နိုင်စွမ်းအလိုက် ထောက်ပံ့ရေးပစ္စည်း အချို့ကို အသီးသီး ဝယ်ယူခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် လီလီချန်နှင့် လျိုဟောက် တို့က ရတနာသိုက်တစ်ခုကို တွေ့ရှိသွားသော စူးစမ်းရှာဖွေသူများကဲ့သို့ ရှေးဟောင်းစာအုပ်များ အပုံလိုက် တင်ထားသော စားပွဲရှေ့တွင် မျက်လုံးများ အရောင်လက်လျက် ရပ်နေကြ၏။
သူတို့နှစ်ဦးက အချိတ်အဆက်မိမိ တွဲဖက်လုပ်ဆောင်နေကြပြီး တစ်ယောက်က အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးကာ အခြားတစ်ယောက်က စာရင်းမှတ်တမ်းတင်ခြင်းကို တာဝန်ယူထားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ဟာ လူတစ်ဝက်ခန့် မြင့်သော စာအုပ်အပုံကြီးကို စီပုံထားပြီးဖြစ်သည်။
"အန်းရှီးတပ်မတော် မှတ်တမ်းအပြည့်အစုံပဲ" လျိုဟောက်က အရောင်ဝါနေသော စာအုပ်ကို ကိုင်ထားရင်း တုန်ယင်နေသော အသံဖြင့် အာမေဍိတ် ပြုလိုက်၏။ "ပရော်ဖက်ဆာလီ... ဒီထဲမှာ ခိုင်ယွမ်ခေတ် တတိယနှစ်က ကာကွယ်ရေးမြေပုံတစ်ခု ပါနေတယ်ဗျ..."
လီလီချန်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်၏။ "ဂရုစိုက်ကိုင်နော်..."
"အနောက်တိုင်းဒေသ ဆေးကျမ်းကြီးလား..." အခြားတစ်ဖက်မှ ကျိုးမေ့ရှား၏ အံ့ဩသံ ထွက်ပေါ်လာချေသည်။
သူမသည် ဆေးစာအုပ်တစ်အုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အလွန်ဝမ်းသာနေပုံရသည်။
လီလီချန်နှင့် လျိုဟောက်တို့က တစ်ချိန်တည်း ခေါင်းလှည့်လာကြပြီး သူတို့၏ အကြည့်များက ဆေးစာအုပ်ဆီသို့ မီးမောင်းထိုးထားသည့်အလား စူးစိုက်သွားခဲ့ကြသည်။
"သူနာပြုကျိုး..." လီလီချန်က သူ၏အသံကို တည်ငြိမ်အောင် ထိန်းထားရင်း ချောင်းဟန့်လိုက်၏။ "ဒီ အနောက်တိုင်းဒေသ ဆေးကျမ်းကြီးက ထန်မင်းဆက် ဆေးပညာသမိုင်းကို လေ့လာဖို့အတွက် အရမ်းအရေးကြီးပါတယ်..."
"ကျွန်မ သိပါတယ်" ကျိုးမေ့ရှားက စာအုပ်ကို သူမ၏ ရင်ခွင်ထဲတွင် သတိကြီးစွာဖြင့် ဖွက်ထားလိုက်လေသည်။ "ကျွန်မက သူနာပြုတစ်ယောက်ဆိုပေမယ့် ကျွန်မမိသားစုက ရိုးရာ တရုတ်ဆေးပညာရှင် မိသားစုပါ။ ကျွန်မ အဘိုး၊ အဖေ နဲ့ အစ်ကိုတို့ အားလုံးက ရိုးရာဆေးဆရာတွေမို့ ဒီအသိပညာတွေကို သူတို့ အသုံးပြုနိုင်ပါတယ်.."
သူမက ကြီးမားသည့် ရည်မှန်းချက် မရှိသလို ပါရမီလည်း မပါချေ။ သို့သော် သူမ၏ မိသားစုတွင်တော့ ရှိပေသည်။
သူမ လက်မလွှတ်မှန်း သိသောအခါ လျိုဟောက်က ရုတ်တရက် အကြံရသွားခဲ့သည်။ "ဒီလိုလုပ်ရင်ကော... ကျွန်တော်တို့က ခင်ဗျားအတွက် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ရိုက်ပေးမယ်။ ဒါပေမယ့် မူရင်းစာအုပ်တွေကိုတော့ ကျွမ်းကျင်တဲ့ အခြေအနေအောက်မှာ သိမ်းဆည်းဖို့ လိုအပ်တယ်လေ.."
"ဟင့်အင်း..." ကျိုးမေ့ရှားက ခေါင်းခါလိုက်ပြီး စာမျက်နှာများပေါ်တွင် ရေးဆွဲထားသော ဆေးဖက်ဝင်အပင် ပုံစံများကို သူမ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။ "ဒီ တွင်းထွက်ဆိုးဆေးတွေ အရောင်လွင့်သွားတာက ဓာတ်ပုံရိုက်လိုက်ရင် အသေးစိတ် အချက်အလက်တွေ အများကြီး ပျောက်ကွယ်သွားနိုင်တယ်..."
သူတို့သုံးဦး အကြိတ်အနယ် ဖြစ်နေခဲ့ကြသည်။
နောက်ဆုံးတွင် လီလီချန်က သက်ပြင်းချလိုက်ပြီး သူ၏ စာအုပ်ပုံထဲမှ စာအုပ်နှစ်အုပ်ကို ရွေးထုတ်လိုက်၏။ "ခူချာ ဓလေ့ထုံးစံ မှတ်တမ်းများ နဲ့ နိုင်ငံခြားကုန်သည်များ၏ ခရီးသွားမှတ်တမ်း ဆိုတဲ့ စာအုပ်နှစ်အုပ်နဲ့ လဲရင်ကော။ ဒီစာအုပ်နှစ်အုပ်ထဲမှာ အနောက်တိုင်းဒေသက ဆေးဖက်ဝင်အပင်တွေနဲ့ ဒေသထွက်ကုန်တွေအကြောင်း အများကြီး မှတ်တမ်းတင်ထားတယ်.."
ကျိုးမေ့ရှား၏ မျက်လုံးများ အရောင်လက်သွားချေသည်။ သူမက စာအုပ်ကို ယူ၍ ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူမ၏ တင်းမာနေသော မျက်နှာထားက နောက်ဆုံးတွင် ပြေလျော့သွားချေသည်။ "သဘောတူတယ်.. ဒါပေမယ့်..."
သူမက ကောက်ကျစ်စွာ မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ "ကျွန်မကို ဆေးညွှန်းတချို့ အရင်ကူးရေးခွင့် ပေးရမယ်။ နောက်မှ ကျွန်မ ကြည့်ချင်တယ်ဆိုရင် ရှင်တို့ ငြင်းလို့မရဘူးနော်။ ဟုတ်တယ်မလား..."
"ရတာပေါ့ ရတာပေါ့" လျိုဟောက်က အလွန်ဝမ်းသာသွားပြီး စက္ကူနှင့် ကလောင်တံကို အလျင်အမြန် ကမ်းပေးလိုက်ခေသည်။ "ဖြည်းဖြည်းချင်း ကူးပါ။ ကျွန်တော်တို့က တခြားစာအုပ်တွေကို အရင်ထုပ်ပိုးလိုက်ဦးမယ်..."
ကျိုးမေ့ရှား ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ဂရုတစိုက် ကူးရေးနေစဉ် နေရောင်ခြည်က ပြတင်းပေါက်စက္ကူမှတစ်ဆင့် ဖြာကျလာပြီး သူမ၏ အဖြူရောင်ဂါဝန်ပေါ်တွင် အရိပ်များ ထင်ဟပ်နေခဲ့သည်။
နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် လူဆယ့်တစ်ယောက်က အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကျောပိုးအိတ် အဖောင်းကြီးများကို လွယ်ကာ ရပ်နေခဲ့ကြသည်။
လူတစ်ဦးစီက အန်းရှီးတပ်မတော်နှင့် ယခုလေးတင် လဲလှယ်ထားသော တာလီယွမ်ပေါက် ကြေးပြားအကြွေစေ့များ အပြည့်ပါသည့် လေးလံသော ခါးပိုက်အိတ်တစ်လုံးစီကို ခါးတွင် ချိတ်ဆွဲထားကြပြီး ကြေးပြားများ ထိခိုက်သံက ကြည်လင်စွာ မြည်ဟည်းနေချေသည်။
ကျန်းယဲ့ပ လှေကားထစ်များပေါ်တွင် ရပ်ကာ လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်၏။ "မှတ်ထားကြပါ။ ဒီည ၉ နာရီ မထိုးခင် အုပ်ချုပ်ရေးမှူးရုံးကို မဖြစ်မနေ ပြန်ရောက်ရမယ်"
သူ၏ အကြည့်က လူတိုင်းအပေါ် ကျရောက်သွားခဲ့သည်။ "ခင်ဗျားတို့ မြို့ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ဒါပေမယ့် မြို့ပြင်ကိုတော့ လုံးဝ မထွက်ရဘူး.."
"အိုကေ" ချီခယ်ခယ်က သူမလက်ထဲရှိ ကြေးပြားအကြွေစေ့တွဲကို လှုပ်ယမ်းလိုက်ပြီး ကျိုးမေ့ရှားနှင့် စုရှောင်ရှောင်တို့၏ လက်မောင်းများကို စိတ်အားထက်သန်စွာ ချိတ်တွယ်လိုက်ကြသည်။ "ငါတို့ မိန်းကလေးတွေ တစ်ဖွဲ့တည်း သွားမယ်... "
ချန်မော့က ခေါင်းကို ကုတ်လိုက်ပြီး ကောရွှိုက်အနားသို့ တိုးသွားလေသည်။ "ကောရှန်... ကျွန်တော့်ကို ကူညီပေးလို့ရမလား..."
သူတို့နှစ်ဦး အပြုံးချင်း ဖလှယ်လိုက်ကြ၏။ ဂိမ်းကစားသူများအဖြစ် သူတို့၏ အချင်းချင်း နားလည်မှုက သူတို့ကို အလိုအလျောက် အဖွဲ့တစ်ဖွဲ့ ဖြစ်သွားစေပေသည်။
ပရော်ဖက်ဆာ လီလီချန်နှင့် လျိုဟောက်တို့မှာ အသစ်ရထားသော မြေပုံကို ကိုင်ဆောင်လျက် လမ်းကြောင်းကို လေ့လာနေကြပြီ ဖြစ်သည်။ သူတို့၏ ပညာရှင် အလိုအလျောက် သိစိတ်များက ဤရှေးဟောင်းမြို့တော်၏ လမ်းမများနှင့် လမ်းကြားတိုင်းကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"တပ်ရင်းမှူးလီ.... တပ်စိတ်မှူးကျောက်" စစ်သူကြီး ကောရှင်းက ပြုံး၍ နှုတ်ဆက်လိုက်၏။ "ငါနဲ့အတူ စစ်ရေးပြကွင်းကို လိုက်ခဲ့မလား။ ငါ့ရဲ့ အန်းရှီးတပ်မတော် လေ့ကျင့်နေတာကို ကြည့်ဖို့ အခွင့်ကောင်းပဲ..."
လီကျန့်ကော်နှင့် ကျောက်ရှောင်ဟူတို့သည် ချက်ချင်း ခါးမတ်လိုက်ကြလေသည်။ စစ်သားအချင်းချင်း အပြန်အလှန် လေးစားမှုက သူတို့ကို ဤအကြံပြုချက်အား စိတ်အားထက်သန်စွာ လက်ခံရန် တွန်းအားပေးလိုက်သည်။
"ဒါဆိုရင်..." ကျန်းယဲ့က လက်ခုပ်တီးလိုက်၏။ "နေဝင်ချိန်မှ တွေ့ကြတာပေါ့"
ထိုလူဆယ်ယောက်က ငှက်များနှင့် သားရဲများကဲ့သို့ လူစုကွဲသွားကြပြီး ခူချာမြို့၏ ရှုပ်ထွေးလှသော လမ်းများနှင့် လမ်းကြားများထဲတွင် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ချီခယ်ခယ်နှင့် သူမ၏ အဖော်နှစ်ဦး၏ ရယ်မောသံများ အရင်ဆုံး ပျောက်ကွယ်သွား၏။ သူတို့၏ ဦးတည်ရာမှာ ရှင်းလင်းလှသည်၊ မြို့ထဲရှိ ပိုးထည်ဆိုင်ပင်။
လွန်ခဲ့သည့် နှစ်ရက်က ပါရှားကုန်သည်တစ်စု ရောက်နေသည်ဟု ကြားထားသဖြင့် ချန်မော့နှင့် ကောရွှိုက် တို့က တည်းခိုခန်းဆီသို့ လျှောက်သွားလိုက်ကြသည်။
လီလီချန်နှင့် လျိုဟောက်တို့က မြို့ထဲရှိ ဗုဒ္ဓစေတီတော်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြလေသည်။
လီကျန့်ကော်နှင့် သူ၏အဖော်က ကောရှင်း၏ ကျောပြင်နောက်မှ လိုက်ပါသွားကြပြီး လေ့ကျင့်ရေးကွင်းမှ ထောင်းထောင်းထနေသော ဖုန်မှုန့်များကြားတွင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့ကြသည်။
ကျန်းယဲ့သည် အုပ်ချုပ်ရေးမှူးရုံး၏ ဟောင်းနွမ်းနေသော တံခါးတိုင်ကို မှီကာ လူအုပ်ကြီး၏ ပုံရိပ်များ တဖြည်းဖြည်း အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
နေရောင်ခြည်က သူ့အပေါ်တွင် ရွှေရောင်လွှမ်းနေပြီး ကျေနပ်နေသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများတွင် အလိုအလျောက် တွန့်ကွေးသွားချေသည်။
ပြင်းထန်သော နေရောင်အောက်တွင် ခရီးသွားများကို လမ်းညွှန်ပေးကာ လည်ချောင်းကွဲမတတ် အော်ဟစ်နေရသည့် လက်တွေ့ကမ္ဘာမှ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်လျှင် အချိန်ခရီးသွား ဧည့်လမ်းညွှန် လုပ်ရခြင်းက တကယ်ကို အံ့သြဖွယ်ကောင်းသော အလုပ်တစ်ခုပင်။
အလံငယ်လေးကို ဝှေ့ယမ်းပြီး လည်ချောင်းကွဲမတတ် အော်ဟစ်နေစရာ မလိုသလို ခရီးသွားတွေ မျက်စိလည် လမ်းမှားသွားမှာကိုလည်း စိုးရိမ်နေစရာ မလိုချေ။
ဧည့်သည်များက သူတို့၏ ကိုယ်ပိုင် သမိုင်းဝင် စွန့်စားခန်းများကို ရှာဖွေရန် ထွက်ခွာသွားကြပြီး သူကတော့ ရှေးဟောင်း ခူချာမြို့တော်တွင် လွတ်လပ်ပေါ့ပါးသော လေ့လာသူတစ်ဦးအနေဖြင့် နေ့ဝက်လောက် အနားယူခွင့်ရသွားခဲ့သည်။
ထိုသို့တွေးမိရင်း သူက အင်္ကျီလက်ထဲမှ နှမ်းကပ်မုန့်ချပ်တစ်ခုကို ပေါ့ပါးစွာ ဆွဲထုတ်ပြီး တစ်ကိုက် ကိုက်စားလိုက်၏။ မွန်းတည့်ချိန် အပူရှိန်နှင့် ရောနှောနေသော နှမ်းနံ့လေးက တကယ့်ကိုပဲ... နတ်စည်းစိမ်လို ပြီးပြည့်စုံလွန်းလှချေသည်။
"ဒင် ခရီးသွားမစ်ရှင် ထုတ်ပြန်လိုက်ပါသည်။ အန်းရှီး အစောင့်အရှောက်ခံနယ်မြေ၏ အမြင့်ဆုံး အရာရှိ ကောရှင်းကို သင့်၏ ဒေသခံ ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးရန် ဖျောင်းဖျပါ။ သူက ခရီးသွားများကို ဦးဆောင်ပြီး ရှေးဟောင်း ခူချာမြို့တော်ကို ကုလားအုတ်စီးကာ အနည်းဆုံး မိနစ် ၆၀ ကြာ လည်ပတ်ပြသရမည်..."
"အရေးကြီးမှတ်ချက်များ -
၁။ လူတိုင်း အပြည့်အဝ ပါဝင်ရန် သေချာစေရမည်။
၂။ လမ်းခုလတ်တွင် မည်သူမျှ အဖွဲ့ထဲမှ ထွက်ခွာခွင့်မရှိပါ။
၃။ ဒေသခံ ဧည့်လမ်းညွှန် - ကောရှင်း
မစ်ရှင်အောင်မြင်ပါက ဆုကြေး - အလယ်အလတ်အဆင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှု..."
ချီးပဲ...
ဒါကို ဘာလို့ခေါ်လဲ သိလား။
ဒါကိုပဲ အပျော်လွန်ပြီး မျက်ရည်ကျရတယ်လို့ ခေါ်တာပဲ....
ဆယ်ယောက်ပါဝင်သော အဖွဲ့မှာ ဟိုတစ်စု ဒီတစ်စု ကွဲထွက်သွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျန်းယဲ့ အပြေးအလွှား ထွက်လာပြီး အော်ဟစ်လိုက်၏။ "မသွားကြနဲ့ဦး... အားလုံးပဲ... မသွားကြနဲ့ဦး"
ကျန်းယဲ့သည် အန်းရှီးတပ်မတော်မှ စစ်သည်များထံ အကူအညီတောင်းရန် လှည့်လိုက်၏။ "အစ်ကိုတို့... ကျွန်တော့်ကို ကူညီပြီး သူတို့ကို ပြန်ခေါ်ပေးဖို့ လူနည်းနည်းလောက် လွှတ်ပေးပါဦး။ သူတို့နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ သွားပြောပေးပါ..."
"ဟုတ်ကဲ့ပါ ဆရာကျန်း..."
မကြာမီမှာပင် ခရီးသွား ဆယ်ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြလေသည်။
"ဒါရိုက်တာကျန်း... ဘာဖြစ်လို့လဲ" လီကျန့်ကော်က မေးလိုက်၏။