အခန်း (၉) ပျောက်ကွယ်သွားခြင်း
အပြင်ဘက်တွင် စောင့်ကြပ်နေသော ထောင်စောင့်များသည်လည်း အဖြူရောင်အလင်းတန်းကို သဘာဝကျကျပင် သတိထားမိသွားကြ၏။
“အကျဉ်းခန်းက ဘာလို့ ရုတ်တရက်ကြီး လင်းထိန်လာတာလဲ...”
“သွား... တံခါးကို မြန်မြန်ဖွင့်ပြီး အထဲဝင်ကြည့်စမ်း” ထောင်မှူးက အမိန့်ပေးလိုက်လေသည်။
ထောင်စောင့်က နံရံမှ သော့ကို ကမန်းကတန်း ယူလိုက်ချိန်တွင် လူခြောက်ယောက်က တတိယမြောက် အကျဉ်းခန်းရှိ ကားထဲသို့ အလျင်အမြန် ဝင်ထိုင်လိုက်ကြသည်။
ကျန်းယဲ့က ကားကို စက်နှိုးလိုက်ပြီး အင်ဂျင်သံ ဟိန်းထွက်လာချိန်တွင်ပင် ထောင်မှူးက ပထမဆုံး တံခါးကို ဖွင့်လိုက်ချေသည်။
“စတင်မယ်...”
ကျန်းယဲ့က အမိန့်ပေးလိုက်သည်နှင့် SUV ကားကြီး တစ်စီးလုံးမှာ အဖြူရောင် အလင်းတန်းများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
နောက်တစ်စက္ကန့်တွင်တော့ အဖြူရောင် အလင်းတန်း ပျောက်ကွယ်သွားပြီး ယင်းနှင့်အတူ ရစ်ပတ်ဖုံးလွှမ်းခံထားရသော ယာဉ်ကြီးကလည်း ပျောက်ကွယ်သွားလေတော့သည်။
ပတ်ဝန်းကျင်ရှိ အကျဉ်းသားများဟာ မျက်လုံးကို ပွတ်သပ်ရင်း တတိယမြောက် အကျဉ်းခန်းကို ပြူးကျယ်စွာ စိုက်ကြည့်နေကြ၏။
ယခုလေးတင် အကျဉ်းခန်းထဲတွင် ရှိနေသော လူခြောက်ယောက်က ယခုအခါ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြချေပြီ။
“သရဲပဲ” အကျဉ်းသားတစ်ယောက်က အော်ဟစ်လိုက်၏။
“သူတို့ ပျောက်သွားပြီ... အဲဒီလူတွေ ပျောက်သွားပြီ”
“ဘုရားရေ... ဒါက နတ်ဘုရားတွေ ဆင်းသက်လာတာများလား...” အဘိုးအိုတစ်ဦးက တုန်ရီစွာဖြင့် ဒူးထောက်ချလိုက်ပြီး လူခြောက်ယောက် ပျောက်ကွယ်သွားသော အရပ်ဆီသို့ ဦးခိုက်ကာ ကစဉ့်ကလျား ရေရွတ်နေချေသည်။
ထောင်မှူးဟာ အစောင့်အနည်းငယ်နှင့်အတူ အလျင်အမြန် ဝင်လာပြီး အကျဉ်းခန်းထဲရှိ အကျဉ်းသားအားလုံးမှာ နေရာတစ်နေရာတည်းကို ကြောက်ရွံ့စွာ စိုက်ကြည့်နေကြသည်ကို ချက်ချင်း သတိထားမိလိုက်လေသည်။
သူက လူတိုင်း ကြည့်နေသော အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ အကျဉ်းသားခြောက်ယောက် ရှိနေရမည့် အကျဉ်းခန်းမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်လိုက်ရ၏။
“ဘာတွေ ဖြစ်နေတာလဲ... သူတို့ ဘယ်မှာလဲ” ထောင်မှူး၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားရသည်။
သူသည် တတိယမြောက် အကျဉ်းခန်းတံခါးဆီသို့ အလျင်အမြန် လျှောက်သွားကာ တံခါးဘောင်ကို မှီ၍ မျက်လုံးပြူးကာ ရှာကြည့်သော်လည်း မည်သူ့ကိုမျှ မမြင်ရချေ။
ထောင်မှူး၏ စူးရှသော အကြည့်များက မျက်နှာချင်းဆိုင် အကျဉ်းခန်းကို အကဲခတ်လိုက်ပြီး “သူတို့ ဘယ်ရောက်သွားလဲ” ဟု တင်းမာသော အသံဖြင့် မေးလိုက်၏။
သူ၏ မျက်နှာချင်းဆိုင်ရှိ အကျဉ်းသားသုံးဦးက အသံတုန်တုန်ယင်ယင်ဖြင့် အမှန်အတိုင်း ဖြေလိုက်ကြသည်။
“ခုနက... အဲဒီအကျဉ်းခန်းထဲမှာ အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလာတယ်”
ထောင်စောင့်များက အဖြူရောင်အလင်းတန်းကို သတိထားမိကြပြီး ထို့ကြောင့်ပင် လာရောက်စစ်ဆေးခြင်း ဖြစ်လေသည်။
“အဖြူရောင်အလင်းတန်း လင်းသွားပြီးတဲ့နောက်မှာ ဧရာမအရာဝတ္ထုကြီးတစ်ခုက အကျဉ်းခန်းထဲမှာ ရုတ်တရက် ပေါ်လာတယ်” အကျဉ်းသားက လက်ဟန်ခြေဟန်ဖြင့် ပြောနေရင်း သူ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေခဲ့သည်။ “အဲဒီ ထူးဆန်းတဲ့ အရာကြီးက အကျဉ်းခန်းတစ်ခုလုံးစာ နေရာယူထားတာ”
အခြား အကျဉ်းသားတစ်ဦးက ဖြည့်စွက်ပြောလိုက်လေသည်။ “အဲဒီလူခြောက်ယောက်က အဲဒီအရာဝတ္ထုကြီးထဲကို ဝင်သွားကြတယ်..”
နောက်ဆုံးတွင် အဘိုးအိုက စိတ်လှုပ်ရှားစွာဖြင့် “အဲဒီနောက်မှာ နောက်ထပ် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အဲဒီအရာဝတ္ထုကြီးကို ရစ်ပတ်သွားတယ်။ ပြီးတော့... ပြီးတော့ ပျောက်ကွယ်သွားတာပဲ...”
ထိုစကားကို ကြားပြီးနောက် ထောင်စောင့်များမှာ လုံးဝ ဆွံ့အသွားကြရတော့သည်။
သူတို့ပြောသော စကားလုံးတစ်လုံးချင်းစီကို နားလည်နိုင်သော်လည်း ပေါင်းစပ်လိုက်သောအခါတွင်မူ နားလည်၍မရနိုင်သော အရာများ ဖြစ်နေချေသည်။
၎င်းမှာ ဒဏ္ဍာရီ သို့မဟုတ် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသည်နှင့် တူနေ၏။
ထောင်မှူး၏ မျက်နှာမှာ မှောင်မိုက်သွားပြီး တစ်ခုခု လွန်စွာ မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။ သူ၏ စူးရှသော အကြည့်များက အခြားအကျဉ်းခန်းများကို အကဲခတ်လိုက်ပြီး “သူတို့ပြောတာ တကယ်လား” ဟု တင်းမာသော အသံဖြင့် မေးလိုက်လေသည်။
ပတ်ဝန်းကျင် အကျဉ်းခန်းများရှိ အကျဉ်းသားများက ခေါင်းတဆတ်ဆတ် ညိတ်ပြကြသည်။
“သူတို့ပြောတဲ့အတိုင်းပါပဲ..”
“ဟုတ်တယ်... မှန်ပါတယ်”
“အဖြူရောင် အလင်းတန်း လင်းလာပြီး ထူးဆန်းတဲ့ အရာဝတ္ထုကြီးတစ်ခု ပေါ်လာတယ်။ အဲဒီလူခြောက်ယောက်က အဲဒီအရာကြီးထဲ ဝင်သွားပြီးတဲ့နောက်မှာ အလင်းရောင် တစ်ချက် ထပ်လက်သွားပြီး သူတို့ ပျောက်ကွယ်သွားတာပါ...”
“ဟုတ်တယ်...ဟုတ်တယ်... ဟုတ်တယ်... အဲဒါပဲ”
“ကျွန်တော်တို့ မြင်တာ လုံးဝ မမှားပါဘူး”
...
ထိုစဉ် အကျဉ်းခန်း တံခါးပေါက်ဆီမှ ခြေသံများနှင့်အတူ ကြိုဆိုနှုတ်ခွန်းဆက်သံများ ထွက်ပေါ်လာလေသည်။
မုန်ရီသည် အကျဉ်းခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်၏။
“ဘာဖြစ်လို့လဲ...” ဒုတိယဗိုလ်ချုပ်က တံခါးစောင့်နေသော ထောင်စောင့်ကို မေးလိုက်လေသည်။
ထောင်စောင့်က တုန်ရီစွာဖြင့် ပြန်ဖြေလေသည်။ “စစ်သူကြီးကို သတင်းပို့ပါတယ်။ ခုနလေးတင် အကျဉ်းခန်းထဲမှာ အဖြူရောင်အလင်းတန်း လင်းသွားလို့ ထောင်မှူးက သူ့လူတွေကို ခေါ်ပြီး သွားစစ်ဆေးနေပါတယ်..”
ထောင်စောင့် စကားမဆုံးမီမှာပင် မုန်ရီသည် အကျဉ်းထောင် အတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားရာ ဒုတိယဗိုလ်ချုပ်နှင့် အခြားသူများလည်း အနီးကပ် လိုက်ပါသွားခဲ့ကြသည်။
မုန်ရီ ပေါ်လာသည်နှင့် ထောင်မှူးက သူ့ကို မှတ်မိသွားပြီးနောက် အလျင်အမြန် ဦးညွှတ်ကာ “အရှင်မင်းကြီးကို ကျွန်တော်မျိုး ဂါရဝပြုပါတယ်”
အခြားထောင်စောင့်များလည်း လိုက်လံ၍ ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
မုန်ရီ၏ စူးရှသော အကြည့်များက အကျဉ်းခန်းတစ်ဝိုက်ကို အကဲခတ်ပြီးနောက် နောက်ဆုံးတွင် ထောင်မှူးထံသို့ ရောက်သွားချေသည်။ “မင်းက ဒီက ထောင်မှူးလား”
“ဟုတ်ပါတယ်..”
“ရတနာဆက်သတဲ့ လူခြောက်ယောက် ဘာဖြစ်သွားတာလဲ... ”
ထိုစကားကို ကြားသောအခါ ထောင်မှူး၏ နဖူးတွင် ချွေးစေးများ ပျံလာပြီး သူ၏ အသံမှာ တင်းမာကာ တုန်ယင်နေလေသည်။
ယုံကြည်နိုင်စရာ မရှိသော်လည်း သူ အနည်းငယ်မျှပင် မလိမ်ညာရဲချေ။ “အဲဒီလူခြောက်ယောက်က ခုနလေးတင် အဖြူရောင်အလင်းတန်းတစ်ခုက ခေါ်ဆောင်သွားတာ ခံလိုက်ရပါတယ်”
မုန်ရီ- "...."
“မင်း ခုနက ဘာပြောလိုက်တာလဲ... ” ဒုတိယဗိုလ်ချုပ်က သူ နားကြားလွဲသည်ဟု ထင်ကာ ထပ်မေးလိုက်၏။
ထောင်မှူးက ချွေးစေးများကို ခိုးသုတ်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။ “ခုနလေးတင် အကျဉ်းခန်းထဲမှာ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အဲဒီလူခြောက်ယောက် ပျောက်သွားတာပါ။ ဒါက ယုံနိုင်စရာမရှိဘူး ဆိုပေမယ့် တခြားအကျဉ်းသားတွေက သူတို့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပါ။ စစ်သူကြီး ကျွန်တော့်ကို မယုံရင် သူတို့ကို မေးကြည့်လို့ ရပါတယ်”
မုန်ရီက သူ၏ အကြည့်ကို ပတ်ဝန်းကျင် အကျဉ်းခန်းများရှိ အကျဉ်းသားများထံ လွှဲလိုက်ပြီး သူတို့ထဲမှ တစ်ဦးကို လက်ညှိုးထိုးကာ “မင်း ပြောစမ်း...”
ခေါ်ခံရသော အကျဉ်းသားက သူမြင်တွေ့ခဲ့ရသမျှကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသေးစိတ် ပြန်လည်ပြောပြလေသည်။ ပြောပြီးနောက်တွင် လူတိုင်း ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရကြောင်း ဖြည့်စွက်ပြောဆိုလိုက်၏။
မုန်ရီ လှမ်းကြည့်လိုက်သော အကျဉ်းသားတိုင်းက ခေါင်းညိတ်ပြကြချေသည်။
ဘေးတွင် ရပ်နေသော ဒုတိယဗိုလ်ချုပ်က အကျဉ်းသားများကို ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများနှင့် သေးငယ်သော မျက်နှာအမူအရာများကို အကဲခတ်ပြီးနောက် သူတို့ လိမ်ညာနေခြင်း မဟုတ်ကြောင်း အခြေခံအားဖြင့် သေချာသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများကို မြင်တွေ့နေရဆဲ ဖြစ်သောကြောင့်ပင်။
“ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားတယ်ပေါ့... ” မုန်ရီက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။
အဲဒီလူခြောက်ယောက်က တကယ်ကို ထူးဆန်းတာပဲ။
မုန်ရီက ထောင်မှူးဘက်သို့ လှည့်ကြည့်ကာ “အဲဒီအခန်းကို ဖွင့်စမ်း”
“ဟုတ်ကဲ့ပါ... ” ထောင်မှူးက တတိယမြောက် အကျဉ်းခန်းကို ကိုယ်တိုင် ဖွင့်ပေးလိုက်သည်။
မုန်ရီသည် အကျဉ်းခန်းထဲသို့ ဝင်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ အကျဉ်းခန်း၏ လက်မတိုင်းကို ဂရုတစိုက် စစ်ဆေးကြည့်သော်လည်း မည်သည့် သဲလွန်စကိုမျှ မတွေ့ရချေ။
လွတ်မြောက်နိုင်မည့် လမ်းကြောင်းမရှိသလို သော့များမှာလည်း ပုံမှန်အတိုင်းဖြစ်ပြီး အရာအားလုံးမှာ ပုံမှန်ဖြစ်နေချေသည်။
ပုံမှန်ဖြစ်နေခြင်းကပင်လျှင် ပုံမှန်မဟုတ်သလို ဖြစ်နေခြင်းပင်။
ဘေးခန်းမှ အဘိုးအိုက သူ့ဟာသူ ရေရွတ်နေပြီး ထိုရေရွတ်သံများမှာ တဖြည်းဖြည်း ပို၍ ကျယ်လောင်လာလေသည်။
“နတ်ဘုရားတွေ ဆင်းသက်လာတာပဲ။ နတ်ဘုရားတွေ ဆင်းသက်လာတာပဲ”
မုန်ရီ၏ စူးရှသော အကြည့်က သူ၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မြုပ်နေပုံရပြီး အဆက်မပြတ် ရေရွတ်နေသော အဘိုးအိုထံသို့ ရောက်သွားခဲ့သည်။
သူ၏ အမူအရာမှာ တဖြည်းဖြည်း ပို၍ ရူးသွပ်လာပုံရပြီး နောက်ကျိနေသော မျက်လုံးများထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ တောက်လောင်နေသော အလင်းရောင်များ ပြည့်နှက်နေလေသည်။
ထောင်မှူးသည် မုန်ရီ၏နောက်မှ သတိထား၍ လိုက်ပါလာပြီး သူ အကျဉ်းခန်းထဲမှ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ မုန်ရီနှင့် သူ၏အဖွဲ့ ထွက်သွားပြီးနောက် အကျဉ်းခန်းထဲတွင် ခဏတာမျှ တိတ်ဆိတ်သွားခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက် ထောင်စောင့်တစ်ဦးက “အစ်ကိုကြီး... အဲဒီလူခြောက်ယောက်က တကယ်ပဲ နတ်ဘုရားတွေလို့ ထင်လား” ဟု သတိထား၍ မေးလိုက်၏။
ထောင်မှူးက ထောင်စောင့်ကို မော့ကြည့်လိုက်ပြီး တတိယမြောက် အကျဉ်းခန်းရှိရာ အရပ်ဆီသို့ နက်နဲစွာ တစ်ချက်ကြည့်လိုက်ကာ “ဖြစ်နိုင်တယ်” ဟု တိုးညင်းသော အသံဖြင့် ပြောလိုက်ချေသည်။
ထိုစကားကို ကြားသောအခါ အခြားအစောင့်များ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှု အမူအရာများ ပေါ်လာသော်လည်း ယင်းတို့ကို စိတ်လှုပ်ရှားမှုနှင့် ရွှင်လန်းမှုများက လျင်မြန်စွာ အစားထိုးသွားလေသည်။
အကယ်၍ ထိုခြောက်ယောက်မှာ တိုက်တိုက်ဆိုင်ဆိုင် နတ်ဘုရားများ ဖြစ်နေပါက သူတို့သည် နတ်ဘုရားများကို မြင်ဖူးသွားပြီဖြစ်ရာ ၎င်းမှာ သူတို့၏ ဘိုးဘေးများ၏ သင်္ချိုင်းဂူမှ ကောင်းကျိုးပေးသော အခိုးအငွေ့များ ထွက်ပေါ်လာသကဲ့သို့ ကြီးမားလှသော ဂုဏ်ကျက်သရေတစ်ရပ် ဖြစ်ပေလိမ့်မည်။
မုန်ရီနှင့် သူ၏အဖွဲ့ အကျဉ်းထောင်ထဲမှ ထွက်ခွာလာစဉ် ဒုတိယဗိုလ်ချုပ်က မနေနိုင်ဘဲ ပြောလိုက်၏။
“ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်။ အဲဒီလူခြောက်ယောက်က တကယ်ပဲ ကောင်းကင်ဘုံကလူတွေ ဖြစ်နေမလား... ” ဒုတိယဗိုလ်ချုပ်သည် အဘိုးအို၏ စကားများ လွှမ်းမိုးမှုကို မခံရဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
မုန်ရီက တိတ်ဆိတ်နေပြီးမှ “ဒီကိစ္စကို လူသိရှင်ကြား မဖြစ်စေရဘူး”
သူ အရှင်မင်းကြီးထံ ပြန်လည်သတင်းပို့ပြီးမှသာ ဆုံးဖြတ်ချက် ချရပေမည်။
အရှင်မင်းကြီး နောက်ဆုံးအကြိမ် ဤနေရာသို့ အရှေ့ပိုင်း ခရီးစဉ်အဖြစ် ကြွချီတော်မူစဉ်က ရွှီဖူနှင့် တွေ့ဆုံခဲ့ပြီး အရှေ့ပင်လယ်တွင် နတ်ဘုရားများ နေထိုင်သည့် ဖုန်လိုင်၊ ဖန်ကျန်း နှင့် ရင်ကျိုးဟူသော မြင့်မြတ်သည့် တောင်သုံးလုံး ရှိကြောင်း ရွှီဖူက သူ့ကို လျှောက်တင်ခဲ့ဖူးလေသည်။
ယခုတစ်ကြိမ်တွင် တိုက်ဆိုင်စွာပင် သူတို့ဟာ ဤနေရာသို့ ရောက်ရှိလာပြီး ဤထူးခြားသော လူခြောက်ယောက်နှင့် ဆုံတွေ့ခဲ့ရ၏။
ယင်းက မုန်ရီကို လန်ယာသည် နတ်ဘုရားကမ္ဘာနှင့် ဆက်သွယ်နေသလားဟု စတင်တွေးတောလာစေတော့သည်။