အခန်း (၈၉) စစ်သုံးပစ္စည်းများ ဝယ်ယူခြင်း
ကောရွှိုက်၏ အကြည့်များက နံရံတွင် ချိတ်ဆွဲထားသော စာလုံးလှနှင့် ပန်းချီကား တစ်ချပ်ထံ ရောက်သွားခဲ့သည်။
အားပါးတရ ရေးဆွဲထားသော မင်ရည် ဝါးပင်ပန်းချီဘေးတွင် သံမဏိအရိုးနှင့် မဆုတ်မနစ်သော စိတ်ဓာတ်ဟူသော စာလုံးကြီး လေးလုံးကို ရေးသားထားပြီး ကောရှင်းဟု လက်မှတ်ရေးထိုးထား၏။
သူက ပန်းချီကားရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ လက်ချောင်းထိပ်များက စုတ်ချက်များကို ညင်သာစွာ စုန်ဆန်ပွတ်သပ်နေမိသည်။
ဝါရင့်စစ်သည်အို ကျောက်ချီက ဖြည်းညှင်းစွာ လျှောက်လာပြီး သူ၏ အရေးအကြောင်းများနေသော မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာလေသည်။ “သခင်လေးကောက စာလုံးလှနဲ့ ပန်းချီပညာကိုလည်း နားလည်တာလား...”
“နည်းနည်းပါးပါးတော့ သိပါတယ်” ကောရွှိုက်က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။ “ဒီ မင်ရည်ဝါးပင်ပန်းချီက အရမ်းကောင်းတာပဲ။ စုတ်ချက်တွေက အားပါပြီး အသက်ဝင်နေတယ်... ”
ကျောက်ချီက ပန်းချီလိပ်ကို ဂရုတစိုက် ဖြုတ်ယူလိုက်၏။ “ဒါက ပြီးခဲ့တဲ့ဆောင်းတွင်းတုန်းက စစ်သူကြီး ကိုယ်တိုင် ဆွဲထားတာပါ။ အဲဒီညက လေပြင်းတွေတိုက်ပြီး နှင်းတွေကျနေခဲ့တယ်။ စစ်သူကြီးက ဒီမင်ရည်ဝါးပင် တစ်ခုတည်းကသာ ငါတို့ အန်းရှီးတပ်မတော်ရဲ့ စိတ်ဓာတ်နဲ့ ထိုက်တန်တယ်လို့ ပြောခဲ့တယ်...”
ကောရွှိုက်၏ အကြည့်များက ပန်းချီကားပေါ်တွင် ဝဲဝဲလည်နေခဲ့သည်။ “ဒီပန်းချီကားနဲ့ လဲလှယ်ဖို့ဆိုရင် ရိက္ခာ ဘယ်လောက် ပေးရမလဲ မသိဘူး...”
အဘိုးအိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ “သခင်လေးကော အနေနဲ့ လိုချင်တာရှိရင် ဘာနဲ့မှ လဲလှယ်စရာမလိုဘဲ ကြိုက်တာယူသွားနိုင်တယ်လို့ စစ်သူကြီးက အထူးမှာကြားထားပါတယ်...”
ကောရွှိုက်က ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာတွင် သဘောမတူသည့် ဟန်များ အပြည့်ပေါ်နေခဲ့သည်။ “ဒါက စည်းကမ်းနဲ့ မညီဘူးလေ...”
ကျောက်ချီက သူ၏ တွန့်လိမ်နေသော လက်ချောင်းများ အနည်းငယ် တုန်ယင်စွာဖြင့် ပန်းချီလိပ်ကို ကောရွှိုက်ထံ လေးနက်စွာ ကမ်းပေးလိုက်လေသည်။ “သခင်လေး လက်ဆောင်ပေးခဲ့တဲ့ သံချပ်ကာ အစုံ ငါးထောင့်သုံးရာက အန်းရှီးတပ်မတော်ရဲ့ အရေးပေါ် အကျပ်အတည်းကို ဖြေရှင်းပေးခဲ့တာပါ။ ဒီပန်းချီကားလောက်ကတော့ ပြောပလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး...”
“သံချပ်ကာတွေက ကျွန်တော့်သဘောဆန္ဒနဲ့ ပေးခဲ့တာပါ။ အဲဒါကို သီးသန့်ထားလိုက်ကြစို့” ကောရွှိုက်၏ အသံက ဩဇာပါပြီး ခိုင်မာနေခဲ့သည်။ “ကျွန်တော်ကတော့ ဒီပန်းချီကားကို စည်းကမ်းအတိုင်းပဲ လဲလှယ်ယူမှာပါ...”
အဘိုးအိုက ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် လက်သွားချေသည်။ “သခင်လေးရဲ့ ကျေးဇူးက အရမ်းကြီးမားလွန်းပါတယ်။ ကျွန်တော်တို့... ကျွန်တော်တို့ ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး...”
ကောရွှိုက်သည် အဘိုးအို၏ ကြမ်းတမ်းနေသော မျက်နှာကို စိုက်ကြည့်ရင်း ပန်းချီလိပ်ကို ဖြည်းညှင်းစွာ ပြန်တွန်းပေးလိုက်သည်။ “ဦးလေးကလည်း မြှောက်ပြောလွန်းနေပါပြီ။ မျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဘက်က တတ်နိုင်တာလေး လုပ်ပေးခွင့်ရတာကပဲ ဂုဏ်ယူစရာပါ...”
သူတို့နှစ်ဦးသည် ပန်းချီလိပ်ကို အပြန်အလှန် တွန်းပို့ရင်း အလျှော့မပေးဘဲ အခြေအနေ တင်းမာနေခဲ့ကြသည်။
နောက်ဆုံးတွင် ကျောက်ချီက သက်ပြင်းချလိုက်၏။ “ကောင်းပါပြီ။ သခင်လေးကောက ဒီလောက်တောင် အတင်းပြောနေမှတော့... ဒါဆိုလည်း ရိက္ခာ တစ်ရှီ နဲ့ လဲလှယ်ကြတာပေါ့”
“ဆယ်ရှီ...” ကောရွှိုက်က သဘောမတူဘဲ သူ၏ ကိုယ်ပိုင် ဈေးကို တိုက်ရိုက် သတ်မှတ်လိုက်လေသည်။
သူ၏ ခိုင်မာသော လေသံကို မြင်လိုက်ရသဖြင့် စစ်သည်အိုက အလျှော့ပေးကာ “တစ်ရှီခွဲပါ” ဟု ပြောလိုက်ပြန်သည်။
“ရှီနှစ်ဆယ်” သူ၏ အသံက ပြတ်သားပြီး ခိုင်မာနေချေသည်။ “တစ်စေ့မှ လျှော့မပေးနိုင်ဘူး...”
ကျောက်ချီ အံ့သြမှင်တက်သွားပြီး ဈေးဆစ်ရမည့်အစား ဈေးပိုပေးလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
သူက ရှေ့ရှိ ခေါင်းမာသော လူရွယ်ကို ကြည့်လိုက်ရာ သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်တက်လာရသည်။
သူ၏ ကြမ်းတမ်းနေသော လက်များက ပါးပြင်ပေါ်သို့ စီးကျလာသည့် မျက်ရည်များကို အလျင်အမြန် သုတ်ဖယ်လိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်၏။ “ကောင်းပါပြီ... သခင်လေးကော သဘောပါပဲ...”
ထို့နောက် ကောရွှိုက်က ပန်းချီကားကို လက်ခံလိုက်ပြီး ပျော်ရွှင်စွာဖြင့် “ဦးလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ဗျာ”
ချီခယ်ခယ်သည် သူမ ယခုလေးတင် လဲလှယ်ထားသော ကြမ်းတမ်းသည့် အဝတ်စ အထပ်လိုက်ကို သယ်ဆောင်လာစဉ် ချန်မော့က ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ကာ မြေအိုးမြေခွက် အချို့ကို အထပ်ထပ် ချိန်ဆကြည့်နေသည်ကို မြင်လိုက်ရ၏။
သူမက စပ်စုလိုစိတ်ဖြင့် အနားသို့ တိုးသွားလေသည်။ “ရှင့်မှာ ခြောက်ပြားပဲ ကျန်တော့တယ်ဆို”
ချန်မိုက ခေါင်းမမော့ဘဲ အနည်းငယ် ဟောင်းနွမ်းနေသော ကြွေပန်းကန်လုံး တစ်လုံးကို ကောက်ယူကာ ဂရုတစိုက် စစ်ဆေးလိုက်၏။ “ဟုတ်တယ်... ငါ့ ဘဏ်ကတ်ထဲမှာ ခြောက်ပြားပဲ ကျန်တော့တာ”
“ဒါဆို ဘာလို့...”
ချန်မော့က ဘာကိုမှ ဖုံးကွယ်မထားဘဲ ငွေရှာမည့် သူ၏ နည်းလမ်းကို တိုက်ရိုက် ထုတ်ပြောပြလိုက်၏။
“ငါ ကျဲ့ပေကနေ ငွေသား ယွမ် ၅၀၀၀ ထပ်ယူလို့ ရသေးတယ်။ ပြီးတော့ ဟွားပေရဲ့ အကြွေးဝယ်ခွင့်ထဲကနေလည်း နည်းနည်း ထုတ်သုံးလို့ ရသေးတယ်။ သတ်မှတ်ရက်မတိုင်ခင် အလုပ်တစ်ခု ရှာပြီး အဲဒီငွေတွေကို ပြန်ဆပ်ဖို့ ကြိုးစားရမှာပေါ့။ တကယ်လို့ အဆင်မပြေခဲ့ရင်လည်း အတိုး နည်းနည်းပေးလိုက်မယ်လေ...”
အလီပေ သို့မဟုတ် ဟွားပေကို တစ်ခါမှ မသုံးဖူးသူ တစ်ယောက်အနေဖြင့် ချီခယ်ခယ်သည် ဤနည်းလမ်းကို အံ့သြသွားပြီး “ဒါက... ဒါက အရမ်း ရူးသွပ်လွန်းတယ်” ဟု အာမေဍိတ်သံဖြင့် ပြောလိုက်၏။
သူမက ထိုသို့လုပ်ရန် မလိုအပ်ဟု ခံစားရပြီး မိမိ၏ စွမ်းရည်၊ တတ်နိုင်စွမ်းနှင့်အညီ ပြုမူခြင်းက ပိုကောင်းသည်ဟု ထင်မြင်မိပေသည်။
ချန်မော့က နောက်ဆုံးတွင် ခေါင်းမော့လာပြီး နံနက်ခင်း နေရောင်ခြည်က သူ၏ ပိန်ပါးသော မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။ “ငါ့ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ အနည်းဆုံးတော့ ငါ ငတ်မနေဘူးလေ...”
စကားပြောရင်း သူက စားသောက်ဆောင်ဘက်သို့ လှမ်းကြည့်လိုက်၏။ “ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ဖို့အတွက် ဗိုက်ဝအောင် စားဖို့တောင် မတတ်နိုင်ကြဘူး...”
ချီခယ်ခယ် တိတ်ဆိတ်သွားပြီး မွန်းကြပ်ဖွယ်ကောင်းသော လေထုက သူတို့နှစ်ဦးကို လွှမ်းခြုံသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ချီခယ်ခယ်က စကားစပြောလာခဲ့သည်။ “ငါ... ငါ နောက်ထပ် နည်းနည်း ထပ်ဝယ်လိုက်ဦးမယ်...”
သူမ လှည့်ထွက်သွားစဉ် ‘ဒီနေ့ ပိုက်ဆံတွေ အကုန်မသုံးရမချင်း ငါ စိတ်ထဲ နေလို့ကောင်းမှာ မဟုတ်ဘူး’ ဟု တီးတိုးရေရွတ်လိုက်၏။
ချန်မော့၏ နည်းပါးသော သုံးစွဲမှုနှင့် နှိုင်းယှဉ်လျှင် အခြားနှစ်ဦးမှာမူ များစွာ ပိုမို ရက်ရောကြလေသည်။
ချောင်ရန်ကျိနှင့် စုရှောင်ရှောင် နှစ်ဦးစလုံးက အန်းရှီးတပ်မတော်အတွက် ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူပေးချင်ကြသော်လည်း သူတို့က ကျွမ်းကျင်သူများ မဟုတ်ကြသဖြင့် လီကျန့်ကော်နှင့် ကျောက်ရှောင်ဟူ တို့ကို အကြံပေးများအဖြစ် အထူး ခေါ်ဆောင်လာခဲ့ကြသည်။
သူတို့လေးဦးက ကျန်းယဲ့၏ အရှေ့တွင် ရပ်ကာ အချင်းချင်း ဆွေးနွေး တိုင်ပင်နေကြလေသည်။
“ရှောင်ကျန်း” ချောင်ရန်ကျိက နွေးထွေးစွာ ပြုံးရင်း ပြောလိုက်၏။ “ငါတို့က အန်းရှီးတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တကယ် မြှင့်တင်ပေးနိုင်မယ့် စစ်သုံးပစ္စည်းတချို့ကို ဝယ်ချင်လို့ပါ...”
ကျန်းယဲ့က သဘောပေါက်သွားပြီး လေထဲတွင် သူ၏ လက်ချောင်းကို ညင်သာစွာ ခေါက်လိုက်ရာ စနစ်အလင်းမျက်နှာပြင် တစ်ခုက သူတို့လေးဦး၏ အရှေ့တွင် ပွင့်လာခဲ့သည်။
တစ်ကိုယ်တော် စစ်သည်သုံး ပစ္စည်းများမှသည် နည်းဗျူဟာပိုင်းဆိုင်ရာ စနစ်များအထိ ခေတ်မီလက်နက်အမျိုးမျိုးကို မျက်စိကျိန်းမတတ် ပြသထားချေသည်။
လီကျန့်ကော်၏ စူးရှသော မျက်လုံးများက စာရင်းကို အကဲခတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များက နေရာအချို့ကို ဖိနှိပ်ထောက်ပြလိုက်၏။ “ဒါရိုက်တာကျန်းက ယမ်းမှုန့်ဖော်စပ်နည်းကို အရင်ကတည်းက ပေးထားပြီးပြီလို့ စစ်သူကြီးကောက ပြောတယ်။ ဒါကြောင့် ဒီပစ္စည်းကိုတော့ လောလောဆယ် ထည့်သွင်းစဉ်းစားစရာ မလိုသေးပါဘူး...”
စုရှောင်ရှောင်နှင့် ချောင်ရန်ကျိတို့က နားလည်သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
“မနေ့ညက စစ်သူကြီးကော နဲ့ အသေးစိတ် ဆွေးနွေးဖြစ်ခဲ့တယ်။ သူတို့ဆီမှာ ဖော်စပ်နည်း ရှိပေမဲ့ ယမ်းစိမ်းနဲ့ ကန့်လိုမျိုး ကုန်ကြမ်းပစ္စည်းတွေ လိုအပ်နေတယ်။ အဲဒါတွေကို အပြင်ထွက်ဝယ်တဲ့အခါ တိဗက်တွေရဲ့ လုယက်တာကို မကြာခဏ ခံရလေ့ရှိတော့ ဒါက ရေရှည်အတွက် အဆင်မပြေဘူး...”
လီကျန့်ကော်က ပုံရိပ်ယောင် မျက်နှာပြင်ကို ပွတ်ဆွဲလိုက်ပြီး နောက်ဆုံးတွင် စာမျက်နှာတစ်ခု၌ ရပ်တန့်လိုက်လေသည်။ “အသင့်သုံး ယမ်းမှုန့်တွေကို တိုက်ရိုက်ဝယ်ယူတာက အဆင်ပြေပေမဲ့ အကောင်းဆုံး ဗျူဟာတော့ မဟုတ်ဘူး။ ကုန်ကြမ်းပစ္စည်းတွေကို ဝယ်တာက ပိုကောင်းတယ်။ တူညီတဲ့ ဈေးနှုန်းနဲ့ဆိုရင် အဆပေါင်းများစွာ ပိုပြီး ထုတ်လုပ်နိုင်တယ်”
စကားပြောနေရင်း သူက ထိုနှစ်ဦးကို မော့ကြည့်လိုက်၏။
သူ၏ အရှေ့ရှိ လူနှစ်ဦးက ချမ်းသာကြွယ်ဝသူများ ဖြစ်ကြောင်းကို သိထားသော်လည်း လီကျန့်ကော်သည် သံမဏိကောင်းကို အလိုအပ်ဆုံးနေရာတွင် သုံးရမည်ဟူသော မူဝါဒကို အမြဲတမ်း စွဲကိုင်ထားသူဖြစ်ပြီး ကိုယ့်ပိုက်ဆံမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ငွေကို ဘယ်တော့မှ အလဟဿ အဖြုန်းတီးခံမည် မဟုတ်ချေ။
(NT- အရင်းမြစ်များကို သုံးစွဲရာ၌ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးနေမှာမှာသာ သုံးသင့်သည်ဟု ဆိုလိုခြင်း)
“ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုထင်လဲ...”
စုရှောင်ရှောင်က ခေါင်းညိတ်လိုက်၏။ “ကျွန်မ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ တပ်ရင်းမှူးလီ ပြောတဲ့အတိုင်းပဲ လုပ်ပါ...”
ချောင်ရန်ကျိကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။ “အားလုံး တပ်ရင်းမှူးလီ သဘောပါပဲ...”
ထိုအဖွဲ့က အလျင်အမြန် သဘောတူညီမှု ရရှိသွားပြီးနောက် အခြားသော စစ်သုံးပစ္စည်းများဆီသို့ အာရုံပြောင်းလိုက်ကြလေသည်။
ကျောက်ရှောင်ဟူက အလင်းမျက်နှာပြင်ပေါ်ရှိ ပစ္စည်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ “ဒီစိန်ပြောင်းက သင့်တော်တယ်... အသုံးပြုရတာ လွယ်ကူတယ်။ လေ့ကျင့်ရေးကာလ တိုတောင်းတယ်။ အီလက်ထရောနစ် အစိတ်အပိုင်းတွေ မပါဘဲ စက်ယန္တရားသက်သက်ပဲဖြစ်လို့ နောက်ပိုင်း ပြုပြင်ထိန်းသိမ်းရမှာလည်း ပူစရာမလိုဘူး...”
စုရှောင်ရှောင်၏ သွယ်လျသော လက်ချောင်းလေးများက မျက်နှာပြင်ပေါ်တွင် ညင်သာစွာ ပွတ်ဆွဲနေခဲ့သည်။ ပစ္စည်းတစ်ခုကို မြင်ပြီးနောက် သူမ ရပ်တန့်လိုက်လေသည်။ “ဒီ ကင်းထောက်ဒရုန်းလေးကရော ဘယ်လိုလဲ။ ကြိုတင်သတိပေးတဲ့နေရာမှာ အရမ်းအသုံးဝင်မယ် ထင်တယ်”
“ဒါက အရမ်း ခေတ်မီလွန်းနေတယ်....” လီကျန့်ကော်က ပြတ်သားစွာ ပယ်ချလိုက်၏။ “ဂြိုဟ်တု ချိတ်ဆက်မှုနဲ့ ကွန်ရက် အထောက်အပံ့မရှိရင် သူက ပျံတက်နိုင်ဦးတော့ ပုံရိပ်တွေကို ပြန်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် အီလက်ထရောနစ် ပစ္စည်းတွေက ပြုပြင်ထိန်းသိမ်းရ ရှုပ်ထွေးပြီး အန်းရှီးတပ်မတော်ရဲ့ လက်ရှိ အခြေအနေနဲ့ မကိုက်ညီဘူး...”
စုရှောင်ရှောင်က သင့်တော်မည့် လက်နက်ကို ရှာဖွေရန် သူမ၏ လက်ချောင်းကို ဆက်လက် ပွတ်ဆွဲနေခဲ့သည်။ “မီးပုံးပျံကရော ဘယ်လိုလဲ။ အမြင့်ကို တက်သွားရင် ငါတို့ရဲ့ မြင်ကွင်း ပိုကျယ်လာမှာပေါ့”
“မီးပုံးပျံ....” ကျောက်ရှောင်ဟူ၏ မျက်လုံးများ အရောင်လက်သွားလေသည်။ “ဒါဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်... ဖွဲ့စည်းပုံက ရိုးရှင်းတယ်။ အဝတ်စနဲ့ မီးအရင်းအမြစ်ပဲ လိုအပ်ပြီး ပြုပြင်ထိန်းသိမ်းရတာလည်း လွယ်ကူတယ်”
လီကျန့်ကော်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ညိတ်လိုက်၏။ “နည်းဗျူဟာရှုထောင့်ကနေ ကြည့်ရင် အမြင့်ကနေ ကင်းထောက်တာက ကာကွယ်ရေးနဲ့ ကြိုတင်သတိပေးနိုင်စွမ်းကို တကယ်ပဲ ကြီးမားစွာ မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ အနောက်တိုင်းဒေသမှာက လေတိုက်နှုန်း ပြင်းထန်တော့ စစ်ဆင်ရေး အန္တရာယ်ကလည်း အတော်လေး ကြီးမားတယ်...”
စုရှောင်ရှောင်က သွယ်လျသော လက်ချောင်းလေးများဖြင့် မီးပုံးပျံ၏ အချက်အလက်များကို ညင်သာစွာ နှိပ်လိုက်၏။ “ဒါက အထူးပြုလုပ်ထားတဲ့ စစ်သုံးမော်ဒယ်ပါ။ မီးမလောင်နိုင်တဲ့ အဝတ်စနဲ့ လုပ်ထားပြီး တည်ငြိမ်စေတဲ့ ကြိုးတွေနဲ့ အရေးပေါ် လေထီးပါ တပ်ဆင်ထားတယ်...”
သူမက အသေးစိတ် အချက်အလက်များကို ဆွဲထုတ်လိုက်လေသည်။ “အမြင့်ဆုံး အမြင့်ပေ ၅၀၀ အထိ တက်နိုင်ပြီး အကဲခတ်သူ နှစ်ယောက် လိုက်ပါနိုင်တယ်...”
“အရည်အတွက် နည်းနည်းလောက်တော့ ခွဲဝေပေးလို့ ရနိုင်တယ်..” လီကျန့်ကော်က နောက်ဆုံးတွင် ဆုံးဖြတ်လိုက်၏။ “စမ်းသပ်တဲ့အနေနဲ့ အစုံဆယ်စုံ ဝယ်မယ်။ အဲဒါကို အထူးလေ့ကျင့်ရေးအတွက် အထက်တန်းလွှာစစ်သည်တွေ အသုံးပြုလိမ့်မယ်။ ပြီးရင်တော့ မြို့လေးမြို့ကို ခွဲဝေချထားပေးမယ်...”
စုရှောင်ရှောင်က သူမ၏ စိတ်ထဲတွင် အလျင်အမြန် တွက်ချက်လိုက်လေသည်။ “မီးပုံးပျံ ဆယ်လုံးရယ်၊ အပိုလောင်စာဆီနဲ့ အပိုပစ္စည်းတွေရယ် ပေါင်းလိုက်ရင် စုစုပေါင်း ကုန်ကျစရိတ်က ၁.၆ သန်း လောက်ရှိတယ်...”
ထို့နောက် သူမက ချောင်ရန်ကျိကို ကြည့်ကာ ပြောလိုက်၏။ “ဒီအတွက် ကျွန်မ ရှင်းလိုက်မယ်..”