အဖွဲ့က အစောင့်အရှောက်နယ်မြေ ရုံးတော်၏ တံခါးဝသို့ ခြေချလိုက်သည်နှင့် ဒုစစ်သူကြီး ကျန်းချန် သူတို့ဆီသို့ အပြေးအလွှား လာနေသည်ကို မြင်လိုက်ကြရသည်။
ရာသီဥတုဒဏ်ခံထားရသော ထိုစစ်ပြန်ကြီးမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် စည်းမျဉ်းစည်းကမ်းများကိုပင် မေ့လျော့ကာ ကောရှင်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်လေသည်။
“စစ်သူကြီး... ဂိုဒေါင်ထဲမှာ... ဂိုဒေါင်ထဲမှာ ရုတ်တရက်...”
သူစကားမဆုံးမီမှာပင် ကောရှင်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ “သံချပ်ကာအသစ် အစုံ ၅,၃၀၀ ထပ်ရောက်နေလို့လား...”
ကျန်းချန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “စစ်သူကြီးက ဘယ်လိုလုပ် သိနေတာလဲဗျ...”
ကောရှင်းက ဘေးသို့ဖယ်ပေးလိုက်ကာ သူ၏နောက်တွင်ရှိနေသော ကောရွှိုက်ကို လူတိုင်းမြင်နိုင်စေရန် နေရာဖယ်ပေးလိုက်ခေသည်။
“ဒီက မိတ်ဆွေလေးကောရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကူညီမှုကြောင့်ပါပဲ...”
ခြံဝင်းအတွင်းရှိ မျက်လုံးပေါင်းများစွာသည် ကောရွှိုက်ထံသို့ ချက်ချင်း စူးစိုက်ကြည့်လိုက်ကြချေသည်။
ဘယ်သူက စတင်လိုက်မှန်း မသိသော်လည်း ခြံဝင်းအတွင်းရှိ စစ်သားအားလုံးက အနှစ်တစ်ထောင် အနာဂတ်မှလာသော ဤလူငယ်လေးအား ထန်မင်းဆက်၏ စံသတ်မှတ်ချက် အရိုအသေပေးမှုဖြင့် တစ်ပြေးညီ လေးလေးနက်နက် အရိုအသေပေးလိုက်ကြ၏။
ဤလုပ်ရပ်ကြောင့် ကောရွှိုက်မှာ လုံးဝ ကြောင်အမ်းသွားခဲ့ရသည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး” သူက လက်ကို အသည်းအသန် ဝှေ့ယမ်းပြလိုက်၏။ “ကျေးဇူးပြုပြီး ထကြပါ စီနီယာတို့... ကျွန်တော်... ကျွန်တော် တကယ် လက်မခံဝံ့ပါဘူး...”
ကျန်းချန်က ရှေ့သို့ထွက်လာပြီး လေးနက်စွာ ပြောလိုက်ဆချသည်။ “သခင်လေးကောက အရမ်းကို သဘောထားကြီးပါတယ်။ ကျွန်တော်တို့ အန်းရှီးတပ်မတော်ရဲ့ အရေးပေါ် အကျပ်အတည်းကို ကယ်တင်ပေးခဲ့တာပါ။ ဒီကျေးဇူးတရားကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး...”
ထိုအချိန်တွင် ကောရွှိုက်က သူသုံးစွဲခဲ့သော ယွမ် ၂၃ သန်းက ယခင်ကထက် ပို၍တန်ဖိုးရှိကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
ကောရွှိုက်သည် ငယ်စဉ်ကတည်းက ငွေကြေးပြတ်လပ်မှု မရှိခဲ့ချေ။ သူ၏ မိဘနှစ်ပါးစလုံးမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ အခြားသူများက ထိပ်တန်း အီးစပေါ့နတ်ဘုရားတစ်ပါး၏ ဝင်ငွေအဖြစ် ရှုမြင်ကြသော ဝင်ငွေများမှာပင် သူ၏မျက်လုံးထဲတွင် အသေးအဖွဲသာ ဖြစ်လေသည်။
သို့သော် ယခုအခါ ဤငွေများက နိုင်ငံ့ကိုကာကွယ်ခဲ့သော စစ်ပြန်ကြီးများစွာ၏ ရိုးသားလှိုက်လှဲသော လေးစားမှုကို ရရှိစေခဲ့သည်။
“အင်း...” သူက ခေါင်းကိုကုတ်လိုက်ပြီး ရှားရှားပါးပါး ရှက်သွေးဖြာသော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာဆလသည်။ “အားလုံးအတွက် နောက်ထပ် လက်နက်အသစ်တစ်သုတ် ထပ်ဝယ်ပေးရမလား”
ဤသည်ကို ကြားသောအခါ ချောင်ရန်ကျိက ချက်ချင်း ရှေ့သို့ထွက်လာပြီး ကောရွှိုက်၏ ပခုံးပေါ်သို့ လက်တင်ကာ ပြုံးလျက် ပြောလိုက်၏။ “ဒီလောက် အလောတကြီး မလုပ်ပါနဲ့။ ဒီလို ကုသိုလ်ကောင်းမှုမျိုးကို မင်းတစ်ယောက်တည်း ယူလို့မရဘူးလေ”
စုရှောင်ရှောင်ကလည်း သူမ၏ ဆံပင်ကို သပ်ရပ်စွာ သပ်တင်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ “ဟုတ်တယ်... ကျွန်မတို့လို လူသစ်တွေအတွက်လည်း အခွင့်အရေး ချန်ထားပေးသင့်တယ်လေ”
ကောရွှိုက်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း လီကျန့်ကော်က သူ့ကို ဆွဲဖမ်းလိုက်ပြီး ပြောလိုက်သည်။ “ကဲပါ ကောင်လေးရာ.... ဂုဏ်ပြုခံရမှု အားလုံးကို မင်းချည်းပဲ ယူလို့မရဘူးလေ”
လူအများ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ကျန်းယဲ့က အကြံပြုလိုက်ချေသည်။ “တပ်မှူးလီ... စစ်သူကြီးကောနဲ့ အသေးစိတ် ဆွေးနွေးကြည့်ပြီး အန်းရှီးတပ်မတော်က အခုလောလောဆယ် ဘယ်လို လက်နက်နဲ့ စက်ပစ္စည်းမျိုး အလိုအပ်ဆုံးလဲဆိုတာ မေးကြည့်ပါလား.... ကန့်သတ်ချက်ရှိတဲ့ အရင်းအမြစ်တွေနဲ့ ကြီးမားတဲ့ ရလဒ်တွေရအောင် ဘယ်လိုလုပ်ပြီး ထူဘိုတွေကို လုံးဝ အနိုင်ယူမလဲဆိုတာပေါ့...”
(NT-ထူဘိုဆိုတာက တိဗက်အင်ပါယာကို ခေါ်ဆိုသည့်အနည်ဖြစ်ပါတယ်)
လီကျန့်ကော်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ကောရှင်းကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။ “စစ်သူကြီး... ကျွန်တော် စစ်သူကြီးနဲ့ သီးသန့် စကားနည်းနည်းလောက် ပြောလို့ရမလား...”
ကောရှင်းက ရယ်မောလိုက်၏။ “ကျွန်တော်လည်း အဲဒီလိုပဲ စဉ်းစားနေတာ။ ကျန်းချန်... လက်နက်တိုက် စာရင်းကို ယူခဲ့စမ်း”
ဤသည်ကို မြင်သောအခါ လျိုဟောက်က မှတ်စုစာအုပ်ကို အမြန်ထုတ်ကာ နောက်မှလိုက်သွားပြီး ပြောလိုက်လေသည်။ “ကျွန်တော့်ကို မှတ်စုမှတ်ခွင့်ပြုပါ...”
လီလီချန်ကလည်း အမြန်ရှေ့သို့ထွက်လာပြီး ပြောလိုက်လေသည်။ “ရှေးဟောင်း စစ်လက်နက်ပစ္စည်းတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက ကျွန်တော့်ရဲ့ နောက်ထပ် သုတေသန ခေါင်းစဉ်ပါပဲ...”
အခြားတစ်ဖက်တွင် ကျန်းယဲ့က ထောက်ပံ့ရေးတာဝန်ခံ တပ်မှူးအား ပြောလိုက်သည်။ “တပ်မှူးဝမ်... တပ်မတော်မှာ ဘယ်လို နေ့စဉ်သုံးပစ္စည်းတွေ လိုအပ်နေသေးလဲဆိုတာ အားလုံးကို ပြောပြပါလား”
ဒုတပ်မှူးဝမ်က သူ၏လက်များကို စိုးရိမ်တကြီး ပွတ်သပ်လိုက်၏။ “အဲဒါက... အဓိကကတော့ ရိက္ခာနဲ့ ဆေးဖက်ဝင်အပင်တွေပါပဲ...”
“ခဏလေး” စုရှောင်ရှောင်က ရုတ်တရက် ဝင်ပြောလိုက်၏။ “ကျွန်မထင်တာက ကျွန်မတို့ ချက်ချင်းလိုအပ်ချက်တွေကိုပဲ ဖြေရှင်းပေးလို့ မရဘူး။ အန်းရှီးတပ်မတော်နဲ့ ခူချာပြည်သူတွေကို တကယ်ချမ်းသာလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပါ စဉ်းစားသင့်တယ်..”
သူမက ချောင်ရန်ကျိဘက်သို့ လှည့်လိုက်လေသည်။ “ဦးလေးချောင်... ဦးလေးရဲ့ စီးပွားရေး အမြင်နဲ့ဆိုရင်...”
ချောင်ရန်ကျိက နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ “တကယ်ပါပဲ... လူတစ်ယောက်ကို ငါးပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းပါတယ်....”
ထိုအချိန်တွင် ကျန်းယဲ့က ဘေးတွင်ရပ်နေသော ကျိုးမေ့ရှားကို သတိပြုမိသွားခဲ့သည်။ “သူနာပြုကျိုး... ခင်ဗျားက သမားတော်ဝမ်နဲ့ သူနာပြုပညာရပ်တွေကို ဖလှယ်လို့ရတယ်။ အန်းရှီးတပ်မတော်မှာ ဒဏ်ရာရစစ်သည် တော်တော်များများ ရှိတယ်လို့ ကျွန်တော် မှတ်မိတယ်...”
သူက သမားတော်ဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “သမားတော်ဝမ်... ကျွန်တော်တို့ အရင်က ယူလာခဲ့တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မေးစရာရှိရင် အခု သူနာပြုကျိုးကို မေးလို့ရပါတယ်...”
သမားတော်ဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “သခင်လေးကျန်း... သခင်လေးတို့ ရောက်လာမယ့်အချိန်ကို ကျွန်တော် အရမ်းစောင့်မျှော်နေခဲ့တာပါ။ ကျွန်တော့်မှာ မေးစရာမေးခွန်းတွေ အများကြီးရှိနေပြီး အဲဒါတွေကို ဖြေပေးမယ့်သူကို စောင့်နေခဲ့တာပါ...”
ဤသည်ကို ကြားသောအခါ ကျိုးမေ့ရှားက ရှေ့သို့ထွက်လာပြီး မေးလိုက်လေသည်။ “စီနီယာ နားမလည်တာများ ရှိလို့လား...”
“ရှိပါတယ်... ရှိပါတယ် မိန်းကလေး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ...”
မကြာမီမှာပင် အစောင့်အရှောက်နယ်မြေ ရုံးတော်၏ ရှေ့ဘက်ခြံဝင်းတစ်ခုလုံး အုပ်စုများစွာ ကွဲသွားခဲ့ကြသည်။
လီကျန့်ကော်၊ ကျောက်ရှောင်ဟူနှင့် ကောရှင်းတို့က စစ်သူကြီးများကို ဦးဆောင်ကာ မြေပုံဘေးတွင် ဝိုင်းရံလျက် လက်နက်များ အဆင့်မြှင့်တင်ရေးနှင့် ကန့်သတ်ချက်ရှိသော ခေတ်မီလက်နက်များ၏ အစွမ်းအာနိသင်ကို မည်သို့ အမြင့်ဆုံးဖြစ်အောင် အသုံးချရမည်နည်းကို ဆွေးနွေးနေခဲ့ကြသည်။
ချောင်ရန်ကျိ၊ စုရှောင်ရှောင်နှင့် ကောရွှိုက်တို့က စစ်သည်အချို့နှင့်အတူ ကုန်သွယ်ရေး အစီအစဉ်များကို ဆွေးနွေးနေခဲ့ကြသည်။
ချီခယ်ခယ်နှင့် ချန်မော့တို့က ထောက်ပံ့ရေးတာဝန်ခံတပ်မှူးနှင့်အတူ အန်းရှီးတပ်မတော် လိုအပ်နေသော နေ့စဉ်သုံးပစ္စည်း စာရင်းကို ပြုစုနေကြပြီး နောက်ပိုင်းတွင် လူတိုင်းက သက်ဆိုင်ရာပစ္စည်းများကို ဝယ်ယူနိုင်ရန် ဖြစ်၏။
ကျိုးမေ့ရှားကိုမူ သမားတော်ဝမ်က ဒဏ်ရာရစစ်သားများ၏ စခန်းသို့ ဖိတ်ခေါ်သွားချေသည်။
လီလီချန်နှင့် လျိုဟောက်တို့က အန်းရှီးတပ်မတော်နှင့် ပတ်သက်သမျှ အရာအားလုံးကို မှတ်တမ်းတင်ရန် တာဝန်ယူထားကြချေသည်။
ညဥ့်နက်လာသည်နှင့်အမျှ လမင်းက အနောက်ဘက်သို့ စတင်ဝင်ရောက်လာခဲ့သည်။
အန်းရှီးတပ်မတော်မှ စစ်သည်တော်များက အားလုံးကို အနားယူရန် ထပ်ခါတလဲလဲ တိုက်တွန်းသောအခါ ကျန်းယဲ့က အချိန်ကို ကြည့်လိုက်ရာ မနက်သုံးနာရီပင် ကျော်လွန်နေပြီ ဖြစ်၏။
“အားလုံးပဲ... အရင်ဆုံး နာရီအနည်းငယ်လောက် အိပ်လိုက်ကြပါဦး” ကျန်းယဲ့က သူ၏ နားထင်ကို ပွတ်ရင်း ပြောလိုက်၏။ “မနက်ဖြန်ကျရင် ကျွန်တော်တို့ ဆက်လုပ်ဖို့ တစ်ရက်လုံး အချိန်ရပါသေးတယ်”
‘ကိုယ့်အသက်က ပိုအရေးကြီးတယ်လေ။ ညဉ့်နက်တဲ့အထိ နေတာက အသက်တိုစေနိုင်တယ်...’
ထို့နောက် ကောရှင်း ကိုယ်တိုင်က သူတို့ကို အလွန်သပ်ရပ်သော ခြံဝင်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
တံခါးကို တွန်းဖွင့်လိုက်ရာ ကုတင်ပေါ်တွင် အသစ်စက်စက် အိပ်ရာခင်းများကို သပ်ရပ်စွာ ခင်းထားပြီး ဆီမီးခွက်အလင်းရောင်အောက်တွင် ညင်သာစွာ တောက်ပနေသည်ကို မြင်လိုက်ရ၏။
“ဒါက...” ချီခယ်ခယ်က စောင်ခွံကို ကိုင်ကြည့်ရင်း ရုတ်တရက် ရပ်တန့်သွားရသည်။ “ဘာလို့ ဒီအသားက ရင်းနှီးနေသလို ခံစားရတာလဲ...”
လီလီချန်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး သေချာစွာ စစ်ဆေးလိုက်၏။ “ဒါက ခေတ်မီနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ချည်သားစစ်စစ်ပဲ”
ရေနွေးသယ်လာသော စစ်သားငယ်တစ်ဦး ဝင်လာပြီး ဤစကားကို ကြားသောအခါ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ “ဒါက ပြီးခဲ့တဲ့အကြိမ်တုန်းက သခင်လေးကျန်း ယူလာခဲ့တာလေ။ မူလကတော့ သူက အနောက်ဘက်ဒေသက ကုန်သည်တွေနဲ့ လဲလှယ်ဖို့ ရည်ရွယ်ထားတာ...”
သူစကားမဆုံးမီမှာပင် သူ၏ဘေးမှ စစ်သက်ရင့်စစ်သားကြီးက သူ၏ နောက်စေ့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။ “ပါးစပ်ပိတ်ထားစမ်း”
“အာ့...” စစ်သားငယ်လေးမှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသော်လည်း ပြန်မပြောရဲချေ။ သူက နောက်သို့ဆုတ်လိုက်ပြီး သူ၏အမှားကို ဝန်ခံလိုက်၏။ “ကျွန်တော် မှားသွားပါတယ် တပ်စိတ်မှူး”
စစ်ပြန်ကြီးက ထပ်ရိုက်ရန် ဟန်ပြင်လိုက်သော်လည်း ကောရွှိုက်က သူ့ကို တားဆီးကာ အော်ပြောလိုက်လေသည်။ “မဟုတ်ဘူး.. မဟုတ်ဘူး.. မလုပ်ပါနဲ့”
ချောင်ရန်ကျိက ရှေ့သို့ လှမ်းသွားပြီး စစ်ပြန်ကြီး၏ လက်ကို ဖိချကာ ပြောလိုက်၏။ “ကျွန်တော်တို့က ရိုင်းစိုင်းမိတာပါ..”
လူဆယ့်တစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့အားလုံး တစ်ယောက်၏မျက်လုံးထဲတွင် အခြားတစ်ယောက်က တူညီသော ဆုံးဖြတ်ချက်ကို မြင်တွေ့လိုက်ကြသည်။
ကျန်းယဲ့က ကောရှင်းအား ပြောလိုက်၏။ “စစ်သူကြီးကော... ကျွန်တော်တို့ကို သာမန်ဟာတွေပဲ ပေးပါ”
ကောရှင်းက ခေါင်းခါလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခင်ဗျားတို့က လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ကနေ လာကြတာလေ... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ နေလို့ရမှာလဲ”
“စစ်သူကြီး” စုရှောင်ရှောင်က ညင်သာသော်လည်း ပြတ်သားစွာ ပြောလိုက်၏။ “ကျွန်မတို့က ကုတင်မာမာတွေပေါ်မှာပဲ အိပ်လေ့ရှိကြတာမို့ ဒီလိုအိပ်ရာအသစ်တွေနဲ့ မနေတတ်ပါဘူး”
အခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကြ၏။
စကားမှားပြောမိသော စစ်သားငယ်လေးက ထောင့်တွင် ရပ်နေကာ သူ၏ မျက်နှာမှာ နီရဲနေပြီး စိုးရိမ်တကြီးဖြင့် သူ၏လက်များကို ပွတ်သပ်နေချေသည်။
ကျန်းယဲ့က အနားသို့ လျှောက်သွားပြီး သူ၏ ပခုံးကို ပုတ်ပေးလိုက်၏။ “ရပါတယ်ကွာ... သွားပြီး ငါတို့အတွက် အိပ်ရာဟောင်းတချို့ ယူလာခဲ့ပေးပါ”
ကောရှင်းက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း လူတိုင်းက အတင်းအကျပ် တောင်းဆိုနေကြသဖြင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။
ဆပ်ပြာနံ့ သင်းသင်းလေး ရနေသော အဝတ်ကြမ်း အိပ်ရာခင်းများ ရောက်လာသောအခါ လူဆယ်ယောက်စလုံး သက်သာရာရစွာဖြင့် ပြုံးလိုက်ကြ၏။
ချန်မော့က အိပ်ရာပေါ်သို့ လှဲချလိုက်ရင်းပင် ပြောလိုက်လေသည်။ “ဒီလိုမှပေါ့”
ခြံဝင်းအပြင်ဘက်တွင် စစ်သားငယ်လေးက ခေါင်းငုံ့ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “တပ်စိတ်မှူး ကျွန်တော် တကယ် ရည်ရွယ်ချက်ရှိရှိ ပြောတာမဟုတ်ပါဘူး...”
“ပါးစပ်ပိတ်ထားစမ်း” စစ်ပြန်ကြီးက သူ့ကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သော်လည်း ယခုတစ်ကြိမ်တွင် အားအများကြီး မပါတော့ချေ။ “ဂိုဒေါင်သွားရှင်းတော့..”
လရောင်က ပြတင်းပေါက် ပန်းဆန်ခါများကြားမှ ဖြတ်သန်းဝင်ရောက်လာပြီး မြေပြင်ပေါ်တွင် အလင်းအမှောင် အရိပ်များ ကျဆင်းနေစေခဲ့သည်။
လူဆယ်ယောက်သည် ရိုးရှင်းသော ကုတင်များပေါ်တွင် လှဲလျောင်းနေကြသော်လည်း ယခင်ကထက် ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားကြလေသည်။