အခန်း (၈၆) ရက်ရောသော ထောက်ပံ့မှု
"ငွေပေးချေမှု အောင်မြင်ပါသည်..."
ကောရွှိုက်က သူ၏ဖုန်းတွင် ပေါ်လာသော ငွေဖြတ်တောက်မှု အချက်အလက်များကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများက ပို၍ပြူးကျယ်သွားရလေသည်။
"တောက်... တကယ်ကြီး ဖြတ်သွားတာလား.. ၂၃သန်းကျော်က ဒီလိုပဲ ပျောက်သွားတာလား" သူက ကျန်းယဲ့ကို ရုတ်တရက် မော့ကြည့်လိုက်၏။ "ဒါက ရူးလောက်စရာပဲ..."
ကျန်းယဲ့က ပြုံးကာ QR Code ကို ပြန်သိမ်းလိုက်၏။ "ကောရှန်က တကယ်ကို မိုက်တာပဲ... ယွမ်သန်း ၂၀ကျော်ကိုတောင် မျက်တောင်မခတ်ဘဲ သုံးနိုင်တယ်။ အီးစပေါ့ အသိုင်းအဝိုင်းက ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်.."
"ပစ္စည်းတွေက ဘယ်မှာလဲ" ကောရွှိုက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ "သံချပ်ကာတွေက ဘယ်မှာလဲ..."
ကျန်းယဲ့က လက်ကိုမြှောက်ကာ မြို့ထဲရှိ အစောင့်အရှောက်နယ်မြေ စစ်သူကြီးရုံးတော်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ "အဲဒီမှာ ချထားပြီးပါပြီ။ သံချပ်ကာ အစုံ ၅,၃၀၀ ပါ... အားလုံးက နောက်ဆုံးပေါ် မော်ဒယ်တွေဖြစ်ပြီး အရည်အသွေးကလည်း အကောင်းဆုံးပါပဲ...."
တကယ်တော့ ဤစျေးနှုန်းမှာ ထောင်ပေါင်တွင် စိတ်ကြိုက်မှာယူရသော စျေးနှုန်းများထက် များစွာ သက်သာပြီး အရည်အသွေးမှာလည်း တူညီရုံသာမက အနည်းငယ်ပင် ပိုကောင်းနေသေးချေသည်။
ကျန်းယဲ့က ယခင်က အွန်လိုင်းတွင် ရှာဖွေကြည့်ဖူးရာ အချို့ဆိုင်များတွင် စိတ်ကြိုက်ချုပ်လုပ်ထားသော မင်ကွမ်း သံချပ်ကာတစ်စုံလျှင် ယွမ် ၈၀,၀၀၀ ကျော်ရှိပြီး အချို့ဆိုလျှင် ယွမ် ၅၀၀,၀၀၀ ကျော်ပင် ရှိကြောင်း တွေ့ခဲ့ရသည်။ ဤစျေးနှုန်းများမှာ ကျန်းယဲ့အတွက် တားမြစ်ထားသလိုပင်။
ဤသည်ကို မြင်သောအခါ ဒါရိုက်တာကျန်းက သူ၏ ခေတ်မီနည်းပညာကို ထပ်မံပြသလိုက်ပြန်ပြီဖြစ်ကြောင်း အားလုံးက နားလည်လိုက်ကြသည်။
ချောင်ရန်ကျိက ချက်ချင်း ရှေ့သို့ထွက်လာပြီး မေးလိုက်၏။ "ဒါရိုက်တာကျန်း... ဒီမှာ ဘာမဆို တကယ်ဝယ်လို့ရတာလား"
"ခေတ်မီပစ္စည်း အမျိုးအစားစုံလင်စွာ ရှိပါတယ်" ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ရှေးဟောင်းပစ္စည်းတွေကိုတော့ စိတ်ကူးနဲ့တောင် မတွေးပါနဲ့... အဲဒါတွေတော့ ကျွန်တော် မရောင်းပါဘူး"
လီကျန့်ကော်က ရှေ့သို့ထွက်လာပြီး မေးလိုက်၏။ "ခေတ်မီ လက်နက်ဆန်းတွေကရော"
ကျန်းယဲ့ - "......"
ကျန်းယဲ့က ကောင်းကင်ကို မော့ကြည့်ကာ မျက်နှာသေဖြင့် စကားတစ်ခွန်းတည်း ပြန်ဖြေလိုက်လေသည်။ "မရဘူ...း"
လီကျန့်ကော်၏ မျက်နှာတွင် နှမြောတသဖြစ်သွားသော အရိပ်အယောင် ပေါ်လာခေသည်။
ကျန်းယဲ့က လူတိုင်းကို ပတ်ကြည့်ရင်း သတိပေးလိုက်၏။ "ကျွန်တော့်အကြံပြုချက်ကတော့ စစ်သူကြီးကောနဲ့ သူ့တပ်သားတွေ လိုအပ်တဲ့ ပစ္စည်းတချို့ကို ကျွန်တော့်ဆီက ဝယ်သင့်ပါတယ်။ ပြီးတော့ အဲဒီပစ္စည်းတွေကို စစ်သူကြီးကောဆီက ကြေးဒင်္ဂါးအချို့နဲ့ လဲလှယ်လို့ရပါတယ်။ ပိုက်ဆံရပြီဆိုရင် ခူချာမြို့ထဲမှာ ဈေးဝယ်ထွက်လို့ ရပြီလေ..."
စစ်သူကြီးကောတွင် ကြေးဒင်္ဂါးများ ရှိမရှိ ဆိုသည်ကိုတော့ ကျန်းယဲ့က လုံးဝ စိတ်မပူပါချေ။
အန်းရှီး၏ စစ်ရေးသမိုင်းကို ရင်းနှီးသူတိုင်းက ကောရှင်းသည် အထီးကျန်နေသော ဤမြို့လေး လည်ပတ်နိုင်စေရန်အတွက် ဒင်္ဂါးပြားများ သွန်းလုပ်ရန် ဒင်္ဂါးသွန်းစက်ရုံတစ်ခုကို တိတ်တဆိတ် ဖွင့်လှစ်ခဲ့ကြောင်း သိကြပေသည်။
သူတို့က အလယ်ပိုင်းလွင်ပြင်နှင့် အဆက်အသွယ် ပြတ်တောက်နေသောကြောင့် ထန်မင်းဆက်တွင် ခေတ်ကာလအမည် ပြောင်းလဲသွားသည်ကို လုံးဝ မသိခဲ့ကြချေ။ နယ်စပ်ကို စောင့်ကြပ်နေသော စစ်သားများက တာလီဆိုသည့် ခေတ်ကာလအမည်ကိုသာ ခေါင်းမာစွာဖြင့် ဆက်လက်အသုံးပြုနေခဲ့ကြသည်။
ဤအရာက ငွေကြေးသမိုင်းတွင် ထူးခြားသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးခဲ့လေသည်။
တာလီခေတ်မှာ ဆယ့်လေးနှစ်သာ ကြာမြင့်ခဲ့သော်လည်း အနောက်ဘက်ဒေသတွင် တာလီ ဆယ့်ငါးနှစ်ဟု ကမ္ပည်းထိုးထားသော ကြေးဒင်္ဂါးပြားများ လည်ပတ်နေခဲ့ကြသည်။
စစ်သားများ၏ ခန္ဓာကိုယ်မှ အနွေးဓာတ် ကျန်ရှိနေသေးသော ထိုကြေးဒင်္ဂါးပြားများက ဤဝေးလံခေါင်ဖျားသော ဒေသတွင် အန်းရှီးတပ်မတော်၏ အထီးကျန်စွာ ကာကွယ်စောင့်ရှောက်ခဲ့မှုအတွက် သက်သေအထောက်အထားများပင်။
"ခင်ဗျားတို့ ဘာမှမဝယ်ဘူး.. ဒါမှမဟုတ် ရှေးဟောင်းပစ္စည်း လိုက်မရှာဘူးဆိုရင်တောင် ဒီတာလီယွမ်ပေါက်က အိမ်ပြန်သယ်သွားဖို့ အကောင်းဆုံး အမှတ်တရပစ္စည်းတစ်ခုပါပဲ..."
"ရှေးဟောင်းပစ္စည်း လိုက်ရှာမယ်" ချီခယ်ခယ်... ကျိုးမေ့ရှားနှင့် ချန်မော့တို့၏ မျက်လုံးများက တစ်ပြိုင်နက်တည်း တောက်ပသွားခဲ့ကြသည်။
ရှေးဟောင်းမြို့တော်ထဲတွင် ပုန်းကွယ်နေသော ရှေးဟောင်းစာအုပ်များကို တွေးမိကာ လီလီချန်နှင့် လျိုဟောက်တို့မှာ ရုတ်တရက် အသက်ရှူမြန်လာကြလေသည်။
ချောင်ရန်ကျိ၊ စုရှောင်ရှောင်နှင့် ကောရွှိုက်ကဲ့သို့သော ငွေကြေးမရှားပါးသူများပင်လျှင် စိတ်ဝင်စားလာကြ၏။
"ဟုတ်တယ်" ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။ "သာမန်ပြည်သူ တစ်ယောက်ယောက်ကိုများ မေးကြည့်လိုက်ရင် သူတို့ဆီမှာ ချင် ဒါမှမဟုတ် ဟန်မင်းဆက်ခေတ်က ကြေးမုံပြင်တွေ ဒါမှမဟုတ် ပါရှားရဲ့ ထူးခြားတဲ့ ပစ္စည်းတစ်ခုခု ရှိနေနိုင်တယ်။ အဲဒါတွေကို ကျွန်တော်တို့ ပြန်သယ်သွားလို့ရတယ်..."
သူက အဓိပ္ပာယ်ပါပါ ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလေသည်။ "အဲဒါတွေက အစစ်အမှန် ရှေးဟောင်းပစ္စည်းတွေ ဖြစ်လာမှာပဲ..."
လူများစွာ၏ မျက်လုံးများ တောက်ပလာခဲ့ကြသည်။
လူတိုင်း၏ မျက်နှာပေါ်ရှိ စိတ်အားထက်သန်နေသော အမူအရာများကို ကြည့်ကာ ကျန်းယဲ့က ပြုံးလိုက်၏။
သူ ဤသို့ စီစဉ်ရခြင်းတွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိပေသည်။
ပထမဆုံးအနေဖြင့် အန်းရှီးတပ်မတော်၏ အခြေအနေကို သူက အခြားသူများထက် ပိုမိုနားလည်ထားခဲ့သည်။
ဤဆံဖြူနေပြီဖြစ်သော စစ်ပြန်ကြီးများက ဆယ်စုနှစ်များစွာကြာအောင် အထီးကျန်မြို့လေးထဲတွင် ရပ်တည်ခဲ့ကြပြီး ရိက္ခာနှင့် အထောက်အပံ့ ပြတ်လပ်မှုများကို အလွန်အမင်း ရင်ဆိုင်နေကြရသည်။
သို့သော် ဧည့်လမ်းညွှန်တစ်ဦးအနေဖြင့် သူက ခရီးသွားတိုင်းကို အန်းရှီးတပ်မတော်အား ခြွင်းချက်မရှိ ကူညီထောက်ပံ့ရန် အတင်းအကျပ် မတောင်းဆိုနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ လူတိုင်း၏ စီးပွားရေးအခြေအနေနှင့် ဆန္ဒများမှာ မတူညီကြဘူးမဟုတ်လော။
ဒုတိယအချက်မှာ ခရီးသွားများထဲတွင် ချောင်ရန်ကျိကဲ့သို့သော သူဌေးများ ပါဝင်သကဲ့သို့ ချန်မော့ကဲ့သို့သော ပိုက်ဆံမရှိသည့် လူငယ်များလည်း ပါဝင်နေခဲ့သည်။
ထို့ကြောင့် ဤ ပစ္စည်းချင်းဖလှယ်ခြင်းနည်းလမ်းက လူတိုင်းကို ပါဝင်ခွင့် ရစေပေမည်။
သူဌေးများက ငွေကြေးကို ရက်ရက်ရောရော သုံးစွဲနိုင်ပြီး သာမန်ခရီးသွားများကမူ သူတို့နှစ်သက်ရာ ရှေးဟောင်း အမှတ်တရပစ္စည်းများအတွက် ပစ္စည်းသေးသေးလေးများကို လဲလှယ်နိုင်၏။
ပို၍အရေးကြီးသည်မှာ ဤအပြန်အလှန် အကျိုးရှိစေသော ပုံစံသည်သာလျှင် ရေရှည်တည်တံ့စေရန် သေချာစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
အန်းရှီးတပ်မတော်က များစွာလိုအပ်နေသော ထောက်ပံ့ရေးပစ္စည်းများကို ရရှိပြီး ခရီးသွားများက အမှတ်တရပစ္စည်းများကို ရရှိမည်ဖြစ်ကာ နှစ်ဖက်စလုံးက သူတို့လိုချင်သည်များကို ရရှိကြမည် ဖြစ်သည်။
ရိုးရှင်းသော လှူဒါန်းမှုသက်သက်ထက်စာလျှင် ဤကဲ့သို့သော တန်းတူညီမျှ ဖလှယ်မှုမျိုးကို ဂုဏ်သိက္ခာကြီးမားသည့် ဤစစ်ပြန်ကြီးများက ပို၍လက်ခံနိုင်ကြပေမည်။
ကျန်းယဲ့၏ အကြည့်က ဟောင်းနွမ်းနေသော သံချပ်ကာများနှင့် ရာသီဥတုဒဏ်ခံထားရသော မျက်နှာများပေါ်သို့ ဖြတ်ပြေးသွားခဲ့သည်။
ယခင်တစ်ခေါက် သူ ဤနေရာသို့ လာခဲ့စဉ်က စစ်သည်ကြီးများက သူတို့၏ သံချပ်ကာများကို ပြုပြင်ရန် သစ်ခေါက်များကို အသုံးပြုနေခဲ့ကြသည့် မြင်ကွင်းကို သူ ပြန်လည်အမှတ်ရမိလိုက်သည်။
ယခုမူ အနည်းဆုံးတော့ သူတို့ အသင့်အတင့်ကောင်းမွန်သော စစ်လက်နက်ပစ္စည်းများကို ဝတ်ဆင်နိုင်ပြီ ဖြစ်သည်။
လူတိုင်း၏ စိတ်အားထက်သန်နေသော အမူအရာများကို မြင်သောအခါ ကျန်းယဲ့က လက်ခုပ်ကို ဖွဖွတီးလိုက်ချေသည်။ "အားလုံးပဲ... အချိန်နှောင်းနေပြီ။ အစောင့်အရှောက်နယ်မြေရုံးတော်ကိုသွားပြီး အရင် နေရာချကြတာပေါ့"
သူက မှောင်မိုက်လာသော ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။ "မကြာခင် မှောင်တော့မယ်... မြို့ထဲကလူတွေ အားလုံးလည်း အနားယူကြတော့မယ်။ ကျွန်တော်တို့ ကြည့်ချင်တာတွေ ဝယ်ချင်တာတွေ အားလုံးကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့"
လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"ဒါရိုက်တာကျန်း ပြောတာမှန်တယ်" လီလီချန်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။ "စစ်သူကြီးကောနဲ့ သူ့တပ်သားတွေ ဘာအလိုအပ်ဆုံးလဲဆိုတာ မေးကြည့်ရင်ကော... ဒါမှ ကျွန်တော်တို့လည်း အဲဒီအပေါ်မူတည်ပြီး ပစ်မှတ်ထား ကြိုးစားနိုင်မှာလေ"
"ဟုတ်တယ်....ဟုတ်တယ်... ဟုတ်တယ်"
မည်သူမှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ကောရှင်းက ပြောလိုက်၏။ "အားလုံး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ..."
မြို့ထဲသို့ ဝင်ရောက်လာချိန်တွင် လမ်းမများပေါ်၌ လမ်းလျှောက်သွားလာသူ အလွန်နည်းပါးသည်ကို အဖွဲ့က သတိပြုမိလိုက်ကြ၏။
အိမ်ပြန်နောက်ကျနေသော ဈေးသည် အနည်းငယ်သည်လည်း အိမ်သို့ အလောတကြီး ပြန်နေခဲ့ကြသည်။
အဖွဲ့သည် ကောရှင်းနောက်သို့ လိုက်ကာ ခူးချာမြို့၏ လမ်းမများတစ်လျှောက် ဖြတ်သန်းသွားကြရာ နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းတန်းများက ဆွေးမြည့်နေသော မြေသားနံရံများကို အနီရင့်ရောင်အဖြစ် ဆေးခြယ်ထားချေသည်။
လမ်းတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းက လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
လူအများစုမှာ ဖာရာများ အထပ်ထပ်ပါသော အဝတ်ကြမ်းများကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့ကာ မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေခဲ့ကြသည်။
တစ်ခါတစ်ရံတွင် ပြိုကျပျက်စီးလုနီးပါး ဖြစ်နေသော တံခါးအက်ကြောင်းများကြားမှ ကလေးငယ်များက ချောင်းကြည့်တတ်ကြပြီး သပ်ရပ်စွာ ဝတ်ဆင်ထားသော ဤသူစိမ်းအဖွဲ့ကို စပ်စုချင်စိတ်ဖြင့် လေ့လာနေခဲ့ကြသည်။
ကလေးများ၏ မျက်လုံးများက တောက်ပပြီး အပြစ်ကင်းစင်သော်လည်း သူတို့၏ အက်ကွဲနေသော နှုတ်ခမ်းများနှင့် ကြမ်းတမ်းနေသော အသားအရေက သူတို့ဘဝ၏ ဆင်းရဲခက်ခဲမှုများကို ဖော်ပြနေပေသည်။
ထိုမြင်ကွင်းကြောင့် ချန်မော့က သူ၏ အသင့်အတင့် သန့်ရှင်းနေသော တီရှပ်ကို မသိမသာ စမ်းကြည့်မိပြီး သူ၏ ဘဏ်ကတ်ထဲတွင် ကျန်နေသော ခြောက်ပြားက သိပ်ပြီး စိတ်ပျက်စရာ မကောင်းတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
ချောင်ရန်ကျိက မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး သူ၏ အကြည့်က လေထဲတွင် ယိမ်းယိုင်နေသော ရွှံ့အိမ်များပေါ်သို့ ဖြည်းညှင်းစွာ ဖြတ်ပြေးသွားချေသည်။
ဟောင်းနွမ်းပျက်စီးနေသော အိမ်ခေါင်မိုးစွန်းများအောက်တွင် ပိန်ချုံးနေသော ကလေးငယ်အချို့က သူတို့ကို အံ့အားသင့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ဤသည်ကား ခူချာမြို့၊ သမိုင်း၏ ရှည်လျားသော မြစ်ပြင်ကျယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည့် ခူချာမြို့ပင်တည်း။
သူက စိတ်ထဲတွင် လေးနက်စွာ သက်ပြင်းချလိုက်၏။
သမိုင်းစာအုပ်များတွင် အကျဉ်းချုံး၍သာ ဖော်ပြခံခဲ့ရသော ထိုအန်းရှီး စစ်သားများနှင့် အရပ်သားများ၊ အချိန်ကာလ၏ မေ့လျော့ခြင်းကို ခံခဲ့ရသော ထိုခိုင်မာသည့် ကာကွယ်စောင့်ရှောက်သူများက ယခုအခါ သူ၏ရှေ့တွင် ရှင်သန်ထင်ရှားစွာ ရပ်တည်နေကြပေသည်။
သို့သော် သမိုင်းကို ကိုယ်တိုင်မျက်မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မှုမျိုး မရှိဘဲ စိတ်ထဲတွင် လေးလံသော ဝမ်းနည်းပူဆွေးမှုသာ ရှိနေခဲ့ရသည်။
ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးတိုင်းက နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသော ဤရှေးဟောင်းမြို့တော်၏ ဇာတ်လမ်းနှင့် ထန်မင်းဆက်၏ ပိုင်နက်အပြင်ဘက်တွင် အထီးကျန်နေခဲ့ရသော အန်းရှီးတပ်မတော်အကြောင်းကို တိတ်ဆိတ်စွာ ပြောပြနေသကဲ့သို့ ရှိပေသည်။
"ဒီအိမ်တွေက..." ကောရွှိုက်က တိုးတိုးလေး ရေရွတ်လိုက်ပြီး အမြဲတမ်း ပိုက်ဆံကို ရေလိုသုံးတတ်သည့် သူ၏လက်များက မသိမသာ လက်သီးဆုပ်ထားမိလျက်သား ဖြစ်နေခဲ့သည်။
စုရှောင်ရှောင်က သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ဂဏန်းခြောက်လုံးတန် နာရီက မည်မျှအထိ ဇိမ်ကျလွန်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။
လမ်းထောင့်တစ်ခုတွင် မိသားစုငါးယောက်က ကျိုးပဲ့နေသော သံအိုးတစ်လုံးကို ဝိုင်းထိုင်ကာ အစားအစာကို မျှဝေစားသောက်နေကြလေသည်။
အိုးထဲရှိ အရည်ကျဲကျဲက မိမိ၏ အရိပ်ကိုပင် ပြန်မြင်ရလောက်အောင် ကျဲလွန်းနေသော်လည်း သူတို့က ခွဲဝေစားသောက်ရာတွင် အလွန်ဂရုစိုက်ကြပြီး တစ်စက်လေးမျှ ဖိတ်စင်သွားမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
လီလီချန်၏ ပညာရှင်ပီသသော အလိုအလျောက် တုံ့ပြန်မှုများက အသေးစိတ်အချက်အလက်တိုင်းကို သေချာစွာ လေ့လာစောင့်ကြည့်ရန် သူ့ကို တွန်းအားပေးနေလေသည်။
အက်ကွဲနေသော ဆေးသားများ၊ ပွန်းပဲ့နေသော တံခါးခုံများ၊ လမ်းမပေါ်ရှိ ကျဲပါးသော ဘီးရာများ...
ဤအရာအားလုံးက ဤနယ်စပ်မြို့လေး၏ ဆိတ်ငြိမ်ခြောက်ကပ်မှုနှင့် ဆင်းရဲခက်ခဲမှုတို့ကို ပြောပြနေခဲ့သည်။
နေမင်းကြီးက မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝ ငုပ်လျှိုးသွားခဲ့ပြီး နောက်ဆုံးအလင်းတန်းများက ခူချာမြို့၏ မြေသားနံရံများပေါ်မှ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ခြေသံများက ရှင်းလင်းနေသော လမ်းမပေါ်တွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်နေပြီး ခြေလှမ်းတစ်လှမ်းချင်းစီက သမိုင်း၏ အမာရွတ်များကို နင်းလျှောက်နေသကဲ့သို့ ရှိချေသည်။