အခန်း (၈၅) ရောင်းချခြင်း
လျိုဟောက်က ခေါင်းညိတ်လိုက်၏။ “ဒွန်းဟွမ် မော့ကောင်းလိုဏ်ဂူတွေထဲက စာရွက်စာတမ်းတွေက ထန်မင်းဆက်ခေတ် အနောက်ဘက်ဒေသကို နားလည်ဖို့အတွက် တန်ဖိုးရှိတဲ့ သမိုင်းဝင် အထောက်အထားတွေကို ကျွန်တော်တို့ကို ပေးစွမ်းပါတယ်”
ကောရှင်းက သူ၏ပခုံးကို ပုတ်လိုက်ရာ သူ၏မျက်လုံးထဲတွင် သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ “ကောင်းတယ်...”
ထိုအချိန်တွင် လီကျန့်ကော်က ထင်းရှူးပင်တစ်ပင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်လျက် ရှေ့သို့ ထွက်လာခဲ့သည်။
သူက စစ်ဘက်ဆိုင်ရာ အရိုအသေပေးလိုက်ပြီး သူ၏အသံမှာ ခိုင်မာပြီး ပဲ့တင်ထပ်နေချေသည်။ “စစ်သူကြီးကော... ကျွန်တော်က လီကျန့်ကော်ပါ။”
ကျောက်ရှောင်ဟူကလည်း အနီးကပ် လိုက်ပါလာပြီး “တပ်သား ကျောက်ရှောင်ဟူ... စစ်သူကြီးကို အရိုအသေပေးပါတယ်” ဟု ဆို၏။
ကောရှင်း၏ အကြည့်က သူတို့နှစ်ဦးကို သေချာစွာ စစ်ဆေးရင်း ပိုမိုထက်မြက်သွားခဲ့သည်။
ယူနီဖောင်းပုံစံများက များစွာကွဲပြားနေသော်လည်း စစ်သားများ၏ ထူးခြားသော အငွေ့အသက်ကတော့ အတူတူပင်။
သူက ဤစစ်ယူနီဖောင်းမျိုးကို ဗီဒီယိုများထဲတွင် အရင်က မြင်ဖူးထားသဖြင့် သူ့အတွက် မစိမ်းသက်လှချေ။
“နှစ်ပေါင်း ၁၂၀၀ အနာဂတ်က စစ်သားတွေလား” ကောရှင်းက သူတို့၏ ဝတ်စုံကို ကြည့်ကာ မေးလိုက်၏။
လီကျန့်ကော်က ခေါင်းညိတ်လိုက်သည်။ “မှန်ပါတယ်.. နှစ်ပေါင်းတစ်ထောင်ကျော် ကုန်ဆုံးသွားခဲ့ပေမဲ့ နိုင်ငံကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်က ဘယ်တော့မှ မပြောင်းလဲပါဘူး...”
ကောရှင်း၏ မျက်လုံးများတွင် လေးစားမှုများ တောက်ပလာပြီး သူတို့၏ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ “ကောင်းလိုက်တာ... ကောင်းလိုက်တာ... မိခင်နိုင်ငံကို ကာကွယ်တယ်ဆိုတာ ဒါမျိုးပေါ့... ဘာပဲဖြစ်ဖြစ် ငါတို့ တရုတ်လူမျိုးတွေရဲ့ စိတ်ဓာတ်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်...”
ကောရှင်းက ကျန်းယဲ့ အမြဲသုံးနေကျဖြစ်သော တရုတ်အမျိုးအနွယ်များဟူသော စကားစုကို အသုံးပြုကာ သူတို့ကြားရှိ ကွာဟချက်ကို ပေါင်းကူးပေးလိုက်လေသည်။
ချောင်ရန်ကျိ၊ စုရှောင်ရှောင်၊ ကောရွှိုက်၊ ချီခယ်ခယ်၊ ကျိုးမေ့ရှားနှင့် ချန်မော့တို့ကလည်း တစ်ယောက်ချင်းစီ မိတ်ဆက်လိုက်ကြသည်။
နှုတ်ဆက်စကား ပြောဆိုပြီးနောက် ကောရှင်းက သူတို့ကို မြို့တံခါးဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ မြို့တံခါးသို့ ရောက်သည်နှင့် လီလီချန်နှင့် လျိုဟောက်တို့ ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏ အကြည့်များက ရှေးဟောင်းမြို့ရိုးပေါ်တွင် စူးစိုက်နေကြလေသည်။
“ဒီမြေသားအလွှာရဲ့ တည်ဆောက်ပုံက...” လီလီချန်က မြို့ရိုးအောက်ခြေသို့ ပြေးသွားပြီး နက်ရှိုင်းမှုအမျိုးမျိုးရှိသည့် အပေါက်များကို တုန်ယင်နေသော လက်ချောင်းများဖြင့် ထိတွေ့လိုက်၏။ “ပန်းမန်ပုံစံ မြေဖို့နည်းစနစ်.... အနောက်ဘက်ဒေသ ရှေးဟောင်းသုတေသန မှတ်တမ်းများထဲမှာ ဖော်ပြထားတာနဲ့ အတိအကျတူတာပဲ.... ”
လျိုဟောက်က အခြားဘက်သို့ ပြေးသွားကာ မြို့ရိုးအက်ကြောင်းများကြားရှိ မိုးမခနီကိုင်းများကို သူ၏ လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ လိုက်စမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သော အသံဖြင့် ဆိုလိုက်လေသည်။ “လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မြေဖို့အလွှာကြားထဲက မိုးမခနီကိုင်းတွေကို ငါ မြင်နေရပြီ။ ဒါက ယွမ်ဟယ်ကျွင်းရှန်းထူကျိထဲက မှတ်တမ်းနဲ့ အတိအကျကိုက်ညီတယ်...”
လူနှစ်ဦးမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာကို တွေ့ရှိလိုက်ရသကဲ့သို့ သူတို့၏မျက်နှာများကို မြို့ရိုးပေါ်တွင် ကပ်ထားခဲ့ကြသည်။
လီလီချန်က သူ၏ အိတ်ထဲမှ မှန်ဘီလူးကို ထုတ်ကာ မြို့ရိုးကြွေပြားများကြားရှိ အဆစ်များကို သေချာစွာ စစ်ဆေးလိုက်၏။
“ဒီလေတိုက်စားမှု အမှတ်အသားတွေက...” လီလီချန်၏ မှန်ဘီလူးက အစင်းကြောင်းတစ်ခုပေါ်တွင် ရပ်တန့်သွားလေသည်။ “ဒီပုံစံတွေ ဖြစ်လာဖို့အတွက် အနည်းဆုံး နှစ်တစ်ရာလောက် လေနဲ့သဲ တိုက်စားမှ ဖြစ်မှာ”
ယင်းကိုကြားသောအခါ ကောရှင်းက လီလီချန်ကို လေးစားစွာဖြင့် ကြည့်ကာ ရှင်းပြလိုက်၏။ “ဒီမြို့ကို ကျန်ကွမ်းခေတ်မှာ တည်ဆောက်ခဲ့တာပါ... ငါတို့ တပ်စွဲတဲ့အချိန်ရောက်တော့ နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်း ရှိနေပြီ...”
ယင်းကိုကြားလျှင် လျိုဟောက်က သူ၏အိတ်ထဲမှ ကလောင်နှင့် စာရွက်ကို ရှာလိုက်သော်လည်း ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။
ကောင်းမွန်သော ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကျန်းယဲ့က ခရီးသွားများ၏ လိုအပ်ချက်ကို ချက်ချင်း သတိပြုမိကာ ပစ္စည်းများ ရောင်းချရန် ကြိုးစားလိုက်ခေသည်။
“မှတ်စုစာအုပ်နဲ့ ကလောင်လိုချင်လား”
လျိုဟောက်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့... ဟုတ်ကဲ့။ ကျွန်တော်တို့က အလောတကြီး လာမိတာဆိုတော့ ဘာမှ မပါလာဘူး”
ကျန်းယဲ့က သူ၏ပခုံးကို ပုတ်လိုက်ခေသည်။ “ရပါတယ်... ကျွန်တော့်ဆီမှာ ရှိတယ်”
လျိုဟောက် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်၏။ “ဒါဆို အဆင်ပြေပြီ။ ဘယ်လောက်လဲ... ကျွန်တော် ဝယ်မယ်”
ကျန်းယဲ့က အနည်းငယ်ပြုံးကာ စနစ်စတိုးစာမျက်နှာကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး လေထဲတွင် လက်ချောင်းဖြင့် အနည်းငယ် ပုတ်လိုက်ရာ သူတို့နှစ်ဦးရှေ့တွင် ပွင့်လင်းမြင်သာသော အလင်းဖန်သားပြင်တစ်ခု ပေါ်လာခဲ့သည်။
ဤအလင်းဖန်သားပြင်ကို ဝယ်သူနှင့် ရောင်းသူသာ မြင်ရလေသည်။
“မှတ်စုစာအုပ်က ၁၅ ယွမ်၊ ဘောပင်က ၂ ယွမ်၊ စုစုပေါင်း ၁၆ ယွမ်” ဟု ကျန်းယဲ့က ရောင်းချလိုက်သည်။
လျိုဟောက်က လေထဲတွင် ပေါ်လာသော ဖန်သားပြင်ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရချေသည်။
‘အချိန်ခရီးသွားတာကိုတောင် တွေ့နေရပြီပဲ... ဒီလိုလုပ်ရပ်ကတော့ သိပ်မဆန်းတော့ပါဘူး...’
“ကျွန်တော် တစ်ခုယူမယ်။ အော်... ဒီမှာ အင်တာနက် မရှိပါလား” သူက ဖုန်းကို ထုတ်လိုက်ရင်း အခက်တွေ့သွားချေသည်။
ကျန်းယဲ့က သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ရာ အပြာရောင်တောက်ပနေသော QR Code တစ်ခု ပေါ်လာလေသည်။
“အထူးချန်နယ်တွေက အော့ဖ်လိုင်း ငွေပေးချေမှုကို ပံ့ပိုးပေးပါတယ်...”
လျိုဟောက်က မျက်တောင်ခတ်လိုက်ပြီးမှ အော်ရယ်လိုက်သည် “ဟုတ်သားပဲ... အချိန်တောင် ခရီးသွားနေတာပဲ... QR Code ပေးချေတာလေးက ဘာမှ မဟုတ်တော့ပါဘူး”
သူက ပိုက်ဆံပေးချေလိုက်ရာ ဖုန်းမှ “ဒင်” ဟူသော အသံ ထွက်ပေါ်လာသည်။ [ငွေပေးချေမှု အောင်မြင်ပါသည်။ -၁၆ ယွမ်]။
ကျန်းယဲ့က QR Code ကို ပြန်သိမ်းလိုက်ပြီး သူ၏ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်ပေးလိုက်ခေသည်။ “ကဲ... အသစ်စက်စက်ပါ....”
လျိုဟောက်က စာရေးကိရိယာကို ယူလိုက်ပြီး စိတ်ထဲတွင် ရယ်စရာကောင်းလှသော အခြေအနေတစ်ခုကို ခံစားလိုက်ရသည်။
‘အေဒီ ၇၈၉ ခုနှစ်၊ အနောက်ဘက်ဒေသ ရှေးဟောင်းမြို့တော်ရဲ့ တံခါးဝမှာ ငါ ဖုန်းနဲ့ QR Code စကင်ဖတ်ပြီး ခေတ်မီစာရေးကိရိယာကို ဝယ်လိုက်တာပဲ... ’
သူက မှတ်စုစာအုပ်ကို အိတ်ထဲ ထည့်လိုက်ကာ “ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း...”
ကျန်းယဲ့က လက်ကာပြလိုက်၏။ “ရပါတယ်...”
သူ၏ ပထမဆုံး အောင်မြင်သော အရောင်းအဝယ်မှ ၈၀ ပြား အမြတ်ရလိုက်ချေသည်။
ကျန်းယဲ့က လက်ခုပ်တီးလိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်၏။
“ခရီးသည်များခင်ဗျား... လိုအပ်တာရှိရင် ဒီမှာ ဝယ်လို့ရပါတယ်။ စျေးနှုန်းတွေက အပြင်နဲ့ အတူတူပါပဲ... စျေးပိုမတင်ပါဘူး”
ကောရွှိုက်က ကျန်းယဲ့ မှတ်စုစာအုပ်ထုတ်ပေးသည်ကို မြင်လိုက်ရလေသည်။
“ဒါရိုက်တာကျန်း.... ခင်ဗျားအိတ်က သိပ်မကြီးပါဘူး။ အန်းရှီးစစ်သည်တွေအတွက် သံချပ်ကာတွေ လိုချင်ရင်ရော ရမလား...”
သူသည် အနီးအနားရှိ အိုမင်းရင့်ရော်နေသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် အန်းရှီးစစ်သည်များကို ကြည့်လိုက်ရင်း စိတ်မကောင်းဖြစ်သွားရပေသည်။
ကျန်းယဲ့က တည်ငြိမ်စွာပင် “ရပါတယ်... ဘယ်လောက်လိုလဲ”
ကောရွှိုက် အံ့အားသင့်သွားရသည်။ “ခင်ဗျား တကယ်ပြောတာလား...”
အားလုံးက ကျန်းယဲ့ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်ကြလေသည်။
ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။ “တကယ်ပေါ့ဗျ...”
ကောရွှိုက်က ကောရှင်းကို လှည့်ကြည့်လိုက်လေသည်။ “စစ်သူကြီးကော... အန်းရှီးတပ်မတော်မှာ စစ်သည် ဘယ်လောက်ကျန်သေးလဲခင်ဗျ”
ကောရှင်းက “အန်းရှီးတပ်မတော်မှာ စစ်သည် ၅,၃၀၀ ကျော် ကျန်သေးတယ်” ဟု ဆို၏။
(NT- သမိုင်းမှတ်တမ်းများအရ အေဒီ ၇၈၉ ခုနှစ်တွင် အန်းရှီးတပ်ဖွဲ့တွင် စစ်သည်အနည်းငယ်သာ ကျန်ရှိတော့သည်ဟုဆိုသော်လည်း တိကျသော အရေအတွက်ကိုတော့ အကြမ်းဖျင်းသာ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်...)
“၅,၃၀၀ စုံ” ကောရွှိုက်က ကျန်းယဲ့ကို မေးလိုက်၏။ “ခင်ဗျားဆီမှာ ရှိလား....”
ကျန်းယဲ့က လေထဲတွင် လက်ကို ဝေ့ယမ်းလိုက်ရာ ကောရွှိုက်သာ မြင်ရသော စနစ်ဖန်သားပြင် ပေါ်လာပြီး အမျိုးမျိုးသော သံချပ်ကာများနှင့် စစ်လက်နက်များကို ပြသထားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကောရွှိုက်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူက ဖန်သားပြင်ကို လှမ်းထိလိုက်သော်လည်း လက်က ဖြတ်သွားလေသည်။
“ဒီမှာ...”
“စတိုင်လ်ကို ရွေးပြီး QR Code နဲ့ ပိုက်ဆံပေးချေပါ...” ကျန်းယဲ့က ငွေပေးချေမှု QR Code ကို ပြလိုက်လေသည်။ “ဒီဆိုင်က အရစ်ကျလည်း ပေးချေလို့ရတယ်....”
အနီးနားရှိသူများက ကောရွှိုက် လေထဲကို စိုက်ကြည့်ပြီးနောက် ဖုန်းထုတ်ကာ တစ်စုံတစ်ခုကို စကင်ဖတ်နေသည်ကိုသာ မြင်လိုက်ကြရသည်။