အခန်း (၈၄) စိတ်လှုပ်ရှားမှုနှင့် ခေါင်းမူးသွားခြင်း
ကျန်းယဲ့က ယာဉ်မောင်းထိုင်ခုံကို မှီကာ ကားအတွင်းမှ လူများ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်နေကြရင်း တဖြည်းဖြည်း နွေးထွေးလာသော လေထုကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
“ဒါရိုက်တာကျန်း.. ကျွန်တော်တို့ ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
လီလီချန်၏ အသံတွင် ဖုံးကွယ်မထားနိုင်သော အလောတကြီးဖြစ်မှုများ ပြည့်နှက်နေချေသည်။ သမိုင်းပညာရှင်တစ်ဦးအတွက် စောင့်ဆိုင်းရသည့် စက္ကန့်တိုင်းက အလွန်ကြာရှည်သည်ဟု ခံစားရ၏။
ကားထဲရှိ အခြားခရီးသည်များကလည်း မျှော်လင့်တကြီးဖြင့် သူ့ကို ကြည့်နေကြပြီး အားလုံးက လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ က ထန်မင်းဆက်ကို မြင်တွေ့ချင်နေကြပေသည်။
ကျန်းယဲ့က ရှေ့ကို လက်ညှိုးထိုးပြလိုက်ပြီး “ဟိုအဖြူရောင် အစက်လေးကို မြင်လား..”
အားလုံးက သူ လက်ညှိုးထိုးပြရာ ကားပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ကြ၏။
ပြတင်းပေါက်အပြင်ဘက်တွင် စကြဝဠာ၏ အနက်ရှိုင်းဆုံး လေဟာနယ်ထဲ ရောက်နေသကဲ့သို့ မင်ရည်လို မည်းမှောင်နေသော အမှောင်ထုကြီး ရှိနေခဲ့သည်။
ကားအတွင်းမှ နွေးထွေးသော အဝါရောင်မီးရောင်က တစ်ခုတည်းသော အလင်းရင်းမြစ်ဖြစ်လာပြီး အမှောင်ထဲရှိ မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေသော မျက်နှာများကို လင်းထိန်နေစေခဲ့သည်။
အချိန်ဥမင်လိုဏ်ခေါင်း၏ အဆုံးတွင် အပ်ခေါင်းအရွယ်လောက်သာရှိသော သေးငယ်သည့် အဖြူရောင်အလင်းစက်လေးက တဖြည်းဖြည်း ကြီးမားလာချေသည်။
“အဲဒီ အလင်းစက်ကို ဖြတ်သွားရင် ကျွန်တော်တို့ ရောက်ပြီ....”
သူ စကားပြောပြီးသည်နှင့် ကားက ရုတ်တရက် အရှိန်တင်လိုက်လေသည်။
အဖြူရောင် အလင်းစက်က အလျင်အမြန် နီးကပ်လာပြီး မျက်တောင်တစ်ခတ်အတွင်း မျက်စိကျိန်းမတတ် အလင်းရောင်ကန့်လန့်ကာကြီးတစ်ခုအဖြစ် ကျယ်ပြန့်သွားခဲ့သည်။
ထို့ကြောင့် ကားထဲရှိ လူအားလုံး ပြိုင်တူ မျက်စိမှိတ်လိုက်ကြ၏။
“ဝုန်း...”
နောက်ခဏ၌ ကားကိုယ်ထည်က အနည်းငယ် တုန်ခါသွားပြီး မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းက ချက်ချင်း လွှမ်းခြုံသွားလေသည်။
အမြင်အာရုံ ပြန်လည်ရရှိလာချိန်တွင် နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းတန်းများက ကားပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။
ကားပြတင်းပေါက်အပြင်ဘက်တွင် အဝါရောင်သဲများက ကောင်းကင်ယံ၌ ပြည့်နှက်နေ၏။
အေဒီ ၇၈၉ ခုနှစ်က ခူချာရှေးဟောင်းမြို့တော်ကလည်း မည်သည့်ကြိုတင်သတိပေးမှုမှမရှိဘဲ သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
ခူချာရှေးဟောင်းမြို့တော်က တောက်ပသောနေရောင်အောက်တွင် မြင့်မားစွာ တည်ရှိနေပြီး ၎င်း၏ မြေနံရံများက ရာသီဥတုဒဏ်ကြောင့် ဟောင်းနွမ်းနေကာ မြို့ရိုးပေါ်ရှိ စုတ်ပြဲနေသော ထန်မင်းဆက်အလံများက ပူပြင်းသောလေထဲတွင် လွင့်ခါနေချေသည်။
အဝေးဆီမှ ကုလားအုတ်ခေါင်းလောင်းသံ သဲ့သဲ့ကို ကြားနေရပြီး လွန်ခဲ့သော နှစ်တစ်ထောင်က အချိန်အက်ကွဲကြောင်းတစ်ခုထဲမှ ထွက်ပေါ်လာသကဲ့သို့ပင်။
ကားထဲတွင် တိတ်ဆိတ်နေခဲ့သည်။ သမိုင်းစာအုပ်များထဲတွင်သာ ရှိသင့်သော ဤမြို့တော်ကို မျက်လုံးဆယ်စုံက စူးစိုက်ကြည့်နေကြပြီး လူတိုင်း၏ရင်ထဲတွင် စိတ်ခံစားမှုများ ဆူပွက်နေခဲ့ကြသည်။
ကျန်းယဲ့က အားလုံးကို ပြုံးပြလိုက်ပြီး ပြော၏။ “အေဒီ ၇၈၉ ခုနှစ်က ထန်မင်းဆက်ရဲ့ အန်းရှီးအစောင့်ရှောက်နယ်မြေကနေ ကြိုဆိုပါတယ်။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ဧည့်လမ်းညွှန်ကျန်းယဲ့ပါ။ အခု ဒီခရီးစဉ်ရဲ့ လည်ပတ်စရာနေရာဖြစ်တဲ့ ခူချာရှေးဟောင်းမြို့တော်ကို သွားလည်ဖို့ ကျွန်တော့်နောက်ကနေ ကားပေါ်က ဆင်းပေးကြပါ”
“ဒီရှေးဟောင်းမြို့တော်က သမိုင်းရေစီးကြောင်းရှည်ကြီးထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ...”
ကျန်းယဲ့ စကားပြောပြီးသည်နှင့် ကားတံခါး ပွင့်သွားခဲ့သည်။
ကျန်းယဲ့ ကားပေါ်မှဆင်းလိုက်သောအခါ အဝါရောင်သဲများပါသော အပူလှိုင်းတစ်ခုက သူ၏မျက်နှာကို လာရိုက်ခတ်လေသည်။
သူက မျက်လုံးကို ကျဉ်းလိုက်ပြီး ဆည်းဆာအလင်းရောင်ဒဏ်မှ ကာကွယ်ရန် လက်ကိုမြှောက်လိုက်သော်လည်း သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု အလိုလို ပေါ်လာခေေသည်။
ရင်းနှီးနေသော ဤခူချာမြို့တော်ကို နောက်တစ်ကြိမ် ပြန်မြင်ရချိန်တွင် ၎င်းက ခမ်းနားထည်ဝါစွာ ရပ်တည်နေဆဲဖြစ်ပြီး ရာသီဥတုဒဏ်ခံထားရသော မြေနံရံများက နှစ်တစ်ထောင် ကြမ္မာအလှည့်အပြောင်းများ၏ ခံနိုင်ရည်ကို ပြသနေခဲ့သည်။
သူ၏အနောက်ရှိ ကားထဲမှ လူဆယ်ယောက်မှာ သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ပြေးဆင်းလာကြသည်။
“ဒါ...ဒါ ခူချာမြို့တော်လား” လီလီချန်၏ အသံက တုန်ယင်နေပြီး မျက်မှန်အနောက်မှ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ မလှမ်းမကမ်းရှိ ခူချာမြို့တော်ကို စူးစိုက်ကြည့်နေလေသည်။
ချန်မော့က ပါးစပ်အဟောင်းသားဖြင့် ထိုနေရာတွင် အေးခဲသွားသလို ရပ်နေပြီး အသက်ရှူရန်ပင် မေ့နေချေသည်။
‘လွန်ခဲ့တဲ့ တစ်မိနစ်ကမှ ငါ့ရဲ့ နောက်ဆုံး ယွမ်နှစ်ထောင်လေး ကုန်သွားလို့ ဝမ်းနည်းနေခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က အနောက်ဘက်ဒေသ မြေပေါ်မှာ တကယ်တမ်း မတ်တပ်ရပ်လိုက်ရတဲ့အခါ ငါ့ခေါင်းထဲမှာ လုံးဝ ဗလာကျင်းသွားတော့တာပဲ...’
“ဟိုမှာကြည့်... အန်းရှီးတပ်မတော်ပဲ” ချီခယ်ခယ်က အမြင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
အားလုံးက မော့ကြည့်လိုက်ကြလေသည်။
ခူချာမြို့ရိုးပေါ်တွင် သံချပ်ကာဝတ်ဆင်ထားသော အန်းရှီးစစ်သည်အချို့က ငုံ့ကြည့်နေခဲ့ကြသည်။
ထိုစစ်သည်များက ဂျင်းဝါရောင် ကားကို မြင်သောအခါ ခဏတာ အံ့အားသင့်သွားပြီးနောက် ရုတ်တရက် အော်ဟစ်အောင်ပွဲခံလိုက်ကြ၏။
“သခင်လေးကျန်းပဲ။ သခင်လေးကျန်းထပ်ရောက်လာပြီကွ”
“စစ်သူကြီးဆီကို အခုချက်ချင်း သွားသတင်းပို့ကြ....”
“မြို့တံခါးကို အခုချက်ချင်း ဖွင့်လိုက်”
မြို့ရိုးပေါ်တွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး တပ်စခန်းတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။
ကောရွှိုက်က ကျန်းယဲ့ကို ကြည့်လိုက်၏။ “သူတို့ ခင်ဗျားကို သိနေကြတာလား”
ကျန်းယဲ့က ပြုံးပြီး ပြောလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လူငါးယောက် ခေါ်လာပြီး ၁၂ နာရီကြာ နေခဲ့ကြတယ်လေ..”
သူ စကားပြောပြီးသည်နှင့် လေးလံသော မြို့တံခါးကြီးက အသံမြည်ဟည်းကာ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
ထောင်းထောင်းထနေသော ဖုန်လုံးများကြားမှ မြင်းတပ်တစ်တပ်က ဒုန်းစိုင်းနှင်ထွက်လာခဲ့၏။
ဦးဆောင်လာသော စစ်သူကြီးတွင် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး သူ၏ သံချပ်ကာတွင် ဓားရာများဖြင့် ပြည့်နှက်နေသော်လည်း ထင်းရှူးပင်တစ်ပင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်သည်။
(NT- အရင်ပိုင်းတွေက အရာရှိတို့ ဗိုလ်ချုပ်ကြီးတို့က ခေတ်သုံးစကားဖြစ်နေလို့ ပြောင်းထားပါတယ်)
သူက လူအုပ်ကြီးရှိရာသို့ မြင်းစီးလာပြီး သွက်လက်သပ်ရပ်စွာဖြင့် မြင်းပေါ်မှ ဆင်းလိုက်၏။
“မိတ်ဆွေငယ်ကျန်း... နေကောင်းရဲ့လား” အဘိုးအိုစစ်သူကြီး၏ အသံက ဟိန်းထွက်လာပြီး သူ၏ မျက်လုံးများက အချိန်ကြာမြင့်စွာ စောင့်စားခဲ့ရသော ပြန်လည်ဆုံတွေ့ရခြင်း၏ ဝမ်းမြောက်မှုဖြင့် တလက်လက် တောက်ပနေခဲ့သည်။
လူတိုင်း ပြိုင်တူ အသက်အောင့်ထားလိုက်ကြ၏။
ဆံပင်ဖြူဖြူနှင့် မားမားမတ်မတ် ကိုယ်နေဟန်ထားရှိသော အရှေ့မှ အဘိုးအိုစစ်သူကြီးက နေဝင်ဆည်းဆာအလင်းရောင်တွင် ကြေးဝါရောင် တောက်ပနေသော သံချပ်ကာအဟောင်းကို ဝတ်ဆင်ထားပြီး သူ၏ ခါးရှိ ဓားအိမ်မှာလည်း ဟောင်းနွမ်းကာ ပြောင်လက်နေချေသည်။
ထန်မင်းဆက်သမိုင်းကို အခြေခံလောက် နားလည်သူတိုင်းပင် တူညီသော နာမည်တစ်ခုကို ချက်ချင်း တွေးမိကြလိမ့်မည်။
ကောရှင်း...
လျိုဟောက်၏ လက်များက ထိန်းမရသိမ်းမရ တုန်ယင်လာပြီး အားသုံးထားမှုကြောင့် သူ၏ လက်ဆစ်များက ဖြူလျော့နေခဲ့သည်။
သူသည် ဒွန်းဟွမ်အကယ်ဒမီတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ အလုပ်လုပ်ခဲ့ပြီး ဤဒဏ္ဍာရီလာ စစ်သူကြီးအပေါ် အလွန်တရာ လေးစားမှုရှိလေသည်။
ယခုတော့ ထိုသူက ခြေသုံးလှမ်းအကွာတွင် ရပ်နေပြီး သံချပ်ကာပေါ်ရှိ ခြစ်ရာတစ်ခုချင်းစီကို ရှင်းလင်းစွာ မြင်တွေ့နေခဲ့ရသည်။
ထို့ကြောင့် သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလဲ။
“ဒါရိုက်တာကျန်း” ချီခယ်ခယ်၏ အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေချေသည်။ “သူ...သူက ဟိုတစ်ယောက် မဟုတ်ဘူးလား...”
သူမ၏ မျက်လုံးများက အံ့မခန်း တောက်ပနေသော်လည်း ထိုနာမည်ကို ပေါ့ပေါ့တန်တန် ထုတ်မပြောရဲချေ။
ကျန်းယဲ့က အနည်းငယ်ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်၏။ “သူက စစ်သူကြီး ကောရှင်း အစစ်ပါပဲ...”
လူတိုင်းတွင် ကိုယ်ပိုင်ခန့်မှန်းချက်များ ရှိကြသော်လည်း အဖြေကို အတည်ပြုလိုက်သောအခါ သူတို့ ခေါင်းမူးသွားသလို ခံစားလိုက်ရဆဲပင်။
‘အိုး... ငါ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ခေါင်းတွေတောင် မူးလာပြီ’
သမိုင်းတွင် ဆံပင်ဖြူများဖြင့် နယ်စပ်ကို အနှစ်လေးဆယ် ကာကွယ်ခဲ့သူဟု လူသိများသော ဤနာမည်ကြီး ထန်မင်းဆက်စစ်သူကြီးက ယခု သူတို့ရှေ့တည့်တည့်တွင် ရပ်နေချေပြီ။
“စစ်သူကြီးကော” ကျန်းယဲ့က ထန်မင်းဆက်၏ စံသတ်မှတ်ချက်အတိုင်း အရိုအသေပေးလိုက်ပြီးနောက် မိတ်ဆက်ပေးရန် ဘေးသို့ဆင်းပေးလိုက်၏။ “ဒီတစ်ခါ အန်းရှီးတပ်မတော်ရဲ့ ရဲရင့်တဲ့ဟန်ပန်နဲ့ ခူချာရှေးဟောင်းမြို့တော်ကို လာကြည့်ဖို့ သူငယ်ချင်း ဆယ်ယောက် ခေါ်လာတယ်”
ကောရှင်းက ပြန်လည်နှုတ်ဆက်လိုက်ပြီး ရယ်မောကာ အားလုံးကို မြို့ထဲဝင်ရန် လက်ဟန်ပြလိုက်လေသည်။ “မင်းတို့ အဝေးကြီးကနေ လာကြတာကို ငါ အရမ်းဂုဏ်ယူမိပါတယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကနေ မြို့ထဲကို ဝင်ကြပါ... ပြီးတော့ ငါ ဧည့်ဝတ်ပြုပါရစေ”
ပါမောက္ခ လီလီချန်က သူ့ကိုယ်သူ ငြိမ်ကျသွားစေရန် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ရှေ့သို့ထွက်ကာ ကောရှင်းကို ထန်မင်းဆက်စံနှုန်းအတိုင်း လေးနက်စွာ အရိုအသေပေးလိုက်၏။
“စစ်သူကြီးကော.. ကျွန်တော်က လီလီချန်ပါ။ မြို့တော် ရှေးဟောင်းသုတေသနဌာနက ပါမောက္ခတစ်ဦးဖြစ်ပြီး တရုတ်သမိုင်းကို အထူးပြုလေ့လာထားပါတယ်....”
သူက ပညာရှင်တစ်ဦး၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားရင်း အသံအနည်းငယ် တုန်ယင်စွာဖြင့် “ဒီကနေ့ စစ်သူကြီးကို လူကိုယ်တိုင် မြင်တွေ့ခွင့်ရတာက တကယ်ကို ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ကံကောင်းမှုပါပဲ...”
ကောရှင်းက လေးနက်စွာ ပြန်လည်နှုတ်ဆက်ပြီး သူနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြော၏။ “အနာဂတ်မျိုးဆက်တွေက ငါတို့ကို သတိရနေနိုင်မယ်ဆိုရင် သေသွားရင်တောင် နောင်တရစရာ မရှိတော့ပါဘူး..”
လီလီချန်က သူ၏ လက်ဝါးမှလာသော ကြမ်းတမ်းသည့် အထိအတွေ့ကို ခံစားလိုက်ရလေသည်။
၎င်းတို့မှာ နှစ်ပေါင်းများစွာ ဓားကိုင်ခဲ့ရခြင်းကြောင့် ကျန်ရစ်နေသော အသားမာထူထူကြီးများပင်။
သူ၏ မျက်လုံးများ အနည်းငယ် မျက်ရည်ဝဲသွားပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်၏။ “စစ်သူကြီးနဲ့ အန်းရှီးတပ်မတော်ရဲ့ လုပ်ရပ်တွေကို နောင်လာနောက်သားတွေရဲ့ သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားပါတယ်။ အနောက်ဘက်ဒေသကို နှစ်လေးဆယ်ကြာ တစ်ယောက်တည်း ကာကွယ်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရဲရင့်တဲ့လုပ်ရပ်ကို ရေတွက်လို့မရနိုင်တဲ့ လူတွေက လေးစားအားကျနေကြပါတယ်....”
၎င်းကိုမြင်သောအခါ လျိုဟောက်က ရှေ့သို့ထွက်လာပြီး သူ၏ ငယ်ရွယ်သောမျက်နှာတွင် ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ “စစ်သူကြီးကော... ကျွန်တော်က လျိုဟောက်ပါ။ ဒွန်းဟွမ်သုတေသနအင်စတီကျုက လက်ထောက်သုတေသီတစ်ဦးဖြစ်ပြီး အနောက်ဘက်ဒေသနဲ့ ဒွန်းဟွမ်စာမူတွေရဲ့ သမိုင်းကြောင်းကို အထူးပြုလေ့လာထားပါတယ်။ ကျွန်တော်တို့ စစ်သူကြီးအကြောင်း မှတ်တမ်းတွေကို ဒွန်းဟွမ်အပိုင်းအစတွေမှာ အကြိမ်များစွာ မြင်တွေ့ခဲ့ရပါတယ်..”
ဒွန်းဟွမ်ဆိုသော နာမည်ကို ဖော်ပြလိုက်သောအခါ ကောရှင်း၏ မျက်လုံးများ မှေးမှိန်သွားရသည်။
လျိုဟောက်နှင့် လီလီချန် နှစ်ဦးစလုံးက ယင်းကို သတိထားမိကြ၏။ နှစ်ဦးစလုံးက သမိုင်းကို ကောင်းစွာကျွမ်းကျင်ကြပြီး အဖြေကို အလျင်အမြန် စဉ်းစားမိသွားကြသည်။
ဒွန်းဟွမ်သည် မူလက အန်းရှီးအစောင့်ရှောက်နယ်မြေ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိခဲ့လေသည်။ အေဒီ ၇၈၆ ခုနှစ်တွင် ၎င်းကို ထူပေါ်နိုင်ငံက သိမ်းပိုက်ခဲ့ပြီး ရှာကျိုးဟု အမည်ပြောင်းခဲ့ကြသည်။
ယခုက အေဒီ ၇၈၉ ခုနှစ်ဖြစ်ပြီး ထိုကာလအတွင်း ဒွန်းဟွမ်သည် ဒွန်းဟွမ်မဟုတ်တော့ဘဲ ရှာကျိုး ဖြစ်နေပြီဟု ဆိုလိုပေသည်။
ဤသည်မှာ အန်းရှီးအစောင့်ရှောက်နယ်မြေတွင် တပ်စွဲထားသော စစ်သူကြီးများအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
လျိုဟောက်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခေါင်းကိုလှည့်လိုက်ပြီး သူ့ကိုယ်သူ ပါးရိုက်လိုက်၏။
‘ကျစ်.. ငါ ဘာလို့ မပြောသင့်တာကို သွားပြောမိပါလိမ့်’
ကောရှင်း၏ ညှိုးနွမ်းသော မျက်နှာအမူအရာက ဖြတ်ပြေးသွားသော်လည်း သူ၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာတွင် နွေးထွေးသောအပြုံး ရှိနေဆဲပင်။ “အဲဒီ စာရွက်စာတမ်းတွေကို ဒီကနေ့အထိ ထိန်းသိမ်းထားနိုင်တာ တကယ်ကို ကြီးမားတဲ့ ကောင်းချီးတစ်ခုပါပဲ..”