အခန်း (၈၃) ကားပေါ်တွင် စုဝေးကြခြင်း
ဒါရိုက်တာကျန်း၏ အော်ဟစ်သံက အလွန်အားပါပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလှကာ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းယဲ့ တစ်ချက်တုန်လှုပ်သွားပြီး ထိုသူ့ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။
သူ၏ရှေ့ရှိ ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ်ရင်းနှီးနေသယောင်ရှိသော်လည်း ဤလူကို တစ်ခါမှမမြင်ဖူးကြောင်း ကျန်းယဲ့ သေချာပေါက်သိနေပေသည်။
“ခင်ဗျားက ဘယ်သူလဲ..” ကျန်းယဲ့က မေးလိုက်၏။
ချောင်ရန်ကျိက မတ်တပ်ရပ်ကာ ရှေ့တိုးပြီး ကျန်းယဲ့နှင့် လက်ဆွဲနှုတ်ဆက်ချင်နေခဲ့သည်။ သို့သော် ကျန်းယဲ့က ၎င်းကိုမြင်လျှင် အမြန်တားလိုက်ပြီး “ခင်ဗျား နေရာမှာပဲ ထိုင်နေလို့ရပါတယ်..” ဟု ပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါ ချောင်ရန်ကျိက လိမ်မာစွာဖြင့် ပြန်ထိုင်လိုက်သော်လည်း သူ၏စိတ်အားထက်သန်မှုကတော့ လျော့ကျမသွားချေ။
“ဒါရိုက်တာကျန်း... ကျွန်တော်က ချောင်ဝမ်ပေါ်ရဲ့ အဖေပါ။ ချောင်ဝမ်ပေါ် ခင်ဗျားနဲ့အတူ ချင်မင်းဆက်ကို သွားကတည်းက ကျွန်တော် အဲဒီအကြောင်းကိုပဲ တွေးနေခဲ့တာ။ ဒီတစ်ခါတော့ ခင်ဗျားရဲ့ ခရီးသွားကားပေါ်ကို နောက်ဆုံးတော့ စီးခွင့်ရပြီပဲ။ ဟားဟားဟား.. ကျွန်တော် တကယ်ကံကောင်းတာပဲ”
ချောင်ရန်ကျိက ကားပေါ်ရှိ အခြားသူများကို လုံးဝဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ပြောနေချေသည်။
ကျန်ကိုးယောက်မှာ အံ့အားသင့်မှုမှ သတိပြန်လည်လာကြပြီး ချောင်ရန်ကျိ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်း ၎င်းတို့၏ အဓိပ္ပာယ်ကို သေချာစွာ တွေးတောနေခဲ့ကြသည်။
ကျန်းယဲ့က အနည်းငယ်ပြုံးလိုက်ပြီး “ဒါဆို ဦးလေးချောင်ကိုး... ဒါကြောင့်မလို့ ကျွန်တော့်အတွက် ရင်းနှီးပြီး ခင်မင်စရာကောင်းနေတာကိုး...”
“ခွင့်လွှတ်ပါ...” အေးစက်သော မိန်းမသံတစ်ခုက သူတို့၏စကားဝိုင်းကို ဖြတ်ပြောလိုက်လေသည်။
ကျန်းယဲ့၏ အကြည့်က ချန်နယ်အမှတ်တံဆိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးတိအေးစက်နိုင်သော်လည်း မွန်မြတ်လှပသော အငွေ့အသက်များ ထွက်ပေါ်နေသည့် အမျိုးသမီးချောလေးထံ ကျရောက်သွားခဲ့သည်။
စုရှောင်ရှောင်၏ မျက်နှာအမူအရာက အေးစက်တည်တင်းနေပြီး တည်ငြိမ်သော အသံဖြင့် “အခု အခြေအနေက ဘာလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား” ဟု ပြောလိုက်သည်။
ကျန်းယဲ့က ကားမိုက်ခရိုဖုန်းကို တည်ငြိမ်စွာ ကောက်ကိုင်လိုက်ပြီး သူ၏ကြည်လင်သောအသံက ကားထဲတွင် ပဲ့တင်ထပ်သွားချေသည်။ “အေဒီ ၇၈၉ ခုနှစ်က အန်းရှီးအစောင့်ရှောက်နယ်မြေဆီကို နေ့ချင်းပြန်ခရီးစဉ်အတွက် အောင်မြင်စွာ အနိုင်ရရှိသွားကြတဲ့သူတွေအားလုံးကို ဂုဏ်ပြုပါတယ်။ ကျွန်တော် တင်ထားတဲ့ ဗီဒီယိုကို ခင်ဗျားတို့အားလုံး မြင်ဖူးကြမှာပါ”
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “အဲဒီမြင်ကွင်းထဲက ပုံရိပ်တိုင်းက အစစ်အမှန်တွေပါပဲ”
ကားအတွင်းဝယ် အသက်ရှုသံပြင်းပြင်းများ ထွက်ပေါ်လာလေသည်။
“ခင်ဗျားတို့အားလုံးမှာ မေးခွန်းတွေ အများကြီးရှိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်” ကျန်းယဲ့၏ အကြည့်က လူအုပ်ကြီး၏ အံ့အားသင့်ကာ မသေချာမရေရာဖြစ်နေသော မျက်နှာများကို ဝေ့ကြည့်လိုက်၏။ “အဖြေကို မကြာခင် သိရတော့မှာပါ...”
“ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်” လျိုဟောက်က သူ၏ ရွှေရောင်ကိုင်းမျက်မှန်ကို ပင့်တင်လိုက်၏။ “ခင်ဗျားဆိုလိုတာက.... သမိုင်းမှာ အနောက်ဘက်ဒေသတွေကို တစ်ယောက်တည်း ကာကွယ်ခဲ့တဲ့ အန်းရှီးတပ်မတော်ကို ကျွန်တော်တို့ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်မှာလား”
“ဟုတ်ပါတယ်” ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။
ကျိုးမေ့ရှားက “ဒါက မယုံနိုင်စရာပဲ” ဟု ရေရွတ်လိုက်လေသည်။
သူမဘေးတွင် ရပ်နေသော ချီခယ်ခယ်ကလည်း အသည်းအသန် ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ တလက်လက်တောက်ပနေခဲ့သည်။ “အိပ်မက်တစ်ခုလိုပဲ”
ချောင်ရန်ကျိကတော့ တစ်ချိန်လုံး တည်ငြိမ်နေခဲ့ပြီး သူ၏ တည်ငြိမ်မှုထဲတွင် စိတ်လှုပ်ရှားမှုများ ရောယှက်နေလေသည်။ သူက အေးဆေးစွာ ပြုံးလိုက်ပြီး ပြော၏။ “ခင်ဗျားတို့အားလုံး နိုင်ငံရဲ့ နေရာအနှံ့အပြားကနေ မျက်တောင်တစ်ခတ်အတွင်း ဒီကို ရောက်လာကြတယ်ဆိုတဲ့ အချက်ကကိုပဲ အံ့ဖွယ်တစ်ခုဖြစ်နေပါပြီ။ ဒါကိုကြည့်ရင် အချိန်ခရီးသွားတာကို သံသယဖြစ်စရာ ဘာရှိတော့လို့လဲ...”
အားလုံး တိတ်ဆိတ်သွားကြရသည်။
လွန်ခဲ့သည့် ခဏလေးကမှ သူတို့အားလုံး ကိုယ့်အိမ်ကိုယ် ရောက်နေခဲ့ကြသည်ကို သူတို့ ကောင်းကောင်းသိကြသည်။ သို့သော် ယခုတော့ ဤလျှို့ဝှက်ဆန်းကြယ်သော ကားပေါ်တွင် ထူးဆန်းစွာ စုဝေးရောက်ရှိနေကြ၏။
ထို့အပြင် ကားပေါ်ရှိ လူအရေအတွက်မှာ ရရှိနိုင်သော ခရီးသွားနေရာ ဆယ်နေရာနှင့် ကွက်တိကိုက်ညီနေလေသည်။
လီကျန့်ကော်နှင့် ကျောက်ရှောင်ဟူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နှစ်ယောက်စလုံးက စစ်သားများဖြစ်ကြပြီး အံ့အားသင့်နေကြသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်နေခဲ့ကြသည်။
လီကျန့်ကော်က မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး သူ့အားပေးအပ်ထားသော တာဝန်ကို ပြန်လည်သတိရလိုက်ကာ ရုတ်တရက် နားလည်သွားချေသည်။
‘အထက်လူကြီးတွေက ဒီခရီးစဉ်ရဲ့ အစစ်အမှန်ဖြစ်တည်မှုကို သိနေနှင့်ပြီးသားပဲ။ ဒါကြောင့်မို့လို့ သူတို့ကို နေရာရအောင် လုဝယ်ခိုင်းနေခဲ့တာကိုး...’
“ငါတို့ ကံကောင်းတယ်ထင်တယ်” လီကျန့်ကော်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ၏အသံတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
ကျောက်ရှောင်ဟူ၏ တင်းမာနေသော ပခုံးများ အနည်းငယ် လျော့ကျသွားပြီး သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားရသည်။ “တပ်ရင်းမှူးလေး... ကျွန်တော်တို့ တကယ့် အန်းရှီးတပ်မတော်နဲ့ တွေ့ရတော့မှာလား”
လီကျန့်ကော်က နက်ရှိုင်းသော အကြည့်ဖြင့် ခေါင်းညိတ်လိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က အန်းရှီးတပ်မတော်ပေါ့... ”
သူတို့နှစ်ယောက်စလုံး ထပ်ပြီး ဘာမှမပြောကြတော့သော်လည်း တစ်ယောက်၏မျက်လုံးထဲတွင် အခြားတစ်ယောက်က တူညီသော အံ့အားသင့်မှုနှင့် မျှော်လင့်ချက်များကို မြင်တွေ့နေရလေသည်။
အခြားတစ်ဖက်တွင်တော့ လီလီချန်က သူ၏မျက်မှန်ကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ရင်ထဲမှ ဗြောင်းဆန်နေမှုများကို ငြိမ်ကျသွားစေရန် သူ၏အင်္ကျီလက်မောင်းဖြင့် မျက်မှန်မှန်ဘီလူးများကို ညင်သာစွာ သုတ်လိုက်၏။
သူ၏ဖခင် ဖုန်းထဲတွင် ပြောခဲ့သော ပြတ်သားသည့်လေသံ... ဗီဒီယိုထဲမှ အသေးစိတ်အချက်အလက်များနှင့် သူ၏ဖခင် လှည့်စားခံရပြီဟု သူ အစပိုင်းက သံသယဝင်ခဲ့ပုံများကို ပြန်လည်သတိရလိုက်သည်။
“ဒါဆို တကယ်ကြီး အစစ်ပဲပေါ့...” သူ၏ လက်ချောင်းထိပ်လေးများ အနည်းငယ် တုန်ယင်နေလျက် တိုးတိုးလေး ရေရွတ်လိုက်၏။
ရှေးဟောင်းသုတေသန ပါမောက္ခတစ်ဦးအနေဖြင့် သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းက ဘာကိုဆိုလိုသလဲဆိုတာကို သူက အခြားသူများထက် ပိုသိချေသည်။
စာရွက်စာတမ်းများတွင်သာ တည်ရှိနေသော မှတ်တမ်းများ၊ ယခုတိုင် ငြင်းခုံနေကြဆဲဖြစ်သော ပညာရပ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များ၊ အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှေးဟောင်းမြို့တော်များနှင့် တပ်မတော်များ။
သူက ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့် မြင်တွေ့ရတော့မည် ဖြစ်သည်မဟုတ်လော။
နောက်ခဏ၌ တားဆီးမရနိုင်သော စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးတစ်ခုက သူ၏ရင်ထဲတွင် လွှမ်းမိုးသွားခဲ့သည်။ သူ၏ သွေးကြောများထဲတွင် သွေးများ စီးဆင်းနေသည့် အသံကိုပင် သူဟာ ကြားနေရသလိုပင်။
ကောရွှိုက်က သူ၏ထိုင်ခုံတွင် မှီထိုင်လိုက်ပြီး သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများက ဒူးကို မသိမသာ ခေါက်နေခဲ့သည်။
အီးစပေါ့ အသိုင်းအဝိုင်းတွင် ထိပ်တန်းကစားသမားတစ်ဦးအနေဖြင့် သူ၏ တုံ့ပြန်မှုအမြန်နှုန်းနှင့် ဆုံးဖြတ်ချက်များက အမြဲတမ်း တိကျမှန်ကန်ခဲ့သည်။
“ငါ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ” သူက တိုးတိုးလေး ရယ်မောလိုက်ပြီး ခေါင်းရမ်းလိုက်၏။ သူ၏ မျက်လုံးများက ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများဖြင့် တလက်လက် တောက်ပနေချေသည်။
လျိုဟောက်ကတော့ သွေးများဆူပွက်မတတ် စိတ်လှုပ်ရှားနေခဲ့သည်။ ဌာနမှူးကျောက်၏ ညွှန်ကြားချက်များကို ဖြည့်ဆည်းပေးရန်သာ ကြိုးစားခဲ့ရင်း သူ ဒီလောက် ကံကောင်းပြီး နေရာလုနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
ယခုတော့ သူက လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ က အနောက်ဘက်ဒေသများကို သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ချင်နေပြီဖြစ်သည်။
‘ဒွန်းဟွမ်အကယ်ဒမီရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်သလဲ’
‘လွန်ခဲ့တဲ့ နှစ် ၁၂၀၀ က နံရံဆေးရေးပန်းချီတွေကို ငါမြင်ခဲ့ရတယ်ဆိုတာကိုသာ ပြတိုက်မှူး သိသွားရင် သူ မနာလိုဖြစ်ပြီး အရူးအမူး ဖြစ်သွားလိမ့်မယ်’
ထိုမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် လျိုဟောက်ကို ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ သူက ထိန်းမရသိမ်းမရ တုန်ယင်လာကာ လက်သီးများကို ဆုပ်ထားလိုက်မိ၏။
‘ဝါးဟားဟားး... ငါက သိပ်ကို ကံကောင်းတဲ့လူပဲ’
ကားအတွင်းရှိ လေထုက အံ့အားသင့်မှုမှနေ၍ စိတ်လှုပ်ရှားမှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားချိန်တွင် ရုတ်တရက် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာချေသည်။
“ကျစ်... ငါ့ရဲ့ နောက်ဆုံး ယွမ်နှစ်ထောင်လေး ပါသွားပြီကွ”
ချန်မိုက သူ၏ထိုင်ခုံမှ ရုတ်တရက် ခုန်ထလိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ အပြည့်ဖြစ်နေလေသည်။
သူ ဒီတစ်ကြိမ် လိမ်မခံရသော်လည်း သူ၏ပိုက်ဆံများအားလုံး ကုန်သွားခဲ့ပြီဖြစ်၏။
နောက်ဆုံးကျန်သော ယွမ်နှစ်ထောင်က ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားခဲ့ပြီပေါ့။
လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက အမျိုးမျိုး ကွဲပြားနေကြလေသည်။
ယင်းကိုကြားသောအခါ စုရှောင်ရှောင်က မျက်လုံးများကို မော့ကာ သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး “ဒီလို အခွင့်အရေးမျိုးကို ပိုက်ဆံနဲ့ ဝယ်လို့ရမယ် ထင်နေတာလား..”
လီလီချန်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ညင်သာစွာ ဖြည့်ပြောလိုက်၏။ “အချိန်ခရီးသွားတာရဲ့ တန်ဖိုးက ပိုက်ဆံနဲ့တိုင်းတာလို့ရတာထက် အများကြီး ပိုကျော်လွန်ပါတယ်။ သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရတာက ပညာရှင်များစွာ အိပ်မက်မက်ရတဲ့ အရာတစ်ခုပါ...”
“ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေဆို ပိုက်ဆံအများကြီး အကုန်ခံတာတောင် နေရာတစ်နေရာ မရခဲ့ဘူး” ချောင်ရန်ကျိက ရယ်မောကာ ကြားဖြတ်ပြောလိုက်၏။
ချန်မော့က ခေါင်းကိုကုတ်လိုက်ပြီး သူ၏နားရွက်များက နီရဲသွားရသည်။ “ဒီသဘောတရားကို ကျွန်တော် နားလည်ပါတယ်...”
သူ၏အသံက တဖြည်းဖြည်း တိုးဝင်သွားလေသည်။ “ဒါပေမဲ့ ကျွန်တော့်ကတ်ထဲမှာ ခြောက်ပြားပဲ ကျန်တော့တာဗျ....”
ကားထဲတွင် ခဏတာ တိတ်ဆိတ်သွားချေသည်။
“ဖူး.... ” ချီခယ်ခယ်က အသံထွက်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။ ချန်မော့က သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမက အမြန် လက်ကာပြလိုက်ပြီး “ရှင် ဆင်းရဲတာကို ရယ်နေတာ မဟုတ်ပါဘူး...”
သူမ၏မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။ “ကျွန်မ ဆိုလိုတာက ရှင် ခူချာကနေ ပန်းကန်ဖြစ်ဖြစ် ဇလုံဖြစ်ဖြစ် တစ်ခုခု ပြန်ယူလာရင် အဲဒါက ရှေးဟောင်းပစ္စည်း ဖြစ်မသွားဘူးလား။ အဲဒါဆို သန်းနဲ့ချီပြီး အလွယ်လေး ရောင်းလို့ရမှာလေ...”
ချန်မော့၏ မျက်လုံးများ ချက်ချင်း အရောင်လင်းသွား၏။ “ဟုတ်သားပဲ.. အဲဒါကို ငါ ဘာလို့ မတွေးမိပါလိမ့်..”
“သီအိုရီအရ ပြောရရင်တော့...” လီလီချန်က ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။ သူ၏ ပညာရှင်အသိစိတ်က အမှားပြင်ပေးရန် လှုံ့ဆော်နေလေသည်။ “သမိုင်းဝင် နှစ်ကာလ ကြာညောင်းမှု ဖြစ်စဉ်ကို မဖြတ်သန်းရသေးတဲ့ ပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်ဖို့ ခက်ခဲတယ်။ ဒါက ခေတ်ပေါ်ပန်းကန်လုံးတစ်လုံးကို မြေကြီးထဲ မြှုပ်ထားသလိုပါပဲ။ ပြန်တူးဖော်ရင်တောင် အဲဒါက ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာမှာ မဟုတ်ဘူး..”
ထိုစကားကြောင့် ချန်မော့မှာ ချက်ချင်းပင် လေလျှော့သွားသလို ဖြစ်သွားပြီး ပခုံးများ ကျသွားခဲ့သည်။ “ဒါဆိုရင်တော့ ပြန်ရောက်ရင် ငါ ငတ်တော့မှာပဲ...”
“ညီလေး...” ချောင်ရန်ကျိက ရုတ်တရက် ပြောလိုက်သည်။ “မင်း ပြန်ယူလာတဲ့ ပစ္စည်းတွေကို ဈေးကွက်ပေါက်ဈေးနဲ့ ငါဝယ်မယ်။ ဒီအံ့သြစရာကောင်းတဲ့ ခရီးစဉ်ရဲ့ အမှတ်တရပစ္စည်းတစ်ခုအနေနဲ့ သဘောထားလိုက်ပါ...”
အေးစက်ပြီး ချဉ်းကပ်ရခက်သည့် အသွင်အပြင် ရှိနေသော်လည်း ဟောင်ကောင်ဖျော်ဖြေရေးလောကမှ အမျိုးသမီးငယ်လေး စုရှောင်ရှောင်က အံ့သြစရာကောင်းလောက်အောင် ဝင်ပြောလာပြန်သည်။ “ကျွန်မဆီကိုလည်း ရောင်းလို့ရပါတယ်...”
ကောရွှိုက်က အနည်းငယ် ရှက်ရွံ့နေပုံရသော ချန်မော့ကို ကြည့်ကာ ပြောလိုက်၏။ “မင်း စိတ်မဆိုးဘူးဆိုရင် ငါ့ဆီကိုလည်း ရောင်းလို့ရတယ်...”
လူတိုင်းက သူ့ကို ကြင်နာသော အပြုံးများဖြင့် ကြည့်နေခဲ့ကြသည်။
ချန်မော့မှာ သူ၏နားရွက်ကို ကုတ်ကာ လိုက်ရယ်နေသော်လည်း သူ၏မျက်လုံးများက အနည်းငယ် နီရဲနေချေသည်။
ထိုအခိုက်အတန့်တွင် သူ သုံးလိုက်ရသော ယွမ်နှစ်ထောင်က... တကယ်တော့ တော်တော်လေး တန်ပါတယ်ဟု ရုတ်တရက် ခံစားလိုက်ရ၏။