အခန်း (၈၂) ကွဲပြားခြားနားသော အကြိုအပို့
ချောင်မိသားစုဝင် သုံးဦး တုံ့ပြန်ချိန်ပင်မရလိုက်ခင် ချောင်ရန်ကျိဟာ မျက်စိတစ်မှိတ်အတွင်း အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ဧည့်ခန်းထဲတွင် သေမတတ် တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် ဖုန်းမျက်နှာပြင် သုံးခုလုံးတွင် အသိပေးချက်တစ်ခုက တစ်ပြိုင်နက် ပေါ်လာလေသည်။
[နေရာအားလုံး ရောင်းကုန်သွားပါပြီ...]
ချောင်ဝမ်ပေါ်က တံတွေးကို တိတ်ဆိတ်စွာ မြိုချလိုက်၏။
‘ဘုရားရေ...’
‘ဒီအချိန်ခရီးသွားရတဲ့ အတွေ့အကြုံက တကယ့်ကို ထူးခြားတာပဲ...’
“ဒါ... ဒါ... ဒါက...” ချောင်ခယ်ရှင်းက စကားထစ်သွားရသည်။
သူမ၏ အစ်ကိုဖြစ်သူက အချိန်ခရီးသွားခြင်းအကြောင်း ပြောသည်ကို ကြားခဲ့ရသော်လည်း အသက်ရှင်နေသော လူတစ်ယောက် သူမ၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်တုန်လှုပ်သွားဆဲပင်။
အချိန်အတော်ကြာပြီးနောက် ချောင်၏မိခင်က အသံထွက်လာပြီး သားဖြစ်သူကို ကြည့်ကာ “ဝမ်ပေါ်... မင်းအဖေ နေရာတစ်နေရာ ရသွားတာမလား... ”
ချောင်ဝမ်ပေါ်က ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမယ့် ဘာလို့ ဒါက မင်းတုန်းကနဲ့ မတူတာလဲ”
ကျန်းယဲ့ဆိုသည့် ခရီးသွားလမ်းညွှန်တစ်ဦးက သူတို့ကို လာခေါ်မည်ဟု သူတို့ ကြားထားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူက ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်လေသည်။
ချောင်ဝမ်ပေါ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး “ရောင်းတဲ့ပုံစံက မတူတော့ လူလာခေါ်တဲ့ ပုံစံကလည်း ကွဲပြားသွားတာ နေမှာပါ....”
ည ၁၀ နာရီ ၂၉ မိနစ်၊ စစ်ဒေသ ဆက်သွယ်ရေးဌာန။
တတိယနှင့် စတုတ္ထတပ်ရင်းမှ အရာရှိများနှင့် စစ်သည်များအားလုံး သပ်ရပ်စွာ တန်းစီရပ်နေကြပြီး တစ်ယောက်စီ၏ လက်ထဲတွင် စစ်ဘက်ဆိုင်ရာ စက်ကိရိယာတစ်ခုစီ ကိုင်ဆောင်ထားကာ ဖန်သားပြင်ပေါ်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုရင်စတိုးစာမျက်နှာကို ဖွင့်ထားကြသည်။
“တပ်ဖွဲ့ဝင်အားလုံး အာရုံစိုက်ထား” တပ်ရင်းမှူး ဝမ်ထျယ်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ဆယ်စက္ကန့် နောက်ပြန်ရေတွက်မယ်”
ဆက်သွယ်ရေးအခန်းထဲတွင် စစ်သည် ဒါဇင်ပေါင်းများစွာက အသက်အောင့်ထားကြပြီး သူတို့၏ လက်ချောင်းများက ဖန်သားပြင်အထက်တွင် ရွယ်ထားခဲ့ကြသည်။
“ငါး... လေး... သုံး...”
နောက်ပြန်ရေတွက်မှု သုညသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက အခုဝယ်မည်ကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ကြ၏။
ရုတ်တရက် တတိယတပ်ရင်း သတ္တမတပ်ခွဲမှ တပ်သားကျောက်ရှောင်ဟူက အံ့အားသင့်စွာဖြင့် အော်လိုက်လေသည်။ “ငါ လုလိုက်ပြီ...”
စကားပြောလို့ပင် မဆုံးသေးခင် စူးရှသောအဖြူရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နောက်စက္ကန့်တွင် သူ၏ပုံရိပ်က ခဲဖျက်ဖြင့် ဖျက်ခံလိုက်ရသကဲ့သို့ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“ကျောက်ရှောင်ဟူ...” သူ၏ဘေးမှ ရဲဘော်က ရုတ်တရက် လှမ်းဆွဲလိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။
ထိုအချိန်တွင် စတုတ္ထတပ်ရင်း၏ ဌာနချုပ်၌။
စက်ကို စူးစိုက်ကြည့်နေသော တပ်ရင်းမှူး လီကျန့်ကော်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ “ဒါက... ငါတို့ လုမိသွားပြီ...”
သူက စကားကို အဆုံးသတ်လို့ပင် မပြီးသေးခင် စူးရှသော အဖြူရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
တပ်ခွဲမှူး ကျန်းတာပင်း၏ မျက်လုံးများက ရုတ်တရက် ကျုံ့သွားရသည်။ “တပ်ရင်းမှူး...”
သူက အလိုအလျောက် လှမ်းဆွဲလိုက်သော်လည်း လီကျန့်ကော်၏ ပုံရိပ်က အလင်းရောင်ထဲတွင် လျင်မြန်စွာ မှုန်ဝါးသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရ၏။
ထိုအချိန်၌ တပ်ရင်းဌာနချုပ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေတော့သည်။
“တပ်ရင်းမှူး ပျောက်သွားပြီ...”
“ဘာတွေဖြစ်နေတာလဲ...”
“သောက်ကျိုးနည်း... ဘာတွေလဲကွ”
တတိယတပ်ရင်း၏ တပ်ရင်းမှူး ဝမ်ထျယ်နှင့် စတုတ္ထတပ်ရင်း၏ တပ်ခွဲမှူး ကျန်းတာပင်းတို့က အဖြစ်အပျက်ကို အစီရင်ခံရန် ချက်ချင်း ဖုန်းကောက်ကိုင်လိုက်ကြခေသည်။
ထိုသတင်းက ဗိုလ်ချုပ်ကြီးကျန်း၏ နားဆီသို့ ချက်ချင်း ရောက်သွားခဲ့သည်။
ဖုန်း၏ အခြားတစ်ဖက်တွင် ဗိုလ်ချုပ်ကြီးကျန်း၏ အသံမှာ အရင်ကလိုပင် တည်ငြိမ်နေလေသည်။ “ငါ နားလည်ပြီ... ထိတ်လန့်စရာ မလိုဘူး”
“ဒါပေမယ့်... ဒါပေမယ့် အရာရှိမင်း... သူတို့က...”
“သူတို့ အထူးတာဝန်တစ်ခု သွားထမ်းဆောင်နေတာ” ဗိုလ်ချုပ်ကြီးကျန်းက တည်ငြိမ်စွာ ဖြတ်ပြောလိုက်၏။ “ဒီကိစ္စကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတယ်... ဘယ်သူမှ ဖွင့်ပြောခွင့် မရှိဘူး”
ဖုန်းချသွားပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားချေသည်။
စစ်သည်များက တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က တံတွေးကို အခက်အခဲဖြင့် မြိုချလိုက်၏။ “ဒါဆို... ခုနက ငါတို့ လုခဲ့တဲ့ ခရီးသွားအဖွဲ့က တကယ်ပဲ အချိန်ခရီးသွားတဲ့ အဖွဲ့ပေါ့...”
ဝမ်ထျယ်က သူ့နောက်စေ့ကို ရိုက်လိုက်၏။ “မမေးသင့်တဲ့ မေးခွန်းတွေ မမေးနဲ့”
ကျောက်ရှောင်ဟူ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း ဝမ်ထျယ်၏ စိတ်ထဲတွင် ရှင်းလင်းသော အဖြေတစ်ခု ရှိနေပြီဖြစ်၏။
‘အချိန်ခရီးသွားတာ တကယ်ရှိကောင်း ရှိနိုင်တယ်...’
ည ၁၀ နာရီ ၂၉ မိနစ်၊ ဖန်ချန်ရှိ အငှားအခန်း။
ချန်မော့က သူ၏ ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး သူ၏လက်ချောင်းက အခုဝယ်မည်ခလုတ်အထက်တွင် ရွယ်ထားလေသည်။
“ဆယ်... ကိုး... ရှစ်...” သူက ကွန်ပျူတာပေါ်ရှိ အဏုမြူနာရီ၏ နောက်ပြန်ရေတွက်ခြင်းကို စိုက်ကြည့်နေပြီး သူ၏ နှလုံးခုန်သံက ပိုပိုပြီး မြန်ဆန်လာခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်မှ မိုးသံက ပိုကျယ်လာပြီး ဟောင်းနွမ်းနေသော လမ်းမီးတိုင်များက မှန်ပေါ်တွင် ယိမ်းယိုင်နေသော အရိပ်များကို ဖန်တီးနေချေသည်။
“သုံး... နှစ်... တစ်... လုပြီ”
သူက လက်မကို ခပ်ပြင်းပြင်း ဖိချလိုက်၏။
ဖန်သားပြင်က ရုတ်တရက် အဖြူရောင်ပြောင်းသွားပြီး ကျပန်းနှိပ်မှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် အသိပေးချက်တစ်ခု ပေါ်လာလေသည်။
[ဂုဏ်ယူပါတယ်။ အေဒီ ၇၈၉ ခုနှစ်က ထန်မင်းဆက် အန်းရှီးအစောင့်အရှောက်နယ်မြေဆီ တစ်ရက်တာ ခရီးစဉ်ကို သင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပါပြီ...]
လောကကြီးတွင် အလိမ်ခံရမည့်လူတစ်ယောက် လျော့သွားအောင် သူ တားဆီးနိုင်ခဲ့ပြီဟု ချန်မော့က ကျေနပ်နေစဉ်မှာပင် သူ၏ ပတ်ဝန်းကျင်က ရုတ်တရက် အဖြူရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရသဖြင့် သူ အလွန်အံ့အားသင့်သွားရသည်။
‘ဘုရားရေ...’
‘ဘာတွေဖြစ်နေတာလဲ...’
သူ မလှုပ်ရှားနိုင်ခင်မှာပင် သူဟာ ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားချေတော့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် လျှပ်စီးတစ်ချက် လက်သွားပြီး လွတ်ဟာနေသော အခန်းကို လင်းထိန်သွားစေလေသည်။
ပရော်ဖက်ဆာလီ၏ သားဖြစ်သူ ရှေးဟောင်းသုတေသနနယ်ပယ်တွင် နာမည်ကြီးသော ပရော်ဖက်ဆာလီချန်သည်လည်း သူ၏ဖုန်းတွင် အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်။
[ဂုဏ်ယူပါတယ်။ အေဒီ ၇၈၉ ခုနှစ်က ထန်မင်းဆက် အန်းရှီးအစောင့်အရှောက်နယ်မြေဆီ တစ်ရက်တာ ခရီးစဉ်ကို သင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပါပြီ]
နေရာရလိမ့်မည်ဟု လီချန် လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ယင်းကို ဖခင်ဖြစ်သူအား ပေးရန် သူ ပြင်ဆင်နေချိန်တွင် ထိုအတွေးက သူ၏စိတ်ထဲ ဖြတ်ပြေးသွားရုံသာ ရှိသေးပြီး နောက်တစ်စက္ကန့်တွင် သူဟာ စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွားရတော့သည်။
သစ်သီးနှင့် သရေစာများ ကိုင်ဆောင်လာသော လီချန်၏ ဇနီးက စာကြည့်ခန်းတံခါးကို ခေါက်လိုက်၏။ အတန်ကြာ ခေါက်သော်လည်း တုံ့ပြန်မှု မရှိသောအခါ သူမက တံခါးကို တွန်းဖွင့်လိုက်သည်။
နောက်ခဏ၌ အလွတ်ဖြစ်နေသော စာကြည့်ခန်းကို ကြည့်ပြီး သူမ ဇဝေဇဝါ ဖြစ်သွားရသည်။
‘ဘယ်ရောက်သွားတာလဲ...’
လီချန်၏ ဇနီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဗန်းကို ကော်ဖီစားပွဲပေါ်တွင် တင်ကာ လှမ်းခေါ်လိုက်၏။ “လီချန်... လီချန်...”
သူမက အိမ်ကြီးကို အနှံ့ရှာဖွေလိုက်သော်လည်း တုံ့ပြန်မှု မရရှိသောအခါ သူမဘာသာ ရေရွတ်လိုက်၏။
“သူ အပြင်ထွက်သွားတာလား...”
ဒီလူကတော့ တကယ့်ကို တစ်ခုခုပဲ... အိမ်က မထွက်ခင် သူမကိုတောင် မပြောသွားဘူး။
တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီ ကွာဝေးသော မြို့လေးမြို့တွင် တူညီသော အဖြူရောင်အလင်းတန်း လေးခု ရုတ်တရက် လင်းလက်သွားခဲ့သည်။
ထိုလူလေးယောက်မှာ ပျော်ရွှင်ရုံသက်သက်သာ ဝင်လုခဲ့ခြင်းဖြစ်၏။ သူတို့ အံ့အားသင့်စွာ မအော်နိုင်ခင်မှာပင် ရင်းနှီးနေသော အလင်းရောင်နှင့်အတူ လေထုထဲတွင် ပျောက်ကွယ်သွားပြီး အလွတ်ဖြစ်နေသော အခန်းတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ ဧည့်ခန်းဧရိယာ။
ကျန်းယဲ့က ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပြီး နံရံကပ်နာရီကို မျက်လုံးထောင့်မှနေ၍ တစ်ချက်ကြည့်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် နာရီက ၁၀ နာရီခွဲ တိတိကို ရိုက်ခတ်သွားလေသည်။
နောက်ခဏ၌ ရုတ်တရက် အထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွား၏။
‘ဟင်...’
‘ဘာလို့ အဖြူရောင်အလင်းတန်း မဟုတ်တော့တာလဲ...’
‘အဆင့်မြှင့်ထားတဲ့ စနစ်က လုံးဝကို ကွဲပြားသွားတာပဲ..’
ဤအခိုက်အတန့်တွင် ကျန်းယဲ့ အံ့သြနေဆဲဖြစ်ပြီး ရွှေရောင်အလင်းတန်းက မှေးမှိန်သွားချေသည်။
ရင်းနှီးနေသော သားရေထိုင်ခုံ၏ ခံစားချက်က သူ၏အောက်မှ ထွက်ပေါ်လာပြီး ရင်းနှီးနေသော နှင်းဆီရနံ့ကလည်း သူ၏နှာခေါင်းထဲသို့ လွင့်ပျံလာခဲ့သည်။
ကျန်းယဲ့က မော့ကြည့်လိုက်ရာ ရင်းနှီးနေသော ဂျင်းဝါရောင် ကော့စတာကားလေးထဲတွင် သူ ရောက်နေကြောင်း တွေ့လိုက်ရ၏။
ခရီးသည်တွေ ဘယ်မှာလဲဟု စနစ်ကို မေးရန် သူ မတ်မတ်ထိုင်လိုက်စဉ် ရုတ်တရက်....
“ဝှစ်...”
ကားအတွင်းခန်းထဲတွင် စူးရှသော အဖြူရောင်အလင်းတန်း ဆယ်ခုက တစ်ခုပြီးတစ်ခု လင်းလက်သွားသဖြင့် သူ အလိုအလျောက် မျက်လုံးမှေးသွားရသည်။
အလင်းရောင် မှေးမှိန်သွားသောအခါ ယခင်က အလွတ်ဖြစ်နေသော ကားအတွင်းခန်းထဲတွင် နောက်ထပ် လူဆယ်ယောက် ရုတ်တရက် ပေါ်လာလေသည်။
“သောက်ကျိုးနည်း...”
“ငါ ဘယ်ရောက်နေတာလဲ...”
“ငါ အချိန်ခရီးသွားလိုက်တာလား...”
အံ့အားသင့်စွာ ရေရွတ်သံများက အတက်အကျ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ ပထမဆုံးအကြိမ် တွေ့ဆုံရမည့် ခရီးသွားအသစ်များကို ကြည့်လိုက်၏။
လီချန်က သူ၏ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်မှန်အနောက်မှ သူ၏မျက်လုံးများက ပြင်းထန်စွာ ကျုံ့သွားရသည်။
ချန်မော့က စာရိုက်နေသည့် ကိုယ်နေဟန်ထားဖြင့်ပင် ကြောင်ငေးနေဆဲပင်။
ကျောက်ရှောင်ဟူက တိုက်ခိုက်မည့် အနေအထားကို အလိုအလျောက် ပြင်လိုက်၏။
လီကျန့်ကော်က ခါးဆီသို့ မသိစိတ်ဖြင့် လှမ်းကိုင်လိုက်လေသည်။
ကျိုးမေ့ရှားသည် သူနာပြုဝတ်စုံနှင့် နှာခေါင်းစည်းကို တပ်ဆင်ထားပြီး သူမ၏ မျက်လုံးထဲမှ အံ့အားသင့်မှုများက မပြယ်သေးပေ။
ချီခယ်ခယ်သည်လည်း သူမ၏ဖုန်းကို ကိုင်ထားရင်း ငေးမောနေဆဲဖြစ်၏။
အီးစပေါ့ ပရိုကစားသမား ကောရွှိုက်က ဂိမ်းကစားရာမှ အာရုံချောက်ချားနေသည်ဟု ထင်ကာ မျက်လုံးများကို အသည်းအသန် ပွတ်သပ်နေမိသည်။ ဒါပေမယ့်... သူက နေရာလုဖို့ ပျော်ရွှင်ရုံသက်သက် ဝင်လာတာ မဟုတ်ဘူးလား။
ဟောင်ကောင် ဖျော်ဖြေရေးလောကမှ သခင်မလေး စုရှောင်ရှောင်သည် ဒီဇိုင်နာအမှတ်တံဆိပ်များကို ဝတ်ဆင်ထားပြီး မွန်မြတ်သော အငွေ့အသက်များကို ထုတ်လွှင့်နေလေသည်။
သပ်ရပ်စွာ မိတ်ကပ်လိမ်းခြယ်ထားသော သူမ၏ မျက်နှာတွင် ထိတ်လန့်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
လျိုဟောက်၏ ပါးစပ်က အံ့အားသင့်စွာဖြင့် ပွင့်ဟသွားခဲ့သည်။
ညွှန်ကြားရေးမှူးကျောက် ပို့လိုက်တဲ့ လင့်ခ်က...
လူကိုးယောက်၏ အမူအရာများက အံ့အားသင့်နေခြင်းသို့မဟုတ် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။ တစ်ဦးတည်း ထင်ရှားနေသူမှာ ကျန်းယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသော ချောင်ရန်ကျိပင်။
“ခရီးသွားလမ်းညွှန် ကျန်း...”