အခန်း (၈၁) လုယက်မှု စတင်ခြင်း
ရီယဲ့ခရီးသွားအေဂျင်စီအတွင်း၌ ကျန်းယဲ့သည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း စနစ်ချပ်ပြားကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်လိုက်၏။
တစ်ခဏအတွင်းမှာပင် လုံးဝအသစ်ဖြစ်သော အသွင်အပြင်တစ်ခုက မျက်စိရှေ့တွင် ပွင့်လာလေသည်။
စနစ်က အခြေခံဗားရှင်း ၁.၀ မှ ဇိမ်ခံဗားရှင်း ၂.၀ သို့ အဆင့်မြှင့်တင်ပြီးဖြစ်သည်။
အပြာနုရောင် အသွင်အပြင်က နူးညံ့သော တောက်ပမှုရှိသော်လည်း ထိုအရာက အရေးမကြီးချေ။
သူ၏အကြည့်က ကုန်တိုက်ရှိ အသစ်ထည့်သွင်းထားသော ကုန်ပစ္စည်းများပေါ်တွင် စူးစိုက်နေခဲ့သည်။ ချင်နှင့် ထန်မင်းဆက်များမှ ရှိပြီးသား အဝတ်အစားများ၊ ဆံထုံးအလှဆင်ပစ္စည်းများ၊ အထောက်အထားစာရွက်စာတမ်းများနှင့် ငွေကြေးလဲလှယ်သည့်ပစ္စည်းများအပြင်၊ ခေတ်မီထုတ်ကုန်များ၏ စာမျက်နှာတစ်ခုလုံးလည်း ပါဝင်နေခဲ့သည်။
ထို့အပြင် ဆန်၊ ဆီ၊ ဟင်းခတ်အမွှေးအကြိုင်များမှသည် ပဋိဇီဝဆေးများအထိ၊ ယမ်းမှုန့်မှသည် အရည်အသွေးမြင့် သံမဏိလက်နက်များအထိ အမျိုးအစားများက မျက်စိကျိန်းလောက်အောင် များပြားလှပေသည်။
“ဘယ်တုန်းက ဒီစနစ်က အဲဒီလောက်တောင် သဘောကောင်းသွားတာလဲ”
ကျန်းယဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကုန်ပစ္စည်းအသေးစိတ်စာမျက်နှာ၏ အောက်ခြေရှိ စာလုံးသေးသေးလေး တစ်ကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
[ဤစာမျက်နှာရှိ ပစ္စည်းများကို ဧည့်သည်များအား ရောင်းချနိုင်ပါသည်။ အိမ်ရှင်သည် ကော်မရှင် ၅% ရရှိပါမည်]
သောက်ကျိုးနည်း...
‘အကိုစနစ်... မင်းက တကယ့်ကို ငါ့ရဲ့ အကိုအစစ်ပဲ’
ကျန်းယဲ့သည် ခေတ်မီကုန်ပစ္စည်းစတိုးဆိုင်၏ စာမျက်နှာများကို လှန်လှောကြည့်လိုက်၏။ ကုန်ပစ္စည်းများ၏ စျေးနှုန်းများက အပြင်ဘက်ရှိ စျေးနှုန်းများနှင့် အတူတူပင်ဖြစ်ပြီး မတရားစျေးတင်ထားခြင်းမျိုး မရှိချေ။
စနစ်က ဤမျှ ချဉ်းကပ်ရလွယ်ကူသည်ဆိုသည့် အချက်က ကျန်းယဲ့ကို အံ့အားသင့်စေချေသည်။
ထုတ်ကုန်တွင် လက်နက်များ ပါဝင်သော်လည်း အဆင့်မြင့်လက်နက်များ မဟုတ်ချေ။ ၎င်းက အခြေခံအားဖြင့် အအေးလက်နက်များမှ သေနတ်များသို့ ကူးပြောင်းခါစ အခြေခံလက်နက်ဗားရှင်းသာ ဖြစ်ကြသည်။
ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပုံမှန်ဖောက်သည်များ ဝယ်ယူထားသော ရိက္ခာများကို ယာဉ်ပေါ်သို့ တင်နိုင်ရန် ကြိုတင်၍ ယာဉ်ကို သော့ဖွင့်ရန် ပြင်ဆင်လိုက်၏။
သူက စနစ်အသွင်အပြင်ကို ထိလိုက်သောအခါ ယာဉ်သော့ခတ်ထားသည်ဟူသော မက်ဆေ့ချ်တစ်ခုကို ရရှိခဲ့သည်။
သူက အနားသတ်ပါးလွှာသော မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ရာ သူ၏မျက်လုံးများတွင် နားလည်သော အရိပ်အယောင်တစ်ခု ပေါ်လာရသည်။
စနစ်လုပ်ဆောင်ချက်များ အဆင့်မြှင့်တင်ခြင်းနှင့်အတူ သမားရိုးကျ အုပ်စုလိုက် ယာဉ်ပေါ်တက်သည့်စနစ်က အသုံးမဝင်တော့ပုံရပေသည်။
သူ၏အကြည့်က စနစ်တွင် အသစ်ဖွင့်ထားသော ခေတ်မီကုန်ပစ္စည်းများ စာမျက်နှာပေါ်သို့ ရွေ့လျားသွားပြီး သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာရသည်။
ဤစီးပွားရေးလုပ်ငန်းလည်ပတ်မှု၏ ယုတ္တိဗေဒမှာ ယခုအခါ ရှင်းလင်းသွားပြီဖြစ်၏။
သူရဲကောင်းတိုက်ပွဲ ဂရု - ည ၁၀ နာရီ ၂၅ မိနစ်
ချန်မော့က ကွန်ပျူတာဖန်သားပြင်၏ ညာဘက်အောက်ထောင့်ရှိ အချိန်ကို စိုက်ကြည့်ရင်း သူ၏လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ခေါက်နေခဲ့သည်။
[@အဖွဲ့ဝင်အားလုံး... ညီအစ်ကိုတို့... ငါးမိနစ်ပဲ လိုတော့တယ်။ အသင့်ပြင်ထားကြ]
မက်ဆေ့ချ်ပို့ပြီးသည်နှင့် တစ်ပြိုင်နက် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ဂရုချက်က ဆက်တိုက်ဝင်လာသော အကြောင်းပြန်ချက်များနှင့်အတူ ချက်ချင်း ဆူညံသွားခဲ့သည်။
“ငါ တန်းစီစောင့်နေတာ တော်တော်ကြာပြီ။ Private Window ထဲကနေတောင် TikTok ဖွင့်ထားတာဟ”
“လင့်ခ်ကို အကြိမ်ရေမရေတွက်နိုင်အောင် Refresh လုပ်ပြီးပြီ... ဒါပေမယ့် ကုန်ပစ္စည်းစာမျက်နှာမှာ စတော့ကုန်နေသည်လို့ ပြနေတုန်းပဲ။ ငါ အရမ်းကို စိတ်ပူနေပြီ...”
“ဒီခရီးသွားအေဂျင်စီစုတ်က နောက်ဆုံးမိနစ်ကျမှ ထွက်ပြေးသွားမှာများလား။ ဗီဒီယိုရဲ့ ကွန်မန့်ကဏ္ဍမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ...”
“သောက်ကျိုးနည်း... ဒီခရီးသွားအေဂျင်စီရဲ့ အကောင့်က ဘယ်လိုလုပ် follower ဒီလောက်များလာတာလဲ။ ဒီနေ့ နေ့လယ်ကမှ ထောင်ဂဏန်းလောက်ပဲ ရှိတာ.. အခု သိန်းကျော်သွားပြီလား”
“ဘယ်သူ ဂရုစိုက်လို့လဲ။ ငါတို့က နေရာအားလုံးကို လုယူပြီး ထွက်သွားမှာပဲလေ။ လူလိမ်တွေကို ငိုပါစေ”
ချန်မော့က တိုရင်သို့ ပြန်ပြောင်းလိုက်ပြီး ရီယဲ့ခရီးသွားအေဂျင်စီ၏ ကုန်ပစ္စည်းစာမျက်နှာကို အကြိမ်ကြိမ် Refresh လုပ်နေခဲ့သည်။
နောက်ဆုံးထုတ်ကုန်လင့်ခ်က အညိုရောင်ဖြင့် ရောင်းကုန်ပြီဟု ပြသနေဆဲဖြစ်သော်လည်း နောက်ပြန်ရေတွက်ခြင်းမှာမူ စက္ကန့်နှင့်အမျှ ရွေ့လျားနေလေသည်။
သူက ဂရုချက်ထဲတွင် မနေနိုင်ဘဲ ညည်းညူလိုက်၏။
“ဒီလူလိမ်က တော်တော်လေး ကောက်ကျစ်တာပဲ။ သူက စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးတွေ လုပ်ပြီး လူတွေကို တမင်တကာ သံသယဝင်အောင် လုပ်နေတာ”
ချက်ချင်းပင် အောက်မှ လူတစ်ဦးက ထိုစကားကို ထောက်ခံလိုက်၏။
“ဟုတ်ပါ့... ရောင်းမယ်ဆိုလည်း ရောင်းပေါ့။ ဘာလို့ ရှားပါးတဲ့ ဈေးကွက်ရှာဖွေရေးကို လုပ်နေရတာလဲ”
“တကယ်လို့... တကယ်ပဲ အချိန်ခရီးသွားလို့ရတယ်ဆိုရင်ရော...”
ထိုမက်ဆေ့ချ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူငယ်ချင်းတစ်စု၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။
“ချီး... နိုးထလိုက်စမ်းပါ... မင်း ဂိမ်းကို စွဲလမ်းနေတာလား”
“ဒါသာ တကယ်ဆိုရင် ငါ လိုက်ဖ်လွှင့်ရင်း လက်ထောက်ပြီး ခေါင်းလျှော်ပြမယ်...”
ချန်မော့က ရိုက်ထည့်လိုက်၏။
“အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် မေ့ထားလိုက်... ငါတို့ရဲ့ တာဝန်က နေရာရအောင် လုပ်ဖို့ပဲ။ အားလုံး သေချာစောင့်ကြည့်ထား.. ၁၀ နာရီခွဲ တိတိကျရင် စပြီး လုမယ်။ မှတ်ထား... တစ်ခုခု ရတာနဲ့ ချက်ချင်း ထွက်ခဲ့။ လိမ်လည်သူတွေကို လွတ်မြောက်ဖို့ အခွင့်အရေး မပေးနဲ့”
ဂရုချက်ထဲတွင် လက်ခံရရှိပါသည်ဟူသော စာများ ပြည့်လျှံသွားပြီး တစ်စုံတစ်ယောက်က “လူတိုင်းက လူဆိုးပဲ”ဟူသော အီမိုဂျီတစ်ခုကိုပင် တင်လိုက်သေးသည်။
ချန်မော့က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်မကို ဖုန်းမျက်နှာပြင်အထက်တွင် ရွယ်ထားကာ နောက်ပြန်ရေတွက်ခြင်းကို စူးစိုက်ကြည့်နေခဲ့သည်။
၀၀ : ၀၃ : ၅၉
၀၀ : ၀၂ : ၅၈
၀၀ : ၀၁ : ၅၇
...
ကျန်းယဲ့ခရီးသွားအဖွဲ့တွင် ပါဝင်ခဲ့ဖူးသူ ၂၈ ဦးကလည်း သူတို့ စည်းရုံးထားသော မိသားစုများနှင့်အတူ ခရီးသွားအေဂျင်စီအကောင့်ရှေ့တွင် စောင့်ဆိုင်းနေခဲ့ကြသည်။
လူတိုင်းက အသက်အောင့်ထားကာ တိတ်ဆိတ်စွာ စောင့်နေကြချေသည်။
စစ်ဒေသဘက်တွင်လည်း အချိန်နီးကပ်လာသည်နှင့်အမျှ တတိယနှင့် စတုတ္ထတပ်ရင်းရှိ လူတိုင်းက စတိုးလင့်ခ်ကို အနီးကပ် စောင့်ကြည့်နေကြ၏။
ရှီးလင်းမြို့ရှိ တိုက်ခန်းတစ်ခုတွင် သူမ၏ ဖုန်းဖန်သားပြင်ပေါ်၌ ပွတ်ဆွဲနေသော ချီခယ်ခယ်၏လက်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“မင်လီ... နင် အရင်က ပြောဖူးတဲ့ ဗီဒီယိုလေ” သူမက ဖုန်းကို ကောင်လေးဖြစ်သူထံ မြှောက်ပြလိုက်၏။ “ငါလည်း ကြည့်ခဲ့တယ်။ ငါ့ဖုန်းကို စောင့်ကြည့်ခံနေရတယ်လို့ နင် ထင်လား...”
ကျိုးမင်လီက ဖြစ်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ဖုန်းပေါ်ရှိ ထန်မင်းဆက် တစ်ရက်တာခရီးစဉ်ကုန်ပစ္စည်းစာမျက်နှာကို အမြန်ပြန်ကြည့်ကာ မသေချာမရေရာသော အဖြေတစ်ခုကို ပေးလိုက်၏။
ချီခယ်ခယ်က ရယ်မောလိုက်၏။ “ဟန်ဆောင်နေတာဆိုလည်း ကောင်းတာပဲ... နင် တကယ် သွားလုဖို့ စီစဉ်ထားတာလား”
“ဆရာပေးထားတဲ့ တာဝန်လေ” ကျိုးမင်လီက လေးနက်စွာ ပြောလိုက်၏။
“ကောင်းပြီလေ” ချီခယ်ခယ်က ပခုံးတွန့်ပြလိုက်လေသည်။
နာရီက ၁၀ နာရီ ၂၈ မိနစ်သို့ ရောက်သောအခါ ကျိုးမင်လီက သူ၏ ဗိုက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“ငါ့ဗိုက်နာနေတယ်.. အိမ်သာသွားမှ ဖြစ်မယ်” သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာချေသည်။
“သွားလေ” ချီခယ်ခယ်က ခေါင်းမမော့ဘဲ ပြောလိုက်၏။
ကျိုးမင်လီက ရောင်းချတော့မည့် စာမျက်နှာကို တုံ့ဆိုင်းစွာ တစ်ချက်ကြည့်လိုက်လေသည်။
“စိတ်မပူပါနဲ့” ချီခယ်ခယ်က ဖုန်းကို ဝှေ့ယမ်းပြလိုက်၏။ “လက်မှတ်လုတဲ့နေရာမှာ ငါက ပညာရှင်အဆင့်ပဲ..”
ဒီအချက်ကိုတော့ ကျိုးမင်လီ သံသယမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ချစ်သူက ဖျော်ဖြေပွဲသွားချင်တိုင်း လက်မှတ်များကို အမြဲရလေ့ရှိသောကြောင့် သူမက အရမ်းမြန်တာလား၊ ကံအရမ်းကောင်းတာလားဆိုတာ မသေချာချေ။
ကျိုးမင်လီက သူ့ဖုန်းကို ချစ်သူလက်ထဲသို့ စိတ်အေးချမ်းသာစွာဖြင့် ထည့်ပေးရင်း ပြောလိုက်၏။ “ခယ်ခယ်... နင့်ကိုပဲ အားကိုးတော့မယ်နော်...”
ချီခယ်ခယ်က သူမ၏လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းပြလိုက်၏။
ကောင်လေးဖြစ်သူ၏ အလျင်စလို ပြေးထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ချီခယ်ခယ်က သူမဘာသာ ရေရွတ်လိုက်လေသည်။
‘ဒီကောင် ဟန်ဆောင်နေတာများလား’
သူမက ကျိုးမင်လီ၏ ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး သူမ၏ဖုန်းကို ကောက်ကိုင်ကာ ကုန်ပစ္စည်းလင့်ခ်ကို နှိပ်လိုက်သည်။ ထိုအခါ ၁၀ နေရာ ကျန်ရှိသည်ဟူသော မက်ဆေ့ချ်က လျှပ်တစ်ပြက် ပေါ်လာခြ့သည်။
ထို့နောက် လက်ချောင်းက စိတ်ကူးထက် ပိုမြန်စွာ ဝယ်ရန်ခလုတ်ကို နှိပ်လိုက်မိလေသည်။
[ထန်မင်းဆက် တစ်ရက်တာခရီးစဉ်မှာ ပါဝင်ချင်ပါသလား...]
သူမက အကြောင်းအရာကို ရှင်းရှင်းလင်းလင်းပင် မဖတ်ရသေးခင်မှာ အတည်ပြုခလုတ်ကို မဆိုင်းမတွ နှိပ်လိုက်သည်။ “Yes” ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ အဖြူရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
နောက်စက္ကန့်တွင် ထိုလူသည် ဆိုဖာပေါ်မှ ပျောက်ကွယ်သွားတော့သည်။
အိမ်သာထဲတွင် ကျိုးမင်လီက သူရရှိထားသော နေရာကို သူ၏ဆရာထံ လွှဲပြောင်းပေးရန် စီစဉ်နေခဲ့သည်။
‘ငါ့ကောင်မလေးရဲ့ မြန်ဆန်တဲ့ လက်တွေနဲ့ဆိုရင်တော့ သေချာပေါက် ရမှာပဲ...’
သူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ဧည့်ခန်းမှာ အလွတ်ဖြစ်နေပြီး လူသူကင်းမဲ့နေချေသည်။
“ခယ်ခယ်...”
ကျိုးမင်လီက တိုက်ခန်းတစ်ခုလုံးကို အနှံ့ရှာဖွေလိုက်လေသည်။ သို့သော် အိပ်ခန်းက အလွတ်ဖြစ်နေပြီး ဝရန်တာမှာလည်း လူသူကင်းမဲ့နေခဲ့သည်။ သူက ဗီရိုကိုပင် အလိုအလျောက် ဖွင့်ကြည့်ခဲ့သော်လည်း ဘာမှမတွေ့ရချေ။
“ချီခယ်ခယ်... နောက်မနေနဲ့တော့.. အခုချက်ချင်း ထွက်ခဲ့တော့”
သူက ဖုန်းကို ကောက်ကိုင်ပြီး ချစ်သူ၏နံပါတ်ကို ခေါ်လိုက်သော်လည်း တစ်ဖက်မှ စက်ရုပ်အမျိုးသမီးအသံကိုသာ ကြားလိုက်ရ၏။
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ လတ်တလော ဆက်သွယ်၍ မရနိုင်ပါ...”
ကျိုးမင်လီက အင်္ကျီကို ကောက်ကိုင်လိုက်ပြီး လူသွားရှာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ယွင်ရှန်းရှဲ့ - ချောင်မိသားစု၏ ဧည့်ခန်း
သလင်းကျောက်မီးဆိုင်းက နောက်ဆုံးပေါ် ထိပ်တန်းမိုဘိုင်းဖုန်းလေးလုံးပေါ်တွင် ရောင်ပြန်ဟပ်ကာ စူးရှသောအလင်းရောင်ကို ဖြာကျနေခဲ့သည်။
ချောင်ဝမ်ပေါ်က အချိန်မှတ်စက်ကို စူးစိုက်ကြည့်နေပြီး သူ၏နဖူးတွင် ချွေးစေးများ ပေါက်နေလေသည်။
“ခယ်ရှင်း... မလှုပ်နဲ့လေ” သူက သူ၏ညီမကို တိုးတိုးလေး ပြောလိုက်၏။
ချောင်ခယ်ရှင်းက အချိန်မှတ်စက်ကို တစ်လှည့် သူမ၏ ဖုန်းမျက်နှာပြင်ကို တစ်လှည့် ကြည့်လိုက်၏။ “အစ်ကို... အချိန်မှတ်စက်က တိကျရဲ့လား”
“အချိန်မှတ်စက်က တိကျပါတယ်... ငါ သုံးခါတောင် စစ်ပြီးပြီ”
“အင်တာနက်အမြန်နှုန်းကိုရော စမ်းကြည့်ပြီးပြီလား” ချောင်၏မိခင်က ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်၏။
ချောင်ရန်ကျိက ခေါင်းညိတ်လိုက်သည်။ “စမ်းကြည့်ပြီးပြီ.. ဘာပြဿနာမှ မရှိဘူး”
ဘီလီယံနှင့်ချီသော ကုမ္ပဏီကြီး၏ အကြီးအကဲက ဖန်သားပြင်ပေါ်ရှိ အညိုရောင်ဖြင့် ပြသထားသော စတော့ကုန်နေသည်ဟူသော ခလုတ်ပေါ်တွင် သူ၏ ထက်မြက်သော မျက်လုံးများကို စူးစိုက်ထားချေသည်။
အချိန်က ၁၀ နာရီ ၃၀ မိနစ် တိတိ...
စာမျက်နှာ Refresh ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ချောင်ရန်ကျိက ဝယ်ရန်ခလုတ်ကို အမြန်နှိပ်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။
[ထန်မင်းဆက် တစ်ရက်တာခရီးစဉ်မှာ ပါဝင်ချင်ပါသလား...]
ချောင်ရန်ကျိ၏ လက်ချောင်းက သူ၏အတွေးထက် ပိုမြန်စွာ “Yes” ခလုတ်ကို နှိပ်လိုက်မိလေသည်။
နောက်တစ်စက္ကန့်တွင် မျက်နှာကျက်မှ တောက်ပသော အလင်းတန်းတစ်ခု ထိုးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။