အခန်း (၈၀) တရားမျှတမှု၏ ဓား
ဖန်ချန် အငှားအိမ်ရာ
ပြတင်းပေါက်အပြင်ဘက်တွင် မိုးဖွဲဖွဲကျနေပြီး ကွန်ပျူတာဖန်သားပြင်မှ အေးစက်သောအလင်းရောင်က ချန်မော့၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။
သူသည် သူ၏မိုဘိုင်းဘဏ်လုပ်ငန်းအက်ပ်ပေါ်ရှိ ယွမ် ၂၀၀၀.၆၂ တိတိ ကျန်ရှိနေသော လက်ကျန်ငွေကို စိုက်ကြည့်နေပြီး သူ၏လက်ချောင်းများက ဒသမအမှတ်ရှေ့ရှိ ဂဏန်းများတွင် သုညအနည်းငယ် ထပ်တိုးလာမည်ဟု ထင်နေသကဲ့သို့ အလိုအလျောက် ပွတ်ဆွဲနေအိသည်။
လွန်ခဲ့သော နှစ်ပတ်က စီးပွားရေးလုပ်ငန်း ဖွဲ့စည်းပုံအသစ် ပြောင်းလဲခြင်းကြောင့် ကုမ္ပဏီမှ သူ့ကို အလုပ်ထုတ်ခဲ့ကြသည်။
လွန်ခဲ့သော ခုနစ်ရက်က အမြတ်အစွန်းများသည့် ရင်းနှီးမြှုပ်နှံမှုဟူသော ခေါင်းစဉ်အောက်တွင် သူငယ်ချင်းတစ်ယောက်က သူ၏ စုဆောင်းငွေ ယွမ် ၂ သိန်းကို လိမ်လည်သွားခဲ့ချေသည်။
ထို့အပြင် မနေ့က ငါးနှစ်ကြာ တွဲခဲ့သော သူ၏ရည်းစားက မက်ဆေ့ချ်တစ်ခု ပို့လာခဲ့ပြန်သည်။
“လမ်းခွဲရအောင်... နင်က ငါ့ကို အနာဂတ်တစ်ခု မပေးနိုင်ဘူး... ”
ဆက်တိုက်ဖြစ်ပေါ်လာသော ထိုးနှက်ချက်သုံးခုက သူ့ကို ဘဝ၏ အနိမ့်ဆုံးအမှတ်သို့ ကျဆင်းသွားစေလေသည်။
သူက တိုရင်ကို စက်ရုပ်တစ်ရုပ်လို ပွတ်ဆွဲနေပြီး ဗီဒီယိုတစ်ခုပြီးတစ်ခု ဖြတ်သွားသည်ကို ထုံထိုင်းစွာ ကြည့်နေရင်း ကျန်းယဲ့၏ ဗီဒီယိုကို မြင်လိုက်ရ၏။
အစပိုင်းတွင် ဗီဒီယိုကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားပြီး ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာရသည်။
ထိုအချိန်တွင် သူကြုံတွေ့ခဲ့ရသောအရာက ဘာမှမဟုတ်ဟု ခံစားလိုက်ရ၏။
ချန်မော့မှာ စိတ်လှုပ်ရှားသွားသော်လည်း သူ၏အကြည့်များက စာသားပေါ်သို့ ကျရောက်သွားသောအခါ သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားချေသည်။
[မနက်ဖြန် ည ၁၀ နာရီခွဲမှာ အေဒီ ၇၈၉ ခုနှစ် ခူချာရှေးဟောင်းမြို့တော်ဆီ ခရီးသွားဖို့ နေရာ ၁၀ နေရာ ရနိုင်ပါမယ်။ ဒါက သရုပ်ဆောင်ထားတာ မဟုတ်သလို ရုပ်ရှင်ရိုက်ကူးရေးစက်ကွင်းလည်း မဟုတ်ပါဘူး။ တကယ့် သမိုင်းဝင်မြင်ကွင်းပါ။ နှစ်တစ်ထောင်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ဒေသကို ၄၂ နှစ်တိုင်တိုင် ကာကွယ်ခဲ့တဲ့ အန်းရှီးတပ်မတော်ကို ဂါရဝပြုဖို့ ခရီးသွားတစ်ယောက် ဖြစ်ချင်ပါသလား။ #သမိုင်းဝင်သရုပ်ဖော်မှု #အန်းရှီးအစောင့်အရှောက်နယ်မြေ #အချိန်ခရီးသွားခြင်း]
ချန်မော့က စာသားကို စိုက်ကြည့်ရင်း ရုတ်တရက် လှောင်ပြောင်လိုက်၏။ “ဟား... ရိုးအလွန်းတဲ့ လိမ်လည်မှုပဲ..”
ပိုက်ဆံလိမ်ခံထားရခါစ လူတစ်ယောက်အနေဖြင့် လိမ်လည်သူဟု သံသယရှိရသောလူတစ်ယောက်ကို မြင်လိုက်ရသောအခါ ဖြစ်ပေါ်လာသည့် ဒေါသကို မှန်းဆ၍မရနိုင်ချေ။
သူက ကွန်မန့်ကဏ္ဍကို ဖွင့်လိုက်ပြီး သူ၏လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
[ရယ်စရာပဲ။ အခုခေတ် လိမ်လည်သူတွေက ဒီလောက်တောင် ရဲတင်းနေကြပြီလား။ အချိန်ခရီးသွားတယ်ဆိုပြီး ဇာတ်လမ်းဆင်နေတာလား။ ဗီဒီယိုက ဘယ်လောက်ပဲ အစစ်နဲ့တူတူ... အတုက အတုပါပဲ။ အလိမ်မခံကြပါနဲ့]
ပို့ပြီးသော်လည်း မကျေနပ်သေးသဖြင့် သူက နောက်ထပ်မက်ဆေ့ချ်တစ်ခု ထပ်ပေါင်းထည့်လိုက်၏။
[တစ်နေရာကို ယွမ်နှစ်ထောင်တဲ့လား။ မင်း ငါ့ကို နောက်နေတာလား။ အဲဒီပိုက်ဆံကို မျှော်လင့်ချက်စီမံကိန်းဆီ လှူလိုက်တာကမှ ပိုကောင်းဦးမယ်...]
ကွန်မန့်ကဏ္ဍတွင် တစ်စုံတစ်ယောက်က အမြန်ပြန်လည်ဖြေကြားလာလေသည်။
[အနောက်ဘက်ဒေသ သမိုင်းကို အထူးပြုလေ့လာတဲ့ ပရော်ဖက်ဆာတွေက နေရာရဖို့ အလုအယက် ကြိုးစားနေကြတယ်လို့ ငါ့ကောင်လေးဆီက ကြားလိုက်ရတယ်။ အဲဒါ အမှန်ပဲ ထင်တယ်...]
[ဗီဒီယိုထဲက အသေးစိတ်အချက်အလက်တွေက အရမ်းကို လက်တွေ့ကျတယ်။ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ဒီရှုခင်းက သွားလည်သင့်တယ်လို့ ထင်တယ်။ အစ်မဆီမှာက ပိုက်ဆံမရှားပါဘူး။ ဒါကြောင့် ဒီနေ့ည နေရာတစ်နေရာရအောင် သေချာပေါက် လုမယ်...]
[ဟီးဟီး... အပေါ်ကလူက အွန်လိုင်းကနေ ငှားထားတဲ့လူဆိုတာ သိသာတယ်...]
[တစ်ရက်တာ ကစားဖို့ ယွမ်နှစ်ထောင်တောင် သုံးနိုင်တယ်ဆိုတော့ တကယ့်ကို ချမ်းသာတဲ့ သခင်မလေးပဲ။ ဒီအစေခံအိုကြီးကတော့ အရမ်းအားကျနေပါပြီဗျာ... ]
[အပေါ်ကလူရေ... ယွမ်နှစ်ထောင် သုံးနိုင်တာနဲ့ သခင်မလေးဖြစ်သွားတာလား။ ဘယ်တုန်းကများ သခင်မလေးဆိုတာ အဲဒီလောက် တန်ဖိုးမရှိဖြစ်သွားရတာလဲဟ] စုမိသားစု သခင်မလေးဟူသော အမည်ဖြင့် အသုံးပြုသူတစ်ဦးက စကားမပြောနိုင်တော့စွာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
[ငါ့ရဲ့ လစဉ်ဝင်ငွေက သိပ်မများပါဘူး... ငါးထောင်ပဲ ရှိတယ်။ ဒါပေမယ့် ခရီးသွားဖို့ဆိုရင် ထောင်ဂဏန်းလောက်တော့ သုံးပါတယ်။ လတိုင်း ခရီးသွားတာမှ မဟုတ်တာ... တစ်နှစ်ကို တစ်ခါ နှစ်ခါလောက်ပဲဆိုတော့ တတ်နိုင်ပါတယ်။ ကြည့်ရတာ ငါလည်း ချမ်းသာတဲ့ ကလေးပဲ ထင်တယ်။ ဟားဟားဟား...]
[ဝိုး... ချမ်းသာတဲ့သူတွေ အများကြီးပဲ။ မင်းတို့တွေ ဒီမှာ လာကြွားနေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။ မင်းတို့က ငါတို့ကို ဆင်းရဲတယ်လို့ ပြောချင်နေတာလား။ ကောင်းပြီလေ... ငါ ဆင်းရဲတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒီကစားပွဲကို ကစားဖို့ ငါ မတတ်နိုင်ပါဘူး]
[ဟားဟား... သွားလုတဲ့သူကတော့ စောက်ရူးပဲ။ ဘယ်စောက်ရူးတွေက တကယ်သွားလုမလဲဆိုတာ ငါ သိချင်နေပြီ...] ကမ္ဘာပေါ်မှာ အချောဆုံးယောကျ်ားဟူသော အမည်ဖြင့် အင်တာနက်အသုံးပြုသူတစ်ဦးက တိုက်ရိုက်ပင် ဒေါသတကြီး စတင်ဆဲဆိုလေတော့သည်။
[@ကမ္ဘာပေါ်မှာ အချောဆုံးယောကျ်ား... အစ်ကိုရေ... ဆန်တစ်အိုးတည်းစားပြီး လူအမျိုးမျိုးကွဲတယ်လေ။ တရားဝင်ချန်နယ်တွေက ဒီလိမ်လည်မှုတွေအကြောင်း ဒီလောက် သတိပေးနေတာတောင် မြန်မာနိုင်ငံမြောက်ပိုင်းက ဂါယောင်းဆီကို ဖြားယောင်းခံရတဲ့သူတွေ အများကြီး ရှိနေတုန်းပဲ မဟုတ်လား...]
[@ကမ္ဘာပေါ်မှာ အချောဆုံးယောကျ်ား... လူတိုင်းသာ ဒီလောက် ဉာဏ်ကောင်းပြီး အသိဉာဏ်ရှိမယ်ဆိုရင် ဆက်သွယ်ရေးလိမ်လည်မှုတွေဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။ ပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်းက ကျောက်ကပ်ထုတ်တဲ့ လုပ်ငန်းတွေလည်း အစောကြီးကတည်းက ဒေဝါလီခံသွားလောက်ပြီ..]
...
ချန်မော့က သူ၏ ကွန်မန့်အောက်ရှိ အကြောင်းပြန်ချက်များကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
လူအများစုက မယုံကြည်ကြသော်လည်း ကွန်မန့်အနည်းငယ်က သူတို့ ယုံကြည်ကြောင်း သို့မဟုတ် အခြားသူများကို ယုံကြည်လာစေရန် လမ်းညွှန်နေကြောင်း ရံဖန်ရံခါ ပြသနေလေသည်။
ဤတွေ့ရှိချက်က ဤအရာဟာ လိမ်လည်မှုတစ်ခုဖြစ်ကြောင်း ချန်မော့ကို ပို၍ယုံကြည်သွားစေခဲ့သည်။
သူ့ကို လှည့်စားနေသော ထိုလမ်းညွှန်သူများကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်နေစဉ် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားခဲ့သည်။
“သောက်ကျိုးနည်း... ဒီအငှားလိုက်တဲ့လူတွေနဲ့ ငါက ငြင်းခုံနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒီလိမ်လည်သူက နေရာတစ်နေရာမှ ရောင်းမထွက်အောင် ငါ လုပ်ရမယ်..”
သူက မျက်လုံးကို မှေးကာ စိတ်ထဲတွင် တွက်ချက်လိုက်၏။
“ဒီနေ့ည ၁၀ နာရီခွဲမှာ အရောင်းစမယ်။ ငါ ချက်ချင်း တစ်နေရာကို လုယူပြီးရင် ချက်ချင်း လော့ဂ်အောက် လုပ်လိုက်မယ်။ အဲဒီလိုဆိုရင် အနည်းဆုံး တစ်နေရာတော့ သေချာသွားပြီ...”
သို့သော် နောက်တော့မှ သူ ပြန်တွေးကြည့်မိလေသည်။ နေရာဆယ်နေရာသာ ရှိရာ သူ ဘယ်လောက်များများ ယူနိုင်မည်နည်း။
“ဒါပဲ” သူက ရုတ်တရက် ထထိုင်ကာ ဝီချက်ကို ဖွင့်လိုက်ပြီး အချိန်အတော်ကြာ ငြိမ်သက်နေသော သူရဲကောင်းတိုက်ပွဲ ဂိမ်းအုပ်စုဟူသော ဂရုတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ဤသည်မှာ သူ အရင်က ဝင်ခဲ့ဖူးသော ဂိမ်းဂရုတစ်ခုဖြစ်၏။ သူက အချိန်အတော်ကြာ မလှုပ်ရှားခဲ့သော်လည်း ဝါရင့်အဖွဲ့ဝင်နှင့် ဂရုအက်ဒမင်တစ်ဦးအနေဖြင့် အခြားအဖွဲ့ဝင်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပေသည်။
သူက လျင်မြန်စွာ ရိုက်ထည့်လိုက်၏။
“ညီအစ်ကိုတို့... ဒီနေ့ည ၁၀ နာရီခွဲမှာ တိုရင်ပေါ်က ရီယဲ့ခရီးသွားအေဂျင်စီဆိုတဲ့ အကောင့်တစ်ခုက ထန်မင်းဆက်ဆီ ခရီးသွားပက်ကေ့ချ်တွေ ရောင်းနေတယ်။ ဒါက လုံးဝကို လိမ်လည်မှုပဲ။ ငါတို့ အတူတူ နေရာဆယ်နေရာလုံးကို လုယူလိုက်ကြရအောင်... ပြီးရင် အားလုံးကို ငွေပြန်အမ်းခိုင်းလိုက်ပြီး လိမ်လည်သူတွေကို အလကား အလုပ်လုပ်ရအောင် လုပ်လိုက်ရအောင်”
ထိုမက်ဆေ့ချ်က ဂရုချက်ထဲတွင် ချက်ချင်း ဆူညံသွားစေလေသည်။
“သောက်ကျိုးနည်း... အချိန်ခရီးသွားတယ်လား။ ဒီခေတ် လိမ်လည်သူတွေက တော်တော်လေး ဖန်တီးဉာဏ် ကောင်းလာတာပဲ”
“အစ်ကိုမော့က ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက်ကြီး တရားမျှတနေတာလဲ”
“မင်းတို့ မသိပါဘူး.. အစ်ကိုမော့က လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူလိမ်တစ်ယောက်ရဲ့ လိမ်တာကို ခံလိုက်ရတာလေ။ အခု သူက လူလိမ်ဆိုတာနဲ့ တွေ့တဲ့နေရာမှာ သတ်ပစ်ချင်စိတ် ပေါ်နေတာဟ”
“ဝိုး... အစ်ကိုမော့က အဲဒီလောက်တောင် အခြေအနေဆိုးနေတာလား.. ဒါဆိုရင်တော့ ငါ သေချာပေါက် ကူညီရမှာပေါ့”
“ညီအစ်ကိုတို့... အစ်ကိုမော့အတွက် ဒေါသထွက်ပေးဖို့ ငါတို့ စလိုက်ကြရအောင်”
...
ချန်မော့က ဂရုထဲရှိ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“လူလိမ်... ဒီနေ့ည တရားမျှတမှုရဲ့ ဓားကို မင်းကို ငါ ပြမယ်...”
သူက ဗီဒီယိုလင့်ခ်ကို ဂရုချက်ထဲတွင် ပေါ့ပေါ့ပါးပါး မျှဝေလိုက်ပြီး ကွန်မန့်တစ်ခုကို ထပ်ပေါင်းထည့်လိုက်သည်။
“မှတ်ထား.. နေရာလုပြီးတာနဲ့ ပိုက်ဆံမပေးနဲ့နော်။ မင်းတို့နေရာကို သေချာအောင်ပဲ လုပ်ထား”
ဂရုချက်ထဲတွင် မက်ဆေ့ချ်များ ပျံဝဲနေပြီး အချို့လူများက အဖွဲ့ဝင်အားလုံးကို တဂ်တွဲကာ အတူတူပူးပေါင်းပြီး စနိုက်ပါပစ်ရန် ခေါ်ယူနေကြပြီဖြစ်၏။
ချန်မော့က ကျေနပ်စွာဖြင့် သူ၏ဖုန်းကို ချလိုက်ပြီး ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို ပေါ့ပေါ့ပါးပါး ပြုတ်လိုက်သည်။
“ဒီနေ့ည ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ကြရအောင်...”
သူက ခေါက်ဆွဲကို ရှုးရှဲမြည်အောင် စားရင်း အကြောင်းပြချက်မရှိဘဲ ရွှင်လန်းနေချေသည်။
ဤဗီဒီယိုအောက်ရှိ ကွန်မန့်ကဏ္ဍက ကောလာဟလအမျိုးမျိုးဖြင့် ပြည့်နှက်နေခဲ့သည်။
ခရီးသွားနေရာကို ဝယ်ယူရန် ကြိုးစားနေသူများအနက် အချို့မှာ နေရာမရမည်ကို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။
အချို့လူများမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် အတင်းအကျပ် ခိုင်းစေခံရခြင်း သို့မဟုတ် တာဝန်ရှိခြင်းကြောင့် ဖြစ်သည်။
အချို့လူများမှာမူ ဝင်ရောက်ပျော်ရွှင်ချင်ရုံ သက်သက်သာ ဖြစ်၏။
သို့သော်လည်း အချို့မှာမူ တရားမျှတမှုကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံကိုယ်စား ဆောင်ရွက်ရန် ပြင်ဆင်နေကြခေတသည်။
နောက်နေ့တွင် ကျန်းယဲ့သည် စောစောထပြီး ပုံမှန်အတိုင်း အရာသုံးခုကို လုပ်ဆောင်ခဲ့၏။ ပထမဆုံး ရပ်ကွက်ထဲတွင် ပြေးသည်၊ ထို့နောက် နံနက်စာဆိုင်သို့သွားကာ ပဲပြားပေါက်စီ လေးလုံးနှင့် ဆားနယ်ထားသော ပဲနို့တစ်ပန်းကန်ကို စားခဲ့သည်။
စားသောက်ပြီးနောက် ကျန်းယဲ့ဟာ ခရီးသွားအေဂျင်စီသို့ အေးအေးဆေးဆေး ပြန်လာလေသည်။
ခရီးသွားအေဂျင်စီသို့ ပြန်ရောက်သောအခါ ကျန်းယဲ့သည် ပထမဆုံး လက်ဖက်ရည်တစ်အိုးကို ဖျော်လိုက်ပြီးနောက် ဧည့်ကြိုကောင်တာတွင် သက်တောင့်သက်သာ ထိုင်ကာ ဖြည်းညှင်းစွာ သောက်နေခဲ့သည်။
ထိုအချိန်၌ သူက ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်နေသော အဘိုးအိုတစ်ဦးနှင့် အလွန်တူနေခဲ့သည်။
ခဏအကြာတွင် ကျန်းယဲ့က ဖုန်းကို ကောက်ကိုင်လိုက်ပြီး တိုရင်အက်ပ်ထဲသို့ ဝင်ကာ မနေ့က ဗီဒီယို ဘာဖြစ်သွားလဲဆိုတာကို ကြည့်ချင်သွားခဲ့သည်။ ယင်းကို မြင်လိုက်ရသောအခါ သူ မနေနိုင်ဘဲ “ဝိုး” ဟု ရေရွတ်လိုက်မိ၏။
ဘုရားရေ...
ဒီဗီဒီယိုက ကြည့်ရှုသူ ငါးသန်းရှိနေပြီဖြစ်ပြီး လိုက်ခ်နဲ့ ကွန်မန့် သောင်းနဲ့ချီပြီး ရရှိထားပေသည်။
ကျန်းယဲ့က ကွန်မန့်များကို အမြန်ဖတ်ကြည့်လိုက်၏။
သူ ခန့်မှန်းထားသည့်အတိုင်းပင် လူအများစုက ယင်းကို မယုံကြည်ကြချေ။
သို့သော် ကျန်းယဲ့မှာ ရောင်းအားအတွက် စိုးရိမ်ပူပန်မှု မရှိချေ။
ထိုသစ္စာရှိ ဖောက်သည်များ ရှိနေသရွေ့ ဝယ်မည့်သူ မရှိမည်ကို စိုးရိမ်စရာ မလိုပေ။ သူတို့ ဝယ်ယူမှု မပြုလုပ်လျှင်တောင် တရားဝင်ပလက်ဖောင်းက သေချာပေါက် ဝင်ရောက်စွက်ဖက်လာမည်ဖြစ်၏။
ကျန်းမင်ဟွေ့နှင့် အခြားနှစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်ကို ပြန်တွေးကြည့်မိသည်။ ထိုအချိန်က သတိမထားမိခဲ့သော်လည်း အနည်းငယ် တွေးကြည့်ပြီးနောက် အကြောင်းရင်းများကို သူ နားလည်သွားရသည်။
တစ်ဖက်လူက လက်ရှိအခြေအနေကို တိတ်တဆိတ် ထိန်းသိမ်းထားရန် ရွေးချယ်ထားသောကြောင့် သူကလည်း သဘာဝကျကျပင် ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက်သည်။
အာဏာပိုင်များ ငြိမ်သက်နေရသည့် အကြောင်းရင်းမှာမူ...
ခန့်မှန်းချက်တစ်ခုက ကျန်းယဲ့၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာလေသည်။ ထိုအတွေးက သူ၏ရင်ဘတ်ကို ရုတ်တရက် ပူလောင်သွားစေပြီး ချဉ်စူးစူး ခံစားချက်တစ်ခုက သူ့အထဲတွင် ဖြစ်ပေါ်လာခဲ့ရသည်။