အခန်း (၈) အပြန်ခရီး စည်းမျဉ်းများ
ကျန်းထောင်၏ မေးခွန်းက အချက်ကျလှ၏။ ၎င်းက သူတို့၏ စိုးရိမ်ပူပန်မှုသာမက ကျန်းယဲ့၏ စိုးရိမ်ပူပန်မှုလည်း ဖြစ်နေချေသည်။
'ညီအစ်ကိုစနစ်... အပြန်ခရီးအတွက် ကျွန်တော်တို့ ဆင်းသက်ခဲ့တဲ့နေရာကို ပြန်သွားဖို့ လိုသေးလား' ကျန်းယဲ့က စနစ်ကို စိုးရိမ်တကြီး မေးလိုက်၏။
[မလိုအပ်ပါ]
[အပြန်ခရီး အသိပေးချက်- SUV ကား သော့ပွင့်ပြီးနောက် ခရီးသည်များသည် ငါးမိနစ်အတွင်း ကားပေါ်သို့ ပြန်တက်ရမည်။ လက်ခံသူသည် အပြန်ခရီး အသိပေးချက်ကို အချိန်မရွေး အသက်သွင်းနိုင်သည်။ ငါးမိနစ်ပြည့်ပြီးနောက် မည်သည့်ခရီးသွားမဆို အခြားကမ္ဘာတွင် ကျန်ရစ်နေခဲ့ပါက သူတို့ကို စနစ်က ဖယ်ရှားပစ်မည် ဖြစ်သည်။]
[ကျေးဇူးပြု၍ သင်သည် ခရီးသွားလမ်းညွှန်ကောင်းတစ်ဦးအဖြစ် ဆောင်ရွက်ပြီး ခရီးသွားများကို ဤအခြားကမ္ဘာတွင် သောင်တင်မနေစေရန် သေချာပါစေ။]
“ခရီးသွားတစ်ယောက်ယောက် ဒီအခြားကမ္ဘာမှာ သောင်တင်နေခဲ့ရင် ကျွန်တော် ဘယ်လို ပြစ်ဒဏ်မျိုး ခံရမလဲ”
[ယင်းကို သောင်တင်နေသော ခရီးသွား၏ အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သည်။ အကယ်၍ ခရီးသွား သောင်တင်ရခြင်းမှာ လက်ခံသူ၏ မကောင်းသော ရည်ရွယ်ချက်ကြောင့် ဖြစ်ပါက လက်ခံသူသည် သက်ဆိုင်ရာ သက်တမ်းနှင့် ကျွမ်းကျင်မှု လျှော့ချခံရခြင်းများကို ခံရမည်။ အကယ်၍ ခရီးသွားက ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များကြောင့် ပြန်မလာနိုင်ပါက ခရီးသွားကိုယ်တိုင်ပင် အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။]
စည်းမျဉ်းများကို နားလည်သွားပြီးနောက် ကျန်းယဲ့ သက်ပြင်းချနိုင်သွားလေသည်။ သူတို့ ဘေးကင်းစွာ ပြန်နိုင်သည်။
သို့သော် SUV ကား သော့ပွင့်ပြီးနောက် ငါးမိနစ်အတွင်း လူတိုင်း သူ၏ဘေးတွင် ရှိနေမှသာ ရပေမည်။
မဟုတ်ပါက သူတို့ ပြဿနာကြီးကြီးမားမား တက်ပေလိမ့်မည်။
ကျန်းယဲ့ စကားမပြောသည်ကို မြင်သောအခါ ကျန်းထောင် စိုးရိမ်လာလေသည်။
“ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပြန်လို့ရဖို့အတွက် ဆင်းသက်ခဲ့တဲ့နေရာကို ပြန်သွားဖို့ လိုလို့လား”
ထိုစကားကို ကြားပြီးနောက် အခြားလူလေးယောက်၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
ကျန်းယဲ့သည် စနစ်နှင့် ဆက်သွယ်ပြောဆိုပြီးနောက် လူငါးယောက် စိုးရိမ်နေသည်ကို တွေ့လိုက်ရ၏။ သူတို့ နားလည်မှုလွဲနေကြောင်း သူသဘောပေါက်သွားသဖြင့် အလျင်အမြန် ခေါင်းခါပြကာ ရှင်းပြလိုက်ချေသည်။ “မလိုပါဘူး... ဒါပေမဲ့ အပြန်ခရီးအတွက် စည်းမျဉ်းတစ်ခုတော့ ရှိတယ်”
“ဘာစည်းမျဉ်းလဲ...”
ကျန်းယဲ့သည် လူငါးယောက်ကို အပြန်ခရီး စည်းမျဉ်းများအကြောင်း ရှင်းပြလိုက်ပြီး ငါးမိနစ်အတွင်း ကားပေါ်သို့ ပြန်မတက်နိုင်ပါက ဖယ်ရှားခံရမည်ဟူသော အချက်ကို အထူးအလေးပေး ပြောကြားခဲ့၏။
“သောက်ကျိုးနည်း” ကျန်းထောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ကျန်းမင်ဟွေက မေးလိုက်သည်။ “ကျွန်တော်တို့ ပြန်ဖို့ ဘယ်လောက် လိုသေးလဲ”
ငါးနာရီ။
သူတို့က ချင်မင်းဆက်သို့ မနက် ၈ နာရီခွဲတွင် ရောက်ရှိခဲ့သဖြင့် သူတို့၏ အပြန်ခရီးစဉ်မှာ ည ၈ နာရီခွဲ ဖြစ်လိမ့်မည်။
ကျန်းထောင်သည် လက်အုပ်ချီကာ အဆက်မပြတ် ဆုတောင်းနေတော့သည်။ “ဒီငါးနာရီအတွင်း ဘယ်သူမှ ကျွန်တော်တို့ကို သတိမရပါစေနဲ့လို့ ဆုတောင်းပါတယ်”
ဝမ်ဟိုင်ဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ “သူတို့က ရတနာတွေကို ဆက်သလိုက်လို့ ချင်ရှီဟွမ်က ကျွန်တော်တို့ကို ဆင့်ခေါ်ရင် ဘယ်လိုလုပ်မလဲ”
ကျန်းယဲ့ စကားမပြောနိုင်မီ ကျန်းမင်ဟွေက ပြောလိုက်လေသည်။ “အဲဒီလောက် မမြန်လောက်ပါဘူး။ ကျွန်တော်တို့က အရေးမပါတဲ့ အောက်ခြေလူတန်းစားတွေပဲဟာ။ အဲဒီပစ္စည်းနှစ်ခုကို ပေးအပ်ပြီးတဲ့နောက်မှာတောင် စစ်ဆေးဖို့ လိုသေးတယ်။ ဧကရာဇ်မင်းရဲ့ ယုံကြည်ရတဲ့သူတွေဆီ ရောက်တဲ့အချိန်ဆိုရင် တော်တော်လေး မိုးချုပ်နေလောက်ပြီ။ အဲဒီလောက် ညဉ့်နက်နေတဲ့အချိန်မှာ အောက်ကလူတွေက ဧကရာဇ်မင်းရဲ့ အနားယူချိန်ကို နှောင့်ယှက်ရဲမှာ မဟုတ်ဘူး”
ကျန်းယဲ့ကလည်း ဝင်ပြောလိုက်၏။ “ချင်ရှီဟွမ်က ကျွန်တော်တို့ကို ဆင့်ခေါ်ရင်တောင် ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ ခြောက်ယောက် အတူတူရှိနေသရွေ့ ပြန်မရမှာကို စိုးရိမ်စရာ မလိုဘူး”
ကျန်းထောင် တစ်ခုခုကို စဉ်းစားမိသွားပြီး သူ၏ မျက်နှာပေါ်တွင် ပြုံးစိစိ အမူအရာတစ်ခု ပေါ်လာကာ အသံကို နှိမ့်၍ ပြောလိုက်ချေသည်။ “အကယ်၍ ကျွန်တော်တို့က ချင်ရှီဟွမ်ရှေ့မှာ ပျောက်ကွယ်သွားတဲ့ မှော်ပညာကို သုံးပြလိုက်မယ်ဆိုရင် ပထမဆုံး ဧကရာဇ်ကြီးက ကျွန်တော်တို့ကို နတ်ဘုရားတွေလို့ ထင်သွားလောက်မလား”
ထိုစကားကို ကြားသောအခါ အဖွဲ့သားများ၏ မျက်လုံးများ အရောင်လက်သွားကြလေသည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ကျန်းထောင်သည် ခေတ်အဆက်ဆက် ဧကရာဇ်မင်းများကို တုန်လှုပ်သွားစေမည့် စွမ်းဆောင်ရည်မျိုးကို မနေနိုင်ဘဲ မျှော်လင့်လာမိတော့သည်။
ကျန်းမင်ဟွေ ခန့်မှန်းခဲ့သည့်အတိုင်းပင်.... ပစ္စည်းများကို ပထမဆုံး ဧကရာဇ်ကြီးထံ ပို့ဆောင်ရန်မှာ ထိုမျှ မလွယ်ကူချေ။ မည်သို့ပင်ဆိုစေ ယင်ကျန်းကို သတ်ချင်သူများလွန်းလှရာ သူ၏လက်အောက်ခံများထဲမှ မည်သူကမျှ သူတို့၏ လုံခြုံရေးကို လုံးဝ သေချာမှုမရှိဘဲ ကိုယ်ကျိုးစွန့်ရဲမည် မဟုတ်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး ကျန်းထောင် မျှော်လင့်နေခဲ့သော ဆင့်ခေါ်ခံရမည့် အခြေအနေမှာ အရိပ်အယောင်မျှပင် မပေါ်လာခဲ့ချေ။
“ဒါရိုက်တာကျန်း... ကျွန်တော်တို့ ထွက်ခွာဖို့ ဘယ်လောက် လိုသေးလဲ” လီကျန့်ကော်က မေးလိုက်၏။
ကျန်းယဲ့သည် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်လေသည်။ “ငါးမိနစ်လိုပါသေးတယ်။ ငါးမိနစ်နေရင် ကျွန်တော်တို့ ခေတ်သစ်ကမ္ဘာကို ပြန်သွားလို့ရပြီ”
ကျန်းထောင်သည် အကျဉ်းခန်းတံခါးဆီသို့ လျှောက်သွားပြီး ပတ်ဝန်းကျင်ကို လည်ပင်းဆန့်ကာ ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် နောင်တရနေသော အမူအရာဖြင့် ပြန်လျှောက်လာလေသည်။ “ဟူး... ငါက ချင်ရှီဟွမ်ကို ထပ်တွေ့ရမယ့် ကံမပါဘူးပဲ”
တစ်ချိန်တည်းမှာပင် ကျန်းယဲ့နှင့် သူ၏အဖွဲ့မှ ဆက်သလိုက်သော ရတနာများက အဆင့်ဆင့် စစ်ဆေးမှုများကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် မုန်ရီ၏ စားပွဲပေါ်သို့ ရောက်ရှိသွားလေသည်။
“နေ့လယ်က လမ်းပေါ်မှာတွေ့တဲ့ လူခြောက်ယောက်က အရှင်မင်းကြီးထံ ရတနာလာဆက်သတာလား”
မုန်ရီက သူ၏ လက်အောက်ငယ်သားကို မော့ကြည့်လိုက်၏။
“ဟုတ်ကဲ့ပါ... ” လက်အောက်ငယ်သားက သေချာစွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းနှင့် ရေသန့်ဘူးကို တစ်ပြိုင်တည်း ကမ်းပေးလိုက်ချေသည်။
မုန်ရီသည် သူ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော ပစ္စည်းနှစ်ခုကို ကြည့်လိုက်ပြီး အထူးသဖြင့် စတုဂံပုံစံရှိသော ပစ္စည်းကို ပို၍ စိတ်ဝင်စားနေခဲ့သည်။ သတ္တုနှင့်တူသော ရတနာကို ထိတွေ့ကြည့်ရင်း သူ၏ မျက်လုံးများတွင် စူးစမ်းလိုသော အမူအရာများ ပေါ်လာလေသည်။ “ဒါတွေက ဘာတွေလဲ”
“အရှင်... အဲဒီပစ္စည်းကို လက်ကိုင်ဖုန်းလို့ ခေါ်ပါတယ်။ ဆီမီးခွက် ဆီမလိုဘဲ အလင်းရောင်ပေးဖို့ သုံးနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး နေ့ခင်းလိုကို လင်းထိန်နေတာပါ။ ဒါ့အပြင် ပုံတူတွေကိုလည်း ဆွဲနိုင်ပြီး ဆွဲထားတဲ့ ပုံတူတွေက အစစ်နဲ့ ခွဲမရလောက်အောင် အသက်ဝင်ပါတယ်”
“အို... ဒီလို အံ့ဩစရာကောင်းတဲ့ ပစ္စည်းတွေ ရှိတာပဲလား။ သေချာ ကြည့်ပါရစေဦး” မုန်ရီ ချက်ချင်းပင် စိတ်ဝင်စားသွားရသည်။
လီကျန့်ကော်၏ ညွှန်ကြားချက်များအတိုင်း လက်အောက်ငယ်သားက အသံထိန်းခလုတ်ကို နှစ်ချက် လျင်မြန်စွာ နှိပ်ကာ ကင်မရာ လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ချေသည်။
ထို့နောက် လက်အောက်ငယ်သားက အခန်းထဲရှိ အပင်စိုက်အိုးများကို ကြည့်ရင်း ဓာတ်ပုံရိုက်သည့် ခလုတ်ကို ဂရုတစိုက် နှိပ်လိုက်၏။
‘ကလစ်’ဆိုသည့် အသံတစ်ခုနှင့် အလင်းရောင် တစ်ချက် လက်သွားပြီးနောက် ပုံရိပ်မှာ ရပ်တန့်သွားလေသည်။
လက်အောက်ငယ်သားက ဖုန်းကို မုန်ရီထံ ကမ်းပေးရင်း ပြောလိုက်၏။ “ဝန်ကြီးမင်း... ကြည့်ပါဦး”
မုန်ရီက မျက်နှာပြင်ကို ကြည့်လိုက်... အခန်းထဲရှိ အပင်စိုက်အိုးများကို ကြည့်လိုက်.... ထို့နောက် ဓာတ်ပုံကို ပြန်ကြည့်လိုက် လုပ်နေခဲ့သည်။
သူ၏ မျက်လုံးများ အရောင်လက်သွားရလေသည်။
“လောကကြီးမှာ ဒီလို အံ့ဩစရာကောင်းတဲ့ အရာတွေ ရှိတာပဲ။ အစစ်နဲ့တောင် လုံးဝ ခွဲလို့မရဘူး”
“ဒီရတနာရဲ့ အလင်းရောင်ပေးတဲ့ လုပ်ဆောင်ချက်ကလည်း အရမ်း ထူးခြားလွန်းတယ်”
“ပြစမ်းပါဦး” မုန်ရီက ပြောလိုက်သည်။
သူ၏ လက်အောက်ငယ်သားများက ပစ္စည်းကို ဆက်လက် အသုံးပြုပြပြီး အလင်းရောင်ကို မည်သို့ ပေးစွမ်းနိုင်ကြောင်း သူ့ကို ပြသလိုက်လေသည်။
မုန်ရီသည် သူ၏ လက်အောက်ငယ်သားက မျက်နှာပြင်ပေါ်တွင် ပုတ်လိုက်၊ ပွတ်ဆွဲလိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရပြီး ရုတ်တရက် ရတနာမှ အလင်းရောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီအလင်းရောင်က ဆီမီးခွက်ထက်တောင် ပိုလင်းတယ်.... ပြီးတော့ အဖြူရောင်အလင်း ထွက်တာပဲ”
မုန်ရီက ဖုန်းကို စပ်စုသော အမူအရာဖြင့် ကောက်ကိုင်လိုက်ပြီး ဘယ်ညာ လှည့်ကြည့်နေခဲ့သည်။
“ဒါက ပစ္စည်းကောင်းပဲ...”
လက်အောက်ငယ်သားက အချိန်ကိုက် ဝင်ပြောလိုက်လေသည်။ “အရှင်... ဟိုပစ္စည်းကိုလည်း တစ်ချက်ကြည့်ပါဦး။ အဲဒါကလည်း စိတ်ဝင်စားစရာကောင်းပါတယ်”
မုန်ရီသည် သူ၏ အကြည့်ကို ဖုန်းမှ ရေသန့်ဘူးဆီသို့ ရွှေ့လိုက်၏။
“ဒီပစ္စည်းက ရေအိတ်နဲ့ အတူတူပါပဲ.... ဒါပေမဲ့ ပိုပေါ့ပါးပြီး အထဲကရေကို အချိန်မရွေး မြင်တွေ့နိုင်ပါတယ်”
ထို့နောက် လက်အောက်ငယ်သားများက မုန်ရီအား မည်သို့ဖွင့်ရမည်၊ မည်သို့ပိတ်ရမည်ကို အလှည့်ကျ ပြသလိုက်ကြ၏။
မုန်ရီက ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။ “မဆိုးပါဘူး။ ဒီပစ္စည်းက တကယ်ကို ပေါ့ပါးပေမယ့်... အရမ်းတော့ ပျော့လွန်းတယ်”
တစ်ချက်ညှစ်လိုက်ရုံဖြင့် ပိန်ချိုင့်သွားနိုင်လေသည်။ မုန်ရီက ပုလင်း၏ ပျော့ပျောင်းမှုကို စမ်းသပ်ကြည့်လိုက်၏။ “ဒီလောက် ပါးလျတာတောင် ရေမယိုဘူး။ တော်တော်လေး ဉာဏ်ရည်သုံးပြီး တီထွင်ထားတာပဲ ဖြစ်ရမယ်”
“ဒီရတနာတွေကို အရှင်မင်းကြီးထံ ဆက်သရင် ကိုယ်တော်က သေချာပေါက် ကျေနပ်တော်မူမှာပါ” လက်အောက်ငယ်သားက ပြုံးလျက် ပြောလိုက်၏။
မုန်ရီက ခေါင်းညိတ်လိုက်လေသည်။ “ပစ္စည်းကောင်းပဲ...”
သူက လက်အောက်ငယ်သားများကို မော့ကြည့်ကာ မေးလိုက်ပြန်သည်။ “အဲဒီလူတွေ အခု ဘယ်မှာ ချုပ်ထားလဲ...”
“အဲဒီလူတွေ အကျဉ်းခန်းထဲမှာ ချုပ်ခံထားရတုန်းပါပဲ”
“သွားကြစို့... ငါ သူတို့ကို အရင်သွားတွေ့မယ်”
ပစ္စည်းများက တန်ဖိုးရှိသော်လည်း ထိုလူများက ရတနာဆက်သသည့် အကြောင်းပြချက်ကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ရန် ကြံစည်နေသလား မည်သူသိနိုင်မည်နည်း။ သတိထားနေမှ ရချေမည်။
မုန်ရီသည် လန်ယာခရိုင်ရှိ အကျဉ်းထောင်ဆီသို့ ဦးတည်သွားနေချိန်တွင် အကျဉ်းထောင်တွင်းရှိ လူများအားလုံးက ကျန်းယဲ့ကို ကြည့်နေခဲ့ကြသည်။
“အချိန်စေ့ပြီ...” ကျန်းယဲ့က လူငါးယောက်ကို ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ဘေးဖယ်နေကြ”
ကျန်းယဲ့သည် အကျဉ်းခန်း၏ အရွယ်အစားကို အကဲခတ်ကြည့်လိုက်ရာ သူ၏ ခန့်မှန်းချက်အရ ကားတစ်စီး ဆံ့လောက်သည်အထိ ကြီးမားကျယ်ဝန်းနေလေသည်။
အကယ်၍ ဆံ့မသွားဘူးဆိုရင်ရော...
သေရုံပေါ့......
လူငါးယောက် နံရံတွင် ကပ်နေလိုက်ချိန်၌ အကျဉ်းခန်းထဲတွင် အဖြူရောင်အလင်းတစ်ခု လင်းထိန်သွားပြီး ပတ်ဝန်းကျင် အကျဉ်းခန်းများရှိ အကျဉ်းသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
အဖြူရောင်အလင်းတန်း လင်းလက်သွားပြီးနောက် အကျဉ်းသားများက သူတို့ ယခင်က တစ်ခါမျှ မကြားဖူး မမြင်ဖူးခဲ့သော ဧရာမသတ္တဝါကြီးတစ်ကောင် တတိယမြောက် အကျဉ်းခန်းထဲတွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် မှင်သက်သွားကြလေတော့သည်။