အခန်း (၇၉) တစ်ယောက်ပြီးတစ်ယောက် ညွှန်ကြားခြင်း
လီချန်က သူ၏ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ၏ မျက်မှောင်များက ပို၍ပို၍ တွန့်ချိုးလာရသည်။
ဖုန်း၏ အခြားတစ်ဖက်မှ ဖခင်ဖြစ်သူ၏ အသံမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေသဖြင့် သူ၏ ရင်ထဲတွင် ဒိန်းဒိုင်းခုန်သွားစေခဲ့သည်။
‘အဘိုးကြီးက လိမ်လည်သူတွေရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရပြီလား...’
“အဖေ” သူက အသံကို တည်ငြိမ်အောင် ထိန်းထားရင်း မေးလိုက်၏။ “ဒီခရီးသွားအေဂျင်စီက လူတွေကို ထန်မင်းဆက်ဆီ ပြန်ခေါ်သွားပေးနိုင်တယ်လို့ ဆိုလိုတာလား...”
စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ နောင်တရသွားရသည်။ ဤမေးခွန်းက လုံးဝကို အဓိပ္ပာယ်မရှိချေ။
ပရော်ဖက်ဆာလီ၏ အသံက ရုတ်တရက် ထူးထူးခြားခြား တည်ငြိမ်သွားလေသည်။ “လီချန်... ယွမ်ဟယ်ကျွင်းရှန်းထူကျိထဲက ခူချာမြို့ရိုးနဲ့ပတ်သက်တဲ့ မှတ်တမ်းကို မင်း မှတ်မိသေးလား”
လီချန် အံ့အားသင့်သွားရသည်။
ရှေးဟောင်းသုတေသန ပရော်ဖက်ဆာတစ်ဦးအနေဖြင့် သူသည် ထိုမထင်ရှားသော သမိုင်းမှတ်တမ်းကို သေချာပေါက် မှတ်မိနေပေသည်။ “မြို့ရိုးက ပတ်လည် လီဆယ်ကျော်ရှိပြီး မြေသားကို အုတ်မြစ်အဖြစ်သုံးကာ အလွှာတွေကြားထဲမှာ မိုးမခနီပင်တွေကို ညှပ်ထည့်ထားတယ်...”
ဗီဒီယိုထဲရှိ မြို့ရိုး၏ မြေသားများကြားတွင် ခပ်ရေးရေး မြင်နေရသော အပင်မျှင်များကို သူ ရုတ်တရက် သတိရသွားချိန်တွင် သူ၏အသံက ရုတ်တရက် ရပ်တန့်သွားချေသည်။
“ဗီဒီယိုရဲ့ ၃၇ စက္ကန့်နေရာမှာ” ပရော်ဖက်ဆာလီက ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကင်မရာက မြို့ရိုးထောင့်ကို အဖြတ်ပြသွားတဲ့အခါ မင်း ဘာမြင်လိုက်ရလဲ...”
လီချန်က ဗီဒီယိုကို ချက်ချင်း ပြန်ဖွင့်လိုက်ပြီး ကင်မရာက ထိုထောင့်သို့ လှည့်သွားချိန်တွင် သူ၏ အသက်ရှူသံများ ရပ်တန့်သွားလေသည်။
ကာဗွန်ဖြစ်နေသော မိုးမခနီ ကိုင်းတဝက်ကို နံရံ၏ အောက်ခြေတွင် ရှင်းလင်းစွာ မြင်တွေ့ရပြီး ဒွန်ဟွမ်တွင် တူးဖော်တွေ့ရှိခဲ့သော ထန်မင်းဆက် မြို့ရိုးနမူနာနှင့် အတိအကျ ပုံစံတူ စီစဉ်ထားသည်ကို တွေ့လိုက်ရ၏။
“ဒါက ထုတ်လုပ်ရေးအဖွဲ့ ဘယ်လောက်တောင် အားစိုက်ထုတ်ထားလဲဆိုတာကို ပြနေတာပဲ” လီချန်က ခေတ္တရပ်ပြီးနောက် ပြောလိုက်၏။
အချိန်ခရီးသွားခြင်းဆိုသည်မှာ တကယ့်ကို ယုံကြည်နိုင်စရာ မရှိချေ။
ဗိုလ်ချုပ်ကြီးကျန်းထံမှ ဖုန်းခေါ်ဆိုမှုသာ မရှိခဲ့လျှင် သူလည်း လုံးဝ ယုံကြည်မည် မဟုတ်ပေ။
ပရော်ဖက်ဆာလီက သူ၏သားကို စည်းရုံးရန် အလျင်မလိုဘဲ ရိုးရှင်းစွာပင် ပြောလိုက်လေသည်။ “ဒီနေ့ည ၁၀ နာရီခွဲကျရင် ဒီအဘိုးကြီးနဲ့အတူ မင်းပါ အရူးအမူး လိုက်လုပ်ကြည့်လိုက်တယ်လို့ သဘောထားလိုက်ပါ။ ယွမ်နှစ်ထောင်ဆိုတာ မင်း ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်ခဲ့တဲ့ အနောက်ဘက်ဒေသ စာရွက်စာတမ်းများ အပြည့်အစုံစာအုပ်တွဲတောင် မရနိုင်ပါဘူး”
လီချန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်၏။ “အဖေ... ကျွန်တော်က ပိုက်ဆံအတွက် စိတ်ပူနေတာ မဟုတ်ပါဘူး။ ကျွန်တော်က အဖေ့အတွက် စိတ်ပူနေတာပါ...”
“ငါ အလိမ်ခံရမှာကို စိတ်ပူနေတာလား” ပရော်ဖက်ဆာလီက ရုတ်တရက် ရယ်မောလိုက်၏။ “ငါက အနောက်ဘက်ဒေသရဲ့ သမိုင်းကို လေ့လာလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ။ ဒီလောက် ဆုံးဖြတ်နိုင်စွမ်းလေးတောင် မရှိဘူးဆိုရင် ငါ အစောကြီးကတည်းက အနားယူသင့်နေပြီ။ ဒါနဲ့... မင်းရဲ့ ပါရဂူဘွဲ့ကျောင်းသားတွေကို ဖုန်းဆက်ဖို့ မမေ့နဲ့... အထူးသဖြင့် ထန်မင်းဆက် လက်နက်တွေအကြောင်း လေ့လာနေတဲ့ ကျိုးကိုပေါ့”
“အဖေ...” လီချန်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အသံကို မြှင့်လိုက်ခေသည်။ “အဖေက အချိန်ခရီးသွားတာကို တကယ်ကြီး ယုံနေတာလား...”
ဖုန်းထဲတွင် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ပရော်ဖက်ဆာလီ၏ အသံက ရုတ်တရက် အဝေးမှ လာသကဲ့သို့ ဖြစ်သွားခဲ့သည်။ “လီချန်... မင်း အသက်ရှစ်နှစ်အရွယ်တုန်းက မင်းကို ဒွန်ဟွမ်နံရံဆေးရေးပန်းချီတွေကို သွားပြခဲ့တယ်။ အဲဒီတုန်းက မင်း ပြောခဲ့တယ်လေ... ထန်မင်းဆက်ဆီ ပြန်သွားပြီး ကိုယ့်မျက်စိနဲ့ကိုယ် မြင်ရရင် ဘယ်လောက်ကောင်းလိုက်မလဲတဲ့...”
သူက ခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်၏။ “ဒီနေ့ည ၁၀ နာရီခွဲ... မင်း နေရာရမရဆိုတာက မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်...”
ဖုန်းချပြီးနောက် လီချန်သည် အမည်းရောင် ဖန်သားပြင်ကို အချိန်အတန်ကြာ ငေးကြည့်နေမိလေသည်။
ပြတင်းပေါက်အပြင်ဘက်မှ မရပ်မနား အော်မြည်နေသော ပုစဉ်းရင်ကွဲသံများက ရုတ်တရက် နားကလော်စရာ ဖြစ်လာခဲ့ရသည်။ သူသည် အကြောင်းပြချက်မရှိဘဲ ဝီချက်ဂရုကို ဖွင့်လိုက်ပြီး သုတေသနအဖွဲ့ထံသို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်၏။
[ဒီနေ့ည ၁၀ နာရီခွဲ အားတဲ့သူရှိရင် ခရီးသွားအဖွဲ့မှာ နေရာတစ်နေရာရအောင် ကူလုပေးကြပါ။ လင့်ခ်က အောက်မှာပါ...]
တင်ပြီးပြီးချင်းမှာပင် မည်မျှ ရယ်စရာကောင်းကြောင်း သဘောပေါက်သွားသဖြင့် နောက်ထပ် မက်ဆေ့ချ်တစ်ခုကို အမြန် ထပ်ပို့လိုက်၏။
[ဒါက မိသားစုထဲက လူကြီးတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သက်သက်ပါပဲ။ ကျွန်တော့်ဘာသာ ပိုက်ဆံရှင်းပါ့မယ်...]
ဒီနောက်ဆုံးစာကြောင်းက သူများကို ယုံကြည်အောင် ပြောတာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ပြောတာလားဆိုတာ သူကိုယ်တိုင်ပင် မသိတော့ချေ။
ဒွန်ဟွမ်အကယ်ဒမီ - ညွှန်ကြားရေးမှူးကျောက်၏ ရုံးခန်း...
ဗိုလ်ချုပ်ကြီးကျန်းနှင့် ဖုန်းပြောပြီးနောက် ညွှန်ကြားရေးမှူးကျောက်က သူ၏ ဖုန်းဖန်သားပြင်ကို စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လိုက်လေသည်။
“ရှောင်လျို” သူက တံခါးဘက်သို့လှည့်ကာ ရုတ်တရက် ခေါ်လိုက်၏။
လက်ထောက် ရှောင်လျိုက အသစ်ပြုစုထားသော နံရံဆေးရေးပန်းချီ ပြုပြင်ရေး အစီရင်ခံစာ အထပ်လိုက်ကို ကိုင်ဆောင်ကာ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ “ညွှန်ကြားရေးမှူး... ကျွန်တော့်ကို တွေ့ချင်လို့လား... ”
ညွှန်ကြားရေးမှူးကျောက်က ဖုန်းကို ကမ်းပေးရင်း ပြောလိုက်၏။ “အခုချက်ချင်း တိုရင်ကို ဒေါင်းလုဒ်ဆွဲပြီး ဒီအကောင့်ကို follow လုပ်ထား။ ပြီးတော့ ဒီနေ့ည ၁၀ နာရီခွဲကျရင် ခရီးသွားအဖွဲ့မှာ နေရာတစ်နေရာရအောင် ကြိုးစားပြီး လုယူ”
ရှောင်လျိုမှာ အံ့အားသင့်သွားရသည်။ “ခရီးသွားအဖွဲ့... ဟုတ်လား...”
“ဟုတ်တယ်” ညွှန်ကြားရေးမှူးကျောက်၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများက ထူးထူးခြားခြား လေးနက်နေချေသည်။ “ထန်မင်းဆက် အထောက်အထားတွေကို လေ့လာနေတဲ့ ငါတို့အင်စတီကျုက လူတိုင်းကို သွားလုခိုင်းလိုက်”
ရှောင်လျိုက ဖုန်းကို ယူလိုက်ပြီး ရီယဲ့ခရီးသွားအေဂျင်စီထံမှ ဗီဒီယိုကို မြင်ပြီးနောက် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။ “ညွှန်ကြားရေးမှူး... ဒီဗီဒီယိုက တော်တော်လေး လက်တွေ့ကျပေမယ့် ရှင်းလင်းချက်ထဲမှာတော့ ထန်မင်းဆက်ဆီကို ပြန်သွားနိုင်တယ်လို့ ရေးထားတယ်...”
‘ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာပဲ...’
ရှောင်လျိုက ညွှန်ကြားရေးမှူးကျောက်၏ မျက်နှာကို ကြည့်ကာ ဤစကားကို ထုတ်မပြောရဲသော်လည်း သူ၏စိတ်ထဲတွင်တော့ မှတ်ထားလိုက်လေသည်။
ညွှန်ကြားရေးမှူးကျောက်က လက်ကာပြလိုက်၏။ “စာသားကို ဂရုမစိုက်နဲ့.... ဗီဒီယိုထဲက အသေးစိတ်အချက်အလက်တွေကို အရင်ကြည့်”
ရှောင်လျိုက ဗီဒီယိုကို နှိပ်လိုက်ပြီး ကင်မရာက ကူးချာမြို့ရိုး၏ မြေသားအလွှာများကို အဖြတ်ပြသွားချိန်တွင် သူ၏ မျက်လုံးများ ကျုံ့သွားရသည်။ “ဒီမြေသား တည်ဆောက်မှုနည်းစနစ်က...”
“မော့ကောင်းလိုဏ်ဂူတွေရဲ့ မြောက်ဘက်ဧရိယာမှာ ငါတို့ တွေ့ရှိခဲ့တဲ့ ထန်မင်းဆက် မြို့ရိုးအပျက်အစီးတွေနဲ့ လုံးဝကို ထပ်တူကျနေတယ်” ညွှန်ကြားရေးမှူးကျောက်က တည်ငြိမ်စွာ ပြောလိုက်၏။ “ခေတ်သစ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား စတူဒီယိုတွေက ဒီလောက်အထိ အသေးစိတ် ပြန်လည်ဖန်တီးနိုင်မယ်လို့ မင်း ထင်လား...”
‘ညွှန်ကြားရေးမှူး ပြောတာ မှန်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့က တကယ်ပဲ အဲဒီလောက်အထိ အားစိုက်ထုတ်ထားရင်ရော... ’
ရှောင်လျိုက သူ၏စိတ်ထဲတွင် တိတ်တဆိတ် ထပ်မံ ညည်းညူလိုက်ပြန်သည်။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရှောင်လျိုက မေးလိုက်၏။ “ဒါပေမယ့် ဒီအချိန်ခရီးသွားတာကရော...”
ညွှန်ကြားရေးမှူးကျောက်က ပြုံးကာ ပြောလိုက်လေသည်။ “ယွမ်နှစ်ထောင်ဆိုတာ ဖြစ်နိုင်ခြေတစ်ခုကို ဝယ်လိုက်တယ်လို့ သဘောထားလိုက်ပါ။ သွားပြီး စီစဉ်တော့...”
ရှောင်လျိုက ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားရင်း တိတ်တဆိတ် ညည်းညူမိလိုက်သည်။
‘ညွှန်ကြားရေးမှူးရဲ့ လူငယ်ဆန်ဆန် စိတ်ကူးယဉ်တတ်တဲ့ ရောဂါများ နိုးထလာတာလား’
အနောက်ဘက်ဒေသ ယဉ်ကျေးမှုအင်စတီကျု - ပရော်ဖက်ဆာချန်၏ ရုံးခန်း...
ပရော်ဖက်ဆာချန်က ဖုန်းကို ချလိုက်၏။ သူ၏ဘေးတွင် ခူချာခရိုင်မှတ်တမ်းစာအုပ် တစ်အုပ် ရှိနေခေသည်။
“ရှောင်ဝမ်” သူက တံခါးဘက်သို့လှည့်ကာ ခေါ်လိုက်သည်။
ပါရဂူဘွဲ့ကျောင်းသား ရှောင်ဝမ်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာလေသည်။ “ပရော်ဖက်ဆာ... ကျွန်တော့်ကို တွေ့ချင်လို့လား...”
ပရော်ဖက်ဆာချန်က ဖုန်းကို ကမ်းပေးလိုက်၏။ “ဒီနေ့ည ၁၀ နာရီခွဲကျရင် တိုရင်ပေါ်က ခရီးသွားအေဂျင်စီတစ်ခုက နေရာ ဆယ်နေရာ ရောင်းလိမ့်မယ်။ သွားလုကြ..”
ရှောင်ဝမ်က ဖုန်းကို ယူလိုက်ပြီး ဗီဒီယိုကို ကြည့်ပြီးနောက် သူ၏ အမူအရာက တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။ “ဆရာ... ဒီစာသားက...”
“စာသားကို လျစ်လျူရှုလိုက်... အသေးစိတ်အချက်တွေကို ကြည့်” ပရော်ဖက်ဆာချန်က ဖန်သားပြင်ကို ပုတ်လိုက်၏။ “အန်းရှီးစစ်သည်တွေရဲ့ လက်ထဲက ရေပြင်ညီဓားတွေကို ကြည့်လိုက်... ဓားအိမ်က ပွန်းပဲ့နေတဲ့ အရာတွေကိုကြည့်.. မင်း ဘာမြင်လဲ”
ရှောင်ဝမ်က အရာဝတ္ထုများကို ထပ်မံရှာဖွေပြီး သေချာစွာ စစ်ဆေးကြည့်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒါက လေနဲ့သဲထူထပ်တဲ့ ပတ်ဝန်းကျင်မျိုးမှာ အချိန်ကြာမြင့်စွာ နေမှသာ ဖြစ်ပေါ်လာနိုင်တဲ့ အထူးပွန်းပဲ့မှုမျိုးပဲ...”
ပရော်ဖက်ဆာချန်က ခေါင်းညိတ်ပြလိုက်၏။ “ဒီခေတ် ရုပ်ရှင်ဖန်တီးသူတွေက ဒီလောက်အထိ အသေးစိတ်ကို ဂရုစိုက်မယ်လို့ မင်း ထင်လား...”
ဤစကားများက ရှောင်ဝမ်ကို ရည်ရွယ်ပြောဆိုနေသကဲ့သို့ ထင်ရသော်လည်း မဖြစ်နိုင်သည်ကို ဖြစ်နိုင်ခြေတစ်ခုအဖြစ် ယုံကြည်လာစေရန် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်နေခြင်းနှင့် ပို၍တူနေပေသည်။
ရှောင်ဝမ်က တုံ့ဆိုင်းစွာဖြင့် “ဒါပေမယ့် အချိန်ခရီးသွားတာက...”
ပရော်ဖက်ဆာချန်က လက်ကာပြလိုက်၏။ “စမ်းသပ်မှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ အင်စတီကျုထဲက လူတိုင်းကို နေရာရအောင် အလုအယက် ကြိုးစားခိုင်းလိုက်။ နေရာရလာတဲ့အခါကျရင် ဘာဖြစ်မလဲဆိုတာ ငါတို့ ကြည့်ကြတာပေါ့”
ရှောင်ဝမ်သည် ရုံးခန်းထဲမှ ထွက်လာချိန်တွင် သံသယများဖြင့် ပြည့်နှက်နေလေသည်။
‘ဆရာက လတ်တလောမှာ သုတေသနဖိအားတွေ အရမ်းများနေလို့ ရူးများသွားတာလား... ’
စစ်ဘက်ဆိုင်ရာ သမိုင်းပြတိုက် - ညွှန်ကြားရေးမှူးဆွန်း၏ ရုံးခန်း....
ဖုန်းချပြီးနောက် ညွှန်ကြားရေးမှူးဆွန်းက စားပွဲပေါ်ရှိ အန်းရှီးနှင့် ပေထင်- ထန်မင်းဆက် အနောက်ဘက်နယ်စပ် အုပ်ချုပ်ရေးလေ့လာမှု နှင့် ထန်မင်းဆက် အနောက်ဘက်ဒေသ စစ်ဘက်နှင့် နိုင်ငံရေးအုပ်ချုပ်မှု လေ့လာမှုစာအုပ်များကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
“ရှောင်လီ” သူက တံခါးဘက်သို့လှည့်ကာ ခေါ်လိုက်၏။
လက်ထောက် ရှောင်လီက ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာလေသည်။ “ညွှန်ကြားရေးမှူး... ကျွန်တော့်ကို တွေ့ချင်လို့လား..”
ညွှန်ကြားရေးမှူးဆွန်းက ဖုန်းကို ကမ်းပေးရင်း ပြောလိုက်၏။ “ဒီနေ့ည ၁၀ နာရီခွဲကျရင် တိုရင်မှာ ခရီးသွားအဖွဲ့က နေရာရောင်းတာ ရှိတယ်။ သွားလုကြ...”
ရှောင်လီက ဖုန်းကို ယူလိုက်ပြီး ဗီဒီယိုကို ကြည့်ပြီးနောက် သူ၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာဆလသည်။ “ညွှန်ကြားရေးမှူး... ဒီစာသားက တခြားကိစ္စတစ်ခုခုပဲ..”
ညွှန်ကြားရေးမှူးဆွန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။
ရှောင်လီ မယုံကြည်ရုံသာမက သူကိုယ်တိုင်ပင် မယုံကြည်ချေ။
သို့သော်လည်း ဗိုလ်ချုပ်ကြီးကျန်း ကိုယ်တိုင် အထူးတလည် ဖုန်းဆက်လာခြင်း ဖြစ်သောကြောင့် သူ့ကို လေးစားသောအားဖြင့် အားလုံး ကြိုးစားပြီး နေရာလုသင့်ပေသည်။
ညွှန်ကြားရေးမှူးဆွန်းက သူ့ကို စကားများများစားစား မပြောတော့ဘဲ တိုက်ရိုက်ပင် ညွှန်ကြားလိုက်၏။ “ထန်သမိုင်းကို လေ့လာနေတဲ့ ပြတိုက်ထဲက လူတိုင်းကို သွားပြီး နေရာလုခိုင်းလိုက်... ဒါကို ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ...”
ရှောင်လီက ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားသော်လည်း မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။
‘ညွှန်ကြားရေးမှူးကတော့ တကယ့်ကို တစ်ခုခုပဲ...’
‘ကလေးဆန်တဲ့ နှလုံးသား ကျန်ရှိနေသေးတယ်’